အခန်း ၂၅၆ “မြို့တံခါး ပျက်စီးခြင်း”
နေ၀င်ချန်၌ တစ်ကိုယ်လုံးတောက်ပနေသော ဧရာမငါးကြီးက မြို့တံခါးကို အပြင်းအထန် တိုက်ခိုက်လိုက်သည်။ သံမဏိတံခါးကြီးက ပြင်းထန်လှသော တိုက်ခိုက်မှု ဒဏ်ကို ခံနိုင်ရည် မရှိတော့ပဲ ကျိုးပျက်ခါနီး ဖြစ်လာလေသည်။
မြို့အတွင်းတွင် လူများအားလုံးက ကြောက်ရွံ့ထိတ်လန့်နေကြပြီး ပုန်းခိုရန် သူတို့၏ နေအိမ်သို့ ပြန်ပြေးနေကြလေသည်။ ဘေးအန္တရာယ်နှင့် ထိပ်တိုက်ရင်ဆိုင်ရသော အချိန်တွင် လူတိုင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေလေသည်။
ဤငါးကြောင့် မြို့တံခါးသာ ပြိုကျသွားပါက တောင်ပိုင်းမြို့တော်က အမှန်တကယ်ပင် အကြပ်အတည်းထဲ ကျရောက်တော့မည်ဖြစ်သည်။ တောင်ပိုင်းမြို့တော်၏ ဂိတ်တံခါး၀အနီးမှ ထူးခြားဆန်းကျယ်သော အလင်းလွှာတစ်ခု မြင့်တက်လာပြီး ထိုအလင်းလွှာက မြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ ထိုအရာက တောင်းပိုင်းမြို့တော်၏ ကာကွယ်ရေး အစီအရင်ပင် ဖြစ်သည်။ ထိုအစီအရင်ကို အသက်သွင်းရန် လိုအပ်သော စွမ်းအင် အရင်းအမြစ်များမှာ များပြားလှသောကြောင့် တကယ့် အကြပ်အတည်းနှင့် ကြုံတွေ့ရမှသာ အသက်သွင်းလေ့ရှိသည်။
ကာကွယ်ရေးအစီအရင် အသက်၀င်လာသည်နှင့် နတ်ဆိုးငါး၏ တိုက်ခိုက်မှုက မြို့တံခါး၀ကို ထိခိုက်နိုင်စွမ်း မရှိတော့ချေ။ အကြိမ်အနည်းငယ်မျှ တိုက်ခိုက်ပြီးနောက် ဧရာမ နတ်ဆိုးငါးကြီးက နဂါးမြစ်ထဲသို့ ပြန်လည်ဆင်းသက်သွားပြီး အဝေးသို့ ကူးခတ်သွားလေသည်။
စိုးရိမ်ပူပန်နေရသော အခြေအနေအောက်တွင်ပင် ညအမှောင်က ကျရောက်လာလေသည်။ အလင်းရောင်လေးများက ဟိုတစ်ကွက် ဒီတစ်ကွက် ထွန်းလင်းလာပြီး ညအမှောင်ကို အံတုနေလေသည်။ နောက်ဆုံး၌ မြို့သူမြို့သားများ အားလုံးက စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်မိသည်။ သူတို့၏ စိတ်ထဲတွင်လည်း အလွန်အေးချမ်းသွားလေသည်။
……
ရှောင်စံအိမ်တော်၌ ပုဖန်က ရှောင်ခယ်ယွင်ကို နှုတ်ဆက်ပြီး ပြန်ထွက်လာကာ ရှောင်ယုပြင်ဆင်ပေးထားသော အခန်းသို့ လျောက်သွားလိုက်သည်။ ထိုအခန်းက သူ့ကို ပထမဆုံး ပြင်ဆင်ပေးထားသော အခန်းနှင့်စာလျင် ပို၍ ကောင်းမွန်နေလေသည်။ အနည်းဆုံးတော့ ထိုအခန်းကို ပုဖန်က စိတ်ကျေနပ်မှု ရှိပေသည်။
ပုဖန်က အိပ်ယာပေါ်တွင် ထိုင်၍ တွေးတောနေမိသည်။ သူက ၀က်သားပေါင်မုန့်ကြော်ကို မမြည်းစမ်းနိုင်တော့သောကြောင့် ရှောင်စံအိမ်တွင် ဆက်နေရန် အကြောင်းမရှိတော့ချေ။ ထို့ကြောင့် နောက်တစ်နေ့တွင် ရှောင်စံအိမ်မှ ထွက်ခွာ၍ သူ၏ မူလအစီအစဉ်အတိုင်း စားကောင်းသောက်ဖွယ်များကို သွားရောက်မြည်းစမ်းရည် ဆုံးဖြတ်လိုက်လေသည်။
အကယ်၍ တောင်ပိုင်းမြို့တော်တွင် အခြားအစားအသောက်များ မရှိတော့ပါက သူက ပြန်ရန်သာ ရှိတော့လေသည်။ ထိုအကြောင်းအရာများက နောက်တစ်နေ့မှ ကြုံတွေ့ရမည့် ကိစ္စများ ဖြစ်သောကြောင့် ပုဖန်က အိပ်ယာပေါ်တွင် လှဲချလိုက်လေသည်။ သူက အခြားသူများကဲ့သို့ မအိပ်မနေ လေ့ကျင့်ရန် မလိုသောကြောင့် အိပ်စက် အနားယူလိုက်လေသည်။
၀ှိုက်တီက အနားမယူပဲ အခန်းထဲတွင် ငြိမ်သက်တိတ်ဆိတ်စွာ စောင့်ကြပ်နေသည်။
ညက လျှင်မြန်စွာ ကုန်ဆုံးသွားလေသည်။
…….
လေအလင်းအင်ပါယာမြို့တော်….
နံနက်စောစောအချိန်တွင် ရှောင်ရှောင်လုံက ဆိုင်သို့ ရောက်ရှိလာလေသည်။ သူက မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်သောအခါ အသားလွှာထွင်းထုခြင်း နည်းပညာနှင့် ဖြတ်တောက်ခြင်း နည်းပညာကို လေ့ကျင့်ရန် အတွက် ပါ၀င်ပစ္စည်းများကို ပြင်ဆင်ထားပြီးဖြစ်သော ယုဖူကို တွေ့လိုက်ရလေသည်။ ယုဖူက အိပ်ချင်မူးတူး မျက်လုံးများနှင့် သူ့ကို ကြည့်နေလေသည်။
ယုဖူက တခစ်ခစ် ရယ်မောလိုက်ပြီး ရှောင်ရှောင်လုံ၏ မီးဖိုခုံကို လက်ညိုးထိုးပြလိုက်သည်။ သူမက ရှောင်ရှောင်လုံလေ့ကျင့်ရန်အတွက် ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ဆင်ထားပြီးပြီဖြစ်သည်။
“စီနီယာအမ.. နင်ကလေ.. အိမ်ကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာကို သိတဲ့ အိမ်ရှင်မတစ်ယောက်လိုပဲ…” ရှောင်ရှောင်လုံက အိပ်ချင်မူးတူးနှင့် သမ်းဝေလိုက်ပြီး ရယ်မောလိုက်ကာ ယုဖူကို ချီးမွန်းလိုက်သည်။
သူတို့နှစ်ယောက်က စတွေ့သည့် အချိန်ကထက် စာလျင် ပို၍ ရင်းနှီးလာပြီဖြစ်သည်။ ထို့နောက် သူတို့နှစ်ယောက်က ကိုယ်ပိုင် မီးဖိုခုံရှိရာသို့ သွားလိုက်ပြီး မီးဖိုချောင်သုံးဓါးကို ဆွဲကိုင်လိုက်ကာ လေ့ကျင့်နေကြလေတော့သည်။ မီးဖိုခန်းထဲ၌ သင်းပျံ့မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်နေလေသည်။
ရှောင်ရှောင်လုံက သူ၏ ရှေ့မှ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေသည့် ၀က်နံရိုးချိုချဉ်ကြော်ကို အားရကျေနပ်စွာ ကြည့်နေလေသည်။ ပုဖန်က အချိန်အနည်းငယ် သင်ကြားခဲ့ပြီးနောက် ၀က်နံရိုးချိုချဉ်ကြော် ချက်ပြုတ်ရာတွင် ရှောင်ရှောင်လုံက ဆရာတစ်ဆူ ဖြစ်လာလေသည်။ ရှောင်ရှောင်လုံက ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်ကို သယ်ဆောင်၍ ဆိုင်အပြင်ဘက်သို့ ထွက်လာလေသည်။
တံခါး၀၌ ဘလက်ကီက ထုံးစံအတိုင်း ကြမ်းပြင်ပေါ်တွင် အိပ်မောကျနေလေသည်။ ပုဖန်က ရှောင်ရှောင်လုံ့ကို နံနက်တိုင်း ၀က်နံရိုးချိုချဉ်ကြော်တစ်ပွဲ ချက်ပြုတ်ရန် ညွှန်ကြားထားခဲ့လေသည်။ ရှောင်ရှောင်လုံက ဘလက်ကီ၏ ရှေ့တွင် ၀က်နံရိုးချိုချဉ်ကြော်ကို ချပေးလိုက်ပြီး မျှော်လင့်ချက်အပြည့်နှင့် စိုက်ကြည့်နေလေသည်။ သူ၏ ၀က်နံရိုးချိုချဉ်ကြော်ကို ထိုခွေးနက်ကြီး ကုန်စင်အောင် စားလိုက်မည်ကို မြင်လိုနေလေသည်။
ဘလက်ကီ၏ နှာခေါင်းများက ရှုံ့ပွ ရှုံ့ပွ ဖြစ်လာပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ၏ ရှေ့မှ ၀က်နံရိုးချိုချဉ်ကြော် ပန်းကန်ကို မြင်လိုက်ရသောကြောင့် သူ၏ မျက်၀န်းများက တောက်ပလင်းလက်လာလေသည်။ ထို့နောက် ရှောင်ရှောင်လုံ၏ စိတ်လှုပ်ရှားနေသော အကြည့်အောက်တွင် ဘလက်ကီက ပန်းကန်ထဲမှ၀က်နံရိုးချိုချဉ်ကြော်ကို အငမ်းမရ ထစားလိုက်သည်။
သို့သော် ရှောင်ရှောင်လုံ၏ စိတ်လှုပ်ရှားမှုများက ကြာကြာမခံလိုက်ပေ။ ခွေးနက်ကြီး၏ အမွှေးများက ထောင်သွားပြီး ဘလက်ကီက ရှောင်ရှောင်လုံကို တစ်ချက်ကြည့်လိုက်ကာ သူ၏ ပါးစပ်ထဲမှ ၀က်နံရိုးချိုချဉ်ကြော်ကို ရှောင်ရှောင်လုံရှေ့သို့ ထွေးထုတ်လိုက်သည်။ ထို့နောက် ဘလက်ကီက ကြောင်တောင်တောင်နှင့် ရပ်ကြည့်နေသော ရှောင်ရှောင်လုံ့ကို လျစ်လျူရှုလိုက်ပြီး မြေပြင်ပေါ်သို့ ပြန်လှဲအိပ်လိုက်လေသည်။
ရှောင်ရှောင်လုံက ငိုချင်လှသော်လည်း မျက်ရည်မထွက်လာပေ။ ထိုခွေး၏ အထင်အမြင်သေးမှုကို သူထပ်ခံလိုက်ရလေသည်။ ပုဖန်က ဝေးလံသော ဒေသသို့ ခရီးထွက်သွားသောကြောင့် ဆိုင်၏ စီးပွားရေးက ရှောင်ရှောင်လုံနှင့် ယုဖူတို့အပေါ်တွင် မူတည်နေလေသည်။ သူတို့နှစ်ယောက်က ဆိုင်တံခါးများကို ဖွင့်လိုက်ပြီး စားသုံးသူများကို စောင့်မျှော်နေလိုက်လေသည်။
သူတို့နှစ်ယောက်၏ ဟင်းချက်စွမ်းရည်က ပုဖန်ကို မမှီနိုင်သော်လည်း အထူးတလည် လေ့ကျင့်ထားသောကြောင့် စားသုံးသူများ လက်ခံနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ စားသုံးသူများ စိတ်ကျေနပ်လောက်အောင် ကောင်းမွန်လာပြီဖြစ်သည်။
….
ပုဖန်က ရှောင်ယန်ယုကို နှုတ်ဆက်၍ ရှောင်စံအိမ်တော်မှ ထွက်လာလိုက်သည်။ သူက တောင်ပိုင်းမြို့တော်တွင် နှစ်ရက်မျှ ဆက်နေလိုက်ပြီး တောင်ပိုင်းမြို့တော်၏ အရသာရှိသော အစားအစာများကို စားသောက်ခဲ့သည်။ အချို့ စားစရာများက တော်တော်ကောင်းလှသော်လည်း အချို့က အရသာ မရှိသလိုပင် ဖြစ်နေလေသည်။
ထိုနှစ်ရက်အတွင်းတွင် တောင်ပိုင်းမြို့တော်၏ ပြည်သူများက ဧရာမ နတ်ဆိုးငါးကြီး ထွက်ခွာမသွားသောကြောင့် စိုးရိမ်ပူပန်နေဆဲပင် ဖြစ်ကြသည်။ ထိုငါးက တောင်ပိုင်းမြို့တော်၏ အစီအရင်ကို နောက်တစ်ကြိမ် တိုက်ခိုက်လာနိုင်ပေသည်။ ယခုအခါတွင် အစီအရင်၏ အလင်းတန်းများက မှိန်ဖျော့လာပြီဖြစ်သောကြောင့် တိုက်ခိုက်မှုကို တောင့်ခံနိုင်တော့မည် မဟုတ်ချေ။
တောင်ပိုင်းမြို့တော်သခင်က မြို့အတွင်းမှ ချမ်းသာကြွမ်ဝြပီး လွှမ်းမိုးမှုရှိသော မိသားစုကြီးများကို ထိုကိစ္စအကြောင်း ဆွေးနွေးနိုင်ရန် စံအိမ်သို့ ဖိတ်ခေါ်လိုက်သည်။ သူတို့ အချေအတင် ဆွေးနွေးပြီးသော်လည်း အကြံအစည် တစ်ခုမှ ထွက်လာခြင်း မရှိကြပေ။
တောင်ပိုင်းမြို့တော်၏လမ်းမထက်တွင် လျောက်လှမ်းနေသော ပုဖန်က ကြည်လင်နေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထိုအဓိပ္ပါယ်က မြို့ တော်ကို ကာကွယ်ထားသော အစီအရင် စတင်လွင်ပြယ်လာခြင်းပင် ဖြစ်သည်။ ကာကွယ်ရေးအစီအရင် ပျောက်ကွယ်သွားသည်နှင့် ကြီးမားလှသော နတ်ဆိုးငါးကြီးက မြို့တံခါးကို နောက်တစ်ကြိမ် တိုက်ခိုက်တော့မည်ဖြစ်သည်။ ထိုအချိန်တွင် မြို့တံခါးက တောင့်ခံနိုင်စွမ်း ရှိမရှိကို ခန့်မှန်းရန် ခက်လှပေသည်။
မြို့တော်၏ လမ်းမများထက်တွင် မြို့စောင့်တပ်သားများက မြို့သူမြို့သားများ လုံခြုံမှု ရှိစေရန်ကင်းလှည့်နေကြသည်။ နောက်ဆုံးတွင် မိသားစုကြီးများက ဧရာမနတ်ဆိုးငါးကို နှိမ်နင်းရန်အတွက် တစ်အိမ်လျင် အင်ပါယာအဆင့်တစ်ယောက် ထွက်ရန် ဆုံးဖြတ်လိုက်ကြသည်။ တောင်ပိုင်းမြို့တော်တွင် သူတော်စင်အဆင့်များ မရှိသော်လည်း အင်ပါယာအဆင့်များ ရှိနေပေသည်။ မိသားစုကြီးများက အင်ပါယာအဆင့် တစ်ယောက်စီ ထုတ်ပေးနိုင်သော်လည်း ထိုသည်က သူတို့၏ အကန့်အသတ်ပင် ဖြစ်သည်။
……
မြို့တံတိုင်းထက်တွင် ချန်ရှန်အပါအ၀င် အင်ပါယာအဆင့် ဆယ်ယောက် မတ်တပ်ရပ်နေကြသည်။ နွေဦးမိုးစက်လေးများက တဖွဲဖွဲ ကျနေသောကြောင့် ကောင်းကင်ယံက အနည်းငယ် မီးခိုးရောင် သမ်းနေလေသည်။
ရှောင်စံအိမ်တော်မှ အင်ပါယာအဆင့်တစ်ယောက်အဖြစ် စေလွှတ်လိုက်သော ရှောင်ခယ်ယွင်က တင်းမာခက်ထန်လှသော မျက်နှာထားနှင့် မြို့တံတိုင်းပေါ်တွင် တည်ကြည်စွာ ရပ်နေလေသည်။ သူက ဧရာမနတ်ဆိုးငါးကြီးကို ငုံ့ကြည့်လိုက်သည်။
ငါးကြီးက စီကနဲ အသံပြုလိုက်ရာ အားလုံး၏ နားစည်များက တုန်ခါသွားလေသည်။
တောင်ပိုင်းမြို့တော်၏ အပြင်ဘက် ဆယ်မိုင်အဆောက်အဦးတွင် မျက်နှာကာပါသော ဦးထုပ်ဆောင်းထားသည့် လူငါးဦးက ကျွမ်းကျင်သူများကို တစ်ချက်တည်းနှင့် တိုက်ခိုက်နိုင်ရန် အာရုံစိုက်နေကြသည်။ ထို့နောက် သူတို့က အက်ရှရှ အသံများနှင့် ရယ်မောလိုက်ကြသည်။ သူတို့၏ ရယ်သံများထဲတွင် အထင်သေးမှု မုန်းတီးမှုများ ပါ၀င်နေလေသည်။
“သူတို့က သူတို့ရဲ့ အသက်ကို စွန့်လွှတ်ဖို့ ပြင်ဆင်နေကြတာလား… မကြာခင်မှာ တောင်ပိုင်းမြို့တော်က ဗရမ်းဗတာ ဖြစ်သွားတော့မှာကို….”
အက်ရှရှအသံတစ်ခု ထွက်ပေါ်လာပြီး သူတို့က အရိပ်ငါးခုအဖြစ် ပြောင်းလဲသွားလေသည်။ ထိုအရိပ်များက အနက်ရောင် မျဉ်းတန်းများအဖြစ် ပြောင်လဲသွားပြီး နဂါးမြစ်ကမ်းဘက်သို့ တိုး၀င်သွားလေသည်။
မြို့တံတိုင်းထက်တွင် ရပ်နေသော ရှောင်ခယ်ယွင်နှင့် အခြားသူများကလည်း ထိုအရိပ်များကို သတိပြုမိလိုက်ကြသည်။ အရိပ်များ၏ ခန္ဒာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်များက အင်ပါယာအဆင့်သာ ရှိနေသော်လည်း သူတို့အားလုံးကို စိတ်မသက်မသာ ခံစားရစေလေသည်။
“သူတို့က ဘယ်သူတွေလဲ… နဂါးမြစ်ထဲမှာ ဘာလုပ်ကြမလို့လဲ…”
မြို့ရိုးထက်မှ အင်ပါယာအဆင့်တစ်ယောက်က သင်္ကာမကင်းဟန်နှင့် ပြောဆိုလိုက်သည်။
ရှောင်ခယ်ယွင်၏ မျက်၀န်းများကလည်း မှေးကျဉ်းသွားပြီး သတ်ဖြတ်ချင်စိတ်များကို မထိန်းသိမ်းနိုင် ဖြစ်နေလေသည်။ သူ၏ စိတ်ဝိဥာဉ်ကလည်း မထိန်းသိမ်းနိုင် ဖြစ်နေလေသည်။
“အဲဒါသူပဲ….”
ထိုသူက ရှောင်မိသားစုကို အဆိပ်သင့် ဆေးဝါးများ ရောင်းချခဲ့ပြီး ဆိုးဝါးသည့် အခြေအနေသို့ ကျရောက်စေခဲ့သူ ဖြစ်သည်။
အားလုံး၏ အကြည့်များအောက်တွင် ထိုအရိပ်များက မြစ်ကမ်းဘေးသို့ ရောက်လာပြီး ရပ်တန့်လိုက်ကြသည်။ သူတို့၏ လက်ကို လှုပ်ရမ်းလိုက်သောအခါ အနက်ရောင် ပုလင်းတစ်လုံး ထွက်ပေါ်လာလေသည်။ ထို့နောက် ပုလင်းထဲမှ အနီရင့်ရောင် ဆေးလုံးများကို ထုတ်ယူလိုက်ပြီး ချေမွလိုက်ကြသည်။ ဝါးဦးထုပ်က သူတို့၏ မျက်နှာများကို ဖုံးအုပ်ထားသောကြောင့် ရှောင်ခယ်ယွင်နှင့် အခြားသူများက သူတို့၏ မျက်နှာကို မမြင်ရသော်လည်း ထိုသူများက သူတို့ကို စိုက်ကြည့်နေသည်ဟု ခံစားမိနေလေသည်။
အနီရောင်အမှုန့်များက လေထဲသို့ လွင့်တက်လာလေသည်။ အနက်ရောင်လူရိပ်တစ်ခုမှ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး အမှုန့်များကို မြစ်ထဲသို့ ကျဆင်းစေလိုက်သည်။
“အခုချိန်က တောင်ပိုင်းမြို့တော်မှာ ပျော်ပွဲရွှင်ပွဲ ကျင်းပရမယ့် အချိန်ပဲ… ကောင်းကောင်းပျော်ကြပါ… ဟား…ဟား…” ထိုသူ့ဆီမှ အူလှိုက်သဲလှိုက် ရယ်မောသံ ထွက်ပေါ်လာပြီး အရိပ်များက အဝေးသို့ ထွက်ခွာသွားကာ တခဏအတွင်းပင် ပျောက်ကွယ်သွားကြလေသည်။
မြို့ရိုးထက်မှ အင်ပါယာ အဆင့်များက တဖြည်းဖြည်း ဆူပွက်လာသော မြစ်ရေကို ကြည့်၍ မျက်မှောင်ကြုံ့နေကြလေသည်။ သူတို့၏ စိတ်ထဲတွင်လည်း မကောင်းသည့် အခြေအနေများကို ခံစားနေရလေသည်။
ဘန်း….
ရေစီးသံများက ဆူညံနေပြီး မြစ်ရေက ဧရာမ လှိုင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ မြို့တံခါးကို ၀င်ဆောင့်လိုက်သောကြောင့် တံခါးက တုန်ခါသွားပြီး အက်ကြောင်းများ ထင်လာကာ မြစ်ရေများက မြို့ထဲသို့ ၀င်လာလေသည်။ ဆူညံသံများက အဆက်မပြတ် ထွက်ပေါ်နေပြီး လှိုင်းလုံးများကြားတွင် ကြီးများလှသော မျက်လုံးတစ်စုံကို တွေ့လိုက်ရလေသည်။ ထိုကြီးမားလှသော ဧရာမ နဂါးနတ်ဆိုးငါးကြီးက မြို့တံခါးကို အဆက်မပြတ် တိုက်ခိုက်နေသောကြောင့် အကာအကွယ် အစီအရင်က ကြံ့ကြံ့မခံနိုင်တော့ပဲ ပြိုကွဲ ပျက်စီးလာလေသည်။
ဘန်း…
နတ်ဆိုးငါးကြီး၏ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် သံမဏိတံခါးက ပြိုကျပျက်စီးသွားပြီး တောင်ပိုင်းမြို့တော်က ဟောင်းလောင်းပွင့်သွားလေသည်။ လှိုင်းထန်နေသော မြစ်နေများကမြို့တံခါးမှတဆင့် မြို့ထဲသို့ စီး၀င်လာပြီး ပြင်းထန်လှသော လှိုင်းသံများပင် ထွက်ပေါ်နေလေသည်။
တောင်ပိုင်းမြို့တော်၏ လမ်းမထက်တွင် မြို့သူမြို့သားများက ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားနေကြပြီး ဗရမ်းဗတာ အခြေအနေ ဖြစ်သွားလေသည်။ မြို့တံခါး ကျိုးပဲ့သွားသောကြောင့် တောင်ပိုင်းမြို့တော်က အဆုံးသတ်သွားပြီဖြစ်သည်။
“မကောင်းဆိုးဝါး သတ္တဝါ…. သေပေတော့…”
မြို့တံခါးထက်မှ အင်ပါယာအဆင့် ဆယ်ဦးက တွန့်ဆုတ်နေခြင်း မရှိပဲ အော်ဟစ်ကြွေးကြော်ကာ တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလိုက်လေသည်။ သူတို့၏ လက်နတ်များကို ဆွဲကိုင်ကာ မြို့ရိုးတံတိုင်းထက်မှ နေ၍ ကြောက်စရာကောင်းသော ငါးကြီးဆီသို့ တိုက်ခိုက်လိုက်ကြလေသည်။
……
ပြင်းထန်လှသော မြစ်ရေများက အဓိကလမ်းမပေါ်တွင် ရပ်နေသော ပုဖန်ကို ဝါးမြိုသွားတော့မည်ကဲ့သို့ တဖြည်းဖြည်း မြင့်တက်လာလေသည်။ ပုဖန်၏ အမူအယာက အေးဆေးတည်ငြိမ်နေလေသည်။ သူက လမ်းမထက်ကို ခြေဖျားများနှင့် တွန်းကန်လိုက်ပြီး လေထဲသို့ ပျံတက်လိုက်ကာ ခေါင်မိုးတစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။
ပုဖန်လှုပ်ရှားလိုက်သောကြောင့် သူ့နောက်မှ ဝှိုက်တီကလည်း ပုဖန်အတိုင်း လှုပ်ရှား၍ ခေါင်မိုးတစ်ခုပေါ်သို့ ဆင်းသက်လိုက်လေသည်။ သူတို့နှစ်ယောက်က ခေါင်မိုးထက်မှ တဖြည်းဖြည်း မြင့်တက်လာသော မြစ်ရေများကို ငုံ့ကြည့်လိုက်သည်။
ပုဖန်၏ မျက်၀န်းထဲတွင် ဝေခွဲမရနိုင်သော အရိပ်များ ထက်ဟပ်နေလေသည်။
၀ုန်း….
မြို့တံခါးဘက်ဆီမှ ကျယ်လောင်လှသော အသံများ ထွက်ပေါ်လာလေသည်။
ပုဖန်က ထိုနေရာသို့ လှမ်းကြည့်လိုက်ရာ ဧရာမ နဂါးနတ်ဆိုးငါးကြီးက မြို့တံခါးမှ အတင်းတိုး၀င်ရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။ သူ၏ ခန္ဒာကိုယ်က ကြီးမားလှသောကြောင့် မြို့တံခါးကြားတွင် ညှပ်နေလေသည်။ ထိုနတ်ဆိုးငါးက အဆက်မပြတ် ရုန်းကန်လှုပ်ရှားနေလေရာ မြို့တံတိုင်းက အဆက်မပြတ် တုန်ခါနေပြီး အက်ကြောင်းများ ထင်လာလေသည်။
ထိုပုံစံအတိုင်းဆိုပါက ဧရာမနတ်ဆိုးငါးကြီးက တောင်ပိုင်းမြို့တော်အတွင်း ၀င်ရောက်လာပြီး မြို့ပျက်ရန် အချိန်အနည်းငယ်သာ လိုတော့ပေသည်။
…….
တောင်ပိုင်းမြို့တော်၏ ကျွမ်းကျင်သူများက သူတို့၏ လက်နတ်များကို ဆွဲကိုင်ပြီး အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်ကာ ဧရာမ နဂါးနတ်ဆိုးငါးကို တိုက်ခိုက်လိုက်ကြသည်။ ဤအချိန်က သူတို့အတွက် အခွင့်အရေးပင် ဖြစ်နေလေသည်။
ရှောင်ခယ်ယွင်၏ မျက်၀န်းများက နီရဲလာလေသည်။ တောင်ပိုင်းမြို့တော်က ရှောင်မိသားစုများ နေထိုင်ရာ နေရာဖြစ်ရာ တောင်ပိုင်းမြို့တော်သာ ပျက်စီးသွားပါက ရှောင်မိသားစုများ နေစရာပျောက်သွားပေလိမ့်မည်။ ထို့နောက် ဤတိုက်ပွဲတွင် သူက အစွမ်းကုန် ကြီုးစားရပေလိမ့်မည်။
ရွီး… ရွပ်… ရွပ်..
ရှောင်ခယ်ယွင်က အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်လိုက်ပြီး တိုက်ခိုက်မှုအနည်းငယ် ထုတ်ဖော်လိုက်ချိန်တွင် သူ၏ အခြေအနေက ဆိုးသထက် ဆိုးလာပြီး သူ၏ မျက်နှာနားတွင် မြွေသေးသေးလေးများကဲ့သို့ အနက်ရောင် စွမ်းအင်များ ပေါ်လာလေသည်။ ထို့နောက် ပြင်းထန်လှသော နာကျင်မှုက သူ့ခန္ဒာကိုယ်တစ်လျောက် ပြန့်နှံ့သွားလေသည်။