အခန်း ၂၅၅ “ငြင်းပယ်ခြင်း…”
ပုဖန်၏ လက်များက ကြံ့ခိုင်သန်မာလှပေသည်။ သူက လူငယ်လေး၏ အင်္ကျီကော်လံစမှ ဆွဲမြှောက်ထားလေရာ အသက်ရှူကြပ်မှုကြောင့် လူငယ်လေး၏ မျက်နှာက နီရဲနေလေသည်။
“စီနီယာ… မင်းကို တစ်ချက်ကြည့်လိုက်တာနဲ့ မင်းက သေမျိုးတစ်ယောက်မဟုတ်ဘူးဆိုတာ ငါပြောနိုင်တယ်… ပြီးတော့ မင်းရဲ့ စက်ရုက်ကလည်း သလင်းကျောက်တွေကိုတောင် စားနိုင်တယ်… ဒါက တော်တော်လေး မိုက်တယ်… အဲဒီရုပ်သေးရုပ်ကို သလင်းကျောက်ငါးဆယ်နဲ့ ရောင်းလိုက်ပါလား… ဒါက ငါဆယ်နှစ်စာ စုထားတာနဲ့ ညီမျှတယ်.. ပီးရင်ငါ အဲဒီရုပ်သေးကို အသုံးပြုပြီး ရှားရှားကို ရင်ခုန်အောင် သွားပြီး ကျီစယ်နိုင်ပြီ…”
ပုဖန်၏ ချီမခြင်းကို ခံနေရသော လူငယ်လေးက သူ၏ ခြေလက်များကိူ ရမ်းခါပြီး မရပ်မနား ပြောဆိုနေလေသည်။
“ရှာရှာက ဘယ်သူလဲ…” ပုဖန်က မေးလိုက်သည်။
“ရှာရှာဆိုတာက တောင်ပိုင်းမြို့တော် အုပ်ချုပ်သူရဲ့ သမီးလေး… သူမက အရမ်းလှတယ်… ငါတို့က ငယ်ရည်းစားတွေပဲ…”
ပုဖန်က ခပ်တည်တည်နှင့် ထိုလူငယ်လေး၏ စကားများကို လျစ်လျူရှုလိုက်လေသည်။
“တော်တော်ကောင်းတယ်.. ဝှိုက်တီကို သူက ၀ယ်ပြီးတော့ သူ့ရဲ့ မိန်းကလေးကို ကျီစယ်တဲ့ နေရာမှာ သုံးချင်နေတာ…”
ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် လူငယ်လေး၏ အကျင့်စရိုက်ကို သိနိုင်လေသည်။ ဝှိုက်တီက ထိုနေရာတွင် သုံးရမည့် စက်ရုပ်မဟုတ်ပေ။
“သလင်းကျောက် ငါးဆယ်နဲ့ ဝှိုက်တီကို ၀ယ်ချင်နေတာလား… ဒီစျေးနှုန်းက ၀က်နံရိုးချိုချဉ်ကြော် တစ်ပွဲစာပဲ ရှိတယ်.. တစ်ရက်တစ်ရက်ကို ဝှိုက်တီက ၀က်နံရိုးချိုချဉ်ကြော် ဘယ်လောက်တောင် စားလဲဆိုတာ မင်းသိလား…” ရှောင်ယုက ကြားလိုက်ရသော စကားများကြောင့် ပြောစရာစကား မဲ့သွားလေသည်။
“ရှောင်ယု ဘာတွေ ပေါက်ကရ ပြောနေတာလဲ…”
“ဒီနှစ်ယောက်က ဘယ်လို ဖြစ်ပြီး တွေ့သွားကြတာလဲ…”
ထို့အပြင် ထိုကလေးက ပုဖန်၏ နောက်မှ ဝှိုက်တီကို သလင်းကျောက်ငါးဆယ်မျှနှင့် ၀ယ်လိုနေလေသည်။
“ငါ့ရဲ့ မောင်ငယ်လေး… နင်က ဘယ်လိုတောင်ရဲတင်းနေတာလဲ…”
“နင်သူ့ကို သိတယ်လား… ဒီကလေးက တကယ့်ကို အနှောက်အယှက် ပေးလွန်းတယ်…”
ပုဖန်က ရှောင်ယုကို လွှတ်ချလိုက်သည်နှင့် ရှောင်ယုက ခန္ဒာကိုယ်ကို လှည့်လိုက်ပြီး ပုဖန်ကို ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ပုဖန်က လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ ခေါင်းကို ဖိထားလိုက်လေသည်။
“မင်းအနေနဲ့ ဝှိုက်တီကို မထောက်ပံ့နိုင်ဘူးလို့ ငါဘယ်နှခါ ပြောရမလဲ … လက်လျော့လိုက်တော့… မင်းရွေးချယ်နိုင်တဲ့ တခြား ကောင်းတဲ့ အရာတွေ အများကြီး ရှိနေသေးတယ်….” ပုဖန်က လေးနက်စွာ ပြောလိုက်သည်။
“အရူးလိုလုပ်မနေနဲ့တော့… ပိုင်ရှင်ပုပြောတာမှန်တယ်… နင်အဲဒါကို မတတ်နိုင်ဘူး… ပိုင်ရှင်ပု ပြောတာက အမှန်တွေပဲ…” ရှောင်ယန်ယုက ရှောင်ယု၏ အင်္ကျီလက်ကို ဆွဲ၍ ပြောလိုက်သည်။
“အမကြီး ယန်ယု နင်က ဘာလို့ ငါ့အတွက် မပြောပေးတာလဲ… နင်က ငါ့ကို ကူညီပြီး စီနီယာကို ဖျောင်းဖြပေးရမှာလေ… ဘာလဲ နင်တို့ကြားမှာ တစ်ခုခု ဆက်သွယ်ချက် ရှိနေတာလား…” ရှောင်ယုက မကျေမနပ်နှင့် ပြောလိုက်ပြီး ပုဖန်နှင့် ရှောင်ယန်ယုတို့ကို သင်္ကာမကင်းဟန်နှင့် အကဲခတ်လိုက်သည်။
ရှောင်ယန်ယု၏ မျက်နှာက နီရဲသွားပြီး သူမ၏ ပါးပြင်နှစ်ဖက်က ပန်းရောင် တောက်ပလာလေသည်။
“ဘယ်လို အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ… နင်ဆက်ပြောနေမယ်ဆိုရင် နင့်အမေကို ပြောလိုက်ပြီးတော့ ဝံပုလွေလက်သည်း ခြုံပေါ်မှာ ဒူးထောက်ခိုင်းထားမယ်…
ရှောင်ယုက တုန်လှုပ်သွားပြီး သူ၏ ပါးစပ်ကို ပိတ်ထားလိုက်လေသည်။
“ပိုင်ရှင်ပု နင်က ဘယ်လို ဖြစ်လို့ ဒီကို ရောက်နေတာလဲ…. ရှောင်ယက နင့်ကို အခန်းမစီစဉ်ပေးဘူးလား… ငါအခုပဲ နင့်ကို လာရှာတော့မလို့…” ရှောင်ယန်ယုက နူးညံ့သ်ိမ်မွေ့စွာ ပြုံးလိုက်ပြီး ပုဖန်ကို ပြောလိုက်သည်။
ပုဖန်၏ အမူအယာက တည်ငြိမ်နေလေသည်။
“အိုး… ပေးတာပေါ့… အလွန့်အလွန်ကို စိတ်ပျက်ဖို့ ကောင်းတဲ့ အခန်း….”
“နင့်ရဲ့ အစေခံက စီနီယာ့ကို နိမ့်ကျတဲ့ ဧည့်သည်ခန်းကို ခေါ်သွားတယ်… ဒါက ဘယ်လို သဘောထားလဲ… ငါအခု ငါ့လူတွေကို အခန်းကောင်းကောင်းစီစဉ်ခိုင်းထားပြီးပြီ… ပြီးတော့ စီနီယာက နင့်ကို ရှာချင်တယ်ဆိုလို့ ငါဒီကို ခေါ်လာတာ…” ရှောင်ယုက အသံတိုးတိုးနှင့် ပြောလိုက်သည်။
ရှောင်ယန်ယုက မျက်မှောင်ကြုံ့လိုက်လေသည်။
“ဒီရှောင်ယကတော့…”
“ထားလိုက်တော့… နင်က ငါ့ကို စစ်မှန်တဲ့ ၀က်သားပေါင်မုန့်ကြော် မြည်းစမ်းနိုင်မယ်ဆိုပြီး ရှောင်စံအိမ်တော်ကို ခေါ်လာတာ မဟုတ်လား… အခု အဲဒီကိုပဲ ခေါ်သွားတော့…”
ရှောင်ယန်ယုက ပြောရန် ပြင်လိုက်ချိန်တွင် ဘေးမှ ရှောင်ယုက ဖြတ်ပြောလိုက်သည်။
“ဘာ… စီနီယာက ဒီမှာ ၀က်သားပေါင်မုန့်ကြော်လာစားတာလား… ဒါဆိုရင် မဖြစ်နိုင်တော့ဘူး… ငါ့ရဲ့အမေက အနားယူသွားခဲ့တာ ကြာလှပြီ…”
ဒေါက်..
ရှောင်ယန်ယုက ရှောင်ယု၏ ခေါင်းကို ခေါက်လိုက်သည်။
“အနားယူတယ်… ပါးစပ်ပိတ်ထား… နင့်ကို ငါက စကားပြောခိုင်းလို့လား…”
ရှောင်ယန်ယု၏ စိတ်အခြေအနေက မကောင်းတော့ပေ။ ထိုကလေးက စကားပြောလိုက်သည်နှင့် အဓိပ္ပါယ်မရှိသည့် စကားများသာ ထွက်လာလေသည်။
“မိန်းကလေးလင်းက သူ့ရဲ့ အမေလား..” ပုဖန်က အံ့အားတသင့်နှင့် ရှောင်ယုကို ကြည့်လိုက်သည်။
“ဟုတ်တယ်… သူက ဒုတိယ ဦးလေးရဲ့ သားပဲ….သူက ဆိုးသွမ်းပြီး ကျီဆယ်တတ်တယ်.. ပိုင်ရှင်ပုကို သူအနှောက်အယှက် ပေးခဲ့တယ်ဆိုရင် ငါတောင်းပန်ပါတယ်…” ရှောင်ယန်ယုက တောင်းပန်စကားပြောလိုက်သည်။
“သူက ဆိုးသွမ်းပြီး ကျီဆယ်တတ်တာမဟုတ်ပါဘူး… မိုက်မဲပြီး စိတ်အနှောက်အယှက် ပေးတတ်တာပါ…” ပုဖန်က လက်ဝှေ့ရမ်း၍ ပြောလိုက်သည်။
ရှောင်ယု၏ မျက်နှာက ချက်ချင်းပင် တင်းမာသွားပြီး ပုဖန်ကို မကျေမနပ်နှင့် စိုက်ကြည့်လိုက်သည်။ သူ၏ မိန်းကလေးကို စနောက်ကျီစယ်ရန်အတွက်သာ ဝှိုက်တီကို ၀ယ်လိုခြင်း ဖြစ်သည်။
“ဘယ်လိုဖြစ်လို့ ငါက မိုက်မဲတဲ့သူ ဖြစ်သွားတာလဲ… ဒီစီနီယာက ငါ့ကို သူ့လိုများ ထင်နေတာလား မသိဘူး…”
ရှောင်ယန်ယုက ရှေ့ဆုံးမှ ဦးဆောင်၍ သူတို့သုံးယောက်က တန်းစီ လျောက်သွားကြလေသည်။ ရှောင်ယု၏မိခင်က ပေါင်မုန့်အလှလေးဖြစ်ပြီး ရှောင်စံအိမ်တော်မှ ဒုတိယသခင်နှင့် လက်ထပ်ပြီးနောက်ပိုင်း ၀က်သားပေါင်မုန့်ကြော်ကို ဆက်လက်ပြုလုပ်ခြင်း မရှိတော့ပေ။ တစ်ခါတစ်ရံ နွေဦးပွဲတော်ကာလများတွင်သာ ပြုလုပ်လေ့ရှိသောကြောင့် သာမာန်သူများအနေနှင့် သူမ၏ အချက်အပြုတ် စွမ်းရည်ကို မြည်းစမ်းနိုင်ရန် ခက်ခဲလှသည်။
“ငါ့အမေရဲ့ သဘောထားက အရမ်းပြတ်သားတယ်… သူက မလုပ်ဘူးဆို လုံး၀မလုပ်ဘူးပဲ… တစ်ခါတုန်းကလည်း အင်ပါယာမြို့တော်က သူဌေးကြီးတစ်ယောက်က၀က်သားပေါင်မုန့်ကြော်ကို သလင်းကျောက်တွေ သုံးပြီး ၀ယ်ယူချင်ခဲ့တာ… ဒါပေမယ့် ငါ့အမေက လုံး၀မလုပ်ပေးဘူး…” ရှောင်ယုက ကျေနက်စွာ ပြောနေလေသည်။
ရှောင်ယန်ယုက သူ့ကို မျက်လုံးပြူး၍ စိုက်ကြည့်လိုက်ပြီးနောက် ပုဖန်ဘက်လှည့်၍ ကူရာမဲ့စွာ ပြုံးပြလိုက်သည်။ အမှန်တကယ်လည်း ရှောင်ယု၏ စကားများက မှန်နေလေသည်။
ပုဖန်က မျက်မှောင်ကြုံ့လိုက်မိသည်။
“နွေဦးပွဲတော်က ပြီးဆုံးသွားပြီလေ… ဒီအဓိပ္ပါယ်က ငါ ၀က်သားပေါင်မုန့်ကြော်ကို မမြည်းနိုင်တော့ဘူးလို့ ဆိုလိုတာလား…”
ထိုအချင်းအရာက စိတ်ပျက်စရာကောင်းပြီး နှမျောစရာလည်း ကောင်းလှလေသည်။ သို့သော် ထိုအကြောင်းကြောင့် ပုဖန်၏ စိတ်ထဲတွင် ၀က်သားပေါင်မုန့်ကြော်ကို ပို၍ မြည်းစမ်းချင်လာလေသည်။
“စီနီယာ…. ဒီလိုဆိုရင်ရော မင်းရဲ့ ဝှိုက်တီကို ငါ့ဆီရောင်းလိုက်… ငါက မင်းကို ကူညီပြီး အမေ့ကို ပြောပေးမယ်…”
သို့သော် ပုဖန်က သူ့ကို ထူးမခြားနားစွာပင် ပြန်ပြောလိုက်သည်။
“ငါမင်းကို ပြောပြီးပြီလေ… မင်းသူ့ကို ထောက်ပံ့နိုင်မှာ မဟုတ်ဘူး…”
ရှောင်ယု၏ မျက်နှာက ပြန်၍ စူပုပ်သွားလေသည်။
“ပိုင်ရှင်ပု ငါ့ရဲ့ ဒုတိယအန်တီနဲ့ တွေ့ဖို့ ငါနင့်ကို ခေါ်သွားပေးမယ်…. နင့်က သူ့ကို ၀က်သားပေါင်မုန့်ကြော်ပေးဖို့ စည်းရုံးကြည့်နိုင်တယ်… ချက်ပေးမပေးကတော့ သူ့သဘောပဲ…” ရှောင်ယန်ယုက ပြောလိုက်သည်။
ပုဖန်က ခေါင်းငြိမ့်လိုက်သည်။ ထိုအရာက တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။ သူတို့သုံးယောက်က ဥယျာဉ်တော်ထဲတွင် လှည့်ပတ်လျောက်နေရသောကြောင့် ပုဖန်က ခေါင်းများပင် မူးလာလေသည်။ ဥယျာဉ်တော်က ကြီးမားလှသောကြောင့် အလွယ်တကူပင် လမ်းပျောက်နိုင်လေသည်။သူတို့ သုံးယောက်က အချိန်အတော်ကြာ လျောက်ပြီးနောက် ကျယ်၀န်းသော ခြံ၀န်းတစ်ခုသို့ ရောက်ရှိလာလေသည်။
ရှောင်ယုက တံခါးတွန်းဖွင့်လိုက်ပြီး လှမ်းအော်လိုက်သည်။
“အမေ…. သားပြန်ရောက်ပြီ…”
ခြံ၀န်းထဲမှ ဆူညံသံ အနည်းငယ် ထွက်လာပြီး ဆွဲဆောင်မှုရှိသော ပုံရိပ်တစ်ခု ခြံ၀န်းထဲမှ ထွက်လာလေသည်။ ထိုပုံရိပ်က ရင့်ကျက်သော လှပသော တည်ငြိမ်ပြီးယဉ်ကျေးလှသော အမျိုးသမီးတစ်ယောက်ပင် ဖြစ်သည်။ ထိုအမျိုးသမီး၏ ခန္ဒာကိုယ်က ကြည့်ကောင်းလှပြီး မျက်နှာသွင်ပြင်ကလည်း လှပလေသည်။ သူမပြုံးလိုက်သည့် အချိန်တိုင်းတွင် ကြည့်လိုက်မိသူတိုင်၏ စိတ်ထဲတွင် နွေးထွေးသွားစေလေသည်။
“ရှောင်ယု ပြန်လာပြီလား… မင်းရဲ့ အဖေက အခုလေးတင်ပဲ ပြန်ရောက်လာတာ… လာခဲ့….”
“ယန်ယုလည်းပါလာတာလား… အင်… ဒါက …” ယဉ်ကျေးသိမ်မွေ့ဟန်ရသော အမျိုးသမီးက ပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီး ရှောင်ယန်ယုဘက်သို့ လှည့်၍ အပြုံးလေးနှင့် မေးလိုက်သည်။
ရှောင်ယန်ယုက ပုဖန်နှင့် မိတ်ဆက်ပေးလိုက်သော်လည်း သူမက အသေးစိတ်မပြောပေ။
“အော်…. ဒါက ယန်ယုသူငယ်ချင်းဆိုတော့… ငါတို့ရဲ့ ဧည့်သည်ပဲပေါ့… လာ… အိမ်ထဲကို ၀င်ကြပါ…”
လင်ချီအာ…သို့မဟုတ်… မိန်းကလေးလင်းဟု လူသိများသော အမျိုးသမီးက အိမ်ထဲသို့ ဖိတ်ခေါ်လိုက်လေသည်။
ရှောင်ယုက ခေါင်းငိုက်စိုက်ကျသွားလေသည်။ သူ၏အဖေ အိမ်ထဲတွင် ရှိနေပါက ပြေးလွှားဆော့ကစားနိုင်မည် မဟုတ်တော့ပေ။
ပုဖန်က အိမ်ထဲသို့ ရောက်သည်နှင့် မွှေးပျံ့လှသော စန္ဒကူးရနံ့နှင့် သိပ်သည်းလှသော လဖ္ဘက်ခြောက် ရနံ့ကို ခံစားလိုက်ရသည်။ အိမ်၏ အတွင်းပိုင်းက အလွန်ကျယ်ပြန့်ပြီး အိမ်ထဲသို့ ၀င်လိုက်သည်နှင့် ဧည့်ခန်းကိုလှမ်းမြင်လိုက်ရသည်။ ထိုနေရာတွင် သစ်သားစားပွဲနှင့် ကုလားထိုင်အချို့ ရှိနေလေသည်။
ထိုင်ခုံပေါ်တွင် ထိုင်၍ ရေနွေးကြမ်းသောက်နေသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က အိမ်ထဲ၀င်လာသော ပုဖန်တို့ကို လှမ်းကြည့်နေလေသည်။ ထိုသူက ချောမောခန့်ငြားလှသည်။ ယခုအချိန်တွင် သက်လတ်ပိုင်းအရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ငယ်စဉ်က ချောမောခန့်ငြားမှုများက ကျန်ရှိနေလေသည်။ သူ၏ အသွင်အပြင်က ရဲရင့်တက်ကြွဟန်ရှိပြီး ရှောင်မန်ကဲ့သို့ လွှမ်းမိုးနိုင်သည့် အသွင်ရှိလေသည်။ ထိုသူက ရှောင်မိသားစု၏ ဒုတိယသခင် ရှောင်ခယ်ယွင် ဖြစ်သည်။
ပုဖန်ကို ထိုသူကို မြင်လိုက်ချိန်တွင် သူ၏ မျက်လုံးများ မှေးစင်းသွားလေသည်။ ထိုသူ၏ ခန္ဒာကိုယ်ပေါ်၌ အားကောင်းလှသော အရှိန်အဝါများ ထွက်ပေါ်နေသော်လည်း ထိုအရှိန်အဝါများက အပေါ်ယံသာ ဖြစ်သည်။ ကိုယ်တွင်းစွမ်းအားများက အားနည်းပြီး ထိခိုက်ပျက်စီးလွယ်နေလေသည်။ ထို့အပြင် သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အနက်ရောင်အလင်းများက တစ်ချက်တစ်ချက် လက်သွားလေသည်။ ထိုအလင်းများက သူ၏အသက်စွမ်းအင်များကို စားသုံးနေပုံရလေသည်။
“ဒီလူ… ဒီလူက တော်တော်လေး ထူးဆန်းနေတယ်…”
ပုဖန်က ရှောင်ခယ်ယွင်ကို အကဲခတ်နေသကဲ့သို့ သူကလည်း ပုဖန်ကို ပြန်လည်အကဲခတ်နေလေသည်။ ပုဖန်၏ ခန္ဒာကိုယ်ထဲတွင် ဖုံးကွယ်ထားသော စွမ်းအင်များကို ခံစားမိသောကြောင့် သူ၏ စိတ်ဝိဥာဉ်ပင် တုန်လှုပ်သွားပြီး နှလုံးများ တုန်လာကာ ချက်ချင်းပင် ပြောလိုက်သည်။
“ဒီဆရာက….”
“သူက အင်ပါယာမြို့တော်က ယန်ယုရဲ့ သူငယ်ချင်း ပိုင်ရှင်ပုပါ… သူတို့တစ်ယောက်နဲ့ တစ်ယောက် တောင်ပိုင်းမြို့တော်ထဲမှာ တွေ့ခဲ့ကြတာလေ… ဒါကြောင့် ယန်ယုက ဒီကို ဖိတ်ခေါ်ခဲ့တာ…” လင်ချီအာက အပြုံးလေးနှင့် ရှင်းပြလိုက်သည်။
“အိုး… ငါရှောင်စံအိမ်တော်ကို လိုက်လာခဲ့တာက မင်းရဲ့ ၀က်သားပေါင်မုန့်ကြော်ကို မြည်းစမ်းကြည့်ချင်လို့ပါ… ငါ၀က်သားပေါင်မုန့်ကြော် တစ်ပွဲလောက် ပြင်ဆင်ပေးဖို့အတွက် ငါတောင်းဆိုလို့ ရနိုင်မလား…” ပုဖန်က နှိမ့်ချသော အမူအယာနှင့် ပြောလိုက်သည်။
“ဒုတိယဦးလေး ပိုင်ရှင်ပုက အင်ပါယာ မြို့တော်ကနေ တောင်ပိုင်းမြို့တော်ထဲ လာခဲ့တာက ဒုတိယဒေါ်လေးရဲက ဟင်းချက်စွမ်းရည်ကို သိချင်လို့ပါ… ဒါကြောင့် သူက …”
ရှောင်ယန်ယုက ရှောင်ခယ်ယွင်ကို ကြည့်၍ အပြုံးလေးနှင့် ပြောလိုက်သည်။ သို့သော် သူမစကား မဆုံးခင်မှာပင် ရှောင်ခယ်ယွင် အေးစက်စက် အကြည့်များကြောင့် ရပ်တန့်သွားလေသည်။
“မဖြစ်နိုင်ဘူး… ချီအာက ၀က်သားပေါင်မုန့်ကြော်ကို ဘယ်တော့မှ ထပ်လုပ်တော့မှာ မဟုတ်ဘူး…. ဒီဆရာကို ပြန်လိုက်ဖို့ ငါတောင်းဆိုပါရစေ…” ရှောင်ခယ်ယွင်၏ အမူအယာက တင်းမာခက်ထန်သွားပြီး ခေါင်းခါယမ်းလိုက်ပြီး ပုဖန်ကို ပြန်လည်ထွက်ခွာသွားရန် ပြောလိုက်သည်။
ရှောင်ယန်ယု၏ အမူအယာက တောင့်တင်းသွားပြီး ပုဖန်ကို ကူရာမဲ့စွာနှင့် ပြုံုးပြလိုက်သည်။
လင်ချီအာကလည်း ပုဖန်ကို ပြုံးပြလိုက်ပြီး သူ၏ တောင်းဆိုချက်ကို လိုက်လျောနိုင်မည်မဟုတ်ကြောင်း တောင်းပန်ပြောဆိုလိုက်လေသည်။
“အမေ.. စီနီယာက အင်ပါယာမြို့တော်ကနေ… ဒီကိုလာတာတော်တော်လေး ခက်ခဲတယ်… ဘာလို့ တစ်ပန်းကန်လေးတောင် မလုပ်ပေးနိုင်ရတာလည်း ပီးတော့ ငါလည်း အမေ့ရဲ့ လက်ရာကို မစားရတာ တော်တော်လေး ကြာခဲ့ပြီ…” ရှောင်ယုက ၀င်၍ ပြောဆိုလိုက်သည်။
“နောက်ဆုတ်စမ်း… လူကြီးတွေ စကားပြောနေတာကို ကလေးတွေ ၀င်မပါနဲ့…” ရှောင်ခယ်ယွင်က အလေးမထားပဲ ပြောဆိုလိုက်သည်။
ရှောင်ယု၏ အမူအယာက ချက်ချင်းပင် ညှိုးနွမ်းသွားပြီး ခေါင်းငိုက်စိုက် ကျသွားလေသည်။
“ကောင်းတယ်… အဖေပဲ လူကြီး… အဖေပဲ ကောင်းတယ်…”
“ပိုင်ရှင်ပု… ဟုတ်တယ်နော်… ငါစိတ်မကောင်းပါဘူး… ဒါပေမယ့်… သူမက အရမ်းအားနည်းပြီး ခန္ဒာကိုယ်က ထိခိုက်လွယ်တယ်… ငါ့ရဲ့ ချစ်ဇနီးက ၀က်သားပေါင်မုန့်ကြော်ကို မလုပ်တာ တော်တော်ကြာနေပြီ… အဲဒီအတွက် ငါတကယ့်ကို စိတ်မကောင်းပါဘူး… မိတ်ဆွေ ကျေးဇူးပြုပြီး ပြန်ပါတော့… တောင်ပိုင်းမြို့တော်မှာ ၀က်သားပေါင်မုန့်ကြော် တစ်ခုပဲ စားစရာ ရှိတာ မဟုတ်ပါဘူး… တခြားစားကောင်းသောက်ဖွယ်တွေလဲ ရှိပါတယ်… မိတ်ဆွေအနေနဲ့ တခြားစားကောင်းသောက်ဖွယ်တွေကိုပဲ သွားရောက် မြည်းစမ်းကြည့်ပါ…” ရှောင်ခယ်ချန်းက ဧည့်သည်ကို နှင်သည့်စကား ထပ်ပြောလိုက်သည်။
ပုဖန်က မျက်မှောင်ကြုံ့လိုက်ပြီး ထပ်မံ၍ အတင်းအကြပ်တောင်းဆိုခြင်း မပြုရန် တွေးလိုက်မိသည်။ သူမ မချက်နိုင်ပါက သူ့အနေနှင့် မေ့ထားလိုက်ရုံသာ ရှိလေသည်။ ထို့ကြောင့် ပုဖန်က ခြံတံခါး၀သို့ လှည့်ထွက်လာခဲ့သည်။ ထိုအချိန်တွင် သားရဲကောင်ကြီး၏ အော်ဟစ်မြည်ကြွေးသံက နောက်တစ်ကြိမ် ရိုက်ခတ်လာခဲ့သည်။ မြို့ရိုး၏ အပြင်ဘက်၌ ကျယ်လောင်လှသော အသံများနှင့် ဆူညံ ပွက်လောရိုက်နေလေသည်။