အပိုင်း ၂၅၂
Viewers 53k

အခန်း ၂၅၂ “နဂါးနတ်ဆိုးငါး”

ကြောက်မက်ဖွယ်ကောင်းပြီး နားကွဲလောက်အောင်ပင် ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ လှိုင်းလုံးများက ကမ်းစပ်သို့ရိုက်ခတ်လာလေသည်။ အနံ့ဆိုးများ သယ်ဆောင်လာသော မိုးသက်မုန်တိုင်းက မြို့တံခါး၀ကို ဖြတ်သန်းလာပြီး တောင်ပိုင်းမြို့သူ မြို့သားများထံသို့ တိုက်ခတ်လာခဲ့သည်။

ရွှပ် … ရွှပ်..

သံချပ်ကာများ ၀တ်ဆင်ထားသော စစ်သည်တော်များက မြို့တံခါးသို့ အလျင်အမြန်သွားလိုက်ကြသည်။ သူတို့က မြို့ကို ကာကွယ်ရန် အသင့်ပြင်ထားကြပြီး မျက်နှာအမူအယာများက တင်းမာခက်ထန်နေကြသည်။

“အဲဒီမှာ မကောင်းဆိုးဝါးရှိတယ်… မင်းတို့ အသက်ကို နှမျောရင် ပြေးကြတော့…”

“အဲဒါကြီးက နဂါးမြစ်ထဲက ကြောက်စရာကောင်းတဲ့ သတ္တဝါပဲ….”

လူအုပ်ကြီးက ရုပ်ရုပ်သဲသဲဖြစ်လာပြီး နဂါးမြစ်ဘက်ကို ကြည့်၍ စတင်အော်ဟစ်နေကြသည်။ သူတို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေပြီး ခြေဦးတည့်ရာ ပြေးလွှားနေကြသည်။

ထိုအချိန်တွင် အစောင့်တပ်သားများက ငြိမ်သက်အောင် မထိန်းသိမ်းနိုင်တော့ပဲ မြို့တော်က ဖရိုဖရဲ ဖြစ်နေလေသည်။

ပုဖန်နှင့် ရှောင်ယန်ယုတို့ လျောက်လှမ်းလာသည့် လမ်းတစ်လျောက်တွင် အစောင့်များနှင့် မြို့သူမြို့သားများက ခြေဦးတည့်ရာ ပြေးလွှားနေကြသည်ကို တွေ့နေရလေသည်။

ဝေရာ….

နားကွဲလောက်သော မြည်ဟီးသံက ထွက်ပေါ်နေဆဲပင် ဖြစ်သည်။

အစောင့်တပ်သားများက မြို့တံခါးကို ပိတ်ချရန် သံမဏိ တံခါးကြီးကို ဆွဲတင်နေကြသည်။ ထိုတံခါးများကို မူလက တံတားနှင့် ဆက်သွယ်ထားပြီး မြို့ထဲသို့ သတ္တဝါကြီး ၀င်ရောက်မလာနိုင်စေရန် တံခါးကို ပိတ်ဆို့မည်ဖြစ်သည်။ မြင့်မားလှသော လှိုင်းတံပိုးများက မြို့ရိုးကိုပင် ကျော်လွန်သွားပြီး အေးမြလှသော မြစ်ရေများက မြို့ရိုး၏ အက်ကွဲကြောင်းများမှ စိမ့်၀င်လာလေသည်။

ပုဖန်နှင့် ရှောင်ယန်ယုတို့က ရှေ့သို့ ဆက်လျောက်နေကြသော်လည်း အစောင့်များက ရုတ်တရက် သူတို့ ရှေ့တွင် ပိတ်ဆို့ထားလိုက်ကြသည်ကို တွေ့လိုက်ကြသည်။ လူအများစုက သူတို့အနီးတွင် စုရုံးလာကြသောကြောင့် ပုဖန်က မျက်ခုံးပင့်လိုက်မိပြီး ရှောင်ယန်ယုက တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သည်။

“ယန်ယု နင်က နင်က ဒီမှာရောက်နေတာလဲ… အခု အပြင်မှာ အရမ်း အန္တရာယ်များနေတယ်… အခုချက်ချင်း ရှောင်စံအိမ်တော်ကို ငါတို့နဲ့ ပြန်လိုက်ခဲ့…”

ထိုလူစု၏ ခေါင်းဆောင်က ပိုးထည်၀တ်စုံကို ၀တ်ဆင်ထားသော သတ်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်သည်။ ထိုသူ၏ မုတ်ဆိတ်များက အလွန်ရှည်လျားလှပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ တည့်မတ်စွာ ရပ်နေလေသည်။ သူက ရှောင်ယန်ယုကို တွေ့သွားချိန်တွင် စိတ်သက်သာရာ ရသွားဟန်နှင့် အပြုံးတစ်ခု ပြုံးလိုက်ပြီး အော်ပြောလိုက်သည်။

ထိုသက်လတ်ပိုင်းလူ၏ နောက်တွင် ရှောင်မိသားစု ဖြစ်ဟန်တူသော လူများ ရပ်နေကြလေသည်။ ထိုသူများက တန်ဖိုးကြီးလှသော ပိုးထည်၀တ်စုံများကို ၀တ်ဆင်ထားကြပြီး ခန္တာကိုယ်ပေါ်တွင် အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်ထားကြလေသည်။ အစောပိုင်းက ရှောင်ယန်ယု ပြန်လွှတ်လိုက်သော အစေခံ မိန်းကလေးက ထိုလူအုပ်ကြားထဲတွင် ပုန်းကွယ်နေလေသည်။

“ရှောင်ခယ်ချန်း… အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို နင်သိလား….” ရှောင်ယန်ယုက ထိုသူ၏ စကားကို ပြန်မဖြေပဲ မေးလိုက်သည်။

ရှောင်ခယ်ချန်းက မြို့တံခါး၀သို့ လှည့်လိုက်ပြီး နှုတ်ခမ်းတွန့်လိုက်သည်။

“အကန့်အသတ်မဲ့ သမုဒ္ဓရာထဲက ဝိဥာဉ်သားရဲတစ်ကောင်ကောင် လမ်းမှားပြီးတော့ မြစ်ထဲကို ရောက်လာတာ ဖြစ်လ်ိမ့်မယ်.. တောင်ပိုင်းမြို့တော်မှာ ဒီလိုကိစ္စမျိုးက မထူးဆန်းပါဘူး…. ဒီတစ်ကြိမ် သားရဲက ပိုပြီး ကြောက်စရာ ကောင်းနေတာပဲ ရှိတယ်…”

ထိုစကားများကို ပြောလိုက်ပြီး ခဏအကြာတွင် သံမဏိ ဂိတ်တံခါးဆီမှ ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။

ကြီးမားလှသော သတ္တဝါက မြို့တံခါး၏ အခြားတစ်ဖက်မှ တိုက်ခိုက်နေပုံ ရလေသည်။ ပြင်းထန်လှသော တိုက်ခိုက်မှုများကို မြို့တံခါးက တောင့်မခံနိုင်တော့ပဲ တကျွီကျွီ မြည်နေလေသည်။ ထို့နောက် အေးစက်လှသော ရေများက မြို့ထဲသို့ ၀င်လာလေသည်။

ရှောင်ခယ်ချန်းက ရင်တုန်ပန်းတုန်ဖြစ်သွားပြီး သူ၏ မျက်နှာက မည်းမှောင်လာလေသည်။

“ဒီခွန်အားကို ကြည့်ရတာ အပြင်မှာ အဆင့် ခုနစ် စိတ်ဝိဥာဉ်သားရဲ ဖြစ်လိမ့်မယ်ထင်တယ်.. ဒါပေမယ့် အဆင့်ခုနစ် သားရဲကို ပင်လယ်ဆိပ်ကမ်း အစောင့်တွေက ဘာလို့ လွှတ်ပေးလိုက်တာလဲ… ဒီလိုကြီးတဲ့ သတ္တဝါကို မျက်မမြင်တွေတောင် မမြင်ပဲ နေမှာမဟုတ်ဘူး”… ရှောင်ယန်ယုက တီးတိုးရေရွတ်လိုက်သည်။

မြို့တံခါး၀မှ ၀မ်းနည်းထိတ်လန့်ဖွယ်ရာ မြင်ကွင်းကြောင့် ရှောင်ယန်ယု၏ စိတ်ထဲတွင် ၀မ်းနည်းထိတ်လန့်နေဆဲပင် ဖြစ်သည်။ ထိုမတော်တဆ ဖြစ်ရပ်သာ အစောင့်များ၏ ပေါ့လျော့မှုကြောင့် ဖြစ်ခဲ့ခြင်းဆိုလျင် ပင်လယ်ဆိပ်ကမ်းစောင့်များကို ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။

“စိတ်အေးအေးထားပါ … မိန်းကလေးရှောင်… ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်ခုခု ရှိနေမယ်ထင်တယ်… ပင်လယ်ဆိပ်ကမ်း အစောင့်တွေက ငါ့ရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိတာပါ… သူတို့ ဒီလို အမှားကြီးကြီး မလုပ်ဘူးဆိုတာကို ငါ… ချန်ရှန်ရဲ့ ဘ၀နဲ့ အာမခံပါတယ်…”

ထိုလူစုကို လွှမ်းမိုးနိုင်သော အရှိန်အဝါများနှင့် သန်မာသော လူတစ်ယောက်က ဦးဆောင်ထားလေသည်။ ထိုချန်ရှန်က တောင်ပိုင်းမြို့တော်၏ စစ်သေနာပတိချုပ်ဖြစ်ပြီး အင်ပါယာ အဆင့် တစ်ယောက် ဖြစ်သည်။

“ဒီလောက်ကြီးမားတဲ့ အဆင့်ခုနစ် စိတ်ဝိဥာဉ်သတ္တဝါကြီးတစ်ကောင် နဂါးမြစ်ထဲပေါ်လာတယ်ဆိုတာ… မယုံနိုင်စရာ ကောင်းလွန်းတယ်… တကယ်လို့ အစောင့်တွေက ပေါ့လျော့နေတယ်ဆိုရင်တောင် ဒီလောက်ကြီးမားတဲ့ မွန်းစတားကို မြစ်ထဲ ၀င်ခွင့်ပြုမှာ မဟုတ်ဘူး…”

ပုဖန်က ဘေးဘက်တွင် အေးဆေးစွာ ရပ်နေလေသည်။ အတူတကွ စုရုံးနေကြသော အစောင့်များကို ကြည့်၍ သူ၏ စိတ်နှလုံးက အေးချမ်းသွားလေသည်။

တောင်ပိုင်းမြို့တော်၏ မြို့ရိုးအပြင်ဘက်တွင် ကြီးမားလှသော ငါးကြီးက မြို့ရိုးကို တိုက်ခိုက်နေလေသည်။ ထိုငါးကြီးပေါ်ရှိ အကြေးခွံများက နေရောင်အောက်တွင် လင်းလက်တောက်ပနေပြီး ကြည့်ရှုနေသော လူများ၏ မျက်လုံးများကို ကြိမ်းစက်သွားစေလေသည်။

ငါးကြီးက သူ၏ ချွန်မြနေသော သွားကြီးများကို လှစ်ဟလိုက်လေသည်။ ထိုသွားကြီးများကို မြင်လိုက်ရသည်နှင့် ကြည့်ရှုနေသူများ အားလုံးက ကြက်သီးထလာလေသည်။ ထိုမွန်းစတား ငါးကြီး၏ ပျော့ပြောင်းရှည်လျားလှသော နှုတ်ခမ်းမွှေးများက လေထဲတွင် ကြာပွတ်များကဲ့သို့ ရမ်းနေလေသည်။

ဘန်း….

မွန်းစတား ငါးကြီးက အားအပြည့်နှင့် မြို့ရိုးကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ရာ မြို့ရိုးက အကြီးအကျယ် လှုပ်ခါသွားလေသည်။

တောင်ပိုင်းမြို့တော်၏ မြို့ရိုးကို တိုက်ခိုက်နေသည့် သတ္တဝါကြီးကို အနက်ရောက် ၀တ်စုံနှင့် လူငါးယောက် ခပ်လှမ်းလှမ်း တစ်နေရာမှ ရပ်ကြည့်နေကြလေသည်။

“ဒီအဆင့်ခုနစ် နဂါးနတ်ဆိုးငါးက အကန့်အသတ်မဲ့ သမုဒ္ဓရာမှာတောင် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စိတ်ဝိဥာဉ်သားရဲတစ်ကောင်ပဲ…. ငါတို့က အကြီးအကဲရဲ့ ညွှန်ကြားချက်အတိုင်း ဒီသားရဲ့ကို ကောင်းကောင်း အသုံးချန်ိုင်မယ်ဆိုရင် တောင်ပိုင်းမြို့တော်က ပြသနာတွေနဲ့ ရင်ဆိုင်ရတော့မှာပဲ…” အက်ရှရှအသံနှင့် တစ်ယောက်က ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ်… အခု နတ်ဆိုးငါးက ဒီကိုရောက်နေပြီဆိုတော့ တောင်ပိုင်းမြို့တော်က ဒီပြသနာကို အချိန်အနည်းငယ်လောက်နဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး… အဲတော့ ရှောင်မန်ရဲ့ သမီးကလည်း မြို့ထဲမှာပဲ ပိတ်မိနေမှာပဲ…”

“ငါစိုးရိမ်တာက အင်ပါယာမြို့တော်က ရှောင်မန့်ရဲ့ နားထဲကို ဒီသတင်း မြန်မြန်ဆန်ဆန် ရောက်သွားမှာကိုပဲ… ရှောင်မန်က သူ့ရဲ့ အဖိုးတန် သမီးလေးကို လာမကယ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ…”

“ကျွတ် … ကျွတ်… ကျွတ်… လေအလင်းအင်ပါယာတောင် မကြာခင်မှာ ပြသနာတွေကြားထဲ နစ်မြုတ်သွားတော့မှာလေ… ငါတို့ရဲ့ အကြီးအကဲက ဂျိချန်းယုကို အကူအညီပေးမယ်လို့ ကတိပေးပြီးပြီဆိုတော့ သူက သူ့ရဲ့ ကတိကို ကြိမ်းသေပေါက် တည်အောင်လုပ်မှာပဲ…”

“အခု ငါတို့ရဲ့ တာ၀န်က ဗရမ်းဗတာ အခြေအနေတွေ လုပ်ဖို့ပဲ … ပြီးတော့ ငါတို့ ရှုရ

ဂိုဏ်းက အချိန်တော်တော်ကြာကြာ ပျောက်ကွယ်နေတာဆိုတော့ တောင်ပိုင်းမြို့တော်က အရိုင်းအစိုင်းတွေက အရင်ကကြုံခဲ့ဖူးတာတွေကို မေ့သွားလောက်ပြီထင်တယ်…” အက်ရှရှ အသံပိုင်ရှင်က ဆက်လက်ပြောဆိုနေလေသည်။

“အသေအချာပဲပေါ့… လေအလင်းအင်ပါယာက နယ်မြေသေးသေးလေး တစ်ခုပဲလေ… ဒါက ငါတို့ ရှုရဂိုဏ်း ပြန်လည်ဦးမော့လာနိုင်မယ့် အခွင့်အရေးပဲ…”

သူတို့၏ ခန္ဒာကိုယ်များ ထက်တွင် အနက်ရောင် စွမ်းအင်လှိုင်းများက ငြင်သာစွာစီးဆင်းနေလေသည်။

စစ်၀တ်စုံအပြည့် ၀တ်ဆင်ထားသော ချန်ရှန်က လေပေါ်သို့ အားအပြည့်သုံး၍ခုန်ဆက်လိုက်ကာ မြို့ရိုးပေါ်သို့ ခြေချလိုက်သည်။ ထို့နောက် ခန့်ညားထည်ဝါလှသော မြို့တံတိုင်း၏ အပြင်ဘက်ကို တင်းမားသော မျက်နှာထားနှင့် အကဲခတ်လိုက်သည်။

ဝေါင်း….

ပုပ်အက်နေသော အနံ့ဆိုးများက သူ၏ ပါးစပ်ထဲသို့ တိုး၀င်လာပြီး သူ၏ မြင်ကွင်းထဲတွင် သွေးများ စွန်းထင်းနေသည့် ချွန်မြနေသော သွားစွယ်များ ပေါ်ထွက်လာလေသည်။ ချန်ရှန်၏ ခန္ဒာကိုယ်က တောင့်တင်းသွားပြီး အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်လေသည်။ သူ၏ လက်ထဲတွင် လှံရှည်တစ်ချောင်း ထွက်ပေါ်လာပြီး စွမ်းအားများကို ပြန့်နှံ့စေလိုက်ကာ အားအပြည့်နှင့် လှံရှည်ကို ပစ်လွှတ်လိုက်သည်။

လှံရှည်က ကြောက်မက်ဖွယ်ကောင်းလှသော ငါးကြီး၏ မေးရိုးကို ထိုးဖောက်သွားလေသည်။ သို့သော် ပြင်းထန်လှသော အင်အားတစ်ခုက လှံရှည်ကို ပြန်လည်တွန်းကန်လိုက်သောကြောင့် ချန်ရှန်၏ ခန္ဒာကိုယ်က ယိမ်းခါသွားပြီး မြို့ရိုးပေါ်မှ လွင့်စင်ကျလာလေသည်။ သူက လေထဲတွင် ဟန်ချက်ထိန်းလိုက်ပြီး မြေပေါ်သို့ ဆင်းသက်လိုက်လေသည်။

လူအုပ်ကြီးထံမှ ဆူဆူညံညံ အသံများ ထွက်ပေါ်လာလေသည်။ သူတို့က ချန်ရှန်၏ လှုပ်ရှားမှုကို မျှော်လင့်ချက်အနည်းငယ် ထားခဲ့လေသည်။ သို့သော် တောင်ပိုင်းမြို့တော်၏ အသန်မာဆုံး စစ်သည်တော်ဖြစ်သော ချန်ရှန်ပင် တိုက်ကွက်တစ်ခုနှင့် အလွယ်တကူ ရှုံးနိမ့်သွားသောကြောင့် သူတို့၏ နှလုံးသားများ တင်းကြပ်သွားလေသည်။

“ယန်ယု… ဒီနေရာက အရမ်းအန္တရာယ်များနေပြီ… သွားကြစို့…”

ရှောင်ခယ်ချန်းက ရှောင်ယန်ယုဘက်သို့ လှည့်၍ သတိပေးလိုက်သည်။ သူ၏ မျက်၀န်းထဲတွင်လည်း စိုးရိမ်ပူပန်မှုမျာနှင့် ပြည့်နှက်နေလေသည်။

ရှောင်ယန်ယုက မျက်မှောင်ကြုံ့၍ သူ့ဘက်သို့ တစ်ချက်ကြည့်လိုက်ကာ မြို့ရိုးဘက်သို့ ပြန်လှည့်လိုက်သည်။ ချန်ရှန်ပင် ထိုမွန်းစတားငါးကို မနှိမ်နင်းနိုင်ပါက တောင်ပိုင်းမြို့တော်က အကြပ်အတည်းထဲ ကျရောက်တော့မည်ဖြစ်သည်။

“ယန်ယု… ခေါင်းမာမနေပဲ… ငါတို့နဲ့ ရှောင်စံအိမ်တော်ကို ပြန်လိုက်ခဲ့ပါ…” ရှောင်ခယ်ချန်း၏ မျက်နှာက မည်းမှောင်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

အတွေးနက်နေသော ပုဖန်က ရှောင်ခယ်ချန်းကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။

“ငါတို့ ရှေ့ကိုသွားကြည့်ရအောင်…” ပုဖန်က ရှောင်ယန်ယုကို အေးအေးသက်သာ ပြောဆိုလိုက်သည်။

ထိုစကားကို ကြားလိုက်သောအခါ ရှောင်ယန်ယု၏ မျက်၀န်းများက လင်းလက်သွားလေသည်။

“ပိုင်ရှင်ပုက ထွက်မသွားဘူးလား… ကောင်းတယ်… ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ရဲ့နောက်မှာ သန်မာတဲ့ စက်ရုပ်တစ်ရုပ်ရှိနေတာပဲ…”

“အရေးမပါတာ … ဘာကိုသွားကြည့်မှာလဲ… ပြီးတော့ မင်းကရော… ဘယ်သူလဲ… ထားလိုက်တော့… မင်းဘယ်သူပဲဖြစ်ဖြစ်.. သေချင်ရင် တစ်ယောက်တည်းသွား..ယန်ယုကိုပါ တွဲခေါ်မသွားနဲ့…”

ရှောင်ယန်ယုနှင့် မဖြေရှင်းနိုင်သောကြောင့် ဒေါသထွက်နေသော ရှောင်ခယ်ချန်က ၀င်ပြောလိုက်သော ပုဖန်ကြောင့် ပေါက်ကွဲစရာ လူတစ်ယောက်ကို ရှာတွေ့သွားလေသည်။

ရှောင်ခယ်ချန်း၏ စွမ်းအင်အဆင့်က မြင့်မားခြင်း မရှိပေ။ သူက ရှောင်မိသားစုထဲတွင် တတိယနေရာ၌သာ ရပ်တည်နေနိုင်ပြီး မိသားစု၏ စီးပွားရေး လုပ်ငန်းများကိုသာ လုပ်ကိုင်နေခြင်း ဖြစ်သည်။ စွမ်းအင်ကျင့်ကြံသည့်နေရာတွင် အားထုတ်၍ ကြိုးစားခဲ့ခြင်း မရှိသောကြောင့် ပုဖန်၏ စွမ်းအင်အဆင့်ကို ခန့်မှန်းနိုင်ခြင်း မရှိပေ။ ထပ်လောင်းပြောရလျင် ပုဖန်၏ အသက်က ငယ်ရွယ်သေးသောကြောင့် စွမ်းအင်အဆင့် မြင့်မားနေမည်ဟု သူက မထင်ထားချေ။ ထို့ကြောင့်ပင် သူက ပုဖန်ကို ဆူငေါက်လိုက်ခြင်း ဖြစ်သည်။

ပုဖန်က နဖူးကျောများ တွန့်ရှုတ်သည်အထိ မျက်မှောင်ကြုံ့လိုက်ပြီး သူ့ကို အထင်တသေး ကြည့်နေသော ရှောင်ခယ်ချန်းကို ပြန်ကြည့်လိုက်သည်။ ထို့နောက် မဲ့ပြုံးပြုံးလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ လျောက်သွားလေသည်။

“ကောင်းတယ်… မင်းလုပ်တာကောင်းတယ်….”

ပုဖန်က မြို့ထဲဘက်သို့ ပြန်လျောက်သွားချိန်တွင် ဝှိုက်တီ၏ စက်ရုပ်မျက်၀န်းများက လင်းလက်သွားကာ ရှောင်ခယ်ချန်းကို တစ်ချက်အကဲခတ်လိုက်သည်။ ထို့နောက် ပုဖန်နောက်သို့ လိုက်သွားလေသည်။

ရှောင်ယန်ယုက အံ့အားသင့်သွားပြီး ဒေါသများ တစ်ရိပ်ရိပ် ထွက်လာလေသည်။

“ရှောင်ခယ်ချန်း… ရှောင်ခယ်ချန်း.. နင်က ငတုံးတစ်ယောက်ပဲ…. ပိုင်ရှင်ပုရဲ့ တိုက်ခိုက်ရေးစွမ်းရည်က မကောင်းဆိုးဝါးငါးနဲ့ မယှဥိနိုဘူးဆိုရင်တောင်.. သူ့နောက်မှာ ပါလာတဲ့ စက်ရုပ်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ နင်သိလို့လား… အဲဒီစက်ရုပ်က စစ်နတ်ဘုရားတစ်ပါးကိုတောင် လက်ချည်းသက်သက်နဲ့ စုတ်ဖြဲပစ်နိုင်တယ်… သူသာ ငါတို့ကို ကူညီမယ်ဆိုရင် ဒီငါးက ဘာမှ မဟုတ်တော့ဘူး…. “

ရှောင်ယန်ယုက ဒေါသတကြီး တွေးလိုက်ပြီးနောက် သတ်ဖြတ်ချင်နေသော မျက်လုံးများနှင့် ရှောင်ခယ်ချန်းကို ကြည့်လိုက်လေသည်။ ထို့နောက် သူမက ပုဖန်နောက်သို့ အပြေးအလွှားလိုက်သွားလေသည်။

“ဒီမိန်းကလေးက ဘယ်အချိန်မှာ ရပ်တန့်ရမယ်ဆိုတာ မသိဘူးပဲ…”

ထွက်ခွာသွားသော ရှောင်ယန်ယုကို ကြည့်၍ ရှောင်ခယ်ချန်း၏ မျက်နှာအမူအယာက ရှုံ့မဲ့သွားလေသည်။ ရှောင်ယန်ယုက တစိမ်းလူငယ်လေးတစ်ယောက်အတွက်နှင့် သူ့ကို စိတ်ကသိကအောင့်ဖြစ်အောင် လုပ်ရဲပေသည်။ စွမ်းအင်အဆင့် နိမ့်ကျနေလျင်ပင် သူက တောင်ပိုင်းမြို့တော် ရှောင်မိသားစု၏တတိယသခင်တစ်ယောက် ဖြစ်သည်။

သူတို့နောက်လိုက်သွား… ယန်ယုကို ငါတို့ အိမ်ပြန်ခေါ်သွားရမယ်… ရှောင်ခယ်ချန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ စိတ်တည်ငြိမ်အောင် ထိန်းလိုက်ပြီး သူ့အနီးမှ လူများကို အမိန့်ပေးလိုက်သည်။