အပိုင်း ၂၄၈
Viewers 62k

အခန်း၂၄၈ “ပိုင်ရှင်ပုက ဒီလိုလူမျိုးလို့ မထင်ထားဘူး…”


ပုဖန်၏ အေးဆေးတည်ငြိမ်မှုက အနီးမှ လူများအားလုံးကို အံ့အားသင့်သွားစေသည်။


အစောင့်ချန်၏ မျက်၀န်းများက ကျဉ်းမြောင်းလာကာ မျက်နှာက တင်းမာလာလေသည်။ ထိုငတိ၏ တည်ငြိမ်နေသော အမူအယာက သူ့ကို စိတ်အနှောက်အယှက် ဖြစ်စေလေသည်။


“ဒါက ဘာအဓိပ္ပါယ်လဲ… သူက နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်ရဲ့ အစောင့်တွေကို မျက်လုံးထဲ မထည့်တာလား…”


နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်တွင် ပြသနာ လာရှာကြသော လူများအားလုံးက အစောင့်ချန်ကို တွေ့လိုက်သည်နှင့် တုန်လှုပ်ခြောက်ခြားသွားကြသည်သာ ဖြစ်သည်။ ယခုအချိန်တွင် သူ့ကို ဂရုမစိုက်သော သူကို ပထမအကြိမ် တွေ့ဖူးခြင်းပင် ဖြစ်သည်။


ပုဖန်က ရေနွေးတစ်ခွက် ကုန်အောင် သောက်လိုက်ပြီးနောက် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ သူက တောက်ပသော မျက်၀န်းများနှင့် အစောင့်ချန်ကို တစ်ချက်အကဲခတ်လိုက်ကာ ပတ်၀န်းကျင်ကို ဆက်လက် အကဲခတ်လိုက်သည်။ ထို့နောက် ထိုင်ခုံမှ ဖြေးဖြေးချင်း ထလိုက်သည်။


“မင်းကို ဘယ်သူက ထခိုင်းလို့လဲ… ပြန်ထိုင်နေ….”


အစောင့်ချန်းက ထိုင်ခုံမှ ထရန် ပြင်ဆင်နေသော ပုဖန်ကို မြင်လိုက်သောကြောင့် မျက်၀န်းများ တောက်ပလာလေသည်။ သူ့လက်ထဲမှ တုန်ကို ဝှေ့ရမ်းလိုက်ပြီး ပုဖန်၏ ပုခုံးကို ဖိချလိုက်သည်။


ပုဖန်က လက်ကိုအသာအယာ မြှောက်လိုက်ပြီး သူ့ကို တားဆီးနေသော အစောင့်ချန်၏ လက်ထဲမှ တုတ်ကို ဆွဲယူလိုက်သည်။ ပုဖန်၏ အမူအယာက အေးဆေးတည်ငြိမ်နေဆဲပင်ဖြစ်သည်။ သူ၏ စွမ်းအင်အဆင့်က အင်ပါယာ အဆင့်သို့ ရောက်ရှိနေသော်လည်း သူ၏ တိုက်ခိုက်မှု စွမ်းရည်က တိုးတက်လာခြင်း မရှိပေ။ ပုဖန်က ဘုရင်အဆင့် တစ်ယောက်နှင့်သာ ယှဉ်ပြိုင်နိုင်သည့် အင်ပါယာအဆင့် တစ်ယောက် ဖြစ်သည်။


သို့သော် ကြောက်စရာကောင်းသည့် သွင်ပြင်ရှိသော အစောင့်ချန်းက ဝိဥာဉ်တည်အဆင့်သာ ရှိနေသောကြောင့် ပုဖန်အတွက် ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။ ပုဖန်က ရဲဝံ့စွာပင် မတ်တပ်ထရပ်လိုက်ပြီး သူဆွဲကိုင်ထားသော တုတ်ကို သူ့ဘက်သို့ ဆွဲယူလိုက်ရာ ကုလားထိုင်ပေါ်တင်ထားသော အစောင့်ချန်းက လဲကျသွားပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။


“မင်း…. ကောင်စုတ်လေး…” အစောင့်ချန်းက ဒေါသတကြီး အော်လိုက်လေသည်။ သူတို့ဘက်က အင်အားများနေသည့် အချိန်တွင် ထိုလူငယ်လေးက လှုပ်ရှားလာလိမ့်မည်ဟု သူက ထင်မှတ်ထားခြင်းမရှိခဲ့ပေ။


“သူက သေချင်နေတာလား…”


ပုဖန်က လက်ထဲမှ တုတ်ကို ကြည့်၍ ဘေးသို့ပစ်ချလိုက်ရာ ကြမ်းပြင်ပေါ်သို့ ကျသွားပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။


“အဆင်အခြင်မဲ့လိုက်တာ… နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်မှာ လာရမ်းကားရဲတာ မင်းပထမဆုံးပဲ…”


အစောင့်ချန်း၏ ဒေါသများက မီးတောက်များကဲ့သို့ တောက်လောင်လာလေသည်။ ထို့နောက် သူ၏ာ ခန္ဒာကိုယ်မှ အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်ရာ အခန်းထဲတွင် လေပြင်းတိုက်ခတ်နေသကဲ့သို့ ဖြစ်လာလေသည်။


ပုဖန်က နဖူးကြောများ တွန့်လိုက်မိသည်။


“ဒီလူက ဘယ်အချိန်မှာ ရပ်သင့်တယ်ဆိုတာကို မသိဘူးပဲ… ဟမ့်…”


ဘန်း….


အစောင့်ချန်းဆီမှ လှောင်ပြောင်သံ တစ်ခုနှင့်အတူ အစစ်အမှန် စွမ်းအင်များ ပေါက်ကွဲထွက်လာလေသည်။ သူက နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်၏ အစောင့်များကြားတွင် စွမ်းအင်အဆင့် အသန်မာဆုံး ဖြစ်သည်။ ထို့ကြောင့်သူက အစောင့်ခေါင်းဆောင် ဖြစ်နေရခြင်း ဖြစ်သည်။ သူ၏ စွမ်းအင်အဆင့်က အကောင်းဆုံး ပိုင်ဆိုင်မှု ဖြစ်သည်ဟုပင် ယုံကြည်နေလေသည်။


တောင်ပိုင်းမြို့တော်က ကုန်သွယ်ရေးနှင့် ကူးသန်းရောင်း၀ယ်ရေးတို့ကို အဓိကထား လုပ်ဆောင်ကြသော မြို့ကြီးတစ်မြို့ ဖြစ်သောကြောင့် သန်မာသည့် စစ်သည်အနည်းငယ်သာ နေထိုင်ကြလေသည်။ ထို့ကြောင့် ဝိဥာဉ်တည်အဆင့် တစ်ယောက်က အသန်မာဆုံးဟု ဆိုနိုင်ပေသည်။


ပုဖန်က သူ့ရှေ့မှ လူကို အေးဆေးတည်ငြိမ်စွာနှင့် ကြည့်နေလေသည်။ ထိုသတိ၏ ယုံကြည်မှုများ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို သူမသိနိုင်ပေ။ စစ်နတ်ဘုရားများနှင့်ပင် ရင်ဆိုင်ခဲ့သော ပုဖန်က သူ့ရှေ့့မှ တစ်ယောက်ကို မျက်လုံးထဲပင် ထည့်ထားခြင်း မရှိပေ။


“ငါ့ကို စိတ်အနှောက်အယှက် ပေးနေတာတွေ ရပ်လိုက်တော့….”


ပုဖန်က အေးစက်စက် ပြောလိုက်ပြီး သူ၏ စွမ်းအင်ဗဟိုမှ စွမ်းအင်များကို စတင်လှည့်ပတ်လိုက်ရာ အစစ်အမှန် စွမ်းအင်များ ဖြာထွက်လာပြီး ပြင်းထန်လှသော ဖိအားတစ်ရပ် ဖစ်ပေါ်လာလေသည်။


အစောင့်ချန်းက သူ၏ စွမ်းအင်များကို မဖြန့်ကျက်ရသေးခင်မှာပင် ပြင်းထန်လှသော ဖိအားတစ်ခု၏ ဖိနှိပ်မှုကို ခံလိုက်ရသောကြောင့် ထခုန်မိမတက် လန့်ဖြန့်သွားလေသည်။ သူ၏ ရှေ့တွင် ရပ်နေသည့် ဖြူဖျော့ဖျော့ အသားအရည်နှင့် နူးညံ့ချောမောလှသောလူငယ်လေးက မြင့်မားလှသော တောင်ကြီးတစ်ခု ဖြစ်လာသည်ဟု ခဲစားလိုက်ရပြီး အသက်ရှူကြပ်လာလေသည်။


“ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအင်အဆင့်…”


ဘန်း…


အစောင့်ချန်း၏ ခန္ဒာကိုယ်ပေါ်တွင် ဖုံးအုပ်ကာကွယ်ထားသော စွမ်းအင်အလွှာက ချက်ချင်းပင် ပြိုကွဲသွားလေသည်။ သူ၏ ခန္ဒာကိုယ်က တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရကာ ဖင်ထိုင်ရက် လဲကျသွားလေသည်။ အစောင့်ချန်း၏ မျက်နှာပေါ်မှ ကြွက်သားများနှင့် နှုတ်ခမ်းများပင် တုန်ယင်နေလေသည်။


“သေစမ်း…. ဖြူဖျော့ဖျော့ ကောင်ငယ်လေးက အင်ပါယာ အဆင့် တစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်…”


ထိုကဲ့သို့ စွမ်းအင်အဆင့်ကို တောင်ပိုင်းမြို့တော်၏ အကြီးအကဲနှင့် တွေ့ဆုံစဉ်ကသာ ခံစားခဲ့ဖူးလေသည်။ ယခုအခါ ပေါက်ကရများ ပြောခဲ့သော ဒေါ်လေးလျို၏ ပါးစပ်ကိုသာ ပြင်းပြင်းထန်ထန် ရိုက်နှက်ချင်နေလေသည်။ သူမပြောခဲ့သော ဟန်လုပ်နေတာ ဒါမှမဟုတ် ဆင်းရဲနုံချာတဲ့ စားဖိုမှုး ဆိုသည်များက သူ့ကို လှောင်ပြောင်လိုသော စကားများဟုပင် ထင်မှတ်လာမိလေသည်။ သူတို့ရှေ့မှ ထိုသို့ အပြောခံရသည့် လူက အင်ပါယာ အဆင့်တစ်ယောက် ဖြစ်နေလေသည်။


ထိုလူငယ်လေးက သူတို့ကို လက်ချောင်းတစ်ချောင်းနှင့်ပင် လှဲသိပ်နိုင်စွမ်း ရှိနေလေသည်။ အဆင့်ခြောက် အင်ပါယာအဆင့် တစ်ယောက်ကို နွေဦးမွှေးရနံ့ မြို့တော်၏ နောက်ကွယ်မှ အကြီးအကဲများပင် အပြစ်ပြုဝံ့မည် မဟုတ်ပေ။ တောင်ပိုင်းမြို့တော်တွင် အဆင့်ခြောက် အင်ပါယာအဆင့်များက သန်မာလှသည့် သူများသာ ဖြစ်သည်။


ပုဖန်က သူ၏ အရှိန်အဝါများနှင့် လွှမ်းမိုးထားခြင်းမဟုတ်ပဲ ပုံမှန်အတိုင်းသာ ထုတ်ဖော်ထားခြင်း ဖြစ်သည်။ သို့သော် သူက အင်ပါယာ အဆင့် တစ်ယောက် ဖြစ်သောကြောင့် အခြားသူများက ဖိအားတစ်ခုကို ခံစားနေကြရပြီး တုန်ယင်နေကြလေသည်။ ပုဖန်က သူ၏ ဘေးမှ ကြောက်ရွံ့နေကြသော သူများကို ကြည့်၍ စိတ်အနှောက်အယှက် ဖြစ်စွာနှင့် မျက်ခုံးပင့်လိုက်သည်။


ထို့နောက် စနစ်၏ သိုလှောင်နယ်မြေအတွင်းမှ သလင်းကျောက်တစ်တုံးကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ ကြည်လင်လှသော သလင်းကျောက်နှင့် စားပွဲ ရိုက်ခတ်မိသွားရာမှ အသံတစ်ချို့ ထွက်ပေါ်လာလေသည်။


ထိုအသံက ဒေါ်လေးလျိုနှင့် သူမလူများ၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီး သူတို့၏ ခြေထောက်များပင် ပျော့ခွေလာလေသည်။


ဒေါ်လေးလျိုက သူ့ကိုယ်သူ စဉ်းစားဆင်ခြင်မှု မဲ့နေသည်ဟု ထင်မြင်မိလာလေသည်။ သူမက နောက်ထပ်အမှားတစ်ခုကို လုပ်လိုက်မိပြီဖြစ်သည်။ ထိုလူငယ်လေးက စားဖိုမှုး သပ်သပ် သာ မဟုတ်ပဲ အင်အားကြီးလှသော အင်ပါယာအဆင့် တစ်ယောက် ဖြစ်နေလေသည်။ ဒေါ်လေးလျိုက ပြင်းပြင်းထန်ထန် အော်ဟစ် ငိုကြွေးချင်နေလေသည်။


“သူက ဘာဖြစ်လို့ ငါ့ကို ဒီလိုနည်းလမ်းနဲ့ လာနှိပ်စက်နေရတာလဲ…”


ပုဖန်က လက်နှစ်ဖက်ကို နောက်ပစ်၍ အခန်းထဲမှ လူများအားလုံးကို အေးစက်စွာ အကဲခတ်လိုက်သည်။ ထို့နောက် သူ၏ အကြည့်များက ဒေါ်လေးလျိုပေါ်သို့ ကျရောက်သွားပြီး မဲ့ပြုံးပြုံး၍ မေးလိုက်သည်။


“သလင်းကျောက် တစ်တုံးဆိုရင် ဒီအစားအသောက်တွေရဲ့ တန်ဖိုးကို ပေးချေဖို့ လုံလောက်လား…”


ဒေါ်လေးလျို၏ ခြေထောက်များက တုန်ယင်နေလေသည်။ သူမက အလွန်ငိုချင်လှသော်လည်း မျက်ရည်က ထွက်မကျလာချေ။ ထို့ကြောင့် ခေါင်းကို ခပ်မြန်မြန် ငြိမ့်လိုက်ပြီး ပြန်ပြောလိုက်သည်။


“လုံလောက်ပါတယ်… လုံလောက်ပါတယ်… ဒါက လုံး၀ကို လုံလောက်ပါတယ်…”


သလင်းကျောက်တစ်တုံးက အစားအစားများအတွက်သာ မကပဲ အခန်းတစ်ခုလုံးကို ၀ယ်ရန်ပင် လုံလောက်နေပြီဖြစ်သည်။ အစားအသောက်များ အားလုံးကို သာမာန်ပါ၀င်ပစ္စည်းများနှင့် ချက်ပြုတ်ထားသောကြောင့် တန်ဖိုးမြင့်မားခြင်း မရှိပေ။


“ကောင်းတယ်..ဒါဆိုရင် ငါ့မှာ မေးစရာတစ်ခုရှိသေးတယ်…. ရိုးရိုးသားသား ဖြေပါ…” ပုဖန်၏ အမူအယာက တည်ငြိမ်အေးဆေးနေပြီး ပြောလိုက်သည်။


ဒေါ်လေးလျို၏ စိတ်ထဲတွင် တင်းကြပ်မှုကို ခံစားလိုက်ရသော်လည်း သူမက လျင်မြန်စွာ ခေါင်းငြိမ့်ပြလိုက်သည်။


“တောင်ပိုင်းမြို့တော်ရဲ့ အထူး ဟင်းလျာတွေက ဘာတွေလဲ ဆိုတာ ပြောပြပါ… ပြီးတော့ အရသာ ရှိတဲ့ အစားအသောက်တွေကို ဘယ်နေရာမှာ ရနိုင်လဲ…” ပုဖန်က အလေးအနက် မေးလိုက်သည်။


အာ…


ဟမ်….


ဒေါ်လေးလျိုနှင့် အခြားသူများ အားလုံးက ပြောစရာ စကားမဲ့သွားကြသည်။


“သူက တကယ်ကြီး အစားအစာ အကြောင်းကို မေးနေတာလား…”


ယခုလိုအချိန်တွင် စားစရာအကြောင်း မေးလာမည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။ ထိုမေးခွန်းကည ရယ်စရာ ကောင်းလှပေသည်။


ဒေါ်လေးလျိုက စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထိုလူငယ်လေးက ဒေါသတကြီးနှင့် နွေဦးမွှေးရနံ့ ဆိုင်ကို ဖြိုမချလိုက်ခြင်းကပင် သူမကို ပျော်ရွှင်စေရန် လုံလောက်နေလေသည်။


“တောင်ပိုင်းမြို့တော်ရဲ့ အထူးဟင်းပွဲကို လူကြီးမင်းက ခုဏလေးတင်ပဲ မြည်းစမ်းပြီးပြီလေ… အဲဒီ ၀က်သားပေါင်မုန့်ကြော်က တောင်ပိုင်းမြို့တော်ရဲ့ ထိပ်တန်း စားသောက်ဖွယ်ရာ တစ်ခုပါ… ငါတို့ နွေဦးမွှေးရနံ့ စံအိမ်ရဲ့ စားဖိုမှုး ကြော်ပေးလိုက်တဲ့ ပေါင်မုန့်ကြော်ကို လူကြီးမင်း မနှစ်သက်တာ အံ့သြစရာတော့ မဟုတ်ပါဘူး…ငါတို့ စားဖိုမှုးက ချက်ပြုတ်တဲ့ နေရာမှာ မှန်ကန်တဲ့ နည်းလမ်းတွေကို မသိထားလို့ပါ…”


“ဒီ၀က်သား ပေါင်မုန့်ကြော်က တောင်ပိုင်းမြို့တော်ရဲ့ အထူးဟင်းပွဲလား… ဒါကြောင့် တခြားဟင်းပွဲတွေထက် ပိုပြီး အရသာ ရှိနေတာကိုး…” ပုဖန်က စဉ်းစားလိုက်သည်။


“အဲဒါဆိုရင် အဲဒီ နည်းလမ်းမှန်မှန်နဲ့ ပြုလုပ်ထားတဲ့ ၀က်သားပေါင်မုန့်ကြော်ကို ဘယ်မှာ ရနိုင်မလဲ…”


“ဘယ်မှာမှ မရနိုင်တော့ဘူး… ဘာလို့လဲ ဆိုတော့ နည်းလမ်းမှန်မှန်နဲ့ ပြုလုပ်ထားတဲ့ ၀က်သားပေါင်မုန့်ကြော်ကို လင်မုန့်ပေါင်းစံအိမ်က မိန်းကလေးလင်း တစ်ယောက်ပဲ လုပ်နိုင်တယ်… သူမက သူမရဲ့ အဖိုးဆီက အချက်အပြုတ်စွမ်းရည်တွေကို အမွေဆက်ခံထားနိုင်ပြီး မယုံနိုင်လောက်အောင် လှပတယ်… သူမကို တောင်ပိုင်းမြို့တော်ထဲမှာ ပေါင်မုန့်အလှလေးလို့ ခေါ်ကြတယ်…”


“ဒါပေမယ့် နှမျောစရာကောင်းတာက သူမက ရှောင်မိသားစုက လူတစ်ယောက်နဲ့ လက်ထပ်သွားပြီး ၀က်သားပေါင်မုန့်ကြော်ကို ထပ်မလုပ်တော့ဘူး.. အခုချိန်မှာတော့ စစ်မှန်တဲ့ ၀က်သားပေါင်မုန့်ကြော်ကို မြည်းစမ်းနိုင်ဖို့က အရမ်းကို ခက်ခဲပါတယ်….” ဒေါ်လေးလျိုက သက်ပြင်းတစ်ချက် ချ၍ ပြောလိုက်သည်။


သူမက လင်းမုန့်ပေါင်စံအိမ်၏ ကျော်ကြားခဲ့သော နေ့ရက်များအကြောင်းကို ပြန်သတိရသွားလေသည်။ ထိုအမှတ်တရ အချိန်များကို ပြန်လည်၍ မရနိုင်တော့သည်မှာ စိတ်ပျက်ဖွယ်ကောင်းလှပေသည်။ ထို့အပြင် အရသာရှိလှသော ၀က်သားပေါင်မုန့်ကြော်ကိုလည်း စားသောက်၍ မရနိုင်တော့ပေ။


“ဘာလို့ သူက ၀က်သားပေါင်မုန့်ကြော်လုပ်တာကို ရပ်လိုက်တာလဲ…ဒီလို ကောင်းမွန်တဲ့ အချက်အပြုတ် စွမ်းရည်ကို ဘယ်လိုများ ဖြုန်းတီးနိုင်ရတာလဲ…” ပုဖန်က စိတ်ရှုပ်ထွေးစွာနှင့် မျက်မှောင်ကြုံ့၍ မေးလိုက်သည်။


ဒေါ်လေးလျိုက သိခြင်စိတ် ပြင်းပြနေသော ပုဖန်ကို တစ်ချက် ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။


“ဒါတွေ အားလုံးက ရှောင်မိသားစုရဲ့ ဒုတိယသခင်ကြောင့်ပဲ သူက မိန်းကလေးလင်း လူတွေကြားထဲမှာ အမြဲတမ်းရှိနေတာကို မကြိုက်ဘူး… ဒါကြောင့် သူမကို ၀က်သားပေါင်မုန့်ကြော် ပြုလုပ်တာကို ရပ်တန့်စေခဲ့တယ်… အဲဒါကြောင့်ပဲ လင်းမုန့်ပေါင်းအိမ်က နောက်ဆုံးမှာ ပိတ်သိမ်းသွားရတာပဲ….”


“ချမ်းသာကြွယ်ဝြပီး သြဇာအာဏာရှိတဲ့ ရှောင်မိသားစု… သူတို့က ဒီလို အရသာ ရှိတဲ့ အစားအသောက်တစ်ခုကို ဘယ်လိုဖြစ်လို့ ပျောက်ကွယ်သွားစေရတာလဲ….”


ပုဖန်က စိတ်မကောင်းဖြစ်သွားလေသည်။ တောင်ပိုင်းမြို့တော်သို့ အထူးတလည် လာရောက်ရခြင်းမှာ စစ်မှန်သော အစားအသောက်ကောင်းများကို ရှာဖွေရန် ဖြစ်သည်။


“ငါက ဘာလို့ အချည်းနှီးဖြစ်ပြီး ပြန်သွားရမှာလဲ…”


“ရပါပြီ… ငါ့ကို ဒီအကြောင်းတွေ ပြောပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်…” ပုဖန်က အေးဆေးစွာ ပြောလိုက်ပြီး တုန်လှုပ်နေသော လူများကို ဝေ့၀ဲကြည့်လိုက်ကာ သူ၏ စွမ်းအင်များကို ပြန်ရုပ်သိမ်းလိုက်သည်။


ထို့နောက် ပုဖန်က စကားတစ်ခွန်းမှ ဆက်မပြောတော့ပဲ အခန်းထဲမှ ထွက်သွားလေသည်။ ဝှိုက်တီ၏ မျက်၀န်းများက အနီရောင်တစ်ချက် လက်သွားပြီး ပုဖန်နောက်သို့ လိုက်သွားလေသည်။ မကြာခင်မှာပင် သူတို့နှစ်ဦးက နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်ထဲမှ ထွက်ခွာသွားကြလေသည်။


အခန်းထဲမှ လူများအားလုံးက စိတ်သက်သာရာ ရစွာ သက်ပြင်းတစ်ချက် ချလိုက်ကြပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ကြလေသည်။ အင်ပါယာအဆင့် တစ်ယောက်၏ ဖိအားက သူတို့ကို အသက်ထွက်မတက် အသက်ရှူခက်စေလေသည်။ ပုဖန်က ကြီးကြီးမားမား ပြသနာ ရှာမသွားသည်မှာ အလွန်ကံကောင်းသွားခဲ့ခြင်း ဖြစ်သည်။


ပုဖန်တွင် ရုပ်ရုပ်သဲသဲ ဖြစ်စေရန် ရည်ရွယ်ချက် မရှိပေ။ အစားကောင်းကြိုက်သော သူက တောင်ပိုင်းမြို့တော်သို့ အစားအသောက် စားရန်အတွက်သာ လာရောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် နွေဦးမွှေးရနံ့ စံအိမ်မှ အစားအသောက်များက သူ့ကို စိတ်ကျေနပ်မှု မပေးနိုင်ခဲ့ပေ။ ပုဖန်က တောင်ပိုင်းမြို့တော်၏ စည်ကားသိုက်မြိုက်လှသော လမ်းမထက်တွင် လျောက်လှမ်းနေလေသည်။ သူ၏ ပတ်၀န်းကျင်တွင် ဆိုးဝါးလှသော မိတ်ကပ်ရနံ့များနှင့် အမွှေးနံ့များ မရှိသောကြောင့် ခေါင်းကြည်လင်နေပြီး စိတ်လက် ပေါ့ပါးနေလေသည်။


“ပိုင်ရှင်ပု…”


သူ၏ နောက်ဘက်မှ သာယာနူးညံ့လှသော မိန်းကလေးတစ်ယောက်၏ အသံကို ကြားလိုက်ရသောကြောင့် ပုဖန်၏ ခန္ဒာကိုယ်က တောင့်ခနဲ ဖြစ်သွားလေသည်။ ပုဖန်၏ မျက်၀န်းများက ကျဉ်မြောင်သွားပြီး မျက်နှာအမူအယာက အေးခဲသွားလေသည်။ သူက မလှုပ်မယှက်နှင့် လမ်းလည်ခေါင်တွင် ရပ်နေလေသည်။


“ဘာလဲဟ… တောင်ပိုင်းမြို့တော်မှာ ငါ့ကို ပိုင်ရှင်ပုလို့့ ခေါ်မယ့်သူ ရှိနေတာ မဖြစ်နိုင်ဘူး…”


ပုဖန်၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး တဖြည်းဖြည်းချင်း နောက်လှည့်ကြည့်လိုက်ရာ ဆွဲဆောင်မှု ရှိလှသော အလှလေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထိုအမျိုးသမီးက မျက်နှာကာ ၀တ်ဆင်ထားသော်လည်း သူမ၏ မျက်၀န်းလေးများက ဆောင်းဦးရေကန်အလား ထင်မှတ်နေရလေသည်။


ရှောင်ယန်ယု၏ မျက်လုံးအိမ်ထဲတွင် အံ့အားသင့်မှုများ တစ်စွမ်းတစ်စ ရှိနေလေသည်။ သူမက နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်ကို တစ်ချက်ကြည့်လိုက်ပြီး အံ့သြနေဆဲ ဖြစ်သော ပုဖန်ကို ပြန်ကြည့်လိုက်သည်။ သူမ၏ အမူအယာက အသစအဆန်းတစ်ခုကို ရှာဖွေတွေ့ရှိသွားသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။


“ပိုင်ရှင်ပုက ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ ငါလုံး၀ မထင်ထားမိဘူး…” ရှောင်ယန်ယုက တီးတိုးရေရွတ်လိုက်လေသည်။