အပိုင်း ၂၄၉
Viewers 53k

အခန်း ၂၄၉ “တို့ဟူး ပူတင်း…”


“အာ…. အဲဒီလို မဟုတ်ပါဘူး…”


ပုဖန်က ရှောင်ယန်ယုကို ကြည့်၍ ပြုံးပြလိုက်သည်။ သို့သော် သူ၏ အပြုံးက အတင်းအကြပ် အားတင်း၍ ပြုံးလိုက်ရသောကြောင့် ငိုမဲ့မဲ့ ဖြစ်နေလေသည်။


“ငါ… နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်ကို အစားအသောက်အတွက် လာခဲ့တာ… တကယ့်ကို အစားအသောက်အတွက်ပဲ…”


ရှောင်ယန်ယုက သူမ၏ လှပသော မျက်ခုံးလေးများကို ပင့်တင်လိုက်ပြီး မယုံသင်္ကာဟန်နှင့် ကြည့်လိုက်သည်။ အင်ပါယာ မြို့တော်နှင့် အလွန်ကွာဝေးသော တောင်ပိုင်းမြို့တော်တွင် ပိုင်ရှင်ပုတစ်ယောက် နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်ထဲမှ ထွက်လာသည်ကို တွေ့လိုက်သောကြောင့် သူမက အံ့အားသင့်နေဆဲပင် ဖြစ်သည်။


ပိုင်ရှင်ပုက မည်မျှပင် သွေးအေးတည်ငြိမ်စေကာမူ သူက ယောက်ျားတစ်ယောက်သာ ဖြစ်သည်။


“ဆောင်ကြာမြိုင်ကို လာတဲ့ ယောက်ျားတစ်ယောက်က ဘာတွေ လုပ်လိမ့်မလဲ… ဘုရားရေ ..”


သူမက ပုဖန်ကို ထိုသို့ လုံး၀မမျှော်လင့်ထားခဲ့ပေ။


“ငါသိတယ် … ငါသိတယ်… ငါ့ကိုရှင်းပြဖို့ မလိုပါဘူး … ပိုင်ရှင်ပု…” ရှောင်ယန်ယုက အလျင်အမြန်ပင် ခေါင်းငြိမ့်၍ ပြောလိုက်သည်။


သူမက ပုဖန်၏ အကြောင်းအရာအားလုံးကို သိမေသကဲ့သို့ မျက်လုံးများကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီး ထပ်ပြောလိုက်သည်။


“အင်ပါယာ မြို့တော်က အခု ဧကရာဇ်ရဲ့ ထိန်းချုပ်မှု အောက်ကို ပြန်ရောက်သွားပြီလေ… အဲတော့ အခြေအနေတွေက ပြန်ပြီးတော့ တင်းကြပ်လာပြီ…နှိုင်းယှဉ်လိုက်မယ်ဆိုရင် တောင်ပိုင်းမြို့တော်ရဲ့ အခြေအနေက ပိုပြီး ကောင်းမွန်တယ်.. ပြီးတော့ ဒီနေရာက ချစ်ရေးချစ်ရာလေးတွေ ရှိတဲ့ ကြည်နူးစရာ ပတ်၀န်းကျင်အဖြစ် လူသိများတယ်လေ…”


“မင်းက ဘာတွေ သိလိုက်ရပြန်တာတုန်း…”


ပုဖန်က ရယ်ရမလို ငိုရမလို ဖြစ်နေပြီး သူ၏ မျက်နှာကလည်း အရောင်အမျိုးမျိုး ပြောင်းလဲနေလေသည်။


ရှောင်ယန်ယုအနေနှင့် ပုဖန်၏ ထိုအမူအယာကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်းသာ ဖြစ်သည်။ သူမက ပုဖန်၏ ရှက်ရွံ့နေမှုကို ကြည့်၍ အံ့အားသင့်နေလေသည်။ ထိုကဲ့သို့သော အမူအယာကို တွေ့ရခဲသောကြောင့် သူမက ပါးစပ်ကို လက်နှင့် အုပ်ကာလိုက်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။ နွေဦးမွှေးရနံ့ စံအိမ်၌ မကောင်းသည်များကို မလုပ်ခဲ့ဟု သူမ ခံစားမိနေသော်လည်း သူ၏ အခြေအနေက ရယ်စရာ ကောင်းနေလေသည်။


ပုဖန်၏ စိတ်အခြေအနေက အလျင်အမြန်ပင် ပြန်လည်တည်ငြိမ်သွားပြီး သူ၏ မျက်နှာက ရှုတည်တည် ပြန်ဖြစ်သွားလေသည်။ ထို့နောက် သူ၏ ဘေးမှ အတောမသတ် ရယ်မောနေသော ရှောင်ယန်ယုကို လျစ်လျုရှုလိုက်လေသည်။


“ကောင်းပါပြီ… ပိုင်ရှင်ပုရဲ့ ဒီ လျို့ဝှက်ချက်ကို အမြဲတမ်း အမှတ်ရနေပါ့မယ်… ဒါပေမယ့်လည်း ငါ ဘယ်သူ့ကိုမှ ပြောမှာ မဟုတ်ပါဘူး… မစိုးရိမ်ပါနဲ့ …” ရှောင်ယန်ယု က ရယ်ချင်နေမှုကို ကြိုးစားထိန်းချုပ်လိုက်ပြီး ပြောလိုက်သည်။


ရှောင်ယန်ယု၏ နောက်တွင် ရပ်နေသော အစေခံ မိန်းမငယ်လေးက ပုဖန်ကို ကြည့်၍ အံ့အားသင့်နေလေသည်။ မိန်းကလေးရှောင်ကို လှိုက်လှိုက်လှဲလှဲ ရယ်မောစေသူကို တွေ့ရန် ခဲယဉ်းလှပေသည်။


“မိန်းကလေးရှောင်က ဒီသခင်လေးကို အရင်ထဲက သိနေတာလား…”


“ဒါနဲ့ စကားမစပ်… ပိုင်ရှင်ပုက တောင်ပိုင်းမြို့တော်ကို ဘာလာလုပ်တာလဲ… ပြီးတော့ ဘာလာလုပ်တာလဲ…” ရှောင်ယန်ယုက သိချင်စိတ်နှင့် မေးလိုက်သည်။


“အင်… ဒါ ခရီးတိုလေးထွက်လာတာ… တောင်ပိုင်းမြို့တော်က အစားအသောက်တွေက ကောင်းမွန်တယ်လို့ ကြားလို့ ဟုတ်မဟုတ် သိရအောင် လာကြည့်လိုက်တာ…” ပုဖန်က မရေမရာ ဖြေလိုက်သည်။


ရှောင်ယန်ယုက သူ့စကား၏ အဓိပ္ပါယ်ကို သဘောပေါက်သွားပြီး ခေါင်းကို အသာညိမ့်ပြလိုက်သည်။


“စားကောင်းသောက်ဖွယ်တွေ စားချင်လို့လာတာ… အင်း… ငါက ဒီတောင်ပိုင်းမြို့တော်နဲ့ အရမ်းမရင်းနှီးပေမယ့် ပိုင်ရှင်ပုထက်တော့ ပိုသိတယ်လေ… ဒါကြောင့် ဒီ တောင်ပိုင်းမြို့တော်မှာ အစားအသောက် ကောင်းကောင်း ရတဲ့နေရာတွေကို ငါသိတယ်.. ပိုင်ရှင်ပုကို ခေါ်သွားပေးရမလား…” ရှောင်ယန်ယု၏ မျက်၀န်းများက တောက်ပလင်းလက်နေပြီး အပြုံးလေးနှင့် အကြံပြုလိုက်သည်။


ပုဖန်က အနည်းငယ် အံ့အားသင့်သွားသော်လည်း လက်ခံလိုက်လေသည်။ လမ်းသိသော တစ်စုံတစ်ယောက်၏ ဦးဆောင်မှု နောက်သို့ လိုက်ရခြင်းက တစ်ယောက်တည်း လျောက်သွားနေခြင်းထက် ပိုကောင်းပေသည်။ သို့မဟုတ်ပါက နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်ကဲ့သို့ အခြားနေရာများသို့ ဆွဲခေါ်ခြင်း ခံရဦးမည်ဖြစ်သည်။


“ရှောင်ယ ငါဒီနေ့ ပြန်လာတာ နောက်ကျမယ်လို့ သခင်ကို သွားပြန်ပြောလိုက်….” ရှောင်ယန်ယုက တည်ငြိမ်အေးဆေးစွာနှင့် သူမနောက်မှ အစေခံ မိန်းမငယ်လေးကို ပြောလိုက်သည်။


“ဘယ်လို… သခင်မလေး… သခင်က ငါနင့်အနားမှာ အမြဲတမ်း ရှိနေရမယ်လို့ ညွှန်ကြားထားပါတယ်…” အစေခံမိန်းမငယ်လေးက ပြာယာခတ်သွားပြီး ပြန်ပြောလိုက်သည်။


“ငါက မိတ်ဆွေဟောင်းတစ်ယောက်ကို တောင်ပိုင်းမြို့တော်အနှံ့ လိုက်ပြမှာမို့ အိမ်စေတစ်ယောက်ကို အတူခေါ်သွားတာ မသင့်တော်လို့ လို့ပဲ ပြန်ပြောထားလိုက်…” ရှောင်ယန်ယုက ညင်သာစွာ ပြန်ပြောလိုက်သည်။


ပုဖန်က မျက်မှောင်ကြုံ့လိုက်ပြီး ရှောင်ယန်ယုကို ကြည့်လိုက်သည်။ ထိုအိမ်စေ မိန်းမငယ်လေ၏ အမူအယာက အနည်းငယ် ပြာယာခတ်နေသည်ကို တွေ့ရလေသည်။


ထို့နောက် ရှောင်ယန်ယုက ထိုမိန်းကလေးကို စကားအနည်းငယ် ထပ်ပြောလိုက်ပြီး ထိုမိန်းကလေးက လှည့်ထွက်သွားလေသည်။


“မင်းမှာ ပြသနာ တစ်ခုခုရှိနေတာလား…” ပုဖန်က ရှောင်ယန်ယုကို ကြည့်လိုက်ပြီး အေးဆေးစွာ မေးလိုက်သည်။


“ပြသနာရယ်လို့လဲ မဟုတ်ပါဘူး… ငါ့နောက်မှာ တစ်ယောက်ယောက်က တန်းလန်း တန်းလန်းနဲ့ လိုက်နေတာကို စိတ်ပျက်မိတာပါ…” ရှောင်ယန်ယုက ပြုံး၍ ပြန်ပြောလိုက်ပြီး ရှေ့မှ ဦးဆောင်၍ ထွက်သွားလိုက်သည်။ ထို့နောက် သူမက နောက်သို့ ပြန်လှည့်လိုက်ပြီး ပုဖန်ကို မေးလိုက်သည်။


“ပိုင်ရှင်ပု… နင်… တောင်ပိုင်းမြို့တော်ကို မလာခင်တုန်းက မြို့ရဲ့ အကြောင်းကို လေ့လာခဲ့သေးလား…”


“မလေ့လာခဲ့ဘူး…”


ပုဖန်က အမှန်အတိုင်း ပြန်ပြောလိုက်သည်။ သူက စနစ်မှ ရွေးချယ်ပေသည့် ကြုံရာမြို့အဖြစ် တောင်ပိုင်းမြို့တော်သို့ ရောက်ရှိလာခြင်း ဖြစ်ရာမြို့့၏ အကြောင်းကို လေ့လာထားခြင်း မရှိပေ။


“ဒီနေရာက လေအလင်းအင်ပါယာရဲ့ တောင်ဘက်ပိုင်းမှာ ရှိတာကြောင့် တောင်ပိုင်းဒေသ ရေမြို့တော်လို့လဲ ခေါ်ကြတယ်… ဒီက ဒလေ့ထုံးတမ်းတွေက ယဉ်ကျေးသိမ်မွေ့ပြီး ဒေသထွက် အစားအစာတွေကလည်း အရမ်းကို အရသာ ရှိကြတယ်… နဂါးမြစ်ငါးချဉ်၊ ၀က်သားပေါင်မုန့်ကြော်၊ ငန်းအသည်း အဲဒီဟင်းလျာတွေက တောင်ပိုင်းဒေသရဲ့ အကျော်ကြားဆုံး ဟင်းပွဲတွေပဲ… အဲဒီဟင်းပွဲတွေထဲမှာ နဂါးမြစ် ငါးချဉ်နဲ့ ၀က်သားပေါင်မုန့်ကြော်က ပိုပြီး ကျော်ကြားတယ်…”


ရှောင်ယန်ယုက ဆက်ပြောလိုက်သည်။


“ဒါပေမယ့်လည်း အကြောင်းတစ်ချို့ချို့ကြောင့် စစ်မှန်တဲ့ ဝက်သားပေါင်မုန့်ကြော်က ပျောက်ကွယ်သွားတာ ကြာခဲ့ပြီ… မြို့ထဲမှာ တခြား ပေါင်မုန့်ကြော်တွေ ရှိနေပေမယ့် တစ်ခုမှ အထင်ကြီးစရာ မကောင်းဘူး… နောက်ထပ် ဒေသစားစရာ တစ်ခု ဖြစ်တဲ့ နဂါးမြစ် ငါးချဉ်ကို မူးယစ်သော မွှေးရနံ့ စားသောက်ဆိုင်မှာ ရနိုင်တယ်….”


ရှောင်ယန်ယုက ပုဖန်ထက် တောင်ပိုင်းမြို့တော် အကြောင်းကို ပိုသိနေလေသည်။ ထို့ကြောင့် သူမက အသေးစိတ် ရှင်းပြလိုက်သည်။ ပုဖန်က ခေါင်းတစ်ညိမ့်ညိမ့်နှင့် နားထောင်နေလိုက်ပြီး ဒလေ့ထုံးတမ်းများကို မှတ်သားထားလိုက်သည်။ သို့သော် သူဂရုစိုက်သည့် အပိုင်းက အစားအစာနှင့် ပတ်သတ်သည့် အပိုင်းပင် ဖြစ်သည်။


နဂါးမြစ်ငါးချဉ် ၀က်သားပေါင်မုန့်ကြော် စသည့် အမည်များကို ကြားလိုက်သည်နှင့် စားချင်စိတ်ကို ဖြစ်ပေါ်စေသောကြောင့် ပုဖန်၏ မျက်၀န်းများ တောက်ပလာလေသည်။


ရှောင်ယန်ယုက ရုတ်တရက် ရပ်လိုက်ပြီး လမ်းကြားလေးတစ်ခု၏ ထောင့်တွင် ရှိသော ပျံကျစျေးဆိုင်လေး တစ်ခုကို ညွှန်ပြလိုက်သည်။ ထိုစျေးဆိုင်လေးက သိပ်မကြီးပဲ ခုံပေါ်တွင် ခရားအိုးများ ပန်းကန်လုံးများနှင့် သစ်သားအဖုံးများ ရှိနေသောကြောင့် အနည်းငယ် စုတ်စုတ်ပျက်ပျက် ဖြစ်နေလေသည်။


“ပိုင်ရှင်ပု… ဒီဆိုင်လေးကို အထင်မသေးနဲ့ နော်… တကယ်တမ်းပြောရမယ်ဆိုရင် ဒီဆိုင်လေးက တောင်ပိုင်းမြို့တော်ရဲ့ နောက်ထပ် စားကောင်းသောက်ဖွယ်တစ်ခုလို့ ပြောလို့ရတယ့် ဂျင်းဆော့တို့ဟူးပူတင်း ဆိုင်လေးပဲ….အဲဒါစားရတာ တကယ့်ကို အရသာရှိတယ်…”


ရှောင်ယန်ယုက ခပ်ပြုံးပြုံးနှင့် ပြောလိုက်ပြီး ရှေ့မှ ထွက်သွားလေသည်။


ပုဖန်၏ မျက်လုံးများက လင်းလက်သွားသော်လည်း သူက ရှောင်ယန်ယုနောက်သို့ လိုက်ပါသွားကြသည်။ ဆိုင်လေးက တော်သင့်ရုံလောက်သာ ကျယ်၀န်းပြီး ဆိုင်၏ နောက်ဘက်တွင် အသက်ငါးဆယ်ခန့် ရှိသော အမျိုးသမီးကြီးတစ်ယောက် ရပ်နေလေသည်။ သူမ၏ မျက်နှာက အရေးအကြောင်းများနှင့် ပြည့်နှက်နေသော်လည်း သူမ၏ မျက်၀န်းများက နွေးထွေးနေလေသည်။


“တို့ဟူးပူတင်း နှစ်ပွဲပေးပါ…” ရှောင်ယန်ယုက နှစ်လိုစွာ ပြုံးလိုက်ပြီး အမျိုးသမီးကြီးကို လှမ်းပြောလိုက်သည်။


အင်းအင်း…


အမျိုးသမီးကြီးက တုန့်ပြန်ပြောဆိုလိုက်ပြီး အင်္ကျီလက်ကို ခေါက်တင်၍ သူမ၏ အလုပ်ကို စတင်လုပ်ကိုင်လေသည်။


ပုဖန်က လှုပ်ရှားနေသော အမျိုးသမီးကို သေချာစွာ စူးစိုက်ကြည့်နေပြီး သူ၏ စိတ်ထဲတွင် ခံစားချက်များ ပြည့်နှက်နေလေသည်။


သူမက ဇွန်းအပြားတစ်ခုကို ကောက်ယူလိုက်သည်။ ထိုဇွန်းကို အထူးတလည် ပြုလုပ်ထားပြီး လက်ကိုင်နေရာက ထောင့်ချိုး ကွေးနေလေသည်။ ဇွန်း၏ ထိပ်ကို စတီးပြား အဝိုင်းပုံသဏ္ဍာန် ပြုလုပ်ထားကာ အခြားဇွန်းများနှင့် မတူပဲ အလွန်ပါးလွှာနေလေသည်။


အမျိုးသမီးကြီးက ဟောင်းနွမ်းနေသော်လည်း သန့်ရှင်းစွား ဆေးကြောထားသော ကြွေပန်းကန်လုံးတစ်ခုကို ယူလိုက်ပြီး ဇွန်း၏ ထိပ်ကို မြေအိုးထဲသို့ နှစ်လိုက်သည်။ ထို့နောက် သူမက လက်ကို လှုပ်ခါလိုက်ပြီး တို့ဟူးပေါ်မှ အရည်များကို ကျသွားစေလိုက်သည်။ သူမက ကျွမ်းကျင်ပိုင်နိုင်စွာနှင့် တို့ဟူးကိုခပ်လိုက်လေသည်။


တို့ဟူးအလွှာလေးများကို ပန်းကန်ထဲ ထည့်လိုက်ပြီးနောက် ထိုအတိုင်း ထပ်ခါထပ်ခါ လုပ်နေလေသည်။ မွှေးကြိုင်သင်းပျံ့လှသည့် တိုးဟူးပူတင်းများကို ပန်းကန်လုံးအပြည့် ဖြည့်လိုက်လေသည်။ အမျိုးသမီးကြီးက ပန်းကန်လုံးကို သူတို့ထံ ချက်ချင်း မပေးသေးပဲ နောက်ထပ် မြေအိုးအသေးလေး တစ်အိုးကို ဖွင့်လိုက်သည်။ ထိုအိုးထဲတွင် အနီရောင် ဂျင်းရည်များ ရှိနေလေသည်။ သူမက ဝါးပြွန်တစ်ခုနှင့် အနီရောင် ဂျင်းရည်များကို ခပ်လိုက်ပြီး တို့ဟူးပေါ်သို့ လောင်းချလိုက်သည်။


ဂျင်းရည်များက သဘာ၀အတိုင်း ချိုမြမွှေးပျံ့သော ရနံ့များ ထွက်နေလေသည်။ ဂျင်းရည်များက အဖြူရောင်တို့ဟူးကို ရဲရဲနီသွားစေပြီး ပတ္တမြား တစ်လုံးကဲ့သို့ တောက်ပနေကာ အနီရောင် ဖြစ်သွားလေသည်။ ထိုဂျင်းရည်၏ မွှေးရနံ့နှင့် တို့ဟူး၏ မွှေးရနံ့တို့ ပေါင်းစပ်သွားခြင်းက အံ့အားသင့်ဖွယ်ကောင်းသော ပေါင်စပ်မှုတစ်ခု ဖြစ်လာလေသည်။


“မိန်းကလေး… ဒီမှာ မင်းအတွက်… ဂရုစိုက်နော်… ပူနေသေးတယ်….” အမျိူးသမီးကြီးက တို့ဟူးပူတင်း ပန်းကန်ကို ရှောင်ယန်ယုဆီသို့ လှမ်းပေးလိုက်သည်။


ရှောင်ယန်ယုက ဂရုတစိုက်နှင့် ယူလိုက်သည်။


“ပိုင်ရှင်ပု… ငါ့ရဲ့ မျက်နှာကာကို ကူပြီး ဖြုတ်ပေးပါလား…” ရှောင်ယန်ယုက ရွှန်းလဲ့နေသော မျက်၀န်းလေးများနှင့် ပုဖန်ကို ကြည့်၍ နှစ်လိုဖွယ်ကောင်းစွာ မေးလိုက်လေသည်။


ကြွေပန်းကန်လုံးထဲက တို့ဟူးပူတင်းများကို မျက်နှာမလွှဲတမ်း ကြည့်နေပြီး လျှာတစ်သပ်သပ် ဖြစ်နေသော ပုဖန်က ရှောင်ယန်ယု၏ စကားကြောင့် အံ့အားသင့်သွားလေသည်။ ထို့နောက် သူ၏ အာရုံကို ပြန်လည်စုစည်းလိုက်ပြီး ပြန်ပြောလိုက်သည်။


“ရတာပေါ့…”


မျက်နှာကာကို ဖယ်လိုက်သောအခါ ရှောင်ယန်ယု၏ လှပသော မျက်နှာလေး ပေါ်ထွက်လာလေသည်။ သူမ၏ မျက်နှာ အသားအရည်က ရေကဲ့သို့ ၀င်းမွတ်နေပြီး နှုတ်ခမ်းလေးများက ကျောက်မျက်ရတနာကို ထွင်းထုထားသကဲ့သို့ ပတ္တမြားရောင် တောက်ပနေလေသည်။ သူမက မယုံနိုင်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှု ရှိလှပေသည်။


“ကျေးဇူးတင်ပါတယ်.. ပိုင်ရှင်ပု…”


ရှောင်ယန်ယုက သူမ၏ နှုတ်ခမ်းလေးများကို အနည်းငယ်တွန့်ကွေးလိုက်ရာ နတ်သမီးတစ်ပါးကဲ့သို့ ရင်သပ်ရှုမောဖွယ် အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။


ပုဖန်က ကိုိ့ယို့ကားယား အနည်းငယ် ခံစားလိုက်ရပြီး ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်သည်။ ပြီးမှ အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။


“ကိစ္စ မရှိပါဘူး…”


ရှောင်ယန်ယုက အပူငွေ့လေးများ ထွက်နေသော တို့ဟူးပူတင်းကို တစ်ဇွန်းခပ်လိုက်ပြီး နှုတ်ခမ်းလေးကို စုချွန်၍ တစ်ဖူးဖူး မှုတ်လိုက်သည်။ ထို့နောက် အနည်းငယ် စားလိုက်ရာ သူမ၏ မျက်နှာက နီရဲလာလေသည်။ ဖြူဖျော့သော အသားအရည်တွင် မျက်နှာချေများ လိမ်းလိုက်သကဲ့သို့ လှပနေလေသည်။


“လူငယ်လေး… စိုက်ကြည့်နေတာကို ရပ်လိုက်တော့… ဒီမှာ မင်းအတွက် ရပြီ…”


အမျိုးသမီးကြီး၏ လှောင်ပြောင်ချင်ဟန် ရသော အသံကို ကြားလိုက်ရပြီး ပုဖန်က သူ့ကို ကမ်းပေးလာသော ပန်းကန်လုံးကိုလက်နှစ်ဖက်နှင့် ယူလိုက်သည်။ ကြွေပန်းကန်လုံးက ပူနွေးနေဆဲ ဖြစ်ပြီး အထဲမှ တို့ဟူးနှင့် ဂျင်းရည်များ ရောနှောနေသော ရနံ့လေးက သူ၏ အာရုံကြောများကို နှိုးဆွနေလေသည်။


ပုဖန်၏ မျက်၀န်းများက တောက်ပသွားပြီး ကမ္ဘာမြေပေါ်သို့ ပြန်ရောက်သွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ မရေရာသော မှတ်ဥာဏ်များထဲတွင် လမ်းကြားလေးတစ်ခု၌ အမျိုးသမီးကြီး သို့မဟုတ် အမျိုးသားတစ်ဦးက လူတစ်ဦး၏ နှလုံးသားကိုပင် နွေးထွေးစေသော တို့ဟူးပူတင်းရောင်းချနေသည်ကို အမြဲလိုလို တွေ့ရလေ့ရှိသည်။


ဘေးတွင်ထိုင်နေသော ရှောင်ယန်ယုက စောင်းငဲ့ကြည့်လိုက်သည်။ သူမက တို့ဟူးတစ်ဇွန်း စားပြီးနောက် အပူငွေ့များကို မှုတ်ထုတ်လိုက်ကာ သူမ၏ မျက်နှာပေါ်တွင် စိတ်ကျေနပ်မှုများ ပေါ်လွင်နေလေသည်။


ပုဖန်က နှုတ်ခမ်းတစ်ချက် သပ်လိုက်ပြီး တို့ဟူးပေါ်မှ ဂျင်းအနှစ် ရည်လေးများကို စူးစိုက်ကြည့်လိုက်သည်။