အပိုင်း ၂၄၃
Viewers 52k

အခန်း ၂၄၃ “ရှေုာင်မိသားစုမှ အလုပ်သင် စားဖိုမှုး”


ဆိုင်ငယ်လေးအတွင်းမှ လေထုက ရုတ်တရက် ထူးဆန်းလာလေသည်။ 


ရှောင်ရှောင်လုံ၏ နူးညံ့လှသော အသားအရည်က အနီရောင် ပြောင်းသွားပြီး ပုဖန်ကို စိုက်ကြည့်နေလေသည်။ သူ၏ ပုံသဏ္ဍာန်က ရင့်မှည့်လာသော မက်မွန်သီးတစ်လုံးကဲ့သို့ ဆွဲဆောင်မှု ရှိပြီး အမျိုးသမီးများထက်ပင် ဆွဲဆောင်မှု ရှိနေလေသည်။ 


ပုဖန်ကလည်း မျက်လုံးပြူးများနှင့် စိုက်ကြည့်နေပြီး ပြောစရာ စကား မဲ့နေလေသည်။ သူမမျှော်လင့်ထားစွာပင် ရှောင်ရှောင်လုံ၏ ပါရမီစွမ်းရည်က ယုဖူအောက် နိမ့်ကျနေခြင်း မရှိနေပေ။ ရှောင်ယန်ယု၏ ပါရမီက ကောင်းမွန်သော်လည်း ရှောင်ရှောင်လုံနှင့် ယှဉ်လိုက်လျှင် နိမ့်ကျနေလေသည်။


“ပိုင်ရှင်ပု မင်းငါ့ကို ဘာလို့ အထင်တသေးနဲ့ ကြည့်နေတာလဲ…” ရှောင်ရှောင်လုံက ဒေါသထွက်စွာ ပြောလိုက်သည်။


သူ၏ ဘေးတွင် ရပ်နေသော ရှောင်ယန်ယုက အံ့အားတသင့်ကြည့်နေလေသည်။ ထိုအခြေအနေက ရယ်စရာကောင်းလှသည်ဟု ရုတ်တရက် ခံစားလိုက်ရပြီး သူမ၏ ပါးစပ်ကို လက်နှင့်ကာ၍ ရယ်မောလိုက်လေသည်။ 


ကွမ်းရှောင်ယီကလည်း သူမကဲ့သို့ လိုက်၍ ရယ်မောလိုက်လေသည်။


ပုဖန်က ကို့ယို့ကားယား ဖြစ်သွားပြီးချောင်းတစ်ချက် ဟန့်လိုက်သည်။


“မဟုတ်ပါဘူး… မင်းကို အထင်သေးတာ မဟုတ်ပါဘူး… အင်ပါယာ မြို့ထဲမှာ မင်းလို ပါရမီရှင်တွေက ရှားပါးတယ်လေ… ဒါကြောင့် မင်းအလုပ်များနေမယ် ထင်လိုက်တာ…”


“ငါ့အမကလည်း အင်ပါယာ မြို့တော်ထဲမှာ ထူးချွန်တဲ့ ပါရမီရှင် တစ်ယောက်ပဲလေ… ဘာကြောင့် မင်းက သူ့ကို အလုပ်များတယ်လို့ မထင်ရတာလဲ…”


ရှောင်ရှောင်လုံက မျက်နှာကို မဲ့၍ ပြန်ပြောလိုက်သည်။ ပုဖန်၏ ဆင်ခြေက ဆိုးဝါးလှလေသည်။ 


“မင်းကရော မင်းအမနဲ့ တောင်ပိုင်းမြို့တော်ကို လိုက်မသွားဘူးလား…” ပုဖန်က ဇဝေဇ၀ါနှင့် မေးလိုက်သည်။


“တောင်ပိုင်းမြို့တော်မှာ ရှောင်မိသားစုရဲ့ ဘ်ိုးဘွားပိုင် ခြံတွေရှိတယ်… အရင်အချိန်တုန်းက ငါတို့အဖေက ဧကရာဇ်ချန်းဖန်နောက်ကို လိုက်ပြီး တောင်ပိုင်းမြို့တော်မှာ မိသားစု တည်တောင်ဖို့ တွေးထားခဲ့တယ်… နောက်ဆုံးတော့လဲ ဒီနေရာမှာပဲ နေဖို့ ရွေးချယ်လိုက်တာ…”


“ဒါပေမယ့်လည်း အဲဒီတောင်ပိုင်းမြို့တော်မှာ ရှောင်မိသားစုရဲ့ ဂုဏ်သတင်းက ရှိနေတုန်းပဲ… ဘာဖြစ်လို့လဲတော့မသိဘူး… လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှောင်မိသားစု ဘိုးဘေးက ငါတို့ကို တစ်ခေါက်လောက် ပြန်လာဖို့ တောင်းဆိုတယ်… ဒါကြောင့် အဖေက အမကို သွားခိုင်းလိုက်တာပဲ..” ရှောင်ရှောင်လုံက ပြောဆိုလိုက်သည်။


ရှောင်ယန်ယု၏ လှပသော မျက်လုံးဝိုင်းလေးများတွင် ၀မ်းနည်းမှုများ ပြည့်နှက်နေပြီး ပုဖန်ကို ကြည့်၍ ခေါင်းညိမ့်ပြလိုက်သည်။ အခြေအနေသာ ပေးခဲ့လျှင် သူမက ပုဖန်ဆီမှ အချက်အပြုတ် ပညာများကို သင်ယူလိုပေသည်။


“ကောင်းပြီလေ… အဲလိုဆိုမှတော့ မင်းတို့ ပြန်ရောက်ရင် ဥထမင်းကြော်တစ်ပွဲ စမ်းသတ်ချက်ပြုတ်ပြီး ယူလာခဲ့လိုက်.. တကယ်လို့ ငါသတ်မှတ်ထားတဲ့ အခြေအနေကို မှီမယ်ဆိုရင် မင်းက ငါ့ရဲ့ ဒုတိယ အလုပ်သင် ဖြစ်လာလိမ့်မယ်…” ပုဖန်က အေးဆေးစွာ ပြောလိုက်သည်။


“ဒုတိယ…”


“အိုး ဟုတ်သားပဲ… ငါမင်းတို့ကို မိတ်ဆက်ပေးရဦးမယ်… ငါ့ရဲ့ ပထမအလုပ်သင်က မြွေအမျိုးသမီး ယုဖူလေ…”


ပုဖန်က သူတို့နှင့် မိတ်ဆက်ပေးရန် မီးဖိုချောင်ဘက်သို့ လှည့်၍ ယုဖူကို အော်ခေါ်လိုက်သည်။


မီးဖိုချောင်ထဲမှ ယုဖူက လုပ်လက်စများကို ချထားလိုက်ပြီး ထွက်လာလေသည်။ သူမက ပုဖန်၏နောက်တွင် ပြုံးရွှင်စွာနှင့် ရပ်နေလိုက်သည်။ သူမ၏ မျက်နှာက ရှက်ရွံ့နေဟန်နှင့် နီရဲနေပြီး လက်နှစ်ဖက်ကို ယှက်၍ ရှောင်ရှောင်လုံနှင့် ရှောင်ယန်ယုတိုိ့ကို နှုတ်ဆက်လိုက်သည်။


ယုဖူက နီယန်နှင့် ရှောင်ယန်ယုတို့လောက် ချောမောလှပခြင်း မရှိသော်လည်း သာမာန်အမျိုးသမီးများထက် ပို၍ ချောမောလေသည်။ ရှောင်ရှောင်လုံက ဖော်ရွေရင်းနှီးတတ်သူ ဖြစ်သောကြောင့် အချိန်အနည်းငယ်အတွင်း ယုဖူနှင့် ရင်းနှီးသွားလေသည်။ ထို့နောက် သူတို့က စားသောက်ဖွယ်ရာများကို မှာယူစားသောက်လိုက်ပြီး ရှောင်စံအိမ်တော်သို့ ပြန်သွားလေသည်။


ထွက်ခွာသွားသော ရှောင်ရှောင်လုံတို့ မောင်နှမကို ကြည့်၍ ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးတက်သွားလေသည်။


“နောက်ဆုံးတော့ စနစ်ရဲ့ ယာယီမစ်ရှင်ကို ပြီးမြောက်သွားပြီပဲ…”


စနစ်မှ ပေးအပ်ထးသော တာ၀န်ကို ပြီးမြောက်သွားမှသာ ပုဖန်က သက်ပြင်းချနိုင်လေသည်။ သို့သော် ရှောင်ရှောင်လုံ၏ စွမ်းရည်ကို အကဲဖြတ်စစ်ဆေးရဦးမည်ဖြစ်သည်။ ရှောင်ရှောင်လုံကယုဖူကဲ့သို့ မီးဖိုတစ်ခု ပိုင်ဆိုင်နိုင်မှသာ သူ၏ မစ်ရှင်က ပြီးမြောက်မည်ဖြစ်သည်။ ပုဖန်က ထိုင်ခုံမှထ၍ အကြောအချင် ဆန့်လိုက်ပြီး မီးဖိုချောင်ဘက်သို့ သွားလိုက်ကာ ယုဖူကို ပြောလိုက်သည်။


“ငါဒီနေ့ နင့်ကို အနီရောင်အသားနှပ် ချက်ပြုတ်နည်းသင်ပေးမယ်… ငါတို့ရဲ့ အနီရောင် အသားနှပ်က အသားထဲမှာ ပါတဲ့ စွမ်းအင်တွေကို ထိန်းချုပ်ဖို့ လိုတာကြောင့် ပိုပြီး အာရုံစိုက်ရလိမ့်မယ်…”


မီးဖိုချောင်ထဲတွင် ပုဖန်ချက်ပြုတ်နေချိန်၌ ကွမ်းရှောင်ယီကလည်း ဆိုင်ထဲတွင် မှာယူသော ဟင်းပွဲများကို တက်ကြွစွာ မှတ်နေလေသည်။ 


……


အင်ပါယာမြို့တော်အတွင်းရှိ ရှောင်စံအိမ်တော်တွင် ဂျိရုအာနှင့် ရှောင်မန်တို့က ပန်းပေါင်းစုံ ဖူးပွင့်နေသော ဥယျာဉ်ငယ်လေးထဲ၌ လမ်းလျောက်နေကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ရင်းနှီးစွာ ပြောဆိုနေကြရာ လေထုက ပျော်ရွှင်စရာ အငွေ့အသက်များနှင့် လွှမ်းခြုံနေလေသည်။ 


“ရှင်မ… မင်းက ယန်ယုနဲ့ ရှောင်လုံတို့ကို အဖော်ပြုပြီးနေသင့်တယ်…ယန်ယုက မနက်ဖြန်ဆိုရင် တောင်ပိုင်းမြို့တော်ကို သွားရတော့မှာ နောက်ခြောက်လအတွင်း သူမကို တွေ့့ဖို့့ မလွယ်လောက်ဘူး….” ရှောင်မန်က ဂျိယုအာ၏ ပုခုံးကို ကြင်နာစွာ ဆုတ်ကိုင်လိုက်ပြီး ပြောဆိုလိုက်သည်။


အင်ပါယာမြို့တော်၏ အသန်မာဆုံး လူတစ်ယောက်၏ ထိုသို့ နူးညံ့နေပုံမှာ တွေ့မြင်ရန် ခဲယဉ်းလှလေသည်။


“ယန်ယုက ဘာတွေ ဖြစ်လို့ တောင်ပိုင်းမြို့တော်ကို သွားရမှာလဲ… သူနဲ့အတူ ရှောင်ယုကို ထည့်လိုက်ရင် မကောင်းဘူးလား…”


“အဲဒါက အဆင်ပြေပါတယ်… ရှောင်မိသားစုမှာ ကိစ္စနည်းနည်း ဖြစ်သွားလို့ပါ… ယန်ယုက ပင်ကိုယ် ထက်မြတ်ပြီး ကျိုးကြောင့်သင့် ဆင်ခြင်နိုင်စွမ်း ရှိလို့ ဒီပြသနာတွေကို လွယ်လွယ်ကူကူပဲ ဖြေရှင်းနိုင်ပါလိမ့်မယ်…”


ရှောင်မန်က ပြုံး၍ ပြောဆိုလိုက်သည်။ သူက ရှောင်ယန်ယုကို အလွန်အမင်း ယုံကြည်ထားလေသည်။ ထို့ကြောင့်ပင် အဆင့်ချိုးဖျက် တက်ရောက်ရန် ကြိုးစားနေသော ရှောင်ယုကို မထည့်လိုက်ခြင်း ဖြစ်သည်။ ရှောင်ယုသာ အဆင့်ချိုးဖျက် တက်ရောက်မှု အောင်မြင်သွားပါက ရှောင်မိသားစုတွင် သူတော်စင်အဆင့် နှစ်ယောက် ဖြစ်လာပြီး သူတို့၏ အနေအထားက ပိုမိုခိုင်မာလာမည်ဖြစ်သည်။


ဂျိယုအာက နူးညံ့စွာ ပြုံးလိုက်သည်။ သူမက နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။


“အခု ရှောင်လုံက အိမ်ပြန်ရောက်တာနဲ့ မီးဖိုချောင်ထဲကို ၀င်သွားတယ်… သူဘယ်တုန်းကများ မီးဖိုချောင်ကို အဲလောက်နှစ်သက်သွားတာလဲ…”


ရှောင်မန်၏ မျက်နှာပေါ်မှ အပြုံးက ရပ်တန့်သွားလေသည်။ 


“ထားလိုက်…သူနေရထိုင်ရတာ ပျင်းလာလို့ မီးဖိုချောင်ထဲမှာ ပြသနာတချို့ ဖန်တီးမလို့ နေမှာပေါ့… ငါတို့ သူ့ကို လျှစ်လျူရှုထားလိုက်မယ်… သူသာ ယန်ယုရဲ့ တစ်၀က်လောက် ကောင်းမယ်ဆိုရင် ငါသူ့အတွက် စိတ်ပူနေမှာ မဟုတ်ဘူး…”


ဂျိရုအာက သူမ၏ ပါးစပ်ကို ကာ၍ တခစ်ခစ် ရယ်မောလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က ဥယျာဉ်ငယ်ထဲမှ ထွက်၍ မီးဖိုချောင်သို့ ဦးတည်လိုက်လေသည်။ မီးဖိုချောင်ဘက်သို့ ၀င်ရောက်လိုက်သည်နှင့် သူတို့က မွှေးပျံ့သော ရနံ့အချို့ကို ရလိုက်လေသည်။ သူတို့နှစ်ယောက်က အံ့အားသင့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်မိကြသည်။


“အဖေ… အမေ… အတော်ပဲ… ကျွန်တော်အခု ဥထမင်းကြော် စမ်းချက်ကြည့်နေတာ… ကျွန်တော့်ရဲ့ အချက်အပြုတ်စွမ်းရည်က တော်တော်လေးကောင်းတယ်… အရင်က ဘာလို့ မသိခဲ့တာလည်း မသိဘူး…”


ရှောင်ရှောင်လုံက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ သူ၏ မျက်နှာကလည်း စိတ်လှုပ်ရှားမှုကြောင့် နီရဲနေလသည်။ 


ရှောင်မန်က မျက်မှောင်ကြုံ့လိုက်ပြီး ရှောင်ရှောင်လုံ့ကို ရှုတည်တည်နှင့် ကြည့်လိုက်သည်။ ထို့နောက် ရှောင်မန်က စားပွဲပေါ်မှ ဥထမင်းကြော်ကို လှမ်းကြည့်လိုက်လေသည်။ အဖြူရောင် ကြွေပန်းကန်ပြားပေါ်တွင် အပူငွေ့များနှင့် မွှေးရနံ့များ ရောနှောလွင့်ပျံနေလေသည်။ အဝါရောင် ဥအနှစ်လေးများက ထမင်းစိလေးများကို ဖုံးလွှမ်းနေပြီး ရွှေရောင်အဆင်း ဖြစ်နေလေသည်။ ဥမွှေကြော်က အဖြူရောင် ထမင်းများကြားတွင် ပန်းပွင့်သဏ္ဍာန် ဖြစ်နေလေသည်။


 ထမင်းကြော်က အမြင်နှင့်ပင် အရသာရှိမည်ပုံ ပေါနေလေသည်။ ရှောင်ရှောင်လုံက အချက်အပြုတ်စွမ်းရည် ကောင်းမွန်လိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် ရှောင်မန်က အံ့အားသင်သွားလေသည်။


ထို့နောက် ရှောင်မန်က ဥထမင်းကြော်ကို မြည်းစမ်းကြည့်လိုက်ပြီး သူ၏ မျက်ခုံးများ ပင့်တက်သွားလေသည်။ ထိုအရသာက ပိုင်ရှင်ပု၏ ဥထမင်းကြော်နှင့် ကြီးမားသောကွာဟချက် ရှိနေသော်လည်း အလွန် အရသာ ရှိနေလေသည်။ ရှောင်ရှောင်လုံအပေါ် သူ၏ နားလည်မှုများအရ ရှောင်ရှောင်လုံက အချက်အပြုတ်တွင် ပါရမီ ပါလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။


“ဘယ်လိုနေလဲ… အရသာက အတော်ပဲလား… မနက်ဖြန်ကျရင် ကျွန်တော်က ပိုင်ရှင်ပုရဲ့ အလုပ်သင်တစ်ယောက် ဖြစ်လာတော့မယ်… သူကဥထမင်းကြော်တစ်ပွဲ ချက်လာခိုင်တယ်… အဖေ… အမေ… ဥထမင်းကြော်ကို မြည်းကြည့်ပြီးပြီဆိုတော့ ပြောပါဦး… ပိုင်ရှင်ပုရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီနိုင်ပါ့မလား ဆိုတာ…”


ရှောင်ရှောင်လုံက ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်နေဟန်နှင့် ပြောလိုက်သည်။


“ဘယ်လို…. ပိုင်ရှင်ပုက တပည့် လက်ခံနေတာလား…” ရှောင်မန်က သင်္ကာမကင်းဟန်နှင့် ရှောင်ရှောင်လုံ့ကို ကြည့်လိုက်သည်။ ထိုကိစ္စက အရေးကြီးသည်ဟု ခံစားမိနေလေသည်။


“မဟုတ်ဘူး…တပည့်မဟုတ်ဘူး.. အလုပ်သင် စားဖိုမှုး…” ရှောင်ရှောင်လုံက ပြန်ပြောလိုက်သည်။ 


ရှောင်မန်က ခေါင်းညိမ့်ပြလိုက်ပြီး သူ၏ မေးကို ပွတ်၍ တွေးတောနေလေသည်။ ပုဖန်၏ ဆိုင်ငယ်လေးက အင်ပါယာ မြို့တော်ထဲသို့ စရောက်လာသည့် အချိန်ကနှင့် ကွာခြားနေပြီဖြစ်သည်။ ထိုဆိုင်ငယ်လေးက ခြမ်းခြောက်နိုင်စွမ်း အလွန်ကြီးမားလှသောကြောင့် အင်ပါယာ မြို့တော်ထဲမှ မျက်လုံးပေါင်းများစွာက အာရုံစိုက်နေကြသည်။


“ပိုင်ရှင်ပုက တပည့် လက်ခံနေပြီ…. ဒါမင်းအတွက် အခွင့်အရေးပဲ … မင်းဒါကို တန်ဖိုးထားရမယ်…” ရှောင်မန်က အလေးအနက် ပြောလိုက်သည်။


ရှောင်ရှောင်လုံက မျက်လုံးလှန်လိုက်လေသည်။


“ပိုင်ရှင်ပုက အလုပ်သင် စားဖိုမှုး လက်ခံနေတာ… တပည့် မဟုတ်ဘူး…”


“ကောင်းပြီ … ဒီလိုဆိုမှတော့ အဖေနဲ့ အမေက မင်းကို ထပ်မနှောက်ယှက်တော့ဘူး… မင်းအနေနဲ့ သေသေချာချာ ကြိုးစားမှ ပိုင်ရှင်ပုရဲ့ အလုပ်သင် စားဖိုမှုး ဖြစ်လာနိုင်လိမ့်မယ်… ဒါဆိုရင် ပိုင်ရှင်ပုဆီက ဟင်းချက်စွမ်းရည်တွေကို သင်ယူလာနိုင်ပြီး ငါတို့ ရှောင်မိသားစုရဲ့ စားစရာတွေကို ပြင်ပေးရလိမ့်မယ်…”


ရှောင်မန်နှင့် ဂျိရုအာတို့က ပြုံးရွှင်စွာနှင့် မီးဖိုချောင်ထဲမှ ပြန်ထွက်လာကြသည်။


နောက်တစ်နေ့မနက်တွင် ရှောင်ရှောင်လုံက ရှောင်ယန်ယုကို လိုက်ပို့ပြီးနောက် ရှောင်စံအိမ်သို့ ပြန်လာလိုက်ကာ ဥထမင်းကြော်တစ်ပွဲ ချက်ပြုတ်လိုက်သည်။ ထို့နောက် စားစရာ ဗူးထဲ ထည့်လိုက်ပြီး ယူဆောင်ကာ ပုဖန်၏ ဆိုင်သို့ ဦးတည်လိုက်လေသည်။ 


ပုဖန်က ထမင်းကြော်ကို မြည်းစမ်းပြီးနောက် အပြစ်ရှာသည့် စိတ်အခြေအနေသို့ ရောက်ရှိသွားကာ ရှောင်ရှောင်လုံ၏ ထမင်းကြော်က မကောင်းဟု ခံစားလာရသည်အထိ ပြောဆိုလေတော့သည်။ အမှားများလွန်းသောကြောင့် ရှောင်ရှောင်လုံက ခံစားနေရလေသည်။ သို့သော်လည်း ပုဖန်က ရှောင်ရှောင်လုံက အလုပ်သင် စားဖိုမှုး အဖြစ် လက်ခံလိုက်လေသည်။


ရှောင်ရှောင်လုံက ဥထမင်းကြော်ကို ပထမဆုံးအကြိမ် ချက်ပြုတ်ခြင်း ဖြစ်သောကြောင့် အဆင့်တစ်ခုသို့ မရောက်နိုင်ပေ။ ထို့ကြောင့် ပုဖန်က သူ့ဆီက များစွာ မျှော်လင့်ထားခြင်းမရှိပေ။ ထိုအချင်းအရာက ရှောင်ရှောင်လုံ၏ စိတ်ကို ထိုးနှက်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။


ဆိုင်ဖွင့်ချိန် ကုန်ဆုံးသွားပြီးနောက် ပုဖန်က ရှောင်ရှောင်လုံ့ကို ပြောလိုက်လေသည်။


“မီးဖိုချောင်ထဲကိုသွားမယ်… နောက်က လိုက်ခဲ့..”


ရှောင်ရှောင်လုံက သိချင်စိတ် ပြင်းပြစွာနှင့် နောက်မှ လိုက်လာလေသည်။ မီးဖိုချောင်ထဲတွင် ယုဖူက မွှေးကြိုင်သင်းပျံ့လှသော ၀က်နံရိုးချိုချဉ်ကြော် တစ်ပွဲကို အာရုံစိုက်၍ ချက်ပြုတ်နေလေသည်။ သူမ၏ လှုပ်ရှားမှုများက ရှောင်ရှောင်လုံ့ကို အံ့အားသင့်သွားစေလေသည်။ မီးဖိုချောင်ထဲရှိ ပစ္စည်းများက ရှောင်ရှောင်လုံ့ကို ပို၍ အံ့အားသင့်စေလေသည်။


ပုဖန်၏ မီးဖိုချောင်က ရှောင်စံအိမ်၏ မီးဖိုချောင်နှင့် အပြတ်အသတ် ကွာခြားနေလေသည်။ သူနှင့် ရင်းနှီးကျွမ်း၀င်ခြင်း မရှိသော ကမ္ဘာတစ်ခုထဲသို့ ရောက်သွားသလို ခံစားလိုက်ရလေသည်။ 


ပုဖန်က ဥထမင်းကြော်တစ်ပွဲကို ချက်ပြုတ်ပြလိုက်သည်။ ထို့နောက် ပါ၀င်ပစ္စည်း သုံးစုံစာကို စားပွဲပေါ် တင်ထားပေးလိုက်ပြီး ယုဖူကို သင်ပေးခဲ့သော နည်းလမ်းအတိုင်း လေ့ကျင့် ချက်ပြုတ်စေလေသည်။ သူ၏ နည်းလမ်းများက ရိုးရှင်းပြီး အကြမ်းထည် ဆန်လှပေသည်။ 


ပုဖန်က လမ်းညွှန်ပြသပြီးနောက် အနားယူရန် သူ၏ အခန်းသို့ တက်သွားလေသည်။ 


မီးဖိုချောင်ထဲတွင် လင်းထိန်နေဆဲ ဖြစ်ပြီ ရှောင်ရှောင်လုံက သူ၏ ရှေ့မှ ပစ္စည်းများကို စိုက်ကြည့်နေလေသည်။ ထို့နောက် ယုဖူ၏ တက်ကြွလှသော ကူညီမှုအောက်တွင် ရှောင်ရှောင်လုံက သူ၏ ပထမဆုံး ဥထမင်းကြော်ကို စတင်ချက်ပြုတ်လိုက်လေသည်။


နောက်တစ်နေ့ မနက်ခင်းတွင် ပုဖန်က အိပ်ယာမှ ထလာပြီး ဆေးကျောသန့်စင်၍ မီးဖိုခန်းသို့ သွားလိုက်သည်. သူ၏ မီးဖိုခန်းထောင့်တစ်နေရာတွင် နောက်ထပ် မီးဖိုခုံတစ်ခု ရှိနေသည်ကို တွေ့လိုက်ရလေသည်။ ပုဖန်က တံခါးဘောင်ကို မှီလိုက်ပြီး ဝှိုက်တီ၏ ဗိုက်ကို ပြုံးရွှင်စွာနှင့် ပွတ်သပ်လိုက်လေသည်။ ထိုအချိန်တွင် စနစ်၏ အသံက ထွက်လာလေသည်။ 


“ပိုင်ရှင်.. တစ်လအတွင်း အလုပ်သင်စားဖိုမှုးနှစ်ယောက် ရှာဖွေရမယ့် မစ်ရှင်ပြီးဆုံးသွားလို့ ဂုဏ်ယူပါတယ်.. မစ်ရှင်အတွက် ဆုတွေကို ဖော်ပြပေးပါမယ်…”