အခန်း ၂၅၀ “ငန်းအသည်း ဟင်းပွဲ”
ပုဖန်က နူးညံ့အိစက်နေသော တို့ဟူးများကို ခပ်လိုက်သည်။ အနီရောင် ဂျင်းအနှစ်ရည်များကလည်း ဇွန်းထဲတွင် ပါလာလေသည်။ တို့ဟူးပူတင်းမှ တငွေ့ငွေ့ထွက်ပေါ်နေသော အပူလှိုင်းများထဲတွင် ဂျင်းအနှစ်ရည်၏ ချိုမြသော ရနံ့များ ရောစပ်ပါ၀င်နေလေသည်။ ပုဖန်က တို့ဟူးပူတင်းကို ပါးစပ်ထဲ ထည့်လိုက်သည်နှင့် နူးညံ့အိစက်လှသော ခံစားမှုက ပါးစပ်ထဲတွင် ပြည့်နှက်သွားပြီး အရသာက လျှာဖြားတွင် စွဲကျန်နေသောကြောင့် သူ၏ မျက်၀န်းများ တောက်ပသွားလေသည်။
ချိုမြသော အရသာထဲတွင် ဂျင်း၏ အနည်းငယ် စပ်သည့် အရသာက ပါ၀င်နေရာ ပြီးပြည့်စုံသော အရသာကို ဖော်ဆောင်နေလေသည်။ ပုဖန်က နူးညံ့အိစက်နေသော တို့ဟူးပူတင်းကို ဝါးသည်ဆိုရုံမျှ တစ်ချက်နှစ်ချက် ဝါးလိုက်ပြီး မျိုချလိုက်သည်။ အစာအိမ်ထဲသို့ ရောက်သွားသည်နှင့် သူ၏ ခန္ဒာကိုယ်က နွေးထွေးသွားလေသည်။
ပုဖန်က စားနေရင်းနှင့် ရှောင်ယန်ယုကို မျက်လုံးစွေ၍ လှမ်းကြည့်လိုက်သည်။ ထိုအမျိုးသမီးကြီးကဲ့သို့ လမ်းဘေးပျံကျ စျေးသည်များတွင်လည်း ကောင်းမွန်သည့် အစားအသောက်များ ရှိသည်ကို ပုဖန်က ၀န်ခံရပေသည်။ ထိုအမျိုးသမီးကြီး၏ တို့ဟူးပူတင်းက စစ်မှန်ပြီး နှစ်သက်ဖွယ်ရာ ခံစားမှုကို ပေးစွမ်းနိုင်လေသည်။ ပုဖန်က တို့ဟူးပူတင်းကို တစ်ဇွန်းပြီး တစ်ဇွန်း ခပ်စားလိုက်ပြီး ခဏအတွင်းပင် ပန်းကန်လုံးက ကုန်သွားလေသည်။
အမျိုးသမီးကြီးက ရက်ရောစွာနှင့် အများကြီး ထည့်ထားသောကြောင့် ရှောင်ယန်ယုက တစ်၀က်သာ ကုန်လေသည်။ သူမက တစ်၀က်သာ ကုန်သော်လည်း ပုဖန်၏ ပန်းကန်က လျက်ထားသကဲ့သို့ ပြောင်ရှင်းနေလေသည်။ ထိုအဓိပ္ပါယ်က အမျိုးသမီးကြီး၏ တို့ဟူးပူတင်းက အံ့သြစရာ ကောင်းသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ပုဖန်ဆိုင်တွင် ရောင်းနေသော ငါးခေါင်းတို့ဟူးစွပ်ပြုတ်နှင့် ယှဉ်လိုက်လျင် တို့ဟူးပူတင်းက အရည်အသွေး ညံ့နေလေသည်။
ပူတင်းတွင် သုံးထားသော ပါ၀င်ပစ္စည်းများက သာမာန်သာ ဖြစ်ပြီး တန်ဖိုးကြီး ပါ၀င်ပစ္စည်း တစ်ခုပင် မပါ၀င်ပေ။ သို့သော် တို့ဟူးပူတင်း၏ လျို့ဝှက်ချက်က အတိတ်ကို ပြန်လည်လွမ်းဆွတ် သတိရစေခြင်းပင် ဖြစ်သည်။ လူတစ်ဦး၏ စိတ်အခြေအနေကို နူးညံ့သိမ်မွေ့သွားစေပြီး ပင်လယ်ရေဝဲများ၏ အလယ်မှ နူးညံ့သော လှိုင်းလုံးများကြားတွင် မျောပါနေသကဲ့သို့ ခံစားရစေလေသည်။
ပုဖန်က နှုတ်ခမ်းတသပ်သပ်နှင့် အတွေးထဲတွင် နစ်မြုတ်နေလေသည်။ သူက ကလေးဘ၀မှ ကြည်နူးဖွယ် ခံစားချက်များထဲတွင် နစ်မျောနေပြီး မသိစိတ်နှင့် လုပ်လိုက်မိသော အမူအယာများက ချစ်စရာ ကောင်းနေလေသည်။
အမျိူးသမီးကြီးက ပုဖန်ကို ကြင်နာစွာ ကြည့်လိုက်ပြီး မေးလိုက်သည်။
“လူငယ်လေး… ထပ်ယူဦးမလား… ငါ့ဆီမှာ ရှိသေးတယ်…”
“ငါ၀သွားပါပြီ…. အဒေါ့်ရဲ့ တို့ဟူးပူတင်းက အရမ်းကို အရသာရှိတယ်…” ပုဖန်က နှစ်လိုဖွယ်ကောင်းစွာ ပြန်ပြောလိုက်ပြီး ပြုံးပြလိုက်သည်။
“ဘုရားရေ… ပိုင်ရှင်ပုက တကယ်ကြီးပြုံးလိုက်တာလား….”
တို့ဟူးစားနေသော ရှောင်ယန်ယုက သီးမတက်ပင် ဖြစ်သွားလေသည်။ အမြဲလိုလို မျက်နှာပိုးသေနေသော ပိုင်ရှင်ပုက ပြုံးနေလေသည်။ ရှောင်ယန်ယုက ပုဖန်ကို ကြည့်၍ ကြက်သေသေနေလေသည်။
“မင်းဘာတွေ ကြည့်နေတာလဲ….” ပုဖန်က ရှောင်ယန်ယုဘက်သို့ လှည့်လိုက်ပြီး မျက်နှာသေနှင့် မေးလိုက်သည်။
ပုဖန်က သူ၏နဂိုအခြေအနေသို့ ပြန်ရောက်သွားသည်ကို သတိပြုမိသွားပြီး ရှောင်ယန်ယုက မထိန်းချုပ်နိုင်တော့ပဲ ခွက်ထိုးခွက်လန် ရယ်မောလေတော့သည်။
ရှောင်ယန်ယုက သူမ၏ တို့ဟူးပူတင်းကို အလျင်အမြန် စားလိုက်ပြီး ပန်းကန်ကို အမျိုးသမီးကြီးထံသို့ ပေးလိုက်သည်။
ပုဖန်က အိတ်ထဲမှ ရွှေပြားတစ်ပြားကို ထုတ်၍ အမျိုးသမီးကြီးကို ပေးလိုက်သည်။
“လူငယ်လေး … ဒါက အရမ်းများလွန်းတယ်…ငါ့ကို ကြေးပြားတစ်ပြားပဲ ပေးပါ….” အဒေါ်ကြီးက ပုဖန်လက်ထဲမှ ရွှေပြားကို မြင်လိုက်သည်နှင့် လက်ရုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။
တို့ဟူးပူတင်း နှစ်ပွဲစာက ထိုမျှမတန်ပေ။ သို့သော် ပုဖန်က ခေါင်းယမ်းပြလိုက်ပြီး ရွှေးင်္ဂါးကို အတင်းထိုးပေးလိုက်သည်။
“ဒါက ဒီထက်မက ထိုက်တန်ပါတယ်…”
ထိုတို့ဟူးပူတင်းက ပုဖန်ကို ထူးခြားသော ခံစားချက်များ ပေးစွမ်းနိုင်သောကြောင့် ရွှေဒင်္ဂါးတစ်ပြား ပေးရသည်ကို စျေးကြီးသည်ဟု မထင်မိပေ။ အကယ်၍ ဆိုးဝါးသော အရသာရှိသည့် စားစရာ တစ်မျိုးမျိုး ဖြစ်နေပါလျင် ပုဖန်က ရွှေဒင်္ဂါးတစ်ပြားပင် မပေးပဲ လှည့်ထွက်သွားမည်သာ ဖြစ်သည်။
ပုဖန်နှင့် ရှောင်ယန်ယုတို့၏ သဘောထားများက ခိုင်မာလှသောကြောင့် အမျိုးသမီးကြီးက ဆက်၍ မငြင်းဆန်တော့ပဲ ရွှေဒင်္ဂါးပြားကို လက်ခံလိုက်သည်။ ထို့နောက် သူမက သက်ပြင်းအသာ ချလိုက်ပြီး ရွှေဒင်္ဂါးပြားကို အိတ်ထဲတွက် ထည့်၍ သိမ်းထားလိုက်သည်။
ရွှေင်္ဒါးတစ်ပြားက အမျိုးသမီးကြီးအတွက် အလွန်များပြားသည့် ပမာဏ ဖြစ်သောကြောင့် သူမက ဂရုတစိုက် သိမ်းဆည်းထားလိုက်ခြင်း ဖြစ်သည်။ သူမက တို့ဟူးပူတင်းများကို ထပ်ပေးလိုသော်လည်း ပုဖန်နှင့် ရှောင်ယန်ယုတို့က အပြုံးလေးများနှင့် ငြင်းပယ်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က အရသာရှိသော အခြားစားသောက်ဖွယ်ရာများကို ရှာဖွေရန် ထွက်လာကြသည်။
အမျိုးသမီးကြီးက သူတို့နှစ်ဦး ပျောက်ကွယ်သွားသည်အထိ ငေးမောကြည့်နေပြီး သူမ၏ နှုတ်ခမ်းထက်တွင် ကြင်နာတတ်သော အပြုံးလေးများက ပေါ်လွင်နေလေသည်။
သက်၀င်လှုပ်ရှားနေသော တောင်ပိုင်းမြို့တော်၏ လမ်းမကြီးထက်တွင် အရသာရှိလှသော စားကောင်းသောက်ဖွယ်များ၏ မွှေးရနံ့များက လေထဲတွင် ပျံ့လွင့်နေပြီး လူတိုင်း၏ စားချင်စိတ်ကို နှိုးဆော်နေလေသည်။
“ပိုင်ရှင်ပု…. ငါအခု နင့်ကို တောင်ပိုင်းမြို့တော်ရဲ့ အစစ်မှန်ဆုံး စားသောက်ဖွယ်ရာဖြစ်တဲ့ မြစ်နဂါး ငါးချဉ် ရတဲ့ ဆိုင်ကို ခေါ်သွားပေးမယ်…”
သူတို့နှစ်ယောက်က လျှင်မြန်စွာ လျောက်လှမ်းနေကြပြီး သာမာန် အဆောက်အဦး တစ်ခုရှေ့သို့ ရောက်လာကြသည်။ ထိုအဆောက်အဦးက နှစ်ထပ် အဆောက်အဦးဖြစ်ပြီး အတွင်းပိုင်း အပြင်အဆင်က အနည်းငယ် သက်တမ်းရင့်ပုံ ရလေသည်။ တံခါး၀တွင် မူးယစ်သော မွှေးရနံ့ စားသောက်ဆိုင်ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထားလေသည်။
ထိုစကားလုံးများကို သွက်လက်သော ပုံဟန်နှင့် ရေးဆွဲထားပြီး မပြတ်မသား ခပ်ရေးရေး အဓိပ္ပါယ်များလည်း ပါ၀င်နေလေသည်။ ထိုစကားလုံးများက ဖတ်လိုက်သူကို ငြိမ်းချမ်းသော ခံစားချက်များ ဖြစ်ပေါ်လာစေနိုင်သည်။ ထိုစကားလုံးများကို ရေးထိုးထားသူက သာမာန်မဟုတ်ကြောင်း ထင်ရှားနေလေသည်။
“ဒီစားသောက်ဆိုင်ရဲ့ မူးယစ်သော မွှေးရနံ့ဆိုတဲ့ နံမည်စာလုံးတွေကို ငါတို့ရဲ့ ဧကရာဇ် ချန်းဖန်ကိုယ်တိုင် ရေးထိုးပေးခဲ့တာ… တောင်ပိုင်းမြို့တော်ကို ပထမဆုံး သူရောက်ခဲ့တုန်းက မြစ်နဂါးငါးချဉ်ကို စားပြီး ဆိုင်ဘုတ်ရေးထိုးဖို့ ကမ်းလှမ်းခဲ့တယ်…. အဲဒီအချိန်တုန်းက သူက ရုပ်ဖျက်ထားတာကြောင့် သူမှန်း ဘယ်သူမှ မသိကြဘူး… အဲဒါက တော်တော်စိတ်၀င်စားဖို့ ကောင်းတယ်…”
ရှောင်ယန်ယုက ဆိုင်ထဲရောက်သည်နှင့် ဆိုင်၏ နောက်ခံ သမိုင်းကြောင်းကို ရှင်းပြလိုက်သည်။
ဆိုင်ထဲတွင် စားသုံးသူများနှင့်စည်ကားနေပြီး မွှေးရနံ့များကလည်း ပျံ့လွင့်နေလေသည်။
“ဟေ့ စားပွဲထိုး… ငါတို့ကို ဒုတိယထပ်မှာစားပွဲ တစ်ခု ပြင်ပေးပါ….” ရှောင်ယန်ယုက အဖြူရောင်လက်သုတ် ပုဝါကို ပုခုံးပေါ်တွင် တင်ထားသော စားပွဲထိုးတစ်ယောက်ကို လှမ်းပြောလိုက်သည်။
ထိုစားပွဲထိုးက အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ဖော်ရွေစွာ ပြုံးပြလိုက်သည်။ ဒုတိယထပ်တွင် စားသောက်နိုင်သူ အများအပြား မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဒုတိယထပ်မှ ဟင်းပွဲများက ပထမထပ်ထက် အဆမတန် ဈေးကြီးသောကြောင့် ဖြစ်သည်။
ပုဖန်နှင့် ရှောင်ယန်ယုက စျေးနှုန်းများကို ဂရုမစိုက်ကြပေ။ ပထမထပ်တွင် စားသုံးသူများ များပြားလှသောကြောင့် တခဏအတွင်း ထိုင်ခုံနေရာရရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့က ဒုတိယထပ်သို့ သွားရန် ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။ စားပွဲထိုးနောက်မှ တစ်ကျွီကျွီ မြည်နေသော သစ်သားလှေကားများကို နင်းလျောက်လာပြီး ဒုတိယထပ်သို့ ရောက်ရှိလာလေသည်။ ဒုတိယထပ်က အနည်းငယ် ကျဉ်းမြောင်းလှသော်လည်း နေရာလွတ်များ ရှိနေလေသည်။ ဒုတိယထပ်တွင် စားသုံးသူများ ရှိနေသော်လည်း ကျန်နေသည့် နေရာများ ရှိနေလေသည်။
သူတို့နှစ်ယောက်က လက်ရမ်းနှင့် နီးသော စားပွဲတစ်လုံးကို ရွေးချယ်၍ ၀င်ထိုင်လိုက်ကြသည်။
ပုဖန်က ခေါင်းလှည့်၍ အောက်ဘက်မှ မြင်ကွင်းကို လှမ်းကြည့်လိုက်သည်။ ထိုနေရာမှ တောင်ပိုင်းမြို့တော်၏ လူစည်ကားနေသော လမ်းများ၊ လှပစွာ တန်ဆာဆင်ထားသော မီးအိမ်များ၊ သွားလာလှုပ်ရှားနေကြသော ခရီးသွားများနှင့် လှပစွာ တန်ဆာဆင်ထားသော လိုချင်စရာ အများအပြားကို တွေ့နိုင်လေသည်။
“စားပွဲထိုး… ငါတို့ကို မြစ်နဂါးငါးချဉ်နဲ့ ငန်းအသည်း တစ်ပွဲစီပေး… တခြား အရံဟင်းတွေကိုတော့ မင်းပဲ စီစဉ်ပေးလိုက်….”
“နဂါးမြစ် ငါးချဉ်ကို တောင်ပိုင်းမြို့တော်ရဲ့ အပြင်ဘက်မှာ စီးဆင်းနေတဲ့ မြစ်ထဲက ရတဲံ ငါးနဲ့ လုပ်ထားတာ…. အဲဒီငါးက ဒုတိယ အဆင့်ပဲ ရှိပေမယ့် အသားအရမ်း ပြည့်တယ်…. ချက်လိုက်ပြီဆိုတာနဲ့ အဆီပြည့်နေတဲ့ အသားတွေက အသားလွှာလေးတွေ အဖြစ် ပြောင်းသွားပြီး…. အရသာလည်း အရမ်း ရှိတယ်…”
ရှောင်ယန်ယုက စားပွဲခုံပေါ်လက်တင်၍ ထိုင်နေလိုက်ပြီး ချစ်စရာကောင်းသော မျက်လုံးလှလှလေးများနှင့် ပုဖန်ကို ကြည့်၍ ပြောလိုက်သည်။
ပုဖန်က ပြန်ပြုံးပြလိုက်သည်။ မြို့တော်သို့ သူလာသည့် လမ်းတွင် မြစ်ထဲ၌ ငါးဖမ်းနေသူများကို တွေ့ခဲ့ရသည်။
သူတို့နှစ်ယောက် အချိန်အနည်းငယ်မျှ စကားပြောနေပြီးနောက် ဟင်းပွဲများကို သယ်ဆောင်လာသည့် စားပွဲထိုးက ပြန်ရောက်လာလေသည်။ သူသယ်လာသော ကြွေပန်းကန်ထဲတွင် ငန်းအသည်း ဟင်းပွဲ ပါလာ၏။
“ဒီ မူးယစ်စေသော မွှေးရနဲ့ စားသောက်ဆိုင်က ချက်လိုက်တဲ့ ငန်းအသည်း ဟင်းပွဲက အကောင်းဆုံး မဟုတ်ပေမယ့် အစစ်အမှန် နည်းစနစ်နဲ့ အနီးစပ်ဆုံး တူတယ်လို့ ပြောလို့ရတယ်… ပိုင်ရှင်ပု မြည်းကြည့်ပါလား…” ရှောင်ယန်ယုက ပြောလိုက်ပြီး သူမ၏ မျက်နှာကာကို ချွတ်၍ ရင်သပ်ရှုမောဖွယ် အလှတရာကို ထုတ်ဖော်လိုက်သည်။
ဟင်းပွဲများ သယ်ဆောင်လာသော စားပွဲထိုးက ထိုမြင်ကွင်းကြောင့် ယစ်မူးသွားလေသည်။ ထိုကဲ့သို့ ဆွဲဆောင်မှု ရှိသော အမျိုးသမီးကို တစ်ကြိမ်မျှ မမြင်ခဲ့ဖူးပေ။ သို့သော် သူက ခဏအတွင်း သတိပြန်၀င်လာပြီး အခြားဟင်းပွဲများကို သယ်ဆောင်ရန် စိတ်မသက်မသာနှင့် ထွက်သွားလိုက်သည်။
ပုဖန်က တူတစ်စုံကို ကောက်ယူလိုက်ပြီး အနီရောင် အချဉ်ရည်ထဲ နှစ်ထားသည့် ငန်းအသည်းတစ်ဖက်ကို ကောက်ယူလိုက်သည်။ အချဉ်ရည်ကို ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိူးနှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ အချဉ်ရည်၏ ရနံ့က အနည်းငယ် စူးရှပြင်းထန်ပြီး ချဉ်သော ရနံ့ ရှိသည်။ ငန်းအသည်းက မမာနေပဲ စီးကပ်ကပ် အရသာရှိသည်။ ပါးစပ်ထဲ ထည့်လိုက်သည်နှင့် စူးရှပြင်းထန်သော ရနံ့နှင့် ချဉ်သော အရသာ ပေါင်းစပ်သွားပြီး ပုဖန်၏ မျက်၀န်းများကို လင်းလက်သွားစေသည်။
ဟင်းပွဲက ကောင်းမွန်ပြီး မူလ ငန်းအသည်း ဟင်းပွဲ၏ အရသာကို မှီလုနီးပါးပင် ဖြစ်သည်။ သူ၏ ထူးခြားသော ရနံ့များလည်း ပျောက်ဆုံးနေခြင်း မရှိပေ။
“မဆိုးဘူးပဲ….” ပုဖန်က ပြောလိုက်သည်။
ရှောင်ယန်ယုက ပြုံးလိုက်ပြီး တူကို ကောက်ကိုင်၍ ငန်းအသည်း တစ်ဖက်ကို ပါးစပ်ထဲ ထည့်လိုက်သည်။ ထိုဟင်းပွဲက မြစ်နဂါး ငါးချဉ်လောက် ကျော်ကြားခြင်း မရှိသော်လည်း လူကြိုက်များသော ဟင်းပွဲ တစ်ပွဲပင် ဖြစ်သည်။ မူးယစ်သော မွှေးရနံ့ စားသောက်ဆိုင်တွင်စားသုံးကြသော လူအများစုက ငန်းအသည်း ဟင်းပွဲကို မှာယူထားကြသည်။
“ဒီဟင်းပွဲက တော်တော်လေးကောင်းတယ်… နောက်ပြီး ပြောရမယ်ဆိုရင် ဒီဟင်းပွဲက အအေးဟင်းပွဲဖြစ်လို့ မီးနဲ့ အပူချိန်ကိုလည်း ထိန်းချုပ်ဖို့ မလိုဘူး… အချဉ်ရည်ကို ကျွမ်းကျွမ်းကျင်ကျင် စပ်တတ်ပြီးတော့ ငန်းအသည်းကို ကျွမ်းကျင်အောင် ဖြတ်တတ်ရင် ရပြီး …. ပြီးတော့လည်း အချဉ်ရည် စပ်တဲ့ နေရာမှာ လျို့ဝှက်နည်း ရှိမယ်ဆိုတာ ငါပြောနိုင်တယ်… ဒီ ငန်းအသည်းကို ဖြတ်တောက်ထားတဲ့ ဖြတ်တောက်ခြင်း နည်းစနစ်ကလည်း တော်တော်လေး ကောင်းမွန်တယ်…” ပုဖန်က သူ၏ အမြင်ကို ရိုးသားပွင့်လင်းစွာ ပြောလိုက်သည်။
ငန်းအသည်းဟင်းပွဲက ပုဖန်ကို ရုတ်တရက် အခြားဟင်းပွဲတစ်ခုကို အမှတ်ရသွားစေလေသည်။ နဂါးအသည်းချောင်း…. ထိုဟင်းပွဲက သူအဆင့် ချိုးဖျက် တက်ရောက်ချိန်တွင် စနစ်မှ ရရှိထားသော ဆုဖြစ်သည်။ သို့သော် သူ့တွင် ထိုဟင်းပွဲကို စမ်းသပ်ချက်ပြုတ်ရန် အခွင့်အရေး မရှိခဲ့သောကြောင့် ယခုအချိန်က ထိုဟင်းပွဲအတွက် လေ့လာရန် အကောင်းဆုံးအချိန် ဖြစ်နေလေသည်။
အချဉ်ရည်ထဲ နှစ်ထားသည့် ငန်းအသည်း ဟင်းပွဲက ပုဖန်၏ အအေးဟင်းပွဲများအပေါ် စိတ်၀င်စားမှုကို အစပျိုးသွားစေလေသည်။ ပုဖန်က ငန်းအသည်း နှစ်ဖက် သုံးဖက်မျှ စားလိုက်ပြီး လွင့်ပျံလာသော မွှေးရနံ့ အချို့ကို ရလိုက်သောကြောင့် တူကို ပြန်ချထားလိုက်သည်။ ထို့နောက် နောက်လှည့်ကြည့်လိုက်ရာ ပန်းကန်ကြီးတစ်ခုကို သယ်ဆောင်လာသော စားပွဲထိုးကို တွေ့လိုက်ရသည်။
စားပွဲထိုးလေးက ပန်းကန်ကြီးကို စားပွဲအလယ်တွင်တင်လိုက်ပြီး ပြောလိုက်သည်။
“ဒါက မင်းတို့မှာထားတဲ့ နဂါးမြစ် ငါးချဉ်ပါ… ကောင်းကောင်းသုံးဆောင်ပါ… ပြီးတော့ ငါတို့ဆိုင်မှာ အထူးချက်လုပ်ထားတဲ့ ဝိုင်ကိုရော မြည်းချင်သေးလား….”
“မင်းပြောတာက နွေဦးနဂါးမြစ်ဝိုင်လား…. ကောင်းပြီလေ… ငါတို့ကို တစ်အိုးပေး….”
ရှောင်ယန်ယုက အနည်းငယ် တွန့်ဆုတ်နေသော်လည်း ခေါင်းငြိမ့်ပြပြီး မှာယူလိုက်သည်။ ဖန်ဖန် ဆိုင်ငယ်လေးမှ ဝိုင်ကို သောက်သုံးပြီးနောက် အခြားဝိုင်များကို မသောက်လိုတော့သော်လည်း နွေဦးနဂါးမြစ်ဝိုင်က တောင်ပိုင်းမြို့တော်တွင် အကျော်ကြားဆုံးဝိုင်တစ်ခုဖြစ်သည်။ ထို့ကြောင့် တစ်ခွက်မျှ မသောက်ပဲ ပြန်သွားရပါက အလွန် နှမျောဖွယ် ကောင်းပေလိမ့်မည်။ ပုဖန်၏ အမူအယာအရ ဝိုင်ကို စိတ်မ၀င်စားကြောင်း ပေါ်လွင်နေလေသည်။
ပုဖန်က အငွေ့တထောင်းထောင်း ထနေသည့် မြစ်နဂါး ငါးချဉ် ဟင်းပွဲကိုသာ မျက်နှာမလွှဲတမ်း စိုက်ကြည့်နေလေသည်။ သူ၏ စိတ်ထဲတွင် ရုတ်တရက် တုန်ခါသွားပြီး သူ၏ လက်ထဲ၌ မှတ်စုစာအုပ်တစ်အုပ်ပေါ်လာလေသည်။ မသိစိတ်၏ နှိုးဆော်ချက်အရ ပုဖန်က ငုံ့ကြည့်လိုက်ရာ စားအုပ်လေး၏ ပထမဆုံး စာမျက်နှာပေါ်တွင် စာလုံးအပြည့် ရေးထိုးထားသည်ကို တွေ့လိုက်ရလေသည်။
“ပထမဆုံး မှတ်တမ်း… မြစ်နဂါး ငါးချဉ်….”