အခန်း ၂၅၁ “နဂါးမြစ်၏ မွန်းစတား”
တောင်ပိုင်းမြို့တော်၏ အပြင်ဘက်တွင် တဖွဲဖွဲကျနေသော မိုးစက်လေးများက ရပ်တန့်သွားပြီး တောက်လောင်နေသော နေလုံးကြီးက လင်းရောင်ခြည်များနှင့် အပူငွေ့များကို ထုတ်လွှတ်လျက်ရှိသည်။ နဂါးမြစ်၏ကမ်းစပ်တွင် ငါးဖမ်းနေကြသူများက တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြလေသည်။ သူတို့က အသက်ပင် ရဲရဲ မရှူပဲ သူတို့ ငါးမျှားချိတ်ကို လာဟပ်မည့် ဆူဆူဖြိုးဖြိုး ငါးများကို စောင့်မျှော်နေကြလေသည်။ မြစ်ရေပြင်ပေါ်တွင်လည်း ငါးဖမ်းလှေအချို့ မျောပါနေလေသည်။
လူအချို့က လှေပေါ်တွင် ခြေထောက်ချိတ်၍ အေးအေးသက်သာ ထိုင်နေကြပြီး အချို့က ငါးများများ ရစေရန် နဂါးမြစ်ထဲသို့ ပိုက်ကွန်များ ပစ်နေလေသည်။
နဂါးမြို့တော်၏ ဆယ်မိုင် အဆောက်အဦးတွင် အနက်ရောင် ၀တ်ဆင်ထားသော လူများ ရှိနေလေသည်။ ထိုသူများက မျက်နှာကို ကွယ်ထားသော ဝါးဦးထုတ်ကို ဆောင်းထားကြရာ သူတို့ကို မည်သူကမျှ မှတ်မမိနိုင်ကြချေ။ သို့သော် သူတို့ခန္ဒာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ဆယ်မိုင် အဆောက်အဦးထဲတွင် နားနေကြသော လူတစ်ချို့က အနက်ရောက်၀တ် လူများကို မနှစ်မြို့စွာ ကြည့်နေကြလေသည်။
“တောင်ပိုင်းမြို့တော်က ငါတို့ရဲ့ ရှေ့မှာ မြင်နေရပဲ မြို့ပဲ…. မြို့ကို လွှမ်းခြုံပြီး စီးဆင်းနေတာက နဂါးမြစ်…” လူတစ်ယောက်က အက်ရှရှအသံနှင့် ပြောလိုက်သောကြောင့် အားလုံးက ရပ်လိုက်ကြသည်။
“နဂါးမြစ်… ဟား…ဟား..ဟား… အစစ်အမှန် နဂါးဖြစ်လာဖို့ အချိန်တန်ပြီ…” နောက်ထက် လည်ချောင်းသံနှင့် မှတ်ချက်ချ ရယ်မောသံက ထွက်ပေါ်လာလေသည်။
ထိုလူစုက နဂါးမြစ်ကို သွားသည့် လမ်းအတိုင်း ဆက်၍ လျောက်လှမ်းလာကြသည်။ စီးဆင်းနေသည့် မြစ်ကို ကြည့်နေသော သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု တစ်စွန်းတစ်စကို တွေ့နိုင်လေသည်။
“ရှောင်မန်ရဲ့ သမီးက အခု မြို့ထဲမှာ ရှိနေတယ် မဟုတ်လား… သူ့သမီးသာ အန္တရာယ် ကြုံနေမယ်ဆိုရင် ဒီကို ရှောင်မန် အမြန်ဆုံး ပြောလာနိုင်မလားဆိုတာ ငါသိချင်သေးတယ်…”
“ရှောင်မန်က အင်ပါယာမြို့တော်ရဲ့ အစောင့်အရှောက် စစ်သည်တော်လေ… တောင်ပိုင်းမြို့တော် ကိစ္စလေးအတွက် ထွက်လာလို့ ရမှာမဟုတ်ဘူး… ဒါပေမယ့်… ဘယ်လိုပဲ ဖြစ်ဖြစ်… ငါတို့ရဲ့ အစီအစဉ်အတိုင်း ဆက်လုပ်ရမှာပဲ….”
အက်ရှရှအသံပိုင်ရှင်က ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။
သူတို့က စကားဆက်မပြောတော့ပဲ အစစ်အမှန် စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူတို့၏ လက်ဖဝါးများပေါ်တွင် ထူးခြားဆန်းကျယ်သော အနက်ရောင် မှော်အစီအရင် တစ်ခု ပေါ်ထွက်လာကာ တဖြည်းဖြည်း ထင်ရှားလာလေသည်။
“ရေထဲကို…”
ငါးယောက်ထဲမှ တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ တိုးတက်သွားကာ မြစ်ရေပြင်ပေါ်သို့ ခြေချလိုက်သည်။ သူတို့အားလုံးက ရေပေါ်တွင် ပေါလောပေါ်နေကြလေသည်။ ထို့နောက် အနက်ရောင် မှော်စွမ်းအင်များ ရစ်ပတ်နေသော သူတို့၏ လက်များကို ရေထဲနှစ်လိုက်သည်။
ဒီ…..
ထူးခြာလှသော စွမ်းအင်လှိုင်းများက အဘက်ဘက်သို့ ပြန့်နှံ့သွားပြီး မြစ်ရေပြင်ပေါ်တွင် လှိုင်းဂယက်များ ထလာလေသည်။
အာရုံစိုက်၍ ငါးဖမ်းနေကြသူများက ခေါင်းမော့၍ စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။ မြစ်ထဲမှ ငါးဖမ်းလှေများကလည်း လွန့်လူးသွားကြသောကြောင့် သူတို့က ခေါင်းမော့၍ ကြည့်လိုက်ကြသည်။ သို့သော် မည်သ်ည့်ထူးခြားချက်မှ မတွေ့ကြရပေ။
လူငါးယောက်က သူတို့၏လက်များကို မြစ်ရေထဲမှ ပြန်နှုတ်လိုက်ပြီး ကမ်းစပ်သို့ ပြန်တက်သွားကြသည်။ သူတို့့၏ လက်မှ အစီအရင်ကလည်း ပျောက်ကွယ်သွားလေသည်။ ထိုသူများက ကမ်းစပ်တွင် ရပ်၍ နဂါးမြစ်ရေပြင်ကို စိုက်ကြည့်နေကြလေသည်။
ကောင်းကင်ယံထက်မှ နေရောင်ခြည်က ဖြာကျနေလေသည်။ အမြင့်မှ ကြည့်လိုက်လျှင် နဂါးမြစ်၏ အောက်ခြေ၌ ကြီးမားလှသောပုံရ်ိပ်တစ်ခု ရှိနေသည်ကို တွေ့မြင်နိုင်ပေသည်။
……….
ပုဖန်က သူ၏ ရှေ့မှ အငွေ့တထောင်းထောင်း ထနေသည့် နဂါးမြစ် ငါးချဉ် ဟင်းပွဲကို ကြည့်၍ မျက်၀န်းများ တောက်ပနေလေသည်။ ဆူဖြိုးလှသော ငါးပေါ်တွင် အနက်ရောင် အနှစ် ဆမ်းထားပြီး ဖြူဖြူဖွေးဖွေး ငါးအသားလေးများမှ မွှေးပျံ့လှသော ရနံ့များ ထုတ်လွှတ်နေရာ ပုဖန်က အသက်တစ်ချက် ရှိုက်လိုက်မိသည်။ ငါး၏ အရွယ်အစားက ကြီးမားလှပြီး စားဖိုမှုးက ဗိုက်သားမှ နှစ်ခြမ်း ခွဲထားလေသည်။
တစ်ခြမ်းကို အသားလွှာထွင်းထုခြင်း နည်းစနစ်ကို သုံး၍ အလျားလိုက် သုံးချက်နှင့် ဒေါင်လိုက်ငါးချပ် မွှန်းထားလေသည်။ နောက်တစ်ခြမ်းကို ဖြတ်တောက်ခြင်း နည်းပညာနှင့် အရည်ပြားကို မပျက်စီးစေပဲ ကျောရိုးအထိ ပေါ်အောင် ခွဲချထားလေသည်။ စားဖိုမှုးက နဂါးမြစ်ငါးချဉ် ဟင်းပွဲကို ကျွမ်းကျင်ပိုင်နိုင်စွာနှင့် ချက်ပြုတ်ထားပုံရလေသည်။ အသားလွှာထွင်းထုခြင်းနှင့် ဖြတ်တောက်ခြင်း နည်းပညာ နှစ်ခုလုံးတွင် ကျွမ်းကျင်မှု ရှိသည်ကို တွေ့မြင်ရပြီး ငန်းအသည်း ဟင်းပွဲထက် ပိုမိုကောင်းမွန်ပေသည်။
ပုဖန်၏ လက်ထဲတွင် စနစ်မှ ပေးထားသော မှတ်စုစာအုပ်လေးက ရုတ်တရက် ပေါ်ထွက်လာလေသည်။ မှတ်စုစာအုပ်ထဲတွင် နဂါးမြစ်ငါးချဉ် ဟင်းပွဲကို မှတ်တမ်းတင်ထားလေသည်။ ပုဖန်က တောင်ပိုင်းမြို့တော်သို့ ရောက်ရှိချိန်မှ စ၍ ဟင်းပွဲများစွာ စားခဲ့သော်လည်း မှတ်စုစာအုပ်တွင် မှတ်တမ်းတင်ထားခြင်း မရှိပေ ယခုခါ နဂါးမြစ်ငါးချဉ်ဟင်းပွဲကို စစ်မှန်ပြီး အရသာ ရှိသည်ဟု မှတ်စုစာအုပ်က သတ်မှတ်လိုက်ပုံရလေသည်။
စာအုပ်ထဲတွင် မှတ်တမ်းတင်ပြီးသည်နှင့် ပုဖန်က ဟင်းပွဲချက်ပြုတ်ပုံ အဆင့်ဆင့်ကို သိနိုင်လေသည်။ ဆိုလိုသည်မှာ ချက်ပြုတ်သည့် နည်းလမ်းများကို အလွယ်တကူ သင်ယူနိုင်သောကြောင့် ပုဖန်အတွက် အလွန်အဆင်ပြေသည့် နည်းလမ်းပင် ဖြစ်သည်။
“ပိုင်ရှင်ပု… မြည်းကြည့်လေ… ဒီနဂါးမြစ် ဟင်းပွဲက အရမ်းစားလို့ကောင်းတယ်..” ရှောင်ယန်ယုက ပုဖန်ကို ခပ်ပြုံးပြုံးနှင့် ကြည့်လိုက်သည်။
ပုဖန်က ခေါင်းညိမ့်ပြလိုက်ပြီး သူ၏ တူကို ကောက်ယူ၍ စားသုံးရန် ပြင်လိုက်သည်။ သူက ပထမဦးစွာ ငါး၏ အရည်ပြားကို ဆွဲဖယ်လိုက်ရာ မွှေးပျံ့လှသော အချဉ်ရည်များက အဖြူရောင် ငါးအသားထဲသို့ စိမ့်၀င်သွားလေသည်။ ထို့နောက် ပုဖန်က နူးညံ့စိုအိနေသော ငါးအသားဖက် ခပ်ကြီးကြီးတစ်ဖက်ကို ညှပ်ယူလိုက်သည်။ ပုနွေးလှသော အငွေ့များနှင့် အချဉ်ရည်များ ထွက်လာသောကြောင့် ငါးအသားက အနည်းငယ် တုန်ခါနေလေသည်။
ပုဖန်က ငါးအသားကို သေချာစွာ ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ နဂါးမြစ်ထဲမှ ငါးက ပုံရိပ်ယောင် စိတ်ဝိဥာဉ်နယ်မြေတွင် တွေ့ခဲ့ရသော ငါးထက် အနည်းငယ် ပို၍ ဆူဖြိုးပေသည်။ ခြုံ၍ ပြောရလျင် နေရာဒေသ ပတ်၀န်းကျင်ကိုလိုက်၍ ငါးများ၏ အမျိုးအစားက ကွဲပြားကြလေသည်။ နဂါးမြစ်၏ ပတ်၀န်းကျင်က ကောင်းမွန်လှသောကြောင့် သဘာ၀အားဖြင့် ငါးများက လတ်ဆတ်လှပြီး အသားပြည့်လှပေသည်။ ငါးအသားက ပါးစပ်ထဲ ရောက်သွားသည်နှင့် နူးညံ့စိုအိလှသော ငါးက လည်ချောင်းထဲသို့ ပျော်၀င်စီးဆင်းသွားလေသည်။
အချဉ်အရသာက ပေါက်ကွဲထွက်လာပြီး ချိုမြမှုနှင့် ပေါင်းစပ်သွားလေသည်။ ထိုအရသာက ပုဖန်၏ လျှာပေါ်တွင် ဝဲလည်နေသောကြောင့် သူက ကျေနပ်နှစ်သိမ့်စွာနှင့် မျက်လုံးများမှေးစင်း၍ အရသာ ခံနေလိုက်သည်။
“ဘယ်လိုနေလဲ…” ရှောင်ယန်ယုက မေးထောက်၍ ပုဖန်ကို ခပ်ပြုံးပြုံးကြည့်နေရာမှ မေးလိုက်သည်။
ပုဖန်က ခေါင်းငြိမ့်ပြလိုက်သည်။ နဂါးမြစ်ငါးချဉ်က စစ်မှန်လှပြီး အရသာကလည်း ကောင်းမွန်လှလေသည်။ သို့သော် ထိုဟင်းပွဲတွင် လိုအပ်ချက်များ ရှိနေပြီး တိုးတက်ရန် အခွင့်အရေး ရှိနေလေသည်။ ပုဖန်က ငါးအသားတစ်ဖက်ကို ထပ်မံကောက်ယူလိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
ရှောင်ယန်ယုကလည်း ငါးအသားတစ်ဖက်ကို ထပ်မံကောက်ယူလိုက်ပြီး ပါးစပ်ထဲထည့်၍ တလှုပ်လှုပ် ဝါးနေလေသည်။ သူမက လျှာပေါ်တွင် ဖြတ်သန်းနေသော မွှေးပျံ့မှုနှင့် နူးညံ့မှုကို အရသာခံနေခြင်း ဖြစ်သည်။
နောက်ထပ်ဟင်းပွဲများက တစ်ပွဲပြီးတစ်ပွဲ ရောက်ရှိလာကြလေသည်။ ဟင်းပွဲတိုင်းက အပူငွေ့လေးများ တထောင်းထောင်းထနေပြီး စားချင်စဖွယ် ဖြစ်နေလေသည်။ လေထဲမှ မွှေးပျံ့နေသော ရနံ့များကလည်း လူတိုင်း၏ စားချင်စိတ်များကို လှုံ့ဆော်နေလေသည်။
ပုဖန်က ငါးကိုထပ်စားနေပြီး အတွေးထဲ နစ်မြုတ်နေလေသည်။ မှတ်စုစာအုပ်ထဲတွင် နဂါးမြစ်ဟင်းပွဲကို မှတ်သားထားရုံသာ မကပဲ ရေနေသတ္တဝါများနှင့် သက်ဆိုင်သော တိုးတက်နိုင်သည့် နည်းလမ်းများကို ဖော်ပြထားလေသည်။ မြစ်နဂါးငါးချဉ်ကို ချက်ပြုတ်ထားသည့် နည်းလမ်းက အရသာရှိလှသော်လည်း မူလပါ၀င်သည့် စိတ်ဝိဥာဉ် စွမ်းအင်များကို ပျောက်ဆုံးသွားစေလေသည်။
နဂါးမြစ်ထဲမှ ရသော ငါးက ဒုတိယအဆင့် စိတ်ဝိဥာဉ်သားရဲဖြစ်ပြီး အသားတွင် စွမ်းအင်အမြောက်အများ ပါ၀င်နေလေသည်။ ငါးကို ချက်ပြုတ်ပြီးနောက် စိတ်ဝိဥာဉ်စွမ်းအင်များ မရှိတော့ရာ ထိုအရာက ဖြုန်းတီးခြင်းပင် ဖြစ်သည်။ မှတ်စုစာအုပ်ထဲတွင် တိုးတက်နိုင်သည့် နည်းလမ်းများကို ဖော်ပြထားသည့်အပြင် ချက်ပြုတ်နေသည့် အချိန်တွင် ပါဝင်ပစ္စည်းများမှ စွမ်းအင်များကို မပျောက်ပျက်သွားစေရန် ထိန်းချုပ်နိုင်သည့် နည်းလမ်းများကိုပါ ဖော်ပြထားလေသည်။
ထိုအချက်က စားဖိုမှုးတိုင်း၏ အိမ်မက်ပင် ဖြစ်သည်။ သို့သော် ချက်ပြုတ်နေချိန်တွင် စွမ်းအင်လှည့်ပတ်ရန်မှာ ခက်ခဲလှသည်။ အချက်အပြုတ် မာစတာတစ်ယောက်ပင် ပါ၀င်ပစ္စည်းထဲမှ စွမ်းအင်ကို ထိန်းချုပ်နိုင်ရန် အကြိမ်ထောင်ပေါင်းများစွာ လိုအပ်ပေသည်။ထို့ကြောင့် သက်စောင့်ဟင်းပွဲ ချက်ပြုတ်ရန် ခက်ခဲနေကြခြင်း ဖြစ်သည်။
“အာ…. တစ်ယောက်ယောက် ထိခိုက်မိသွားပြီ….”
မူးယစ်သော မွှေးရနံ့ စားသောက်ဆိုင်၏ အောက်ဘက်မှ ရုတ်ရုတ်သဲသဲ အခြေအနေက ပုဖန်၏ အတွေးများကို ပျက်ပြယ်သွားစေလေသည်။
ရှောင်ယန်ယုက ပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီး နှစ်ယောက်သာ အောက်သို့ကြည့်လိုက်လေသည်။
မြို့တံခါးအနီးမှ လမ်းမထက်တွင် ရေလွှမ်းမိုးခြင်း ခံရသကဲ့သို့ လူများက ရုတ်ရုတ်သဲသဲ ဖြစ်နေကြလေသည်။
“သွား… သမားတော် သွားခေါ်ကြ… ဒီနားမှာ ရုတ်ရုတ်ရုတ်ရုတ် လုပ်မနေကြနဲ့….”
ရေများ စိ်ုရွှဲနေသည့် လူငယ်တစ်ယောက်က သွေးနီရောင် မျက်၀န်းများနှင့် ပတ်၀န်းကျင်ကို ကြည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ မျက်၀န်းထဲတွင်လည်း ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေလေသည်။ သူ၏ ရှေ့တွင် ခြေထောက်နှစ်ချောင်းလုံး ကျိုးနေသော သတ်လတ်ပိုင်းလူတစ်ယောက် လဲနေလေသည်။ ထိုသူ့ဆီမှ သွေးများက အနီးတွင် သွေးအိုင်ငယ်တစ်ခုကဲ့သို့ ဖြစ်နေလေသည်။ သူ၏ ခြေထောက်က ဆိုးဝါးလှသော သတ္တဝါတစ်ကောင် အကိုက်ခံရသကဲ့သို့ ဟက်တက်ကွဲနေပြီး အရိုးပေါ်သည်အထိ ဒဏ်ရာပြင်းထန်လေသည်။
မြို့တံခါးသို့ ဒဏ်ရာရထားသူများ တဖွဲဖွဲ ရောက်ရှိလာလေသည်။ သူတို့၏ ဒဏ်ရာများက တူညီနေကြပြီး တစ်စုံတစ်ခု၏ အကိုက်ခံထားသကဲ့သို့ ဟက်တက်ကွဲနေကြလေသည်။ သူတို့ထံမှ သွေးများက မြို့တံခါး၀တွင် ရဲရဲနီနေပြီး သွေးနံ့များ လှိုင်ထွက်နေလေသည်။
“ဘာတွေဖြစ်နေတာလဲ …့ရုတ်တရက်ကြီး ဘယ်လိုဖြစ်လို့ လူတွေ အများကြီးဒဏ်ရာရလာတာလည်း…ကြည့်ရတာ အဲဒီလူတွေက နဂါးမြစ်ရဲ့ တံငါသည်တွေနဲ့ တူတယ်….” အံ့အားသင့်မှုကြောင့် ရှောင်ယန်ယု၏ နှုတ်ခမ်းပါးလေးများက ပွင့်ဟနေလေသည်။
တောင်ပိုင်းမြို့တော်၏ ကျုံးဖြစ်သော နဂါးမြစ်ထဲတွင် သဘာ၀အားဖြင့် စိတ်ဝိဥာဉ် သားရဲများ ရှိနေသော်လည်း သူတို့၏ အဆင့်က မြင့်မားခြင်း မရှိပေ။ တံငါသည်များ၏ စွမ်းအင်အဆင့်ကလည်း ပထမနှင့် ဒုတိယအဆင့် များ ဖြစ်ကြသောကြောင့် ငါးဖမ်း၍ မိသားစုကို ထောက်ပံ့ရန် လုံလောက်နေလေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက နဂါးမြစ်ထဲသို့ သန်မာလှသော သားရဲတစ်ကောင် လမ်းမှား၀င်လာပြီး အကိုက်ခံရကာ ဒဏ်ရာရမှုများ ဖြစ်ခဲ့ဖူးလေသည်။ သို့သော် ယခုအကြိမ်က ပိုမို၍ ဆိုးဝါးနေပြီး ကြောက်မက်ဖွယ် ကောင်းနေလေသည်။
ဒီဒဏ်ရာကိုကြည့်ရတာတော့ ဆိုးဝါးတဲ့ စိတ်ဝိဥာဉ်ငါးတစ်ကောင်ကောင်ကြောင့် ဖြစ်လိမ့်မယ်… ပုဖန်က မှတ်ချက်ပြုလိုက်သည်။
ဟမ်…
မှင်သက်ကြောင်အနေသော ရှောင်ယန်ယုက ပုဖန်၏ စကားကို နားမလည်လိုက်ချေ။
“ငါတို့ အောက်ကိုသွားကြည့်ရအောင်…”
ပုဖန်က ရှောင်ယန်ယုကို ဆက်၍ မရှင်းပြတော့ချေ။ နဂါးမြစ်ဟင်းပွဲကို သူစားပြီးသည့်အပြင် စာအုပ်ထဲတွင် မှတ်တမ်းတင်ပြီးပြီ ဖြစ်သောကြောင့် ပြည့်စုံမှု မရှိသည့် ဟင်းပွဲကို ထပ်မံစားသောက်လိုခြင်း မရှိတော့ပေ။ ထို့အပြင်လေထဲမှ သွေးညှီနံ့များက သူ၏ အစာစားချင်စိတ်ကို ဆိုးဝါးအောင် ပြုလုပ်နေလေသည်။
ထိုကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းလှသော အခြေအနေတွင် အစားစားနေသည့် မည်သူမဆို စားချင်စိတ် ပျောက်သွားမည်သာ ဖြစ်သည်။
ရှောင်ယန်ယုက ခေါင်းညိမ့်ပြလိုက်ပြီး သူမ၏ မျက်နှာကာကို ပြန်လည်တပ်ဆင်လိုက်သည်။
ထို့နောက် ပုဖန်က စားပွဲထိုးလေးကိုခေါ်၍ ရွှေပြားနှစ်ပြားပေးလိုက်လေသည်။ ထို့နောက် သူတို့နှစ်ယောက်က ပြန်အမ်းငွေကို မစောင့်တော့ပဲ ဆိုင်အောက်သို့ ဆင်း၍ ရုပ်ရုပ်သဲသဲ ဖြစ်နေသော မြို့တံခါးသို့ ဦးတည်လိုက်လေသည်။
သံချပ်ကာ ၀တ်ထားသောအစောင့်များက လမ်းမပေါ်တွင် ပြေးလွှားနေကြပြီး မြင်ကွင်းကို အလျှင်အမြန် ကာဆီးလိုက်ကာ စုဝေးနေသည့် လူများကို လူစုခွဲရန် အမိန့်ပေးလိုက်ကြသည်။
ဒဏ်ရာရထားသော တံငါသည်များက မြို့ထဲသို့ ၀င်လာနေဆဲပင် ဖြစ်သည်။ တောင်ပိုင်းမြို့တော်တွင် နေထိုင်ကြသူများ၏ နှလုံးသားများက မွန့်ကျပ်နေသလို ခံစားနေရလေသည်။ နဂါးမြစ်ထဲသို့ စိတ်ဝိဥာဉ်သားရဲတစ်ကောင် မတော်တဆ ရောက်ရှိလာပြီး ထိုသားရဲက အင်အားကြီးမားနေခြင်း ဖြစ်နိုင်ပေသည်။
“အဲဒီမှာ…. မ… မကောင်းဆိုးဝါး ရှိတယ်…”
မြို့တံခါး၀၌ တံငါသည်များက အုတ်အုတ်ကျက်ကျက် ဆူညံနေကြသည်။ သူတို့ထဲမှ ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံက မြို့တံခါး၀တွင် စုဝေးနေသော လူအုပ်ကြီးကို ထိတ်လန့်သွားစေလေသည်။
ထိုအချိန်တွင် မြို့၏ အပြင်ဘက်မှ နားကွဲမတက် ဆူညံလှသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာလေသည်။