အပိုင်း ၂၄၇
Viewers 53k

အခန်း ၂၄၇ “စားဖိုမှုးတစ်ယောက်က ဆောင်ကြာမြိုင်မှာ ပြသနာလာရှာရဲတယ်ပေါ့..”


“ဒေါ်လေးလျို …”


နွေဦးမွှေးရနံံ့ ဆောင်ကြာမြိုင်၏ ပထမထပ်တွင် ထိုင်ခုံပေါ်ထိုင်၍ သူမ၏ ပေါင်ကို နှိပ်နယ်နေသော ဒေါလေးလျိုက သူ့ကို ခေါ်သံကြားလိုက်သောကြောင့် ခေါင်းမော့ကြည့်လိုက်ရာ ငိုတော့မလို မျက်နှာနှင့် ပြေးထွက်လာသော ချွန်းဟွာကို တွေ့လိုက်လေသည်။


“ဘာတွေ ဖြစ်လာတာလဲ… မင်းတို့က သခင်လေးကို မပြုစုပဲ ဒီကို ဘာလာလုပ်တာလဲ…” ထိုသခင်လေးကို အချိန်ကုန်ခံ၍ သူမက အတင်းဆွဲခေါ်လာရခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုလူငယ်လေးက ငွေတွင်းတစ်တွင်း ဖြစ်သောကြောင့် သူမက လျစ်လျူရှုမထားနိုင်ပေ။


“ဒေါ်လေးလျို …အဲဒီသခင်လေးက နည်းနည်း ထူးဆန်းနေတယ်…”


လှပသော ချွန်းဟွာ၏ မျက်နှာအမူအယာက ထူးဆန်းနေလေသည်။ သူမက ရယ်မောလိုက်ချင်သော်လည်း မရယ်နိုင်ပေ။ ထိုကဲ့သို့ ထူးဆန်းသော လူမျိုးကို ပထမအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ထိုသခင်လေးက မိန်းမလှလေးများ ပြည့်နှက်နေသော ဆောင်ကြာမြိုင်သို့ အစားအသောက် စားရန်နှင့် လှောင်ပြောင်သရော်ရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထိုသခင်လေးက ဟင်းပွဲများကိုသာ အာရုံစိုက်စားသောက်ပြီး အကျင့်ပုပ်စွာပင် ဟင်းပွဲများကို လှောင်ပြောင် ပြောဆိုနေလေသည်။


ဒေါ်လေးလျိုက ချွန်းဟွာပြောပြသည်များကို အံ့အားတသင့် နားထောင်နေလေသည်။ ပုဖန်က နွေဦးနေမွှေးရနံ့ ဆောင်ကြာမြိုင်တွင် စားစရာရာရလားဟု မေးသည်ကို သူမက ကြားခဲ့ဖူးလေသည်။ သို့သော် ထိုအချိန်က သွယ်ဝှိုက်၍ ပြောဆိုသည်ဟုသာ သူမက ထင်မြင်ခဲ့လေသည်။ ယခုအခါ သူမ၏ အယူအဆများ မှားယွင်းနေသည်ကို သိလိုက်လေသည်။


“ဒီလူညစ်လေးက တကယ်ကို စားသောက်ဖို့ လာတာပဲ….”


ထို့ကြောင့် သူမတို့နှစ်ယောက်က အခန်းထဲသို့ မြန်မြန်ဆန်ဆန် သွားလိုက်ကြသည်။ သို့သော် သူမတို့ အခန်းထဲ မ၀င်ခင်မှာပင် ပုဖန်၏ မရပ်မနား ပစ်တင်ပြောဆိုနေသံများကို ကြားလိုက်ရသည်။


“ဒါက ငါးချိုပေါင်းလား… ရှာလကာရည်ပေါင်းလား… ဘယ်လိုဖြစ်လို့ ရှာလကာရည်တွေ အဲလောက်အများကြီး ထည့်ထားရတာလဲ… ဘာလဲ ညစာစားနေရင်း အချဉ်များများစားမိပြီး သေအောင်လုပ်တာလား… ပီးတော့ ငါးရဲ့ အသားက ဒီလောက်တောင် မာကျောနေတာ… မင်းတို့ရဲ့ စားဖိုမှုးတွေက အပူချိန်ကို ကောင်းကောင်း မထိန်းချုပ်နိုင်ဘူးလား…”


“ဒါက ကြာပန်းစွပ်ပြုတ် ဟုတ်လား…. ဒါက်ို ကြာပန်းစွပ်ပြုတ်လို့ ခေါ်မယ့်အစား ထမင်းရည်လို့ ခေါ်ရင် ပိုမှန်လိမ့်မယ်… ပြစ်နှစ်နေပြီး အရသာလည်း တစ်စက်မှမရှိဘူး.. ဘာလဲ မင်းတို့က ကြာပန်းပုံသဏ္ဍာန် ဖော်လိုက်တာနဲ့ ကြာပန်းစွပ်ပြုတ်ဖြစ်လာပြီ ထင်နေတာလား…”


“ဒီ ပန်းဘဲကင်ကရော….မင်းတို့က အမွှေးတွေ ပြောင်အောင် မနှုတ်တတ်ဘူးလား… မင်းတို့က ငါ့ကို ဘဲသား စားစေချင်တာလား.. အမွှေးအတောင်တွေ စားစေချင်နေတာလား…”


ပုဖန်က မျက်မှောင်ကြုံ့ထားပြီး ဟင်းပွဲတစ်ပွဲ မြည်းကြည့်ပြီးတိုင်း အေးစက်စက် အမူအယာနှင့် ပစ်တင်လှောင်ပြောင်နေလေသည်။


သူတို့၏ ဟင်းပွဲတိုင်းကို ကြိုက်နှစ်သက်ခြင်း မရှိပဲ ပစ်တင်ဝေဖန်နေသောကြောင့် အစေခံ မိန်းမငယ်လေးများက ကြောင်အနေကြပြီး သူမတို့ဆိုင်မှ ဟင်းပွဲများကို အမှိုက်သရိုက်များဟုပင် ထင်မြင်မိလာလေသည်။


နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်မှ စားဖိုမှုးက တောင်ပိုင်းမြို့တော်အတွင်းရှိ အခြားသော စားသောက်ဆိုင်ကြီးများမှ စားဖိုမှုးများကဲ့သို့ မတော်သော်လည်း သူ၏ ဟင်းချက်စွမ်းရည်က မဆိုးလှပေ။ သူ၏ လက်ရာ ဟင်းပွဲများက ကောင်းမွန်လှသော်လည်း လူငယ်လေး၏ ရှေ့တွင် အမှိုက်များလောက်ပင် တန်ဖိုးမရှိ ဖြစ်နေရလေသည်။


ဒေါ်လေးလျိုက အခန်းထဲရောက်သည်နှင့် ပစ်တင်ပြောဆိုနေသော ပုဖန်ကို လှမ်းကြည့်လိုက်သည်။ ပုဖန်၏ ဘေးတွင် စိတ်မသက်မသာ ဖြစ်နေသော ချိုးယူးကို တွေ့လိုက်သောကြောင့် ဒေါ်လေးလျို၏ အမူအယာက မကျေမနပ် ဖြစ်သွားလေသည်။


“အားယား…. သခင်လေးက ဘာတွေ မကျေမနပ် ဖြစ်နေတာလဲ… ချွန်းဟွာနဲ့ ချိုးယူးတို့က ကောင်းကောင်း မပြုစုကြဘူးလား…” ဒေါ်လေးလျိုက ပုဖန်၏ ဘေးတွင် ၀င်ထိုင်လိုက်ပြီး အပြုံးချိုချိုလေးနှင့် ပြောလိုက်သည်။


ပုဖန်က သူမ၏ မေးခွန်းကို ပြန်မဖြေပဲ ၀က်နံရိုးတစ်ချောင်းကို ကောင်ယူ၍ တစ်ကိုက် ကိုက်လိုက်သည်။ ထို့နောက် ထို၀က်နံရိုးကြော်ကို ပန်းကန်ထဲသို့ ပြန်ထည့်ထားလိုက်သည်။


“၀က်နံရိုးကြော်တဲ့နေရာမှာ သုံးထားတဲ့ အပူချိန်က လုံး၀ကိုမှားနေတယ်… အဲဒီစားဖိုမှုးက အချက်အပြုတ် ပညာကို အခုမှ စသင်နေတာလား… ဟင်းပွဲတစ်ပွဲချက်တော့မယ်ဆိုရင် အိုးကို အပူပေးဖို့က အရေးကြီးတယ်… ဟင်းပွဲအများစုမှာ သူသုံးထားတဲ့ အပူချိန်ကတော့ တော်တော်လေး စိတ်ကျေနပ်ဖို့ ကောင်းပါတယ်…”


ဒေါ်လေးလျို၏ မျက်နှာအမူအယာက ပြောင်းလဲသွားပြီး ချောင်းတစ်ချက် ဟန့်လိုက်လေသည်။


“ဒီကလေးကတော့… နင်သာ ချမ်းသာတဲ့ ကလေးတစ်ယောက် မဟုတ်ရင် ငါနင့်ကို အပစ်ပေးနေလောက်ပြီ…”


“သခင်လေး… နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်က စားသောက်ဆိုင် တစ်ဆိုင် မဟုတ်ပါဘူး… မင်းရဲ့ တောင်းဆိုမှုတွေက နည်းနည်းများနေတယ်လို့ မထင်ဘူးလား…”


ဒေါ်လေးလျိူ၏ မျက်နှာပေါ်မှ အပြုံးများက ပျောက်ကွယ်နေပြီဖြစ်သည်။ သူမ၏ နောက်တွင် ဆူပုပ်ပုပ်နှင့် ရပ်နေသော ချွန်းဟွာနှင့် ချိုးယူးတို့ကလည်း ခေါင်းညိမ့်လိုက်ကြသည်။


ပုဖန်က နောက်ဆုံးပန်းကန်ကို လက်လှမ်းလိုက်သည်။ ထိုဟင်းပွဲက အပူငွေ့လေးများ ပျံ့လွင့်နေသော ပေါင်မုန့်ကြော်ဖြစ်ပြီး ရနံ့က အလွန်မွှေးပျံ့လှသည်။ ထိုဟင်းပွဲကို ၀က်သားပေါင်မုန့်ကြော်ဟု ခေါ်လေသည်။ ဒယ်အိုးထဲတွင် ဆီအပြည့်ထည့်ပြီး ပေါင်မုန့်ကို နီရဲလာသည်အထိ ကြော်ထားခြင်း ဖြစ်သည်။ ကြော်နေသည့် အချိန်တွင် စားဖိုမှုးက ပေါင်မုန့်ကို ဆီထဲသို့ နစ်မြုတ်နေစေရန် ဖိထားရမည်ဖြစ်သည်။ ပေါင်မုန့်၏ အပြင်သားက ကြွပ်ရွပြီးအတွင်းမှ အသားကလည်း နူးညံ့နေရာ အရသာက နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကောင်းမွန်လေသည်။


၀က်သားပေါင်မုန့်ကြော်ကို တစ်ကိုက်ကိုက်လိုက်ပြီးနောက် ပုဖန်က မျက်ခုံးပင့်လိုက်မိသည်။ ထိုပေါင်မုန့်ကြော်၏ အရသာက တော်တော်လေး ကောင်းမွန်ပေသည်။ အခြားဟင်းပွဲများနှင့် နှိုင်းယှဉ်လိုက်လျင် အပုံကြီး သာနေလေသည်။ သို့သော်လည်း ထိုဟင်းပွဲတွင် ပစ်ချက်များစွာ ရှိနေဆဲပင် ဖြစ်သည်။


“ဒီမှာ သုံးထားတဲ့ ဂျုံသားက တော်တော်လေး မာနေတယ်… အဲဒါကြောင့် ကြော်ပြီးတဲ့ အချိန်မှာတောင်သူ့ရဲ့ အပြင်သားက မာနေတာပဲ…. ဒီလိုဂျုံသားမျိုးက သွားကြားညှပ်နိုင်တယ်… ပြီးတော့ သူ့ရဲ့ အနံ့့ အရမ်းမွှေးမနေဘူး… အထဲကအသားကလည်း ဆီနဲ့ အိနေရမှာကို ဖြစ်မလာဘူး… ပြီးနော့ ဒီ၀က်သားပေါင်မုန့်ကြော်ကို ကြော်တဲ့ နေရာမှာလည်း အပူချိန်ကို ကောင်းကောင်းမထိန်းချုပ်နိုင်ဘူး…”


“သခင်လေး….”


ဒေါ်လေးလျိုက နောက်တစ်ကြိမ် ပစ်တင်ပြောဆိုနေသော ပုဖန်ကို သည်းမခံနိုင်စွာ အော်ဟစ်လိုက်သည်။


ပုဖန်၏ အမူအယာက ပြောင်းလဲသွားခြင်းမရှိပဲ သူ့လက်ထဲမှ တူကို ချ၍ ဆက်ပြောလိုက်သည်။


“မင်းဆိုင်ကိုလာတဲ့ စားသုံးသူတွေကို ဧည့်ခံတော့မယ်ဆိုရင် အဲဒီအစားအသောက်တွေကို အပြည့်အ၀ တာ၀န်ယူဖို့ လိုအပ်တယ်… အစားအသောက်တွေကလည်း မင်းဆိုင်မှာ ဖောက်သည်မြဲစေမယ့် အကြောင်းအရင်းတစ်ခုပဲ… စားဖိုမှုးတစ်ယောက်အနေနဲ့ကလည်း သူချက်ပြုတ်လိုက်တဲ့ ဟင်းပွဲတိုင်းကို ကောင်းကောင်း ဂရုစိုက်သင့်တယ်… တိတိကျကျပြောရမယ်ဆိုရင် ဒီနည်းလမ်းက မင်းရဲ့ လူတွေကို အကျိုးရှိစေလိမ့်မယ်…”


ပုဖန်၏ စကားများကို ကြားသောအခါ ဒေါ်လေးလျို၏ မျက်နှာအမူအယာက ပို၍ အေးစက်လာလေသည်။ သူမအတွက် အစားအသောက်စားခြင်း၏ အဓိပ္ပါယ်မှာ ဗိုက်ပြည့်စေရန်သာ ဖြစ်သည်။ နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်သို့ လာရောက်သူ အများစုက သူတို့၏ ဗိုက်ပြည့်ရန်အတွက်သာ အစားအသောက်များကို စားသောက်ကြခြင်း ဖြစ်သည်။ ဗိုက်ပြည့်နေမှသာ လူတိုင်းသိသည့် ကိစ္စများကို လုပ်ဆောင်ရန်အတွက် ခွန်အားရှိပေလိမ့်မည်။


“ဒီလူငယ်လေးက ဘာကြောင့် ငါ့ရဲ့ လမ်းကြောင်းမှာ လာနှောက်ယှက်နေတာလဲ… ဒီလူညစ်လေးက တကယ်ပဲ ပြသနာ လာရှာတာလား… ဒါမှမဟုတ်… ဒီလူညစ်လေးက စားဖိုမှုးတစ်ယောက်လား….”


“သခင်လေး… ငါတို့ရဲ့ နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်က တောင်ပိုင်းနယ်မြေအတွင်းမှာ ချစ်ရေးချစ်ရာ တွေကို ခံစားနိုင်တဲ့ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်တဲ့ နေရာတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မယ်… ဒါပေမယ့်လည်း ငါတို့ကို တစ်ယောက်ယောက်က လာအနိုင်ကျင့်ပြီး အရှက်ခွဲနေတာမျိုးကို ဘယ်တော့မှ ခွင့်မပြုဘူး…”


“ဒီအမျိုးသမီးက သခင်လေးက ဆန်းကျယ်တဲ့ သွင်ပြင်ကို ပထမဆုံး မြင်လိုက်တဲ့အချိန်က သခင်လေးကို ချမ်းသာ ယဉ်ကျေးတဲ့ သခင်လေး တစ်ယောက် ဖြစ်မယ်လို့ ထင်လိုက်မိတယ်.. ဒါပေမယ့် ပထမဆုံးအနေနဲ့ ငါ့ရဲ့ ထင်မြင်ယူဆချက်တွေ မှားယွင်းသွားတာပဲ… မင်းက အစားအစာတွေကိုပဲ အာရုံစိုက်ပြီးတော့ အရသာကိုလည်း အရမ်းပဲ ချေးများလွန်းတယ်… အစားအသောက်တွေရဲ့ အရသာကို ဒီလောက်ထိ ဝေဖန် ပစ်တင်နေရအောင် မင်းက စားဖိုမှုး အဖေလား….”


ဒေါ်လေးလျိုက ပြောဆိုနေရာမှ ပို၍ ရိုင်းစိုင်းလာလေသည်။ ပုဖန်ကို တွေ့စဉ်က ဆက်ဆံခဲ့သော ပုံသဏ္ဍာန်နှင့် ကွဲပြားသွားပြီး သူမ၏ ဟန်ဆောင်ဖော်ရွေမှုများ ပျောက်ဆုံးလာလေသည်။ သို့သော် ဒေါလေးလျိုက ကြောက်ရွံ့နေခြင်းမရှိပေ။ တောင်ပိုင်မြို့တော်တွင် နွေဦးမြို့တော်၏ လွမ်းမိုးနိုင်မှုကို သာမာန်လူများ စိတ်ကူးနိုင်မည် မဟုတ်ပေ။ ဤနေရာတွင် ပြသနာရှာရဲသည့် မည်သူမဆို အဆုံးသတ် ကောင်းလိမ့်မည် မဟုတ်ပေ။


“အမှန်ပဲ… ငါက စားဖိုမှုးတစ်ယောက်…” ပုဖန်က ခေါင်းငြိမ့်၍ အလေးအနက် ပြန်ပြောလိုက်သည်။


ခြီး…


ဒေါ်လေးလျို၏ နောက်တွင် ရပ်နေသော ချွန်းဟွာနှင့် ချိုးယူးတို့က သူမတို့၏ ပါးစပ်များကို အုပ်၍ ရယ်မောလိုက်ကြသည်။


“စားဖိုမှုး… ငါတို့ရှေ့မှာ ရပ်နေတဲ့ ကောင်လေးက စားဖိုမှုး တစ်ယောက်လား…”


ယခင်က ထိုကောင်လေးကို ချမ်းသာသည့် သခင်လေးတစ်ယောက်ဟု ထင်ခဲ့သော်ကြောင့် သူ့ကို ဧည့်ခံရန် သူမတို့ကို ရွေးချယ်ခံရချိန်တွင် သူမတို့က စိတ်ကျေနပ်နေကြသည်။ သို့သော် ထိုလူငယ်လေးက ဆင်းရဲသော စားဖိုမှုးတစ်ယောက် ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။


ချွန်းဟွာနှင့် ချိုးယူးတို့က သူမတို့ရှေ့မှ ချောမောခန့်ငြားသည့် လူငယ်လေးကို စားဖိုမှုး တစ်ယောကအသွင်နှင့် မြင်ယောင်မိလိုက်ကြသည်။ ဆီပေနေသော အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး လည်ပင်းတွင် ပုဝါတစ်ထည်ကို တင်ထားလေသည်။ မျက်နှာက အဆီပြန်နေပြီး ချွေးဒီးဒီး ကျနေသော စားဖိုမှုးတစ်ယောက်က သူမတို့၏ ဆိုင်ထဲသို့ ၀င်လာသည်ကို မြင်ယောက်လိုက်လေသည်။ သူမတို့့နှစ်ယောက်က ထိတ်လန့်သွားကြပြီးအတွေးများကို ချက်ချင်း ရပ်တန့်လိုက်ကြလေသည်။


ဒေါ်လေးလျိုက ပုဖန်၏စကားကို ကြားလိုက်သည်နှင့် မျက်လုံးများက ဝိုင်းစက်သွားလေသည်။ သူမ၏ မျက်နှာပေါ်မှ လက်ကျန် အပြုံးလေးက ပျောက်ကွယ်သွားပြီး ပုဖန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။


“စားဖိုမှုး.. ဒီကောင်လေးက တကယ်ပဲ စားဖိုမှုးတစ်ယောက်လား… စားဖိုမှုးတစ်ယောက်က ပိုက်ဆံ ဘယ်လောက် များများ ရှိနိုင်မှာလဲ….”


ဘန်း…


ဒေါ်လေးလျိုက တွေးနေရာမှ ပို၍ ဒေါသထွက်လာပြီး ခုံကို ရိုက်လိုက်လေသည်။ သူမ၏ ရိုက်ချက်ကြောင့် စားပွဲပေါ်မှ ပန်းကန်များပင် အချင်းချင်း ထိခတ်မိသွားပြီး ဆူညံသံများ ထွက်ပေါ်လာလေသည်။


အခန်းထဲတွင် ရှိနေသော အစေခံလေးများကလည်း ကြောက်ရွံ့တုန်လှုပ်စွာနှင့် ဒေါ်လေးလျိုကို ကြည့်လိုက်ကြသည်။


ချွန်းဟွာနှင့် ချိုးယူးတို့ နှစ်ယောက်ကလည်း ထိတ်လန့်သွားပြီး ဒေါလေးလျိုကို ကြည့်နေကြလေသည်။ ဒေါသထွက်နေသော ဒေါ်လေးလျိုက မည်မျှ ကြောက်စရာကောင်းလှသည်ကို သူမတို့က သေသေချာချာ သိနေလေသည်။


အမျိုးသမီးနှစ်ယောက်က ပုဖန်၏ ကံဆိုးမှုကို သဘောကျစွာနှင့် ပုဖန်ဘက်သို့ ကြည့်လိုက်လေသည်။ သို့သော် ပုဖန်၏ အမူအယာက ပြောင်းလဲမှုမရှိပဲ အေးဆေးတည်ငြိမ်နေသောကြောင့် သူမတို့နှစ်ယောက်က ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။


ပုဖန်က စားပွဲခုံကို ဒေါသတကြီး ရိုက်နှက်လိုက်သော အမျိုးသမီးကို ကြည့်၍ အံံ့အားသင်နေလေသည်။


“သူက ဘာအဓိပ္ပါယ်နဲ့ ဒီလိုလုပ်တာလဲ… စားဖိုမှုးတစ်ယောက် ဖြစ်တာ ဘာမှားနေလို့လဲ… သူမက ဘာကြောင့် စားဖိုမှုးတွေကို အထင်သေးနေတာလဲ…”


“ဆင်းရဲ့နွမ်းပါးတဲ့ စားဖိုမှုးတစ်ယောက်က ငါ့ရဲ့ နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်ကို လာပြီး သရုပ်လာဆောင်ရဲတယ်ပေါ့… ဒီနေ့နင့်ကို သင်ခန်းစာ မပေးလိုက်ရင် ငါ့ရဲ့ နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်ကို လုပ်ချင်တာ လုပ်လို့ ရတဲ့နေရာလို့ ထင်သွားကြလိမ့်မယ်..”


ဒေါ်လေးလျိုက အေးစက်စွာ ပြောလိုက်ပြီး မတ်တပ် ထရပ်လိုက်ရာ သူမ၏ တောင်မို့မို့နှစ်လုံးက အထက်အောင် လှုပ်ခါနေလေသည်။


ပုဖန်က မျက်မှောင်ကြုံ့လိုက်ပြီး သူ၏ အမူအယာက အေးစက်စက် ဖြစ်လာလေသည်။


“ဒီအမျိုးသမီးက ဘယ်လိုတောင် ကျိုးကြောင်းဆီလျော်မှု မရှိတာလဲ… သူမကပဲ ငါ့ကို အတင်းဆွဲခေါ်လာတာ မဟုတ်ဘူးလား… အဲဒါကို ဘာလို့ ငါက သရုပ်လာဆောင်တာ ဖြစ်ရတာလဲ…”


“ချွန်းဟွာ … သွား အစောင့်တွေကို သွားခေါ်လာခဲ့… ငါဒီနေ့ ဒီကလေးကို သင်ခန်းစာ ကောင်းကောင်းပေးရမယ်… ငါ့ရဲ့ တန်ဖိုးကြီး ပါ၀င်ပစ္စည်းတွေနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းပွဲတွေ အလဟဿ ဖြစ်ကုန်တာ နှမျောစရာပဲ..” ဒေါ်လေးလျိုက ပြောလိုက်သည်။


ချွန်းဟွာက တုန့်ဆိုင်းမှုမရှိပဲ ခေါင်းညိမ့်ပြလိုက်သည်။ ယခုအချိန်တွင် ဒေါ်လေးလျို စိတ်ဆိုးနေသည်ကို သူမင ခံစားမိသောကြောင့် နာခံမှုရှိစွာနှင့် နားထောင်လိုက်ခြင်းက သူမအတွက် ပိုကောင်းပေသည်။


“စားဖိုမှုး… ဟမ့် … ဆင်းရဲ နွမ်းပါးတဲ့ စားဖိုမှုး..” ဒေါ်လေးလျိုက ပုဖန်ကို စူးစူးစိုက်စိုက် ကြည့်နေပြီး ဆက်လက် လှောင်ပြောင်နေလေသည်။


စားဖိုမှုးတစ်ယောက် ဖြစ်ခြင်းက ဆင်းရဲသည်ဟု မဆိုလိုကြောင်း ဒေါ်လေးလျို ကောင်းကောင်းသိလေသည်။ သို့သော် သူမက ထိုလူငယ်လေးကို ချမ်းသာသည့် သခင်လေးတစ်ယောက်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုလူငယ်လေးက ချမ်းသာသော သခင်းလေးတစ်ယောက်တွင် ရှိသင့်သော အသွင်အပြင် အမူအယာတို့ကို ပိုင်ဆိုင်နေလေသည်။ သို့သော် ထိုသခင်လေးက ချမ်းသာသည့် သခင်လေး တစ်ယောက် မဟုတ်ပဲ စားဖိုမှုး တစ်ယောက် ဖြစ်နေလေသည်။ ထို့ကြောင့် သူမက အရှက်တကွဲဖြစ်ပြီး အကြီးအကျယ် ဒေါသထွက်နေခြင်း ဖြစ်သည်။


စားဖိုမှုးတစ်ယောက်နှင့် သခင်လေးတစ်ယောက်က ရစ်ငှက်နှင့် ဖီးနစ်ငှက် ကောင်းကင်နှင့် မြေပြင်ကဲ့သို့ ကွာခြားချက် ကြီးမားလှပေသည်။


ချွန်းဟွာက အလျင်အမြန်ပင် ပြန်ရောက်လာလေသည်။ သူမ၏ နောက်တွင် သန်မာသော လူများ ပါလာလေသည်။ ထိုသူများက ကြွက်သားများကို ပေါ်လွင်စေသော ရိုးရာ၀တ်စုံကို ၀တ်ဆင်ထားပြီး သူတို့၏ မျက်နှာများက နိုင်လိုမင်းထက် အမူအယာများနှင့် ကြောက်စရာ ကောင်းလှပေသည်။ ထိုသူများ အခန်းထဲသို့ ရောက်လာသည်နှင့် အခန်းထဲမှ အစေခံများက ချိန်းခြောက်မှုကို ခံစားလိုက်ရလေသည်။


“အားရို့… ဒေါ်လေးလျို ဘာတွေ ဖြစ်နေတာလဲ… ဘယ်လို နိမ့်ကျတဲ့ လူက ပြသနာ လာရှာနေတာလဲ… အိုး… ဒီတစ်ခါ ပြသနာကောင်က လူချောလေး တစ်ယောက်ပါလား…” သန်မာလှသော တစ်ယောက်က ဒေါ်လေးလျိုကို အာသာငမ်းငမ်းနှင့် ကြည့်လိုက်ပြီး အပြုံတစ်ချက်နှင့် ပြောလိုက်သည်။


“အစောင့်ချန်း… ဒီကလေးက ငွေမရှိပဲနဲ့ သူ့ကိုယ်သူ အရေးပါတဲ့ လူတစ်ယောက်လိုမျိုး ဟန်ဆောင်နေတယ်… ဆင်းရဲနွမ်းပါးတဲ့ စားဖိုမှုးတစ်ယောက်က ငါတို့ရဲ့ နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်ကို လာပြီး ဟန်ဆောင်လှည့်ဖျားတယ်.. ပြီးတော့ သူကငါတို့ရဲ့ ဟင်းပွဲတွေကို ပစ်တင်ဝေဖန်နေတယ်… သူ့ကို ဖယ်ရှားပစ်လိုက်…”


ဒေါ်လေးလျို၏ အမူအယာက အနည်းငယ် ပျော့ပြောင်းသွားပြီး ပုဖန်ကို လက်ညိုးထိုး၍ အေးစက်စက် ပြောလိုက်သည်။


“အိုး…ကလေး… မင်းက နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်ကို ပြသနာ လာရှာရဲတယ်ဆိုတော့ မင်းက တော်တော် သတ္တိရှိတာပဲ…” တုတ်တစ်ချောင်းကို ကိုင်ထားသော အစောင့်ချန်းက မျက်လုံးပြူပြလိုက်ပြီး ပုဖန်ထိုင်နေသော ထိုင်ခုံအစွန်းတွင် ခြေတစ်ဖက် တင်လိုက်သည်။


သူ၏ နောက်တွင် ပါလာသော အစောင့်များက ပုဖန်ကို အထင်အမြင်သေးသည့် ပုံစံများနှင့် စောင့်ကြည့်နေကြလေသည်။


“နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်ကို ပြသနာလာရှာရတယ်ဆိုတော့ သူက သေမင်းကို လာရှာနေတာပဲ…”


ပုဖန်က အငွေ့တထောင်းထောင်း ထနေသော ရေနွေးအိုးကို မယူလိုက်ပြီး ခွက်ထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် သူက တည်ငြိမ်အေးဆေးစွာနှင့် ရေနွေးကို အရသာခံ၍ သောက်နေလေသည်။ ဤဆိုင်မှ စားစရာ သောက်စရာများထဲတွင် သူ၏ ရှေ့မှ ရေနွေးကြမ်းကသာ သူ့ကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်လေသည်။


ပတ်၀န်းကျင်မှ လူများကို ပုဖန်က အေးဆေးစွာ အကဲခတ်လိုက်သည်။ သူ့ကို အထင်အမြင်သေးစွာ ကြည့်နေသော အစောင့်များနှင့် မုန်းတီးစွာ ကြည့်နေသော ဒေါ်လေးလျိုကို ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေး၍ ပြုံးလိုက်လေသည်။