အပိုင်း ၂၅၄
Viewers 53k

အခန်း ၂၅၃ ဒီသံရုပ်သေးကို ငါ၀ယ်မယ်…

မဟာယာနကျွန်း၏ ကမ်းခြေ…

ဝေါ…. ဝေါ…

ကြမ်းတမ်းလှသော လှိုင်းလုံးများက ကမ်းစပ်တစ်လျောက်ကို ရိုက်ခတ်သွားပြီး အဖြူရောင် အမြုတ်များ တင်ကျန်ခဲ့လေသည်။ ဆောင်းရနံ့ပါသော ပင်လယ်လေ၏ တိုက်ခတ်မှုအောက်တွင် ရေငွေ့လွှာတစ်လွှာ ဖြစ်ပေါ်နေလေသည်။

ကမ်းခြေတစ်နေရာမှ ကျောက်တုံးကြီးတစ်တုံး အနီးတွင် သန်မာသည့် လူတစ်ယောက် မတ်တပ်ရပ်နေလေသည်။ ထိုသူ၏ မျက်ခုံးများက စိတ်အားထက်သန်မှုကို ဖော်ပြနေပြီး မျက်၀န်းများက တောက်ပနေလေသည်။ သူ၏ ပုံစံက ဂုဏ်သိက္ခာရှိပြီး လွှမ်းမိုးနိုင်စွမ်း ရှိသူတစ်ယောက်နှင့် တူနေလေသည်။

အဆုံးမဲ့သမုဒ္ဓရာကို ကြည့်နေသော ဂျိချန်ယုက အသက်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ပြီး ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။ သူ၏ နောက်ကျောဘက်မှ ဆူညံသံတစ်ချို့ ထွက်ပေါ်လာပြီး အဖြူရောင် ၀တ်စုံနှင့် ကျောက်ရူကျီက ရုတ်တရက် သူ့ဆီသို့ လှမ်းလာနေလေသည်။ ပင်လယ်လေပြင်းများ တိုက်ခတ်နေမှုကြောင့် ကျောက်ရူကျီ၏ ဆံပင်များက လေထဲတွင် တဖျပ်ဖျပ် လွင့်ခါနေပြီး ရှုပ်ထွေးနေလေသည်။

ကျောက်ရူကျီက ပင်လယ်ထဲမှ ကျွန်းကို ကြိုက်နှစ်သက်ခြင်း မရှိပေ။ လေပြင်းများက သူ၏ မျက်နှာကို တစ်စုံတစ်ယောက်က ရိုက်နှက်နေသကဲ့သို့ ပြင်းထန်လှပြီး ပြင်းပြသည့် ပင်လယ်ရနံ့ကိုလည်း နှစ်သက်ခြင်း မရှိချေ။သူက သာယာဝပြောပြီး စည်ကားသိုက်မြိုက်လှသော အင်ပါယာ မြို့တော်ကိုသာ အမြဲလိုလို လွမ်းဆွတ်နေလေသည်။

“အမြန်ဆုံး ပြန်လည်ထူထောင်လာနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်… ဘုရင်ခံယု….” ကျောက်ရူကျီက သိမ်မွေ့စွာ ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆုတ်၍ အနည်းငယ် ဦးညွှတ်လိုက်သည်။

ဂျိချန်းယုက တဖြည်းဖြည်းလှည့်၍ ကျောက်ရူကျီကို ကြည့်လိုက်သည်။ သူ၏ အကြည့်များက အလင်းကဲ့သို့ စူးရှထက်မြိနေလေသည်။

“မင်းနဲ့ မင်းအဖေက ဘာဖြစ်လို့ ငါ့ကို ကူညီဖို့ ကြိုးစားနေတာလဲ…”

ဂျိချန်းယုက သူ့စိတ်ထဲမှ သံသယများကို မဖျောက်ဖျက်နိုင်ပေ။ ကျောက်မူရှန်က မဟာယာနကျွန်း၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။ ထိုဂိုဏ်းက ဂိုဏ်းကြီးဆယ်ဂိုဏ်းအတွင်းတွင် အင်အားကြီးမားလှသော်လည်း လေအလင်းအင်ပါယာကို ရင်ဆိုင်ရန် အင်အား မလုံလောက်သေးဟု သူက ထင်ခဲ့လေသည်။ သို့သော် မဟာယာနကျွန်းသို့ သူခြေခြလိုက်ချိန်တွင် သူတို့၏ လွှမ်းမိုးနိုင်စွမ်းနှင့် အင်အားကို သိခဲ့ရလေသည်။

“ငါလဲ မသိဘူး…ငါက အဖေ့ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်နေရတာ… ဒါပေမယ့် ဘုရင်ခံယုသာ လေအလင်းအင်ပါယာရဲ့ အုပ်ချုပ်သူ ဖြစ်လာရင် ငါတို့ကိုလည်း အကျိုးအမြတ် တစ်ခုခု ပြန်ပေးနိုင်မှာပဲလေ… ဒါက နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အခြေအနေပဲ… ဒါကြောင့်လဲ ငါတို့က တစ်ယောက်ကို တစ်ယောက် ကူညီနေကြတာပေါ့…” ကျောက်ရူကျီက ပင်လယ်ဘက်သို့ မျက်နှာမူလိုက်ပြီး ခပ်ပြုံးပြုံးနှင့် ပြန်ပြောလိုက်သည်။

မဟာယာနကျွန်းက သေးငယ်သော ကျွန်းငယ်လေးတစ်ခု မဟုတ်ပဲ စိတ်ဝိဥာဉ်စွမ်းအင်များ အလျံပယ် ရှိနေလေသည်။ ထိုကျွန်းတွင် ဆန်းကျယ်လှသော တောင်တန်းများ လှပသော ရေကန်များနှင့် အံံသြဖွယ်ရာ ရှုခင်းများ ရှိနေလေသည်။

“ဘုရင်ခံယု… မင်းရဲ့ စွမ်းအင်အဆင့်ကို ပြန်လည်ထူထောင်ပြီးပြီဆိုတော့ ငါတို့ ကုန်းမြေတိုက်ကြီးဆီကို ပြန်ဖို့ အချိန်ကျပြီ… အဲဒီမှာ ငါတို့ အကုန်ပြင်ဆင်ထားပြီးပြီ … မင်းသွားဖို့ပဲ လိုတော့တယ်… ပြီးတော့ ဘယ်အချိန်မဆို မင်းအကူအညီလိုပီဆိုတာနဲ့ ငါတို့ မဟာယာနကျွန်းက အပြေးလာခဲ့ပြီး မင်းကို ကူညီထောက်ပံ့ပေးမယ်…”

“ပြန်…. ပြန်သွားရမယ်….” ဘုရင်ခံယု၏ မျက်၀န်းထဲတွင် အနက်ရောင်အလင်းတစ်ချက် လက်သွားပြီး မဲ့ပြုံးတစ်ချက် ပြုံးလိုက်လေသည်။

“ဟုတ်တယ်… ဒါက ငါပြန်သွားရမယ့် အချိန်ပဲ…”

“စကားမစပ်… မင်းအတွက် သတင်းတစ်ခု ရှိနေသေးတယ်… ဧကရာဇ်ရဲ့ ဂူဗိမ္မာန်ကို စောင့်ကြပ်နေတဲ့ မိန်းမစိုးက မင်းထွက်ပြေးသွားလို့ အရမ်းဒေါသထွက်နေတယ်.. ပြီးတော့ သူက မင်းကို ဖမ်းဆီးဖို့့အတွက် အဆင်သင့် ဖြစ်နေလောက်ပြီ… ကုန်းမြေတိုက်ကြီးဆီကို မင်းပြန်ရောက်ပြီဆိုတာနဲ့ အနှေးနဲ့ အမြန် သူနဲ့ ရင်ဆိုင်ရမှာပဲ… ဒါကြောင့် ငါက မင်းကို ကြိုပြီး သတိပေးထားတာ…..”

“လျန်ဖု … ဟုတ်တယ်… သူက သူတော်စင်အဆင့် တစ်ယောက်ပဲ…”

ဂျိချန်းယုက သူတော်စင်အဆင့်များ၏ တိုက်ခိုက်နိုင်သည့် စွမ်းရည်ကို ရုတ်တရက် သိချင်လာလေသည်။ သူက အေးစက်စက် တစ်ချက်ပြုံးလိုက်ပြီး သမုဒ္ဒရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်လေသည်။

…….

နောက်ဆုံးတွင် တောင်ပိုင်းမြို့တော်၏ အပြင်ဘက်မှ အသံများက ရုတ်တရက် ငြိမ်သက်သွားလေသည်။ ထိုသို့ ငြိမ်သက်သွားမှုက လူများကို စိတ်သက်သာရာ ရသွားစေလေသည်။ လူအများက ရင်ဘက်ကို ဖိ၍ ပြုံးလိုက်ကြသည်။

ချန်ရှန်က မြို့တော်၏ တံတိုင်းပေါ်တွင် လဲလျောင်းနေလေသည်။ ပျော်ရွှင်နေကြသော လူအုပ်ကြီးနှင့် ခြားနားစွာပင် သူ၏ စိတ်က လေးလံနေလေသည်။ မြို့တံတိုင်းပေါ်မှ အောက်သို့ ကြည့်လိုက်ရာ နဂါးမြစ်ထဲမှ ကြီးမားလှသော အရိပ်ကြီးကို တွေ့လိုက်ရသည်။ ထိုအရိပ်ကြီးမှ လွှမ်းမိုးနိုင်သော အရှိန်အဝါများကို ထုတ်လွှင့်နေလေသည်။ အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲက အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှပေသည်။

“သေလိုက်စမ်း… ဘယ်လိုဖြစ်လို့ ဒီလောက်ကြီးမားတဲ့ သားရဲက ရောက်လာတာလဲ…”

ချန်ရှန်က စိတ်တိုစွာနှင့် မြို့ရိုးကို ထိုးနှက်လိုက်လေသည်။ သူ၏ အစစအမှန် စွမ်းအင်များကို မသုံးထားသောကြောင့် နာကျင်မှုကို ချက်ချင်းပင် ခံစားလိုက်ရလေသည်။

သားရဲကြီးက အလွန်ကြောက်စရာ ကောင်းလှသော အဆင့်ခုနစ် နဂါးနတ်ဆိုးငါး ဖြစ်ကြောင်းကို သူက သတိပြုမိသွားလေသည်။ ထိုသားရဲများက အဆုံးမဲ့ သမုဒ္ဓရာအတွင်းတွင်သာ နေထိုင်ကြပြီး ရန်လိုဖျက်ဆီးတတ်ကာ အလွန်ကြောက်စရာ ကောင်းလှပေသည်။ ထိုကဲ့သို့သော သားရဲမျိုးက နဂါးမြစ်ထဲတွင် ပေါ်မလာသင့်ချေ။

ချန်ရှန်က မြို့ရိုး၏ အောက်ခြေသို့ တဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။ ထို့နောက် သူ၏ တပ်သားများကို ဦးဆောင်၍ မြို့သခင်ကို သတင်းပို့နိုင်ရန် မြို့တော်တရားရုံးသို့ သွားလိုက်လေသည်။ နောက်ဆုံးတွင် နတ်ဆိုးနဂါးငါး၏ တိုက်ခိုက်မှုက ငြိမ်သက်သွားသော်လည်း မည်သည့်အချိန်တွင် ပြန်လည်တိုက်ခိုက်မည်ကို မည်သူကမျှ မသိနိုင်ကြချေ။

နဂါးမြစ်က တောင်ပိုင်းမြို့တော်ကို လှည့်ပတ်စီးဆင်းနေသောကြောင့် မြို့တံခါးများကိုသာ ပိတ်ချထားလိုက်ပါက အခြားမြို့များနှင့် အဆင်အသွယ် ပြတ်တောက်သွားလိမ့်မည်ဖြစ်သည်။ ဤအချက်က ယခုအချိန်တွင် သတင်းကောင်းတစ်ခု ဟုတ်မနေပေ။

ရှောင်စံအိမ်တော်က တောင်ပိုင်းမြို့တော်၏ လူကုံထံရပ်ကွပ်တွင် တည်ရှိပြီး တောင်ပိုင်းမြို့တော်၏ အုပ်ချုပ်ရေးရုံးနှင့် မဝေးလှပေ။ ရှောင်စံအိမ်တော်က တောင်ပိုင်းမြို့တော်၏ အကြီးမားဆုံး ဘဏ်လုပ်ငန်းစုကို ပိုင်ဆိုင်ထားပြီး သူတို့၏ ဂုဏ်သတင်းက ကျော်ကြားလှသည်။ ရှောင်စံအိမ်၏ အင်အားက အခြားစံအိမ်များထက် အားနည်းသော်လည်း ရှောင်မန်၏ ဂုဏ်သတင်းနှင့် အနေအထားကြောင့် ချမ်းသာသည့် စံအိမ်တော်တိုင်းက အလေးပေးကြသည်။

“ယန်ယု… ဒီကောင်လေးကို တကယ်ပဲ စံအိမ်ခေါ်သွားမှာလား… ဒါဆိုရင် သခင်က ကျေနပ်မှာ မဟုတ်ဘူး…”

ရှောင်ခယ်ချန်းက တိတ်ဆိတ်စွာ လျောက်လာသော ပုဖန်ကို ဝေ့၀ဲ အကဲခတ်လိုက်ပြီး ပြောဆိုလိုက်သည်။ သူ၏ စိတ်ထဲတွင်လည်း ပုဖန်က ရှောင်မိသားစု၏ အာဏာကို မက်မောသောကြောင့် ယန်ယုကို အသုံးချနေသည်ဟု မြင်နေလေသည်။

“တတိယဦးလေး… အိမ်တော်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်တဲ့ ဦးလေးကို လေးစားပါတယ်…ဒါပေမယ့် ပိုင်ရှင်ပုက ငါ့ရဲ့ သူငယ်ချင်းလေ… ငါက အိမ်တော်ကို ဧည့်သည်တစ်ယောက်တောင် ဖိတ်ခေါ်လို့ မရဘူးလား… တကယ်လို့ အဓိပ္ပါယ်မရှိတာတွေ ဆက်ပြောနေမယ်ဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့….” ရှောင်ယန်ယုက အေးစက်စွာနှင့် သူမ၏ သဘောထားကို ပြန်ပြောလိုက်သည်။

ရှောင်ခယ်ချန်း၏ စိတ်ထဲတွင် တုန်လှုပ်သွားလေသည်။ ရှောင်ယန်ယုက ထိုလူငယ်ကို ကာကွယ်ပေးနေသည့် အကြောင်းပြချက်ကို နားမလည်သောကြောင့် သူက ဒေါသထွက်လာလေသည်။

“ကောင်းပြီလေ… ငါသူ့အတွက် တစ်ယောက်ယောက်ကို အခန်းပြင်ခိုင်းလိုက်ပါ့မယ်….”

“ယန်ယု… သခင်က ၀တ်ပြုဆောင်မှာ မင်းကို စောင့်နေတယ်… မြန်မြန် သွားလိုက်ပါ…”

ရှောင်စံအိမ်တော်ထဲ ၀င်လိုက်သည်နှင့် အင်ပါယာမြို့တော်မှ ရှောင်စံအိမ်တော်နှင့် ယခုစံအိမ်တော်က ကွဲပြားကြောင်း အလွယ်တကူ သိနိုင်လေသည်။ ရှောင်စံအိမ်တော်၏ အရင်းအမြစ်များက တောင်ပိုင်းမြို့တော်သာ ဖြစ်ကြောင်းသံသယ ရှိစရာပင် မလိုပေ။ ရှောင်စံအိမ်တော်က ဤနေရာတွင်ရှိသော အခြားအင်အားကြီး မိသားစုများနှင့် မယှဉ်နိုင်သော်လည်း သူတို့၏ စီမံခန့်ခွဲမှုများမှာ ကောင်းမွန်လှပေသည်။ အဆောက်အဦးများ၏ လက်ရာများကလည်း ရိုးရှင်းပြီး နှစ်သက်ဖွယ်ကောင်းလှသည်။

ခြံ၀န်းက ကျယ်၀န်းပြီး လမ်းကြောင်းလေးများက ရှုပ်ထွေးနေလေသည်။ တစ်စုံတစ်ယောက်သာ ၀င်လာပါက အလွယ်တကူပင် လမ်းပျောက်သွားနိုင်ပေသည်။

ရှောင်ယန်ယုက ပုဖန်ကို ပြုံးပြလိုက်ပြီး ၀တ်ပြုဆောင်သို့ ထွက်သွားလိုက်သည်။ သူမက ပုဖန်နေထိုင်ရန်အတွက် ပြင်ဆင်ပေးရန် ခိုင်ထားပြီး ဖြစ်သည်။

ရှောင်ခယ်ချန်းက ပုဖန်ကို အေးစက်စွာစိုက်ကြည့်လိုက်ပြီး လက်ကို ဝေ့ရမ်၍ ထွက်သွားလေသည်။

လူအားလုံးထွက်သွားပြီးနောက် ရှောင်ယန်ယု ပြန်လွှတ်လိုက်သော အစေခံ မိန်းကလေး တစ်ယောက်သာ ကျန်ခဲလေသည်။

“သခင်လေးပု… ဒီလမ်းကို ကြွပါ…” ရှောင်ယက အေးစက်စက် ပြောလိုက်ပြီး ရှေ့မှ ဦးဆောင်သွားလိုက်သည်။

ပုဖန်က ရှောင်မိသားစုများ၏ ဆက်ဆံပုံကို စိတ်ထဲမထားတော့ပဲ သက်တမ်းရင့်နေသော ဥယျာဉ်ကို ကြည့်နေလိုက်သည်။ ရေတံခွန်ငယ်လေးများ ငါးကန်များနှင့် လှပသောပန်းခြုံများ ထိုမြင်ကွင်းများက လှပပြီး တန်ဖိုးရှိလှကြောင်း သူ၀န်ခံရပေမည်။ ပုံမှန်အားဖြင့် ပုဖန်က ရှောင်မိသားစုကို စိတ်၀င်စားမှု မရှိပေ။ သို့သော် ရှောင်ယန်ယု၏ စစ်မှန်သော ပေါင်မုန့့်ကြော်ကို မြည်းစမ်းစေရမည်ဟူသော ကတိကြောင့် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

နွေဦးမွှေးရနံ့ ဆောင်ကြာမြိုင်မှ ပြောလိုက်သော ပေါင်မုန့်အလှလေးဆိုသည့် စကားကို အမှတ်ရသွားသည်။ မိန်းကလေးလင်းက ရှောင်စံအိမ်တော်မှ ဒုတိယသခင်၏ ဇနီး ဖြစ်လာခဲ့သည်။ စစ်မှန်သော ၀က်သားပေါင်မုန့်ကြော်ကို မြည်းစမ်းလိုလျင် ရှောင်စံအိမ်တော်သို့ လည်ပတ်မှ ရမည်ဖြစ်သည်။ ထို့့ကြောင့်သာ ပုဖန်က ရှောင်ယန်ယု၏ ဖိတ်ခေါ်မှုကို မငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။ တောင်ပိုင်းမြို့တော်သို့ ပုဖန်လာရသည့် ရည်ရွယ်ချက်မှာ စားကောင်းသောက်ဖွယ်များကို ရှာဖွေလေ့လာရန် ဖြစ်သည်။

ထို့ကြောင့် ရှောင်စံအိမ်တော်သို့ လည်ပတ်လိုက်သည်နှင့် စစ်မှန်သော ၀က်သားပေါင်မုန့်ကြော် မြည်းစမ်းနိုင်မည့် အခွင့်အရေးကို အလွယ်တကူ လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။ အစေခံ ရှောင်ယ၏ ပုံစံက ပိန်ပါးပြီး အရပ်ရှည်လေသည်။ သူ၏ အသွင်အပြင်အရ ငယ်ရွယ်ပြီး အတွေ့အကြုံ နည်းပါးကြောင်း သိနိုင်ပေသည်။ သူမက နောက်တွင် လိုက်ပါလာသော ပုဖန်ကို ဂရုမစိုက်ပဲ ရှေ့မှ ဦးဆောင်၍ သွားနေလေသည်။

ပုဖန်က ရှောင်စံအိမ်တော်၏ တိတ်ဆိတ်အေးချမ်းသော ရှုခင်းများကို နှစ်သက်လှသောကြောင့် အေးဆေးစွာပင် လိုက်ပါလာလေသည်။ ရှောင်စံအိမ်တော်ထံတွင် လူများစွာ နေထိုင်ကြသောကြောင့် အလုပ်ရှုပ်နေကြသော အစေခံများ ဆော့ကစားနေကြသော ကလေးများနှင့် စက္ကူယပ်တောင်ကို ကိုင်ဆောင်ထားကြသော မိန်းမငယ်လေးများကို လမ်းတစ်လျောက်တွင် တွေ့မြင်နေရ လေသည်။ ထိုပုံစံက ခမ်းနားကြီးကျယ်လှသော စံအိမ်များ၏ ပုံစံပင် ဖြစ်သည်။ ထိုစံအိမ်နှင့် နှိုင်းယှဉ်လိုက်လျှင် အင်ပါယာမြို့တော်မှ ရှောင်စံအိမ်ပ ရိုးရှင်းလှလေသည်။ ပုဖန်က မြင်ကွင်းများကို နှစ်သက်စွာ ကြည့်၍ လိုက်ပါလာလေသည်။

သူ့ကို ဖြတ်သန်းသွားလာနေကြသော လူအများက ပုဖန်နောက်မှ စက်ရုပ်ကို စိတ်၀င်တစာ ကြည့်သွားကြလေသည်။ သို့သော် ပုဖန်က သူတို့ကို စိတ်ထဲမထားပေ။ သူက အခြားသူများကို ဂရုစိုက်ခြင်း မရှိပေ။

“သခင်လေးပု.. ဒီလမ်းပါ… ကျေးဇူးပြုပြီး နည်းနည်းမြန်မြန်လေး လာပါ…”

ရှောင်ယ၏ စိတ်မရှည်သော အသံကို ကြားလိုက်ရသောကြောင့် ပုဖန်က အနည်းငယ် အံ့အားသင့်သွားသော်လည်း သူက အေးအေးဆေးဆေးပင် ဆက်လျောက်လာခဲ့သည်။

ရှောင်ယက ပုဖန်ကို စိတ်ပျက်လက်ပျက်နှင့် ကြည့်နေပြီး ဒေါသထွက်နေလေသည်။ ရှောင်ခယ်ချန်းက ပုဖန်ကို အမြင်မကြည်လင်ကြောင်း လူအားလုံးပင် မြင်နိုင်လေရာ ရှောင်မိသားစု၏ အစေခံတစ်ယောက်ဖြစ်သော သူမက ပုဖန်ကို ဖော်ရွေစွာ ဆက်ဆံရန် မလိုအပ်ပေ။ ထို့အပြင် ပုဖန်က အချိန်များစွာယူ၍ သူမကို စိတ်အနှောက်အယှက် ပေးနေလေသည်။

ရှောင်ယက ပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လမ်းကြောင်းငယ်လေးတစ်ခုအတိုင်း ဦးဆောင်ခေါ်သွာကာ အဆောင်တစ်ခု ရှေ့သို့ ရောက်လာလေသည်။

“ဘယ်ဘက်က ဒုတိယမြောက်အခန်းက မင်းအတွက်ပါ… အဲဒီမှာ အိပ်ယာအဆင်သင့် ပြင်ထားပေးပြီးပါပြီ… အစားစားချိန်ရောက်ရင် ငါတို့ လာပို့ပေးပါ့မယ်…. ဒီနားမှာ လှည့်လည်ပြီး မသွားသင့်ဘူးနော်… တကယ်လို့ ရှောင်မိသားစုရဲ့ သခင်ငယ်လေးတွေကို စိတ်အနှောက်အယှက် ပေးမိရင် မင်းအတွက် အကျိုးဆက်က ကောင်းမှာမဟုတ်ဘူး…” ရှောင်ယက သတိပေးစကား ပြောလိုက်ပြီး ပုဖန်၏ တုန့်ပြန်မှုကိုပင် မစောင့်တော့ပဲ အလျင်အမြန် ပြန်ထွက်သွားလေသည်။

ပုဖန်က အစေခံ၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်ပြီး နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်ကာ ပတ်၀န်းကျင်ကို အကဲခတ် စစ်ဆေးလိုက်သည်။ သူ့အတွက် ပေးထားသော အခန်း၏ ပတ်၀န်းကျင်က ဆိုးဝါးလှပြီး အခန်းက မဲမှောင်နေလေသည်။ နေရောင်ခြည်ပင် မကျရောက်သည့်အပြင် ကြမ်းပြင်များက စိုထိုင်းထိုင်း ဖြစ်နေလေသည်။

ရှောင်မိသားစုများက ပုဖန်ကို မကြိုဆိုချင်ပုံ ရလေသည်။ ပုဖန်က တခဏမျှ တွေးတောလိုက်ပြီး စိတ်အနှောက်အယှက် အဖြစ်မခံလိုသောကြောင့် အစေခံ ညွှန်ြ့ပခဲ့သော အခန်းကို ဦးတည်လျောက်သွားလိ်ုက်သည်။ မှောင်မဲနေသော အခန်းကို ကြည့်ရှုရန်အတွက် ပုဖန်က တံခါးကို တွန်းဖွင့်လိုက်သည်။

အခန်း၏ ရနံ့က ဆိုးဝါးမနေပဲ အနံ့ဆိုးများ ရှိမနေပေ။ ပုဖန်က မီးခွက်ကို ထွန်းညှိလိုက်ပြီး အခန်း၏ ပတ်၀န်းကျင်ကို အကဲခတ်လိုက်သည်။ အိပ်ယာခင်းများ စိုစွတ်နေသည်ကို တွေ့လိုက်ရသောကြောင့် နဖူးကြောများ တွန့်ရှုတ်သည်အထိ မျက်မှောင်ကြုံ့လိုက်လေသည်။ အိပ်ယာက ထိလိုက်သည်နှင့် အေးစက်မှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။ ပုဖန်က မီးခွက်ကို ပြန်ချထားလိုက်ပြီး အခန်းထဲမှ လက်နောက်ပစ်၍ ထွက်လာလိုက်သည်။ ထိုကဲ့သို့ အခန်းမျိုးတွင် ပုဖန်က နေမည်မဟုတ်ပေ။

ထိုအချက်က ရှောင်ယ၏ အကြံဥာဏ်လည်း ဖြစ်နိုင်လေသည်။ ပုဖန်က လက်နှစ်ဖက်ကို နောက်ပစ်၍ ခြံ၀န်းထဲမှ ပြောင်ပြောင်တင်းတင်း လျောက်ထွက်လာလိုက်လေသည်။ မျက်၀န်းများ လင်းလက်နေသော ဝှိုက်တီက သူ၏ နောက်မှ ထပ်ကြပ်မကွာလိုက်ပါလာလေသည်။ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် သူ၏ နားထဲတွင် လေတိုးသံတစ်ချက် ကြားလိုက်ရသောကြောင့် လက်ကို မြှောက်၍ သူ့ဆီသို့ လွှင့်ပျံလာသော ကျောက်ခဲကို ချေမွလိုက်သည်။

“အိုး…. သူ့မှာလည်း နည်းလမ်းတွေ ရှိနေသေးတာပဲ… ကြည့်ရတာတော့ ဒီတောသားကလည်း နည်းနည်းလောက် လေ့ကျင့်ထားတယ်ထင်တယ်…”

ပုဖန်က ခပ်လှမ်းလှမ်းမှ လှောင်ပြောင်ရယ်မောသံအချို့ ကြားလိုက်ရပြီး မျက်နှာခြင်းဆိုင်မှ လာနေသော လူတစ်စုကို မြင်လိုက်ရသည်။ သူက စိတ်မကျေမနပ် ဖြစ်သွားပြီး မျက်မှောင်ကြုံ့လိုက်သည်။ ထိုလူအုပ်ကို ဦးဆောင်လာသော လူငယ်လေးက ပိုးထည်၀တ်စုံကို ၀တ်ဆင်ထားပြီး ကျောက်စိမ်းသရဖူတစ်ခုကို ဆောင်းထားလေသည်။ ထိုလူငယ်၏ အမူအယာက မောက်မာလှပြီး ပုဖန်ကို မထီမဲ့မြင် စိုက်ကြည့်နေလေသည်။

ထိုလူငယ်လေးက ပုဖန်ကဲ့သို့ ရှောင်စံအိမ်တော်ကို လာလည်ကြသော တောသာအများစုကိုမြင်ဖူးလေသည်။ ထိုသူများက ပုဖန်ကဲ့သို့ပင် ရှောင်စံအိမ်တော်၏ ဥယျာဉ်တော်ကို အလွန်စိတ်၀င်စားကြလေသည်။ သို့သော် သူက ပုဖန်နောက်မှ သံရုပ်သေးကို စိတ်၀င်စားနေလေသည်။ ထိုကဲ့သို့သော ရုပ်သေးမျိုးကိုသူမမြင်ဖူးချေ။

“မင်း… စျေးဘယ်လောက်လဲ ပြောလိုက်… ငါအဲဒီ ရုပ်သေးရုပ်ကို ၀ယ်လိုက်မယ်…” လူငယ်လေးက လက်ထဲမှ ယပ်တောင်ကို ဝေ့ရမ်းလိုက်ပြီး ပုဖန်ကို ပြောလိုက်သည်။

ပုဖန်က ပြောစရာ စကား မဲ့သွားလေသည်။

“ဒီကောင်စုတ်လေးက ဝှိုက်တီကို ၀ယ်ချင်တယ်….”