အပိုင်း ၂၄၄
Viewers 53k

အခန်း ၂၄၄ “အစားကောင်းကြိုက်သူများအတွက် လမ်ညွှန်မြေပုံမှ ပထမဆုံး တည်နေရာ”


နောက်ဆုံးတွင် ပုဖန်က ပါရမီပါသော စားဖိုမှုးနှစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။ ယုဖူချက်ပြုတ်ထားသော ဟင်းပွဲများက ပုဖန်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း များစွာ တိုးတက်လာပြီး စားသုံးသူများက အသိအမှတ်ပြုမှုကို ရရှိလာပြီဖြစ်သည်။


ရှောင်ရှောင်လုံက အတွေ့အကြုံနှင့် လေ့ကျင့်မှုများ လိုအပ်နေခြင်း ဖြစ်သည်။ သို့သော် ထိုလိုအပ်ချက်များက အချိန် လိုအပ်လေသည်။ တစ်ညတည်းနှင့် သင်ယူပြီး တတ်မြောက်လာသော စားဖိုမှုးများ မရှိပေ။ အောင်မြင်သူတိုင်းက မရေမတွက်နိုင်သော ကျရှုံးမှုများကြားမှ လေ့လာနိုင်မှုကြောင့် တိုးတက်လာကြခြင်း ဖြစ်သည်။


နောက်လ၀က်အတွင်းတွင် ပုဖန်က ရှောင်ရှောင်လုံနှင့် ယုဖူတို့ကိုချက်ပြုတ်သည့် နည်းလမ်းပေါင်း များစွာနှင့် အဓိက ဟင်းပွဲများ ဖြစ်ကြသော ဥထမင်းကြော် ၀က်နံရိုးချိုချဉ်ကြော်နှင့် အနီရောင် အသားနှပ် ဟင်းပွဲတို့ကို အသေးစိတ် သင်ကြားပေးခဲ့သည်။ ထိုဟင်းပွဲများက ဆိုင်တွင် ရောင်းအားအကောင်းဆုံး ဟင်းပွဲများလည်း ဖြစ်ကြသည်။


နံနက်ခင်းတိုင်းတွင် ဆိုင်ငယ်လေးမှ စည်းချက်ကျနသော အသံများ ထွက်ပေါ်နေသည်ကို ကြားနိုင်လေသည်။ ထိုအသံများက ဓါးနှင့် စဉ့်နှီတုန်း ထိခတ်ရာမှ ထွက်ပေါ်လာသော အသံများ ဖြစ်ကြသည်။ ပုဖန် ရှောင်ရှောင်လုံနှင့် ယုဖူတို့က ဓါးများ ကိုင်စွဲ၍ ပါ၀င်ပစ္စည်းများကို ဖြတ်တောက်ရာမှ ထွက်ပေါ်နေကြခြင်း ဖြစ်သည်။ သူတို့က သူတို့၏ ဓါးကိုင်ပညာကို တိုးတက်စေရန် လေ့ကျင့်နေကြခြင်းလည်း ဖြစ်သည်။


ရှောင်ရှောင်လုံက ဆိုင်တွင် နေထိုင်ရန် ရွေးချယ်ခဲ့သော်လည်း ပုဖန်က ပယ်ချလိုက်သည်။ ဆိုင်၏ အပေါ်ထပ်တွင့် ဧည့်သည်ခန်း တစ်ခန်းသာ ရှိပြီး ထိုအခန်းကိုလည်း ယုဖူက ယူထားပြီး ဖြစ်နေလေသည်။ ရှောင်ရှောင်လုံက လူအများနှင့် လိုက်လျောညီထွေ နေတတ်သော်လည်း သူကယောက်ျားလေးတစ်ယောက်သာ ဖြစ်လေသည်။ ဆန်ကျင်ဘက် လိင်များကို အတူတကွ မထားသင့်ကြောင်း ပုဖန်က ရှင်းရှင်းလင်းလင်း နားလည်ထားလေသည်။


ယခုအချိန်တွင် ဆိုင်ငယ်လေးက ပုံမှန်အရှိန်အဟုန်နှင့် လည်ပတ်နေပြီဖြစ်သည်။ ရှောင်ရှောင်လုံနှင့် ယုဖူ၏ အကူအညီများကြောင့် ပုဖန်က အလွန်ပင် သက်သာနေလေသည်။


နေ့စဉ်နေ့တိုင်း သင်ကြားပေးခဲ့ပြီး လ၀က်မျှကြာသောအခါ သူတို့နှစ်ယောက်က ကောင်းစွာ ချက်ပြုတ်နိုင်နေကြပြီဖြစ်သည်။


“ပိုင်ရှင်… ကျေးဇူးပြုပြီး အာရုံစိုက်ထားပါ… အစားကောင်းကြိုက်သူများ လမ်းညွှန်မြေပုံအတွင်း ပထမဆုံး ပြောင်းရွှေ့မှုက နောက်နှစ်နာရီအတွင်း စတင်ပါတော့မယ်…”


သူ၏ စိတ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသော စနစ်၏ အသံကြောင့် ပုဖန်က ရုတ်တရက် လန့်နိုးလာလေသည်။ သူက တခဏမျှ အိပ်မှုံစုံမွှား ဖြစ်နေလေသည်။


“နောက်နှစ်နာရီလား.. အချိန်နည်းနည်း ရသေးတာပဲ… အခုမှ အစောကြီး ရှိသေးတာကို…”


ပုဖန်က ရေချိုးခန်းအတွင်း ၀င်လိုက်ပြီးဆေးကြောသန့်စင်လိုက်သည်။ ထို့နောက် သူ၏ လက်ကို ဝှေ့ရမ်းလိုက်ပြီးစနစ်၏ သိုလှောင်နေရာမှ နွားသားရေနှင့် ချုပ်ထားသော မှတ်စုစာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်သည်။ ထိုစာအုပ်၏ မျက်နှာဖုံးတွင် ချက်ပြုတ်နည်းမှတ်စုများဟု ရေးထိုးထားလေသည်။ ထိုစာအုပ်ကို ကြားဖြတ်မစ်ရှင် အောင်မြင်ခဲ့စဉ်က ဆုအနေနှင့် ရရှိခဲ့ပြီး ရှေးဟောင်းစာအုပ်တစ်အုပ်လည်း ဖြစ်သည်။


ပုဖန်က နွားသားရေဖုံးကို လှန်လိုက်သောအခါ အတွင်းတွင် စာရွက်လွတ် တစါရွက်သာ ပါရှိသည်ကို တွေ့လိုက်ရလေသည်။


“ဒီစာအုပ်ကို ငါက ဘယ်လိုသုံးရမှာလဲ….” ပုဖန် စဉ်းစား၍ မရသော်လည်း စနစ်မှ ရရှိထားသော ဆုဖြစ်သောကြောင့်ထိုစာအုပ်က သာမာန်မှတ်စုစာအုပ် မဟုတ်သည်ကို သိနေလေသည်။


ထိုစာရွက်ကို သေချာစွာ ကြည့်လိုက်ပြီး မည့်သည့်အချက်မျှ မတွေ့ရသောကြောင့် ပုဖန်က အနည်းငယ် စိတ်ကသိကအောင့် ဖြစ်သွားလေသည်။ ထို့နောက် စာအုပ်ကို စနစ်၏ သိုလှောင်နေရာသို့ ပြန်လည်သိမ်းဆည်းလိုက်ပြီး အခန်းထဲမှ ထွက်၍ မီးဖိုချောင်သို့ ဆင်းလာလိုက်သည်။


မနက်စောစော ရောက်ရှိလာသော ရှောင်ရှောင်လုံက လက်ထဲတွင် ဓါးနှစ်လက်ကို ကိုင်၍ လေ့ကျင့်နေသည်။


“မင်္ဂလာမနက်ခင်းပါ… သူဌေး…”


ရှောင်ရှောင်လုံက ခေါင်းမော့၍ ဇတ်ချိုးလိုက်ချိန်တွင် ပုဖန်ကို မြင်လိုက်ရသောကြောင့် နှုတ်ဆက်လိုက်သည်။ ချက်ပြုတ်ခြင်း နည်းပညာကို ရှောင်ရှောင်လုံက စတင်သင်ယူလိုက်ပြီးနောက် ပို၍ စွဲလန်းနှစ်သက်လာလေသည်။ ပါရမီရှင်တစ်ယောက်အနေနှင့် ဖောင်တိန်တစ်ချောင်းကို ကိုင်နေရမည့်အစား မီးဖိုချောင်သုံးဓါးကို ကိုင်နေရသည်ကို သူက ပို၍ နှစ်သက်လာလေသည်။


ပုဖန်က ခေါင်းငြိမ့်ပြလိုက်သည်။ အလုပ်ကြီုးစားနေသော အလုပ်သင်နှစ်ဦးကို သူက ကျေနပ်စွာနှင့် ခပ်ပြုံးပြုံး ကြည့်လိုက်သည်။


ထိုအချိန်တွင် ယုဖူက ပုဖန်နှင့် ပို၍ ရင်းနှီးလာသောကြောင့် ယခင်ကကဲ့သို့ ရှက်ရွံ့နေခြင်း မရှိတော့ပေ။ သူမက ပုဖန်ကို မြင်လိုက်ရသောကြောင့် တောက်ပစွာ ပြုံးပြလိုက်သည်။


“ငါရက်နည်းနည်းလောက် အပြင်သွားဖို့ ရှိတယ်… အဲတော့ ဒီဆိုင်ကို မင်းတို့နှစ်ယောက် လက်ထဲကိုပဲ အပ်ခဲ့ရတော့မယ်… အဲဒီကာလအတွင်းမှာ ဆိုင်ရဲ့ ကိစ္စတွေ နဲံ့ ဟင်းပွဲပြင်ဆင်ဖို့က မင်းတို့ နှစ်ယောက်ရဲ့ တာ၀န် ဖြစ်နေလိမ့်မယ်… ငါ့ကို မျက်နှာမပျက်စေနဲ့…” ပုဖန်က သူတို့နှစ်ယောက်ကို ကြည့်၍ ငြင်ငြင်သာသာ ပြောလိုက်သည်။


အိုး…


ယုဖူနှင့် ရှောင်ရှောင်လုံက အလန့်တကြားနှင့် ပုဖန်ကို ကြည့်လိုက်ကြသည်။


“ပိုင်ရှင်ပုက ဆိုင်က ထွက်သွားမှာလား…”


“ပိုင်ရှင်ပု… မင်းက ဘယ်သွားမို့လဲ… မင်းမရှိရင် ငါတို့နှစ်ယောက် ဆိုင်ကို တာ၀န်ယူနိုင်မှာ မဟုတ်ဘူး… ငါတို့နှစ်ယောက် ကမောက်ကမတွေ ဖြစ်နေလိမ့်မယ်…” ရှောင်ရှောင်လုံက လက်ထဲမှ ဓါးကို ချလိုက်ပြီး ပုဖန်ကို ကြည့်၍ စိုးရိမ်တကြီး ပြောဆိုလိုက်သည်။


တကယ်တန်းတွင် ပုဖန်က သူတို့၏ စွမ်းရည်များကို ပြသရန် အချိန်တန်ပြီဟု ပြောချင်နေခဲ့သော်လည်း ထိုနှစ်ယောက်က ယုံကြည်မှု မရှိကြသေးပေ။ သူတို့အနေနှင့် ပုဖန်က နေ့စဉ်နေ့တိုင်း ညွှန်ကြားပြသပေးနေသောကြောင့် အနားတွင် ပုဖန်ရှိနေခြင်းက ပို၍ သက်တောင့်သက်သာ ဖြစ်သည်ဟု ခံစားနေရလေသည်။


“အရမ်းလည်း စိတ်ပူမနေပါနဲ့… ဝှိုက်တီရှိနေမှတော့ ဆိုင်မှာ ဘယ်သူမှ ပြသနာ လာမရှာရဲပါဘူး…” ပုဖန်က ရှောင်ရှောင်လုံ့ကို ကြည့်၍ ပြောလိုက်သည်။


ရှောင်ရှောင်လုံက ပုဖန်၏ စကားကြောင့် ငိုရမလို ရယ်ရမလို ဖြစ်သွားလေသည်။


“ငါက ပြသနာ လာရှာမှာကို ကြောက်နေတာ မဟုတ်ဘူးလေ…”


“မင်းတို့က ငါ့ရဲ့ အလုပ်သင်အနေနဲ့ ငါ့နောက်မှာပဲ နေလို့ မဖြစ်ဘူးလေ… မင်းတို့ရဲ့ လမ်းကြောင်းကို ကိုယ်တိုင် ဖောက်ဖို့ လိုအပ်တယ်… ပထမဆုံးအနေနဲ့ မင်းတို့ရဲ့ စွမ်းရည်တွေ တိုးတက်လာဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေဖို့ လိုအပ်တယ်…” ပုဖန်က နည်းလမ်းတကျ ရှင်းပြလိုက်သည်။


“အခု ငါမရှိတဲ့အချိန်က မင်းတို့အတွက် ကြိုးစားဖို့အခွင့်အရေးပဲ.. ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်…”


အာ…


ရှောင်ရှောင်လုံနှင့် ယုဖူတို့က ပုဖန် စကားများကို နားလည်ကြသော်လည်း သူတို့၏ စိတ်ထဲတွင် ပုဖန်၏ စကားများက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေရလေသည်။


“မင်းတို့… အသားလွှာထွင်းထုခြင်းနဲ့ ဖြတ်တောက်ခြင်း နည့်းပညာတွေ တိုးတက်လာအောင်လဲ အမြဲတမ်း လေ့ကျင့်ကြ… အခု တော့ နောက်နှစ်နာရီအတွင်း ငါသွားတော့မှာမို့ စတင် ထုတ်ပိုးလိုက်ဦးမယ်...”


ပုဖန်က သူတို့ကို ပြောလိုက်ပြီး ပါ၀င်ပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင် အချို့ကို ထုတ်ယူကာ စနစ်၏ သိုလှောင်နေရာအတွင်းသို့ ထည့်လိုက်လေသည်။


ရှောင်ရှောင်လုံနှင့် ယုဖူက တုန်တုန်လှုပ်လှုပ်နှင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့ကိုယ်တိုင်းဦးစီး၏ ပထမဆုံး စီးပွားရေး စလုပ်ရမည် ဖြစ်သောကြောင့် သူတို့၏ စိုးရိမ်မှုက သာမာန်သာ ဖြစ်လေသည်။


“စိတ်အေးအေးထားပါ… အရမ်းလန့်မနေနဲ့ မင်းတို့ရဲ့ သူဌေးက မင်းတိုိ့ကို ယုံတယ်… ဟုတ်ပြီလား…”


ပုဖန်က ဗီဒိုထဲမှ ဗူးလေးများကို ထုတ်ယူနေရာမှ လှည့်ပြောလိုက်သည်။ ထုတ်ပိုးပြင်ဆင်လိုက်ပြီးနောက် ပုဖန်က ဘလက်ကီအတွက် ၀က်နံရိုးချိုချဉ်ကြော်တစ်ပွဲ ချက်ပြုတ်လိုက်သည်။ ဟင်းပွဲကို ဘလက်ကီဆီသို့ ယူသွားလိုက်ပြီး ရှေ့တွင် ချပေးလိုက်သည်။ ထို့နောက် ဘလက်ကီ၏ နူးညံ့သော အမွှေးများကို ငြင်သာစွာပွတ်သပ်လိုက်ပြီး အပေါ်သို့ ပြန်တက်လာလေသည်။


စနစ်မှ ပေးထားသော နှစ်နာရီက ကုန်ဆုံးတော့မည်ဖြစ်သောကြောင့် သူ၏ စိတ်ထဲတွင် စနစ်၏ အသံက ထွက်ပေါ်လာလေသည်။


“အစားကောင်းကြိုက်သူများအတွက် လမ်းညွှန်မြေပုံ စတင်နေပါပြီ… အဆင်သင့် ပြင်ထားပါ…”


အသံ ရပ်တန့်သွားသည်နှင့် ပုဖန်၏ မြင်ကွင်းများက ေ၀၀ါးလာလေသည်။ လင်းထိန်နေသော အခန်းက မှောင်မဲသွားပြီး လှည့်ပတ်နေသော ကြယ်အစုအဝေးတစ်ခု ရောက်လာသကဲ့သို့ ထင်လိုက်ရလေသည်။ ထိုကြယ်ပွင့်လေးများ ပျောက်သွားပြီးနောက် ပုဖန်၏ ရှေ့တွင် အလင်းအစက်အပျောက်တစ်ခု ပေါ်လာလေသည်။ ထိုအလင်းစက်လေးက တဖြည်းဖြည်း ကြီးမားလာကာ မြေပုံတစ်ခု ဖြစ်လာလေသည်။ ထိုမြေပုံပေါ်မှ အလင်းစက်လေးများက မရပ်မနား လှည့်ပတ်နေလေသည်။


“ပြောင်းရွေ့ခြင်းစနစ်… စတင်နေပါပြီ…”


ဒီ…ဒီ…ဒီ….


ပုဖန်၏ စိတ်ထဲတွင် ရုတ်တရက် စက်ရုပ်သံများ ထွက်ပေါ်လာပြီး သူ၏ နံဘေးတွင် မှော်အစီအရင်တစ်ခု ပေါ်လာလေသည်။ အစီအရင်၏ လှည့်ပတ်နေသော ပုံရိပ်များကြားမှ ၀၀ဖိုင့်ဖိုင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသောကြောင့် ပုဖန်က အံ့အားသင့်သွားလေသည်။


“ဒါ… ဒါက ဝှိုက်တီ မဟုတ်ဘူးလား…”


သို့သော် သူ၏ ရှေ့မှ စက်ရုပ်က လူတစ်ယောက်၏ အရွယ်အစားမျှသာ ရှိလေသည်။


“ဒါပေမယ်.. ဘယ်လိုပဲဖြစ်ဖြစ် သူက ဝနေတာပဲ….”


ပုဖန်က ရေရွတ်လိုက်ပြီးနောက် ဝှိုက်တီနှင့် တူသော စက်ရုပ်၏ ၀မ်းဗိုက်ကို ပုတ်လိုက်သည်။


“ဒီအစောင့်အရှောက်က အစားအသောက်တွေကို့ရှာဖွေမယ့် ခရီးမှာ အတူလိုက်ပါပါလိမ့်မယ်… သူကလည်း ဝှိုက်တီနဲ့ တူတူပဲဆိုတော့ ဝှိုက်တီလို့ပဲ ခေါ်လို့ရပါတယ်… သူ့ရဲ့တာ၀န် က သင့်ကို ကာကွယ်ဖို့ပါ… ဒါကြောင့် အန္တရာယ်တစ်ခုခု ကြုံတာနဲ့ သူက သင့်ကို ကာကွယ်ပါလိမ့်မယ်….”


“ဝိုး… အံ့သြစရာပဲ…”


ပုဖန်၏ မျက်၀န်းများက တောက်ပသွားပြီး ဝှိုက်တီ၏ ခေါင်းကို ခပ်သာသာ ပုတ်လိုက်သည်။ ဝှိုက်တီ၏ အနီရောင်တောက်နေသော မျက်၀န်းများကလည်း ပုဖန်ကို ရင်းနှီးကျွမ်း၀င်သော ခံစားချက်မျိုး ပေးစွမ်းနေလေသည်။ သူ၏ အရွယ်အစာက အရွယ်အစားက ဝှိုက်တီနှင့် ကွာခြားနေသော်လည်း ပုဖန်၏ စိတ်ထဲတွင် လုံခြုံမှုကို ခံစားနေရလေသည်။


“အခုပဲ ပြောင်းရွှေ့မှုကိုစတင်ပါပြီ…”


ပုဖန်က စိတ်လှုပ်ရှားမှု အနည်းငယ် ခံစားနေရပြီး သူ၏ အမူအယာက တည်ငြိမ်လေးနက်လာလေသည်။


အစားအသောက်ချစ်သူများ လမ်းညွှန်မြေပုံမှ ပထမဆုံး ပို့ဆောင်ပေးမည့် နေရာဒေသ လေအလင်းအင်ပါယာ တောင်ပိုင်းဒေသ ဟန်ယန်းမြို့တော်… စနစ်၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာပြီး ပြန်လည်တိတ်ဆိတ်သွားလေသည်။


ပုဖန်က သူ၏ ခေါင်းထက်တွင်ပေါ်လာသော အလင်းတန်းသုံးခုကို မော့ကြည့်လိုက်သည်။ ထိုအလင်းတန်းများက ရှုပ်ထွေးစွာ ပေါင်းစပ်သွားကြပြီး ဆန်းပြားသော အစီအရင်တစ်ခု ဖြစ်လာလေသည်။ ပုဖန်၏ မြင်ကွင်းက နောက်တစ်ကြိမ် မှုန်ဝါးလာပြီး မမြင်နိုင်သော အားတစ်ခုက သူ့ကို ဆွဲယူလိုက်သည်ဟု ခံစားလိုက်ရကာ အခန်းအတွင်းမှ ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။


……


လေအလင်းအင်ပါယာ ဟန်ယန်းဒေသ တောင်ပိုင်းမြို့တော်နှင့် ဆယ်မိုင်အကွာ


လေဟာနယ်ထဲတွင် အလင်းအစက်အပျောက်လေးများ စတင်ဖြစ်ပေါ်လာပြီး ပြင်းထန်သော မုန်တိုင်းတစ်ခု စတင်တိုက်ခတ်လာလေသည်။ ထိုအလင်း မုန်တိုင်းထဲမှ ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်သော လူတစ်ယောက် ထွက်ပေါ်လာလေသည်။ ထိုသူ၏ ဆံပင်များက ပြင်းထန်လှသော မုန်တိုင်းအရှိန်ကြောင့် ရှုပ်ပွနေလေသည်။


ပုဖန်က စိတ်သက်သာရာ ရစွာနှင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏ နောက်မှ အနီရောင်မျက်လုံးများနှင့် ဝှိုက်တီကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ ရှုပ်ပွနေသော ဆံပင်များကို သိုးမွှေးကြိုးစတစ်စနှင့် စည်းနှောင်လိုက်ပြီး အဝေးတစ်နေရာမှ မြင်နေရသော မြို့ကြီးကို လှမ်းကြည့်လိုက်သည်။ ထိုမြို့က မြစ်ချောင်းများ ပတ်လည်၀န်းရံထားသော မြို့တစ်မြို့ ဖြစ်သည်။


မြိုတံတိုင်းနှင့် အနည်းငယ် ကွာဝေးသည့်နေရာတွင် မြစ်ချောင်းများ ရှိနေပြီး ထူထပ်လှသော တောအုပ်တစ်အုပ်လည်း ရှိနေလေသည်။ ထိုမြို့က အစားအသောက်ချစ်သူများ လမ်းညွှန်မြေပုံပေါ်တွင် ပထမဆုံး ပေါ်ထွက်လာသော တောင်ပိုင်းဒေသ ဟန်ယန်းမြို့တော်ပင် ဖြစ်လေသည်။