အပိုင်း ၂၄၅
Viewers 53k

အခန်း ၂၄၅ “အထဲကိုလာပြီး ဘ၀ရဲ့အနှစ်သာရတွေကို ခံစားလိုက်ပါ.”


တောင်ပိုင်းမြို့တော် ဟန်ယန်းပြည်နယ်က လေအလင်းအင်ပါယာ၏ တောင်ဘက်တွင် တည်ရှိသည်။ ပြည်နယ်ကြီးခုနစ်ခုနှင့် ဖွဲ့စည်းထားသော လေအလင်းအင်ပါယာက ကြီးမားကျယ်ပြန့်လှပြီး ပြည်နယ်တစ်ခုချင်းစီတွင် မြို့ပေါင်းများစွာ ပါ၀င်နေလေသည်။ ပြည်နယ်ခုနစ်ခု မြို့ကြီးသုံးမြို့ ကျွန်းကြီးတစ်ကျွန်က လေအလင်း အင်ပါယာ၏ အကျယ်အ၀န်းကို ဖော်ပြထားသော စာချိုးပင် ဖြစ်သည်။


ဟန်ယန်းပြည်နယ်က ထိုပြည်နယ်ကြီး ခုနစ်ခုမှ တစ်ခု ဖြစ်ပြီး မြို့ကြီးသုံးမျိုးက ကြီးကျယ်ခမ်းနားလှသော မြို့ကြီးများ ဖြစ်ကြသည်။ 


အင်ပါယာမြို့တော် အနောက်ပိုင်းဆန်းကျယ် မြို့တော်နှင့် နယ်စပ်မြို့တော်တို့တွင်လည်း သမိုင်းကြောင်း များစွာ ရှိနေလေသည်။ အနောက်ပိုင်းဆန်းကျယ်မြို့တော်က လေအလင်းအင်ပါယာ မတည်ထောင်ခင်ကပင် တည်ရှိခဲ့ပြီး ရှေးမင်းအဆက်ဆက်၏ သမိုင်းကြောင်းများကို တွေ့နိုင်လေသည်။ 


ကျွန်းကြီးတစ်ကျွန်းကိုမူ လေအလင်း အင်ပါယာ၏ အနီးဆုံးကျွန်းကို ဆိုလိုခြင်း ဖြစ်သည်။ အင်ပါယာ နယ်နမိတ်က မည်သည့်ပင်လယ်နှင့်မဆို အလွန်ဝေးကွာသော အရပ်တွင် ရှိနေလေသည်။ ဧကရာဇ်ချန်းဖန် ပထမဆုံး သိမ်းယူခဲ့သော ကျွန်းကြီးက ယခင် လနတ်ဘုရား ဂိုဏ်းတော်မှ ဘုန်းတော်ကြီးမှာ နေထိုင်သော ကျွန်းကြီးတစ်ကျွန်း ဖြစ်သည်။ လနတ်ဘုရား ဂိုဏ်းကို သိမ်းယူခဲ့ပြီးနောက် ထိုကျွန်းက လေအလင်းအင်ပါယာ၏ အပိုင် ဖြစ်လာခဲ့သည်။


လနတ်ဘုရားကျွန်း၏ အနီးအနားတွင် ကျွန်းကြီးပေါင်း များစွာ ရှိနေလေသည်။ ထိုကျွန်းများအနက် တစ်ကျွန်းမှာ မဟာယာနကျွန်းဖြစ်ပြီး အကျော်ကြားဆုံး ဖြစ်လေသည်။ ပြည်သူများက ဂိုဏ်းကြီးဆယ်ဂိုဏ်းအနက်မှ မဟာယာနကျွန်းကို အနည်းငယ် ကြောက်ရွံ့ကြလေသည်။ 


တောင်ပိုင်းမြို့တော် တည်ရှိသော ဟန်ယန်ပြည်နယ်က ပြည်နယ်ကြီးခုနစ်ခုထဲတွင် အင်အားအကြီးမားဆုံး မဟုတ်သော်လည်း ကမ်းရိုးတန်းနှင့် နီးကပ်သော နေရာတစ်ခု ဖြစ်သောကြောင့် သယံဇာတ ပေါများကြွယ်ဝြပီး လူသိများလေသည်။ ထို့ကြောင့်ပင် တောင်ပိုင်းမြို့တော်က ဟန်ယန်ပြည်နယ်က အရေးအပါဆုံး မြို့တစ်မြို့ ဖြစ်ပြီး အင်ပါယာမြို့တော်၏ အချမ်းသာဆုံး မြို့တစ်မြို့ ဖြစ်နေခြင်း ဖြစ်သည်။


ပုဖန်က ရှုပ်ပွနေသည့် ဆံပင်ရှည်များကို စည်းနှောင်လိုက်ပြီးနောက် တောင်ပိုင်းမြို့တော်၏ ခန့်ငြားခိုင်ခန့်လှသော မြို့ရိုးများကို လှမ်းကြည့်လိုက်သည်။ သူရှိနေသော နေရာက ခတ္တခဏ အနားယူရန် ဆောက်ထားသော အဆောက်အဦးတစ်ခု ဖြစ်ပြီး မြို့တော်ထဲမှ လူများက အနားယူရန် လာရောက်လေ့ရှိကြသည်။ ပုဖန်က အနားယူပြီးနောက် တောင်ပိုင်းမြို့တော်ဆီသို့ ဦးတည်ထွက်သွားလိုက်သည်။


သူခရီးစဉ်၏ ရည်ရွယ်ချက်က ကောင်းမွန်လှသော အစားအသောက်များကို ရှာဖွေရန်သာ ဖြစ်သည်။ နေရာဒေသတိုင်းတွင် ဒေသဆိုင်ရာ အစားအသောက်များ ရှိကြပြီး ဒေသတစ်ခုနှင့် တစ်ခု အစားအသောက်များ၏ အရသာက တူညီလိမ့်မည် မဟုတ်ပေ။


တောင်ပိုင်းမြို့တော် တံတိုင်းတစ်ဖက်တွင် ကြီးမားလှသော မြစ်တစ်စင်း ရှိနေသည်။ ထိုမြစ်ရေက အရှိန်ပြင်းပြင်နှင့် စီးဆင်းနေပြီး လှိုင်းပုတ်သံများကိုပင် ကြားနေရလေသည်။ တံငါသည်များက ငါးဖမ်းရန်အတွက် ကွန်ပစ်လိုက်ရာ သူတို့ စီးနင်းထားသော ငါးဖမ်းလှေလေးများက ရေလှိုင်းများကြားတွင် လွန့်လူးနေလေသည်။ မြစ်ကမ်းပါးတစ်လျောက်တွင်လည်း ငါးမျှားနေကြသူများ ရှိကြလေသည်။ ထိုသူများက ငါးမျှားတံကို ကိုင်ထားကြပြီး ငါးလာတွတ်မည့် အချိန်ကို စောင့်ဆိုင်းနေကြလေသည်။


ငါးမျှားချိတ်တစ်ခုတွင် ကြီးမားဆူဖြိုးလှသော ငါးတစ်ကောင် ပါလာလေသည်။ ထိုငါး၏ အကြေးခွံများက နေရောင်အောက်တွင် လင်းလက်တောက်ပနေလေသည်။


ပုဖန်က ထိုမြင်ကွင်းကို ကြည့်၍ ခေါင်းတစ်ချက် ငြိမ့်လိုက်သည်။ တောင်ပိုင်းမြို့တော်၏ အသက်မွေး၀မ်းကြောင်းမှုများက ထိုမြစ်ကြီးပေါ်တွင် မူတည်နေပြီး သယံဇာတ ပေါများလှသောကြောင့် မြို့၏ ကြွယ်၀မှုကို ခန့်မှန်းနိုင်ပေသည်။ ထို့အပြင် မြို့ထဲတွင်လည်း ရေထွက်ပစ္စည်း အမျိုးမျိုး အလျံပယ် ရနိုင်လေသည်။ 


သွယ်လျှသော ပုံရိပ်လေးတစ်ခုက မြို့တံခါးကို ဖြတ်သန်းသွားပြီး သူ၏ နောက်တွင် အသက်မဲ့နေသော ပုံသဏ္ဍာန်နှင့် ဝှိုက်တီက ကပ်၍ လိုက်ပါလာလေသည်။ လျှင်မြန်စွာ ပြေးလွှားနေသော မြင်းရထားများကိုလည်း ရံဖန်ရံခါတွင် တွေ့နေရသည်။ ထိုမြင်းများက သာမာန်မြင်းများမဟုတ်ကြပဲ စိတ်ဝိဥာဉ်သားရဲများ ဖြစ်ကြသည်။ မြင်းများ၏ ခန္ဒာကိုယ်ပေါ်တွင် ငါးများကဲ့သို့ အကြေးခွံများ ပါရှိပြီး သူတို့၏ ခြေလက်များက သန်မာကြကာ လေပြင်းမုန်တိုင်း တိုက်သကဲ့သို့ လှုပ်ရှားနိုင်ကြသည်။


တောင်ပိုင်းမြို့တော်က မြို့ကြီးပြကြီး ဖြစ်သောကြောင့် ဂိတ်ပေါက်ကြီး လေးခု ရှိလေသည်။ ဂိတ်ပေါက်များကို မြစ်ကြီးတစ်စင်းက ပတ်ခွေ၍ စီးဆင်းနေသောကြောင့် မြစ်ကို ကျော်ဖြတ်နိုင်ရန် တံတားကြီးတစ်စင်းလည်း တည်ဆောက်ထားလေသည်။ 


တောင်ပိုင်းမြို့တော်ထဲတွင် သွားလာနေသူ အမြောက်အများကို တွေ့နေရလေသည်။ ထိုသူများက ဟင်းသီးဟင်းရွက်များ ထည့်ထားသော အိတ်ကြီးများကို သယ်ဆောင်ထားကြပြီး အချို့က ငါးဖမ်းရန် ထွက်လာကြသူများ ဖြစ်သည်။ မြို့တံခါး၀တွင် သံချပ်ကာ ၀တ်စုံ ၀တ်ဆင်ထားကြသော အစောင့်များက မြို့တွင်း၀င်လာကြသူများ၏ ပစ္စည်းများကို စစ်ဆေးနေကြသည်။ စစ်ဆေးပြီးနောက် မြို့ထဲသို့ မ၀င်မီ ငါးဖမ်းသူများက သူတို့ဖမ်းမိလာသော ငါးအရေအတွက်ပေါ် မူတည်၍ အခွန်ပေးဆောင်ကြရပြီး ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများသယ်ဆောင်လာကြသူများလည်း အခွန်ပေးဆောင်ကြရသည်။


တောင်ပိုင်းမြို့တော်တွင် ရေထွက်ကုန်များနှင့် နှိုင်းယှဉ်ပါက ဟင်းသီးဟင်းရွက်များက ပို၍ ရှားပါးလှသည်။ ထိုကုန်သည်များအပြင် ပုဖန်ကဲ့သို့ မြို့ကို အလည်လာကြသော ခရီးသွားများလည်း ရှိနေလေသည်။


ပုဖန်က သူ့ကို စစ်ဆေးသည့်နေရာတွင် ပူးပေါင်းပါ၀င်သော်လည်း အစောင့်များက ဝှိုက်တီကို သံသယ ၀င်နေကြလေသည်။


“ဒါက ငါ့ရဲ့ ရုပ်သေးရုပ်ပါ….” ပုဖန်က အစောင့်ကို အေးဆေးစွာ ပြောပြလိုက်သည်။


“တပ်သားလျူ ဒါကိုငါသိတယ်… ဒီလူကြီးလူကောင်းက ဒဏ္ဍာရီထဲမှာရှိတဲ့ ရုပ်သေးမာစတာပဲ ဖြစ်လိမ့်မယ်.. ရုပ်သေးတွေက သူတို့အတွက် အစေခံတစ်ယောက်ပဲ….” အစောင့်တစ်ယောက်က စိတ်လှုပ်ရှားစွာနှင့် ၀င်ပြောလိုက်သည်။


“အိုး…. အဲကုံ … မင်းက ရုပ်သေးမာစတာတွေ အကြောင်း သိမယ်လို့ ငါမမျှော်လင့်ထားဘူး… ငါတို့ကို ရုပ်သေးပုံပြင်တွေအကြောင်း ပြောပြရမယ်နော်….”


ပုဖန်က နှုတ်ခမ်းတွန့်၍ ပြုံးလိုက်သည်။ အစောင့်များက သူတို့၏ ဒေသစကားနှင့် ပြောဆိုနေကြသောကြောင့် ပုဖန်က ဝှိုက်တီ၏ ၀မ်းဗိုက်ကို ပုတ်လိုက်ပြီး တောင်ပိုင်းမြို့တော်အတွင်းသို့ ၀င်ရောက်သွားလိုက်သည်။ မြို့တော်၏ ကြွယ်၀မှုက အခြားမြို့ကြီးများထက် နိမ့်ကျခြင်း မရှိပေ။ လမ်းမများကို လမ်းခင်းကျောက်များ အစီအရီ ခင်းကျင်းထားသောကြောင့် လမ်းလျောက်ရသည်မှာ သက်တောင့်သက်သာ ရှိနေလေသည်။ 


မြို့ထဲတွင် အဆောက်အအုံများကို အတန်းလိုက် ဆောက်လုက်ထားလေသည်။ အဖြူရောင် အုပ်ကြွပ် မိုးထားပြီး အနက်ရောင် နံရံများ ကာရံထားသော နံရံများက မျက်စိထဲတွင် ရိုးရှင်းလှသော်လည်း ငြီးငွေ့ဖွယ်ဟု မမြင်မိပေ။ 


ပုဖန်က လက်ရှိအချိန်နှင့် ဝေးကွာသွားပြီး အတိတ်၏ အမှတ်ရစရာများ ရှိသော ကျန်းနန်သို့ ပြန်လည်ရောက်ရှိသွားသည်ဟု ခံစားလိုက်ရသည်။ မြို့တော်ထဲတွင် မြစ်၏ ငြင်သာစွာ စီးဆင်းနေလေသည်။ မြစ်ရေပေါ်တွင် ပန်းမီးပုံးလေးများနှင့် လှေများ ရှိနေကြလေသည်။ ထိုလှေများပေါ်တွင် စက္ကူယပ်တောင်ကိုင်ထားသော လူကြီးလူကောင်းများက တစ်ဦးနှင့် တစ်ဦး ဦးညွှတ်နှုတ်ဆက်၍ ကဗျာရွတ်ဆိုနေကြလေသည်။ 


တောင်ပိုင်းမြို့တော်၏ ယဉ်ကျေးမှုက အင်ပါယာမြို့တော်နှင့် ယှဉ်လျင် အလွန်နူးညံ့ သိမ်မွေ့နေလေသည်။ ထိုအချက်က ပြည်မယ်တစ်ခုနှင့်တစ်ခု ကြားမှ ကွာခြားမှုဟု ဆိုကြလေသည်။ 


ပုဖန်က လူစည်ကားသော လမ်းမသို့ လျောက်သွားလိုက်သည်။ ထိုနေရာမှ လူများက တက်ကြွလှုပ်ရှားနေကြပြီး လမ်း၏ တစ်ဖက်တစ်ချက်တွင် ကုန်ပစ္စည်းများကို ရောင်းချနေကြသော ကုန်သည်များလည်း ရှိနေကြသည်။ လေထုထဲတွင်လည်း မွှေးပျံ့လှသော စားစရာရနံ့များက လွင့်ပျံနေလေသည်။


“ဟေ့ လူချောလေး… ကံကောင်းတဲ့ နေ့တစ်နေ့ပဲ နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်ကနေ ကြိုဆိုပါတယ်…”


ပုဖန်က သူကြားလိုက်ရသော အသံကို ရှာဖွေလိုက်ရာ ပေါင်ဒါရနံ့များ ထွက်ပေါ်နေသည့် နေရာကို အလျှင်အမြန် ရှာတွေ့သွားပြီး နဖူးကျောများ တွန့်နေလေသည်။ ထိုနေရာမှ အလှအပများ ပြင်ဆင်ထားပြီး မပေါ်တပေါ် ၀တ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က သူ့ဆီသို့ လျောက်လာသည်ကို တွေ့့လိုက်ရသည်။ ပုဖန်က ထိုအမျိုးသမီးကို တွေ့လိုက်ရသည်နှင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။


“ဒါ… ဒါက ဘာလဲ…”


ထိုအမျိုးသမီး၏ ရုပ်ရည်က ကြည့်ကောင်းလှသော်လည်း သူမက ဝံပုလွေ (သို့) ကျားရဲတစ်ကောင်၏ မျက်လုံးမျိုးနှင့် ပုဖန်ကို ကြည့်နေလေသည်။ 


အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသော ပုဖန်ကို မြင်လိုက်သည်နှင့် အမျိုးသမီက ပုဖန်အနီးသို့ အလျင်အမြန် တိုးကပ်လာပြီး လက်မောင်းတစ်ဖက်ကို ခန္ဒာကိုယ်နှင့် ကပ်၍ ချုပ်ကိုင်ထားလိုက်သည်။ 


ပုဖန်၏ မျက်နှာက အေးခဲသွားပြီး သူ လက်မောင်းကို လာဖိနေသော နူးညံ့သည့် အရာတစ်ခုကို ခံစားလိုက်ရသည်။


“သခင်လေးက တောင်ပိုင်းမြိ့တော်ကို အခုမှ ရောက်တာမဟုတ်လား… အဲဒါဆို နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်ကို အရင်၀င်လိုက်တာ အကောင်းဆုံးပဲ… လာ.. အထဲကို လိုက်ခဲ့ပါ…” အမျိုးသမီးက သူမ၏ အပြုံးမျက်နှာကို လက်ကိုင်ပဝါနှင့် ကာလိုက်ပြီး ညုတုတု အသံနှင့် ပြောလိုက်သည်။


ထိုအမျိုးသမီး၏ မျက်နှာမှ ပေါင်ဒါမှုန့်များ၏ ရနံ့များကြောင့် ပုဖန်က မထိန်းနိုင်တော့ပဲ နှာချေလိုက်လေသည်။ ပုဖန်က သူ၏ နှာခေါင်းကို လက်ဖြင့် အုပ်လိုက်ပြီး သူ၏ လက်မောင်းကို စိတ်ကသိကအောင့် ဖြစ်စွာနှင့် ကြည့်လိုက်ကာ အမျိုးသမီးကို ပြောလိုက်သည်။ 


“ငါ့နားမကပ်နဲ့…. ပြောစရာရှိရင် ဝေးဝေးကပြော…”


ထိုအမျိုးသမီးက အလွန်အံ့အားသင့်သွားပြီး လက်ကိုင်ပဝါကို ဝှေ့ရမ်း၍ ပြုံးလိုက်သည်။


ပုဖန်က အနီးတစ်ဝှိုက်ကို မျက်လုံးဝေ့ကြည့်လိုက်ရာ ပတ်၀န်းကျင်တွင် ထိုအမျိုးသမီး ကဲ့သို့ မလုံတစ်လုံ ၀တ်ဆင်ထားသော အမျိုးသမီးများကို တွေ့လိုက်ရလေသည်။ ထိုသူများက ရယ်မောနေကြပြီး အမျိုးသားများကို လက်ရာမြောက်လှပလှသော ဆောင်ကြာမြိုင်သို့ ခေါ်ဆောင်နေကြလေသည်။


“သခင်လေးက ဘာတေ တွေဝေနေတာလဲ… ဒီ နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်က ဟန်ယန်းပြည်နယ်တစ်ခုလုံးမှာ အကျော်ကြားဆုံးပဲ… ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှု ရှိလာအောင် ကူညီပေးနိုင်တယ်….”


အမျိုးသမီးက ပြုံးချိုသော မျက်နှာနှင့် ပြောလိုက်ပြီး လက်ကိုင်ပဝါကို ဝှေ့ရမ်းလိုက်ရာ မျက်နှာချေများက ပုဖန်၏ နှာခေါင်းထဲသို့ ထပ်၀င်လာလေသည်။ ပုဖန်က နောက်ဆုတ်လိုက်ပြီး ခေါင်းကို ခါရမ်း၍ နှာခေါင်းကိုလက်နှင့် အုပ်ကိုင်ထားလိုက်သည်။ သူက ထိုလမ်းမမှ အလျင်အမြန် ထွက်ခွာသွားလိုနေလေသည်။ သူ့လို ရနံ့နှင့် ပတ်သတ်၍ ဆတ်ဆတ်ထိမခံသော လူတစ်ယောက်က ထိုပေါင်ဒါရနံ့များ၏ နှိပ်စက်မှုကို ခံနေရလေသည်။ 


“ငါ့ကို ခွင့်ပြုပါဦး… ငါက အစားအသောက် ကောင်းတွေကိုပဲ စိတ်၀င်စားတယ်…. မင်းတို့ရဲ့ နွေဦး.. ဘာဆိုလား ဆောင်ကြာမြိုင်မှာ အစားအသောက်ကောင်းတွေ ရလို့လား…” ပုဖန်က နှာခေါင်းကို လက်နှင့် ကာလိုက်ပြီး စိတ်ရှုပ်ထွေးစွာနှင့် မေးလိုက်သည်။


အမျိုးသမီးက ထပ်မံ၍ အံ့အားသင့်သွားပြီး တစ်ချိန်တည်းမှာပင် သူမ၏ ရှေ့မှ ချောမောသည့် လူငယ်က စိတ်၀င်စားစရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။


“စားစရာ ကောင်းတွေလား… ဒါပေါ့.. စားစရာကောင်းတွေ ရှိတာပေါ့… ဒီမှာ စားစရာ အမျိုးမျိူး ရှိတယ်… မင်းစားချင်တာကို မြည်းကြည့်နိုင်တယ်… ငါတို့ ဒီမှာ ရှိနေပြီ ဆိုမှတော့ နောက်ထပ်အများကြီး မမေးနဲ့တော့ … မင်းသိထားရမှာက .. ဒီနေရာကမင်းကို လုံး၀ စိတ်ပျက်စေမှာ မဟုတ်ဘူးဆိုတာပဲ…. ဒီကို ရောက်လာတဲ့ လူတိုင်းက သူတို့အိမ်ပြန်ဖို့ကိုတောင် မေ့နေကြတယ်.. “


အမျိုးသမီးက ပြောပြောဆိုဆိုနှင့် ပုဖန်အနီးသို့ ကပ်လာလိုက်ပြီး လက်မောင်းကို ဆွဲခေါ်ကာ ဆောင်ကြာမြိုင်ထဲသို့ ခေါ်သွားလေသည်။


ပုဖန်က ရိုးသားသော စားဖိုမှုးတစ်ယောက် ဖြစ်သောကြောင့် ထိုအမျိုးသမီး၏ သွေးဆောင်ဖြားယောင်းသော အသံကြောင့် အနည်းငယ် ထိတ်လန့်သွားလေသည်။


“သူက ဆောင်ကြာမြိုင်ကောင်းကြောင်းတွေကို ပြောနေတာလား…”


တွေးတောနေသော ပုဖန်ကို အမျိုးသမီး သူလက်မောင်းကို ချိတ်လိုက်ပြီး ဆောင်ကြာမြိုင်ထဲသို့ ဆွဲခေါ်သွားလေသည်။ ထို့ကြောင့် ပုဖန်၏ မျက်၀န်းများ ပြူးကျယ်ဝိုင်းစက်သွားလေသည်။


၀ှိုက်တီ၏ စက်ရုပ် မျက်၀န်းများထဲတွင် အနီရောင်အလင်း မှိန်မှိန်လေး လင်းလက်လာကာ သူ၏ ခေါင်းပြောင်ပြောင်ကို တစ်ချက်ကုတ်၍ ပုဖန်နောက်သို့ လိုက်သွားလေသည်။ ဆောင်ကြာမြိုင်ထဲသို့ ရောက်လာသည်နှင့် အတွင်းပိုင်းအပြင်အဆင်ကို ပုဖန်က လေ့လာလိုက်သည်။ အတွင်းပိုင်း အပြင်အဆင်က အပြင်ဘက်ကဲ့သို့ လှပစွာ ပြင်ဆင်ထားပြီး တက်ကြွနေသော လူပင်လယ်ကြီး ရှိနေလေသည်။


“ညီမ… ဖောက်သည်ကို ကြိုဆိုလိုက်ပါဦး…” ပုဖန်ကို ဆွဲခေါ်လာသော အမျိုးသမီးက လက်ကိုင်ပဝါကို ဝှေ့ရမ်း၍ အော်ပြောလိုက်သည်။


ပုဖန်က ဆောင်ကြာမြိုင်၏ အတွင်းပိုင်းအပြင်အဆင်ကို ရင်သပ်ရှုမော ဖြစ်နေချိန်တွင် အမျိုးသမီး တစ်စုက တခစ်ခစ် ရယ်မော၍ သူ့အနီးသို့ လျောက်လာလေသည်။ ပုဖန်က စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရလေသည်။


“ငါနေရာမှားပြီး ၀င်လာတာလား…ဒီနေရာက စာတွေထဲမှာ ဖော်ပြထားတဲ့ အမျိုးသားတွေအတွက် နိဗ္ဗာန်ဆိုတာလား….”