အပိုင်း ၂၅၄
Viewers 52k

အခန်း ၂၅၄ “ငါက ဟန်ဆောင်မှု အကင်းဆုံးပဲ”

ဟိတ်ကြီးဟန်ကြီးနိုင်သော လူငယ်လေး၏ ရယ်စရာကောင်းသော တောင်းဆိုချက်ကြောင့် ပုဖန်က တုံ့ပြန်နိုင်စွမ်းမရှိ ဖြစ်သွားလေသည်။

“ဝှိုက်တီကို ၀ယ်ချင်တဲ့သူ တကယ်ရှိတာလား…. သူက တော်တော်လေးကောင်းနေလို့လား…”

ပုဖန်က ဝှိုက်တီကို လှည့်ကြည့်လိုက်ပြီး ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။ ဝှိုက်တီ၏ ခြေဖြားမှ ခေါင်းထိတိုင်အောင် ထူးခြားချက် အနည်းငယ်ပင် မရှိသည့်အပြင် ၀၀တုတ်တုတ် ဖြစ်နေလေသည်။

“သူက ဘာလို့ ဝှိုက်တီကို စိတ်၀င်စားနေတာလဲ….”

အင်ပါယာ မြို့တော်ရှိ ဖန်ဖန်ဆိုင်ငယ်လေးသို့ နေ့စဉ်နေ့တိုင်း လာရောက်စားသောက်နေကြသည့် ချမ်းသာသူများက ဝှိုက်တီကို ၀ယ်ရန် တောင်းဆိုခဲ့ခြင်း မရှိကြချေ။ သူ၏ ရှေ့မှ လူငယ်လေးက အမှန်တကယ်ပင် ရဲရင့်လှပေသည်။

“ဝှိုက်တီ …မင်းကြားလိုက်လား… ဒီကမ္ဘာကြီးပေါ်မှာ မင်းကို အထင်ကြီး လေးစားနေတဲ့သူတွေ ရှိနေတာပဲ…” ပုဖန်က ဝှိုက်တီ၏ ဗိုက်ကို ပွတ်လိုက်ပြီး လေးနက်တည်ငြိမ်သော အမူအယာနှင့် ပြောဆိုလိုက်သည်။

၀ှိုက်တီ၏ မျက်လုံးများက အနီရောင်တစ်ချက် တောက်ပသွားပြီး လက်မြှောက်၍ ခေါင်းကုတ်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း အံ့အားသင့်မှုများနှင့် ပြည့်နှက်နေလေသည်။

“အဲတော့… ဘယ်လိုလဲ… စျေးပြောလိုက်တော့…” လူငယ်လေးက နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေးပြီး ခပ်ပြုံးပြုံးနှင့် ပြောလိုက်သည်။

ထိုလူငယ်လေး၏ နောက်တွင်ရပ်နေသော ကလေးများနှင့် အစေခံများကလည်း ပုဖန်ကို သိချင်စိတ်အပြည့်နှင့် ကြည့်နေကြလေသည်။

“တောင်ပိုင်းမြို့တော်ရဲ့ ရှောင်စံအိမ်တော်မှာ အပေါဆုံးက ပိုက်ဆံပဲ…”

ဤဒေသအတွင်းရှိ သြဇာလွှမ်းမိုးသည့် မိသားစုကြီးများကြားတွင် ရှောင်မိသားစု၏ လွှမ်းမိုးနိုင်စွမ်းက အမြင့်မားဆုံး မဟုတ်သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် သူတို့က ငွေအမြောက်အများ ရှာနိုင်ခဲ့သည်။ ရှောင်မန်၏ ကျော်ကြားလှသော ဂုဏ်သတင်းကလည်း ရှောင်မိသားစုကို ကောင်းစွာ ထောက်ပံ့ထားနိုင်လေသည်။ ထို့ကြောင့်သာ တောင်ပိုင်းမြို့တော်ရှိ ရှောင်စံအိမ်က မိသားစုကြီးစာရင်း ၀င်လာခဲ့ခြင်း ဖြစ်သည်။

“မဟုတ်ဘူး… ဒါကို ၀ယ်ဖို့ မင်းတတ်နိုင်မှာ မဟုတ်ဘူး…” ပုဖန်က သူ၏ ရှေ့မှ လူငယ်ကြီးကို အေးဆေးတည်ငြိမ်စွာ ပြောလိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားဟန်နှင့် သူ၏ မျက်နှာပေါ်တွင် သနားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာလေသည်။

“ငါမတတ်နိုင်ဘူး…. ဟာသပဲ… ဒီမှာ ရွှေပြားတစ်ထောင်… အဲဒီသံစက်ရုပ်က ငါ့အပိုင်ပဲ…”

လူငယ်လေးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ထိုအရာက မည့်သည့်အရာများ ဖြစ်နေသောကြောင့် သူမတတ်နိုင်ရမည်နည်း။ ထိုအရာကို သလင်းကျောက်များ ကြွေးမွေးရခြင်း မဖြစ်နိင်ပေ။

“ရွှေပြားတစ်ထောင်..”

ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး ရှေ့မှ ဟိတ်ကြီးဟန်ကြီးနိုင်သော လူငယ်လေးကို ငတုံးတစ်ယောက်ကဲ့သို့ မြင်လိုက်လေသည်။ သူချက်ပြုတ်လိုက်ပြီး ဝှိုက်တီ၏ ဗိုက်ထဲသို့ ထည့်လိုက်သော ဟင်းပွဲများကပင် ထို့ထက်ပို၍ တန်ဖိုးရှိနေလေသည်။

“ဒီလူငယ်လေးက ငါ့ကို သူတောင်းစားများ ထင်နေတာလား…”

“ရွှေပြားတစ်ထောင်… ဟား…ဟား…” ပုဖန်က မျက်နှာသေနှင့် အေးစက်စက် လှောင်ပြောင်လိုက်သည်။

၀ှိုက်တီ၏ မျက်၀န်းများက တောက်ပသွားပြီး ပုဖန်နှင့် လူငယ်လေးကို တစ်လှည့်စီကြည့်လိုက်သည်။

“တောသားငနုံကောင်… အရမ်းလောဘကြီးမနေနဲ့… မင်းစက်ရုပ်ကို ငါစိတ်၀င်စားတာကိုပဲ မင်းဂုဏ်ယူသင့်နေပြီ…” လူငယ်လေးက ဒေါသတကြီး ပြောလိုက်လေသည်။

“ဒီသံစက်ရုပ်တစ်ရုပ်အတွက် ရွှေပြားတစ်ထောင်က မလုံလောက်သေးဘူးလို့ သူက ထင်နေတာလား…. ဒီတောသားက အရမ်းလောဘကြီးလွန်းတယ်…”

ပုဖန်က နှဖူးကြောများ တွန့်ရှုတ်သည်အထိ မျက်မှောင်ကြုံ့လိုက်ပြီး နှုတ်ခမ်းတင်းတင်း စေ့ထားလိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်သည်။

“ပေါက်ကရတွေ ထပ်ပြောမနေနဲ့ ဒါက မင်းတတ်နိုင်တာထက် ပိုတယ်…”

“မင်းဖင်ကြီးကိုပဲ ပေါက်ကရပြောပါလား…”

လူငယ်လေးက ဒေါသထွက်သွားပြီး စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ လက်ကို ဝှေ့ရမ်းလိုက်ပြီး ရွှေပြားများ ပါသည့် အိတ်ကြီးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် အိတ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ရာ ရွှေပြားများ ထွက်ကျလာလေသည်။

“ဒီမှာ ရွှေပြားနှစ်ထောင် ဒီလောက်ဆို လုံလောက်ပြီလား… ငါ့အမေကပြောဖူးတယ်… မတော်လောဘမထားရဘူးတဲ့…” လူငယ်လေးက ဟိတ်ကြီးဟန်ကြီး ပြန်ပြောလိုက်သည်။

ပုဖန်က အသက်တစ်ချက် ရှူထုတ်လိုက်ပြီး လူငယ်လေး၏ ခေါင်းကို ခပ်ဖွဖွ ပုတ်၍ ပြောလိုက်သည်။

“ဒါတွေ ပြန်သိမ်းထားလိုက်… ဒီစက်ရုပ်က ရွှေဒင်္ဂါးနဲ့ ၀ယ်လို့မရဘူး…”

သခင်ငယ်လေးက မျက်၀န်းများက ပြူးကျယ်ဝိုင်းစက်သွားပြီး သူ၏ခေါင်းပေါ်မှ ပုဖန်၏ လက်ကို ကြည့်လိုက်လေသည်။

“မေးပါရစေဦးအကိုကြီး… ငါတို့က ဘယ်တုန်ကများ ဒီလောက်ရင်းနှီးသွားတာလဲ…”

ထို့ထက် အံံသြစရာ ကောင်းသည့် ကိစ္စက ချက်ချင်းပင် ဖြစ်ပေါ်လာလေသည်။ သူ၏ ရှေ့မှ လူက လက်ဖျောက်တစ်ချက် တီးလိုက်ပြီး သလင်းကျောက်တစ်တုံးကို ထုတ်လိုက်လေသည်။

ပုဖန်က တည်ကြည်စွာနှင့် ဆက်ပြောလိုက်သည်။

“မင်း၀ယ်ချင်တယ်ဆိုရင် ဒီလိုသလင်းကျောက်မျိုးကို အသုံးပြုမှရမယ်…”

“သလင်းကျောက်… မင်းက ငါ့ကိုလာနောက်နေတာလား… ဒီလို သံစက်ရုပ် တစ်ရုပ်အတွက် သလင်းကျောက်ကို ဘာလို့သုံးရမှာလဲ…” လူငယ်လေးက တွေးလိုက်မိသည်။

သို့သော် သူပြန်မပြောရသေးခင်မှာပင် ပုဖန်က လက်ထဲမှ သလင်းကျောက်ကို ဝှိုက်တီရှိရာသို့ ပြစ်လွှတ်လိုက်သည်။ ဝှိုက်တီ၏ ၀မ်းဗိုက်က ပွင့်သွားပြီး လေထဲမှ သလင်းကျောက်က ၀မ်းဗိုက်ထဲသို့ ကျသွားလေသည်။

၀ှိုက်တီ၏ ၀မ်းဗိုက်က ပြန်ပိတ်သွားပြီး သလင်းကျောက်ကွဲကြေသံများ ထွက်ပေါ်လာလေသည်။

လူငယ်လေးနှင့် အနားတွင်ရှိနေသော လူများအားလုံး အံ့အားသင့်သွားကြလေသည်။

“ဒီ..ဒီသံစက်ရုပ်က သလင်းကျောက်တွေကို တကယ်ပဲ စားပစ်လိုက်တာလား…”

“ကဲ.. မင်းမတတ်နိုင်ဘူးလို့ ငါဘာကြောင့် ပြောလဲ ဆိုတာ သိပြီလား… ငါ့ကို သိတဲ့ လူတိုင်းက ငါက ဟောဟောဒိုင်းဒိုင်း ပြောတတ်တဲ့ သူမှန်း သိကြတယ်…”

ပုဖန်က ဝှိုက်တီ၏ ၀မ်းဗိုက်ကို ပွတ်လိုက်ပြီး တီးတိုးပြောဆိုလိုက်သည်။ ထို့နောက် ထိုအုပ်စုထဲမှ ထွက်လာလိုက်သည်။

“ဒီလူက ဘယ်သူလဲ… သူက ရုပ်သေးရုပ်ကိုတောင် သလင်းကျောက်ကြွေးနိုင်တယ်… သူ့မှာ သလင်းကျောက်တွေတောင် ရှိနေတာဆိုတော့ သူက ဆင်းရဲတဲ့ လူတစ်ယောက် မဖြစ်နိုင်ဘူး… ပထမဦးလေး ဖိတ်ခေါ်ထားတဲ့ ရုပ်သေးမာစတာများ ဖြစ်နေမလား…”

“သခင်လေးယု…. အဲဒီလူက သခင်မလေး ယန်ယုရဲ့ သူငယ်ချင်းပါ… ချောင်ကျတဲ့ နေရာမှာ ပြင်ဆင်ထားတဲ့ အခန်းက သူ့အတွက်ပါ…” ပုဖန်အတွက် အခန်းပြင်ဆင်ပေးထားသော အစေခံက ပြောလိုက်သည်။

“ရယ်စရာကောင်းလိုက်တာ… အဲနေရာက အခန်းတွေက ဧည့်သည်အတွက် တကယ်ပဲသင့်တော်တယ်ပေါ့… သူက အမယန်ယုရဲ့ သူငယ်ချင်းလေ… ဘယ်လိုဖြစ်လို့ မှောင်မဲ ညစ်ပတ်နေတဲ့ အဲဒီအခန်းမှာ ပြင်ဆင်ပေးရတာလဲ… ဒီလို ဥာဏ်မရှိတဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူက ချခဲ့တာတာလည်း အခုချက်ချင်း အကောင်းဆုံး အခန်းကို ပြင်ဆင်ပေးလိုက်…” လူငယ်လေး ရှောင်ယုက ပြောလိုက်သည်။

အစေခံက ရှောင်ယု၏အမိန့်ကြောင့် ထိတ်လန့်သွားပြီး ထွက်ခွာသွားလေသည်။ ရှောင်ယုက မြေပြင်ပေါ်တွင်ကျနေသော ရွှေဒင်္ဂါးအိတ်ကို ကြည့်လိုက်ပြီး သူ၏ မျက်၀န်းများက တောက်ပနေလေသည်။ သူက ပုဖန်၏ လှည့်စားမှုကို ခံရပြီးနောက် သခင်၏ အမိန့်ကို နာခံသော ခွေးလေးတစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။

“အမျှော်အမြင်ရှိတဲ့ စီနီယာကို စျေးညှိလို့ရလောက်မှာပါ… သလင်းကျောက်ဆယ်တုံး… ဒါမှမဟုတ်. သလင်းကျောက် နှစ်ဆယ်ဆိုရင် ၀ယ်လို့ ရလောက်လား…”

……

ရှောင်စံအိမ်တော်၏ ၀တ်ပြုဆောင်က ရှောင်မိသားစုများ တောင်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့လာခဲ့စဉ်ကပင် ရှိခဲ့သော အဆောက်အအုံအဟောင်းတစ်ခု ဖြစ်သည်။ ရှောင်မျိုးဆက်များ ကြီးထွားလာပြီး တောင်ပိုင်းမြို့တော်တွင် လွှမ်းမိုးလာနိုင်ပြီးနောက် သူတို့က အဆောက်အအုံ အသစ်များကို ဆောက်လုပ်ခဲ့သည်။ သို့သော် ၀တ်ပြုဆောင်ကိုတော့ ယခင်အတိုင်းပင် ထိန်းသိမ်းထားခဲ့ကြသည်။

ရှောင်ယန်ယုက အိုးဟောင်းနေသော ၀တ်ပြုဆောင်တံခါးကို တွန်းဖွင့်လိုက်ပြီး အခန်းထဲသို့ ဂရုတစိုက် ၀င်လာခဲ့လိုက်သည်။ ၀တ်ပြုဆောင်ထဲတွင် ထွန်းညှိထားသော အမွှေးနံ့သာများ၏ ရနံ့က လူတစ်ယောက်၏ စိတ်ကို အေးဆေးတည်ငြိမ်သွားစေလေသည်။ ရှောင်ယန်ယုက ခြေလှမ်းအနည်းငယ်မျှ လျောက်လာပြီးနောက် အခန်းငယ်လေးတစ်ခု ရှေ့သို့ ရောက်လာလေသည်။ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် လတ်ဆတ်သင်းပျံ့၍ မွှေးကြိုင်လှသော လဖ္ဘက်ရည်နံ့က သူမရှိရာသို့ လွင့်ပျံလာလေသည်။

“အဖိုး….”

ရှောင်ယန်ယုက အနည်းငယ် ဦးညွှတ်၍ နှုတ်ဆက်လိုက်လေသည်။ အခန်းထဲ၌ မျက်နှာတွင် အရေးအကြောင်းများ ပြည့်နေသော အဖိုးအိုတစ်ယောက် ထိုင်နေလေသည်။ သူက ရှောင်ယန်ယုကို ကြင်နာစြွ ကြည့်၍ ပြုံးလိုက်လေသည်။

“ကလေးမလေး ရောက်လာပြီလား…. လာ..ဒီမှာထိုင်ပြီး လဖ္ဘရည်သောက်ဦး…. ဒီနေရောင် စီဆင်းခြင်း လဖ္ဘက်ရည်ကို ကျန့်မင်းမြို့ထိ မင်းရဲ့ ဦးလေးကို သွား၀ယ်ခိုင်းထားတာ…”

အဖိုးအိုက အကြမ်းခွက်တစ်ခွက်ကို ရှောင်ယန်ယုဆီ ကမ်းပေးလိုက်ပြီး ရေနွေးကရားကို ကျွမ်းကျင်ပိုင်နိုင်စွာနှင့် မြင့်မြင့်မြှောက်လိုက်ကာ ငှဲ့ပေးလိုက်သည်။ အငွေ့တထောင်းထောင်း ထနေသော အဝါဖျော့ဖျော့ ရေနွေးများက ခွက်ထဲတွင် ပြည့်သွားလေသည်။

ရှောင်ယန်ယုက သူမ အဖိုးကို ကျေးဇူးတင်းစကား ပြောလိုက်ပြီး သူမလက်ထဲမှ မွှေးကြိုင်သင်းပျံ့နေသော ရေနွေးခွက်ကို တဖြည်းဖြည်းချင်း စုပ်သောက်လိုက်သည်။ မွှေးပျံ့လှသော ရေနွေများက သူမ၏ ပါးစပ်ထဲ ၀င်ရောက်လာသည်နှင့် ခါးသက်သည့် အရသာကို ခံစားလိုက်ရသည်။ ထို့နောက် ချိုမြမြ အရသာက အစားထိုး ၀င်ရောက်လာလေသည်။ ရေနွေးကြမ်းထဲတွင် ပါ၀င်နေသော ဝိဥာဉ်စွမ်းအင်များက ရှောင်ယန်ယု၏ တစ်ကိုယ်လုံးကို ပြန့်နှံ့သွားပြီး နံနက်ခင်း နေရောင်အောက်တွင် ရပ်နေရသကဲ့သို့ နွေးနွေးထွေးထွေး ခံစားမှုများ ပြည့်နှက်လာလေသည်။

“ဟား..ဟား…. အခု မျိုးဆက်သစ် လူငယ်တွေကတော့ လဖ္ဘက်ရည် သောက်ခဲသွားပြီ… ဒါပေမယ့် ယန်ယုရဲ့ အဖေကတော့ ယန်ယု လဖ္ဘက်ရည် ဖျော်ရတာ အရမ်း နှစ်သက်တယ်လို့ ပြောပြထားတယ်… တကယ်လို့ သမီးမှာ အချိန်ရရင် ဒီအဖိုးကြီးအတွက် လဖ္ဘက်ရည်တစ်ခွက်လောက် ဖျော်ပေးနိုင်မလား…” အဖိုးအိုက ခပ်သဲ့သဲ့ ရယ်မောရင်း ပြောလိုက်သည်။

ကျန့်မင်းခရိုင်၏ နေရောင်စီးဆင်းခြင်း လဖ္ဘက်ခြောက်က လေအလင်းအင်ပါယာ၏ မြို့တော်အထိပင် ထင်ရှားကျော်ကြားလှသည်။ သူ၏ ကြီးမြင့်လှသော စျေးနှုန်းကလည်း နံမည်ဆိုးနှင့် လူသိများလေသည်။

“အဖိုးက ယန်ယုကို ကျီစားနေပြန်ပါပြီ… အဖိုးအတွက် လဖ္ဘက်ရည် ဖျော်ပေးရမယ်ဆိုရင် ယန်ယုက ဘယ်အချိန်ပဲ ဖြစ်ဖြစ် ပျော်ပျော်ကြီး လုပ်ပေးမှာပါ…” ရှောင်ယန်ယုက ငြင်သာစွာ ပြုံး၍ ပြောလိုက်သည်။

အဖိုးအိုက သူ၏ မုတ်ဆိတ်ရှည်များကို ပွတ်သပ်လိုက်ပြီး ရယ်မောလိုက်သည်။ သူတို့နှစ်ယောက်က အလာပ ဿလာပ အနည်းငယ် ပြောဆိုပြီးနောက် အဓိကအကြောင်းအရာကို စတင်ပြောဆိုလိုက်သည်။

“ကလေး… အဖိုးက တောင်ပိုင်းမြို့တော်ကို ဘာကြောင့် ပြန်ခေါ်လိုက်တာလဲ ဆိုတာကို သိလား…”

အဖိုးအိုက ရေနွေးတစ်ငုံမျှ သောက်လိုက်ပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်ကာ လေးလေးပင်ပင် ပြောဆ်ိုလိုက်သည်။

ရှောင်ယုက ပြန်မဖြေပဲ သူမအဖိုးကိုသာ ကြည့်နေလိုက်သည်။

“တကယ်လို့ မင်း… ဒါမှမဟုတ်… ရှောင်ရှောင်လုံသာ ပြန်မလာရင် တောင်ပိုင်းမြို့တော်က ရှောင်မိသားစုက ဒုက္ခအကြီးအကျယ်ရောက်တော့မှာ…”

ရှောင်ယန်ယု၏ မျက်၀န်းများက ကျဉ်းမြောင်းသွားလေသည်။ အမြဲတစေ ကြည်လင်နေသော သူမ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်များ ပေါ်လာပြီး ပြန်မေးလိုက်သည်။

“ဒါက ဘာအဓိပ္ပါယ်လဲ….”

အဖိုးအိုက ရှောင်ယန်ယုကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး သူ၏ အိတ်ကပ်ထဲမှ အနက်ရောင် ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

“ဒါက ဆန်းကျယ်တဲ့ ရောင်းသူတစ်ယောက်ဆီကနေ မင်းဦးလေး၀ယ်လာခဲ့တဲ့ သက်စောင့်ဆေးပဲ…”

ရှောင်ယန်ယုက အနက်ရောက်ပုလင်းကို ဆွဲယူလိုက်ပြီး ဆေးလုံးများကို သွန်ချလိုက်သည်။ ဆိုးဝါးလှသော အနံ့ဆိုးများ ထွက်လာသောကြောင့် သူမနှာခေါင်းကို ပိတ်လိုက်ပြီး မျက်မှောင်ကြုံ့လိုက်မိသည်။

“ဒါက … ဘာလဲ…”

“မင်းဦးလေး၀ယ်လာတဲ့ ဆေးနံမည်ကို ငါလဲ မသိဘူး… ဒီဆေးက လူတစ်ယောက်ရဲ့ စွမ်းအင်အဆင့်ကို မြှင့်တင်ပေးနိုင်တယ်… တကယ်လဲမင်းဦးလေးက ဒီဆေးကို စားပြီးတော့ အင်ပါယာအဆင့်ကို ရောက်သွားတယ်….” အဖိုးအိုက ၀မ်းနည်းမှု ပျော်ရွှင်မှု မရှိသော မျက်နှာသေနှင့် ဆက်ပြောလိုက်သည်။

ရှောင်ယန်ယုက အံ့အားသင့်သွားလေသည်။

“အင်ပါယာအဆင့်… ဒါဆို ဒီဆေးက တန်ဖိုးကြီးတာပေါ့…. ဒါမှမဟုတ်… ဒီဆေးမှာ တခြား ဘေးထွက်ဆိုးကျိုးတွေ ရှ့ိနေတာလား….”

“ဟုတ်တယ်… အဲဒီအတိုင်းပဲ… ဒီသက်စောင့်ဆေးကတစ်ခုခု မှားနေတယ်… ဆိုးဆိုးဝါးဝါးကို မှားနေတာ…” အဖိုးအို၏ မျက်နှာပေါ်တွင် ခါးသီးသည့် အမူအယာတစ်ခု ပေါ်လာလေသည်။

“မင်းရဲ့ ဒုတိယဦးလေးက ဆေးသောက်ပြီးတော့ အင်ပါယာအဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်သွားနိုင်ပေမယ့်… ညတိုင်းညတိုင်း အစစ်အမှန် စွမ်းအင်တွေကို လှည့်ပတ်ပြီး ကျင့်ကြံနေဖို့ လိုအပ်တယ်… ပြီးတော့ သူ့ရဲ့ ခန္ဒာကိုယ်ကို ဆုတ်ဖြဲနေသလို နာကျင်မှုတွေ ခံစားနေရတယ်… အဆိုးဝါးဆုံးဘေးထွက်ဆိုးကျိုးက သူ့ရဲ့ အရေပြားတွေ ပုပ်လာတာပဲ….”

ရှောင်ယန်ယုက သူမလက်ထဲမှ ဆေးလုံးများကို ပုလင်းထဲသို့ ပြန်ထည့်လိုက်သည်။ အရည်ပြားများ ပုပ်လာခြင်းက သည်းမခံနိုင်စရာ ကိစ္စပင် ဖြစ်သည်။ အထူးသဖြင့် ငယ်ရွယ်သော မိန်းမပျိုလေးတစ်ယောက်အတွက် ပို၍ သည်းမခံနိုင်စရာပင် ဖြစ်သည်။

“ရှောင်မိသားစုက အဲဒီဆေးကို ပထမဆုံးစပ်သပ်တုန်းက ဘာပြသနာမှ မရှိခဲ့ဘူး… ဒါကြောင့် ရှောင်မိသားစုက စရောင်းခဲ့တယ်… အဲဒီအချိန်မှာပဲ ပြသနာတွေ စတက်တော့တာပဲ… ဒါပေမယ့် အဲဒီ ဆန်းကျယ်တဲ့ ဆေးရောင်းသူက နောက်တစ်ခါထပ်ပေါ်လာပြီး ပထမရောင်းခဲ့တဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကုစားနိုင်တဲ့ ဆေးတွေ ရှိတယ်လို့ ပြောတယ်….”

ရှောင်ယန်ယု၏ မျက်၀န်းများ မှေးစင်းလာလေသည်။ ထိုကိစ္စ၏ နောက်ကွယ်တွင် ပူးပေါင်းကြံစည်မှုများ ရှိနေမည်ဟု သူမက ခန့်မှန်းမိလေသည်။

“သူတို့က ရက်စက်တဲ့ တောင်းဆိုမှုတွေ မလုပ်ပဲနဲ့ … နင်… ဒါမှမဟုတ်… ရှောင်ရှောင်လုံ့ကို တောင်ပိုင်းမြို့တော်ကို ပြန်လာစေချင်တယ်… ဒါပေမယ့် မစိုးရိမ်ပါနဲ့ သူတို့က နင့်ကို နာကျင်အောင် လုပ်မှာ မဟုတ်ပါဘူး… ဒီလိုမှ မဟုတ်ဘူးဆိုရင် ဒီအဖိုးကြီးက သူတို့ အားလုံးကို ချေမှုန်းပလိုက်ပြီ…” အဖိုးအိုက ရှည်လျားစွာ ရှင်းပြလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။

သို့သော်လည်း အဖိုးအိုမျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာပင် ရှောင်ယန်ယုက တည်တည်ငြိမ်ငြိမ်ပင် ရှိနေလေသည်။

“အဲဒီ ထူးခြားဆန်းကျယ်တဲ့ လူစုရဲ့ ပုံစံအမှန်ကို အဖိုးသိလား…” ရှောင်ယန်ယုက သိလိုသည့် မေးခွန်းကို မေးလိုက်သည်။

ထိုသူများက သူမကို တောင်ပိုင်းမြို့တော်တွင် နေစေလိုခဲ့သည်။ ထို့အပြင် သူမကို နာကျင်အောင်မလုပ်ဟုလည်း ပြောခဲ့လေသည်။ သို့သော် ထိုအချိန်တွင် တောင်ပိုင်းမြို့တော် အပြင်ဘက်၌ အဆင့်ခုနစ် သားရဲတစ်ကောင် ပေါ်ထွက်လာခဲ့သည်။

“အဲဒီလူတွေက ဘယ်သူတွေလဲ… သူတို့ရဲ့ နောက်မှာ ဘယ်သူတွေ ရှိနေတာလဲ…”

အဖိုးအိုက သူ၏ လျှာဖြားထိပ်မှ စကားလုံးများကို သိမ်းဆည်းထားရန် တွေးလိုက်သော်လည်း နောက်ဆုံးတွင် ပြောလိုက်လေသည်။

“ငါခန့်မှန်းမိတာကတော့… အဲဒီလူတွေက မင်းရဲ့ အဖေကို ဟန့်တားခြင်နေတာ ဖြစ်နိုင်တယ်… အဲဒီတော့ သူတို့နဲ့ ဆက်နွယ်နေတာ ဘုရင်ခံယုပဲ ဖြစ်ရမယ်…”

“ဘုရင်ခံယု… မဖြစ်နိုင်ဘူး…”

ဘုရင်ခံယုတွင်သာ ထိုကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသော အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲကို ဆင့်ခေါ်နိုင်ပါက ဤနေရာတွင် အချိန်လာဖြုန်းရန် မလိုအပ်ပေ။ သူမဖခင်ပင် အဆင့်ခုနစ် သားရဲကောင်များကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။

“ဒါက ငါပြောနိုင်တာ အကုန်ပဲ… တကယ်လို့ သမီးကိုသာ တောင်ပိုင်းမြို့တော်ကို ပြန်မခေါ်နိုင်ရင် မင်းရဲ့ ဦးလေးက ပုပ်သိုးဆွေးမြေ့ပြီး သေဆုံးသွားလိမ့်မယ်… အဲဒီအပြင် ဒီသက်စောင့်ဆေးတွေကြောင့် ရှောင်မိသားစုရဲ့ စီးပွားရေး လုပ်ငန်းတွေ ပျက်ဆီးသွားလိမ့်မယ်… ဒါက ငါတို့ ဆုံးရှုံးခံနိုင်တဲ့ အရာတွေ မဟုတ်ဘူးလေ…” အဖိုးအိုက အကူအညီ မဲ့စွာနှင့် ပြောလိုက်သည်။

ရှောင်ယန်ယုက စကားဆက်မပြောတော့ပဲ အတွေးများစွာနှင့် ၀တ်ပြုဆောင်ထဲမှ ထွက်လာလိုက်သည်။ သူမက ရှောင်စံအိမ်တော်၏ ဥယျာဉ်ထဲ၌ ဖြတ်လျောက်နေချိန်တွင် သူမ၏ မျက်၀န်းများက မည်းမှောင်နေလေသည်။

“တစ်ယောက်ယောက်က အဆင့်ခုနစ် သားရဲကောင်ကို ဆင့်ခေါ်ထားတာက ငါ့အဖေကို ဟန့်တားဖို့လား… ဒီလှုပ်ရှားမှုရဲ့ နောက်ကွယ်က အဖြစ်မှန်က ဘာများ ဖြစ်နိုင်မလဲ…”

သူမ၏ ရှေ့မှ မြင်ကွင်းကို တွေ့လိုက်ရသောကြောင့် ရှောင်ယန်ယုက အံ့သြထိတ်လန့်သွားလေသည်။

“ပိုင်ရှင်ပု ဘာလုပ်နေတာလဲ….”

သူမ၏ရှေ့ ခပ်လှမ်းလှမ်းတွင် ပုဖန်က သခင်ငယ်လေးတစ်ယောက်ကို အင်္ကျိမှ ကိုင်မြှောက်၍ ဥယျာဉ်ထဲတွင် မျက်နှာသေနှင့် လျောက်လှမ်းနေလေသည်။ သူ၏ နောက်တွင် ၀၀တုတ်တုတ် ဝှိုက်တီက ထပ်ကြပ်မခွာ လိုက်ပါနေလေသည်။