အပိုင်း ၂၅၇
Viewers 62k

အခန်း ၂၅၇ “ပိုင်ရှင်ပု ကိုယ်တိုင် လှုပ်ရှားတာလား….”

ကျယ်ပြောလှသော ရေပိုင်နက်က မဟာယာနကျွန်းကို ကုန်းမြေတိုက်ကြီးဆီမှ ခွဲခြားထားလေသည်။

ကြီးမားလှသော သင်္ဘောတစ်စင်းက ရေလှိုင်းများကို ထိုးခွဲဖြတ်သန်း၍ ရွက်လွှင့်နေသောကြောင့် ရေမှုန်များက လွင့်စင်နေလေသည်။ လှိုင်းလုံးများ အဆက်မပြတ် ရိုက်ခတ်မိရာမှ ထွက်ပေါ်လာသော ဆူညံသံများကလည်း အဆက်မပြတ် ထွက်ပေါ်နေလေသည်။

ကောင်းကင်ယံထက်တွင် သိမ်းငှက်များက တောင်ပံဖွင့်၍ ပျံသန်းနေကြသည်။ သူတို့ဆီမှ ထွက်ပေါ်လာသော ကျယ်လောင်လှသည့် အသံများက ကမ္ဘာမြေတစ်ခွင်ကို တုန်ခါနေစေလေသည်။

“ဘုရင်ခံယု… မနက်ဖြန်ဆိုရင် ငါတို့ ကုန်းမြေတိုက်ကြီးကို ပြန်ရောက်တော့မယ်… အဲဒီမှာ ငါတို့ ရှေ့ပြေးလွှတ်ထားတဲ့ အဖွဲ့နဲ့ တွေ့ဆုံရမယ်… သူတို့က ငါတို့ စီစဉ်ထားတဲ့အတိုင်း စတင်လုပ်ဆောင်နေကြပြီ… လေအလင်းအင်ပါယာမှာ အထိကရုန်း လှုပ်ရှားမှုတွေ ဖြစ်နေပြီ…”

အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားသော ကျောက်ရူကျီက ကြီးမားလှသော သင်္ဘော၏ ဦးပိုင်းတွင် ရပ်နေလေသည်။ သူ ဆံပင်များကလည်း ပြင်းထန်သော လေတိုက်ခတ်နေမှုကြောင့် တဖျပ်ဖျပ် လွင့်ခါနေလေသည်။

ဂျိချန်းယု မျက်၀န်းများက လျပ်စီးတန်းများကဲ့သို့ ရောင်ပြန်ထွက်နေပြီး သူ၏ မျက်၀န်းထဲတွင် ကျဉ်းမြောင်းရှည်လျားသော ကမ်းရိုးတန်းတစ်ခု၏ ပုံရိပ်က ရောင်ပြန်ထနေလေသည်။ အဆုံးတွင်တော့ သူ၏ မူလပိုင်ဆိုင်မှုများကို ပြန်လည်ရရှိနိုင်ရန် တိုက်ခိုက်ရမည် ဖြစ်သောကြောင့် လုံးဝကြောက်ရွံ့နေခြင်း မရှိတော့ချေ။

ဘုရင်ခံယု မျက်၀န်းများက ရုတ်တရက် ကျဉ်မြောင်းသွားပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

ကျောက်ရူကျီ၏ အကြည့်များကလည်း ပြောင်းလဲသွားပြီး ဘုရင်ခံယု နံဘေးသို့ လျောက်လာလိုက်ပြီး ထိုနေရာကို စူးစိုက်ကြည့်လိုက်သည်။

သမုဒ္ဓရာ၏ အခိုးအငွေ့များအလယ်မှ သေးငယ်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သူတို့၏ မြင်ကွင်းထဲ ၀င်ရောက်လာလေသည်။ ကျယ်ပြောလှသော သမုဒ္ဓရာ ရေပြင်ထက်တွင် သေးငယ်လှသော လှေလေးတစ်စင်းက သူတို့သင်္ဘောရှိရာသို့ ဦးတည်နေလေသည်။ လူတစ်ယောက်နှင့် လှေငယ်တစ်စင်း ကြည့်ရသည်မှာ အထီးကျန်ဆန်လှပေသည်။

ဂျိချန်းယုနှင့် ကျောက်ရူကျီတို့က ထိုသူကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားနိုင်ရန် စူးစိုက်ကြည့်လိုက်ကြသည်။

လှေငယ်လေးပေါ်မှ လူကလည်း သင်္ဘောကြီးကို သတိပြုမိသွားပြီး သူ၏ခန္ဒာကိုယ်မှ ကြောက်လန့့်ဖွယ် စွမ်းအင်များကို ဖော်ထုတ်လိုက်ရာ လှေငယ်လေးက ပို၍ အရှိန်မြန်လာလေသည်။ လှေငယ်လေး၏ နောက်ဖက်မှ ကြီးမားလှသော လှိုင်းတံပိုးများကလည်း လှေငယ်လေးကို ပို၍ အရှိန်မြန်အောင် တွန်းပို့နေလေသည်။

“သူတော်စင်အဆင့် …” ဘုရင်ခံယု၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားပြီး တင်းမာခက်ထန်စွာနှင့် ပြောလိုက်သည်။

“ဟုတ်တယ်… သူက မင်းအတွက် လာတာပဲ ဖြစ်လိမ့်မယ် ဘုရင်ခံယု… အဲဒီလူက မင်းကို ဖမ်းဆီးခြင်နေတဲ့ မိန်းမစိုးလျန်ပဲ ဖြစ်လိမ့်မယ်…” ကျောက်ရူကျီက ပြောလိုက်သည်။

သူတို့နှစ်ယောက်၏ အကြည့်များအောက်တွင်ပင် လှေငယ်လေးက ပို၍ မြန်လာပြီး ပုံရိပ်က ပို၍ ထင်ရှားလာလေသည်။ ခဏအကြာတွင် လှေငယ်လေးပေါ်မှ ပုံရိပ်ကို ပို၍ ထင်ရှားပြတ်သားစွာ မြင်လိုက်ရလေသည်။

လျန်ဖုက သာမာန်၀တ်စုံကို ၀တ်ဆင်ထားပြီး ပန်းထိုးဦးထုပ်တစ်လုံးကို ဆောင်းထားလေသည်။ သူ၏ မျက်နှာသွင်ပြင်က ကြည်လင်နေပြီး ဆံနွယ်ဖြူဖြူများက ပင်လယ်လေကြောင့် တဖျပ်ဖျပ် လွင့်ခါနေလေသည်။

“ဘုရင်ခံယု… နောက်ဆုံးတော့ ဒီအစေခံက မင်းကို ရှာတွေ့ခဲ့ပြီ…”

သင်္ဘောကြီး ထိပ်ပိုင်းတွင် ရပ်နေသော ဘုရင်ခံယုကို တွေ့လိုက်သည်နှင့်လျန်ဖု၏ မျက်၀န်းများမှ အလင်းရောင်များ တောက်ပလာလေသည်။

……

မြစ်ရေက တောင်ပိုင်းမြို့တော် တစ်၀က်ခန့်ကို ဖုံးလွှမ်းနေပြီဖြစ်သည်။ မြို့တံခါး၀တွင် ဧရာမ ငါးကြီးက အပြင်းအထန် ရုန်းကန်နေသောကြောင့် ဆူညံသံများ ဖြစ်ပေါ်နေလေသည်။ ထိုလှုပ်ရှားမှုများကြောင့် မြို့တံတိုင်းတစ်လျောက်တွင် အက်ရာများ ပို၍ ထူထပ်လာပြီး အချိန်မရွေး ပြိုကျတော့မည်ဟုပင် ထင်ရလေသည်။

ဧရာမနဂါးနတ်ဆိုး ငါးကြီး၏ ရှေ့တွင် အင်ပါယာအဆင့်ဆယ်ဦးက အရေးမမပါဟု ထင်ရလေသည်။ ထိုသူများက သူတို့၏ လက်နှက်များကို ဆွဲကိုင်၍ အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်ကာ မကောင်းဆိုးဝါး သတ္တဝါကြီးကို တိုက်ခိုက်နေကြသည်။ သူတို့၏ လက်နှက်များမှ အစစ်အမှန် စွမ်းအင်များက အဆက်မပြတ် ထွက်ပေါ်နေပြီး စွမ်းအားအပြည့်နှင့် ဆင့်ကဲတိုက်ခိုက်နေလေသည်။

သူတို့၏ တိုက်ခိုက်မှုများက အထင်ကြီးဖွယ်ရာ ကောင်းလှပြီး နတ်ဆိုးငါးကြီးကို နာကျင်စေသော်လည်း နောက်ဆုတ်သွားစေနိုင်ခြင်း မရှိပေ။ ထို့အပြင် သူတို့၏ တိုက်ခိုက်မှုများကြောင့် နတ်ဆိုးငါး၏ ရုန်းကန်လှုပ်ရှားမှုများက ပို၍ ပြင်းထန်လာသည်ဟု ထင်ရလေသည်။ တိုက်ခိုက်မှုများကြောင့် နတ်ဆိုးငါးကြီး၏ ပါးစောင်က ပွင့်သွားပြီး ငါးညှီနံ့များက သူတို့ဆီသို့ လွင့်ပျံလာလေသည်။

ရှောင်ခယ်ယွင်က ခန္ဒာကိုယ်ထဲမှ နာကျင်မှုများကို လျစ်လျူရှုလိုက်ပြီး သိသိသာသာ ထိခိုက်သွားသော နတ်ဆိုးငါး၏ ပါးစောင်နေရာကို ဆက်၍ တိုက်ခိုက်လိုက်သည်။ သို့့သော် သူ၏ ခန္ဒာကိုယ်မှ အနက်ရောင်စွမ်းအင်များ ပြန့်နှံ့နေမှုက ပို၍ ပြင်းထန်လာပြီး ပုရွက်ဆိတ်များ ဝိုင်းအုံတိုက်ခိုက်နေသကဲ့သို့ ခံစားနေရလေသည်။ ထိုနာကျင်မှုက တောင့်ခံရန် ခက်ခဲလှပေသည်။

အခြားအင်ပါယာအဆင့်များက နတ်ဆိုးငါးကို ဆက်လက်တိုက်ခိုက်နေကြသည်။ တောင်ပိုင်းမြို့တော်အတွင်းသို့ ထိုငါးကြီး ၀င်ရောက်သွားနိုင်ခြင်း မရှိစေရန် သူတို့အားလုံး ကြိုးစားတားဆီးထားရန် လိုအပ်ပေသည်။ ထိုသို့မဟုတ်ပါက ရက်စက်ကြမ်းကြုတ်သော ငါးကြီးက တောင်ပိုင်းမြို့တော်တစ်ခုလုံးကို ဖျက်စီးပစ်ပေလိမ့်မည်။

“အကိုရှောင်… မင်းအဆင်ပြေရဲ့လား…” ရှောင်ခယ်ယွင်၏အနားမှ အင်ပါယာအဆင့်တစ်ယောက်က သူ၏ ထူးဆန်းလှသော အခြေအနေကို သတိပြုမိသွားပြီး အံ့အားတသင့်နှင့် မေးမြန်းလိုက်သည်။

ရှောင်ခယ်ယွင်က လက်ကို ဝှေ့ရမ်းလိုက်ပြီး အဆင်ပြေကြောင်း အချက်ပြလိုက်သည်။ သူက နာကျင်မှုများကို တောင့်ခံနေနိုင်ဆဲပင် ဖြစ်သည်။

ခေါင်မိုးပေါ်တွင် ရပ်၍ ကြည့်နေသော ပုဖန်က တိုက်ပွဲကို အကဲခတ်နေလေသည်။ သူက ရှောင်ခယ်ယွင်ကို သတိပြုမိသောလည်း သူတို့ကြုံခဲ့ရသော အခြေအနေအရ ထိုသူ့အပေါ် အကောင်းမြင်စိတ်မရှိပေ။

ခပ်လှမ်းလှမ်းတစ်နေရာတွင် ရှောင်စံအိမ်တော်မှ လူများက လှုပ်လှုပ်ရှားရှား ဖြစ်နေကြလေသည်။သို့သော် ရေများ ပြည့်လျမ်းနေသောကြောင့် အဝေးတစ်နေရာတွင်သာ ရပ်တန့်နေကြရသည်။

ခေါင်မိုးပေါ်မှ ပုဖန်က လူများကြားမှ ရှောင်ယန်ယုကို အလွယ်တကူ ရှာဖွေတွေ့ရှိလိုက်သည်။

ရှောင်ယန်ယုနှင့် ရှောင်ယုတို့က ပုဖန်ဘေးသို့ ခုန်တက်လာကြသည်။ ခေါင်မိုးပေါ်ရှိနေရာက အတော်လေး ကျယ်ပြန့်နေသောကြောင့် သူတို့သုံးယောက်က ကြပ်သိပ်နေခြင်း မရှိပေ။

“မင်းအဖေရဲ့ အခြေအနေက တော်တော်လေး မကောင်းဘူးလို့ ထင်ရတယ်..” ပုဖန်က ရှောင်ယုကို လှမ်းပြောလိုက်သည်။

ရှောင်ယုက ဇဝေဇ၀ါ ဖြစ်သွားလေသည်။ သူ့အဖေက နတ်ဆိုးငါးကို ရင်ဆိုင်တိုက်ခိုက်နေပြီး လှုပ်ရှားမှုများ မှားယွင်းနေသည်ကို မတွေ့ရချေ။ သူ၏ ခန္ဒာကိုယ်ထဲမှ သွေးအပူချိန် မြင့်တက်နေခြင်းကိုသာ ခံစားနေရလေသည်။

ပုဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်မိသည်။ ရှောင်ယုက တိုက်ခိုက်သူအဆင့်သာ ဖြစ်သောကြောင့် ရှောင်ခယ်ယွင်၏ ထူးခြားမှုကို သတိပြုနိုင်ရန် ခက်ခဲလှလေသည်။

ပုဖန်၏ စကားကို ကြားသောအခါ ရှောင်ယန်ယု၏ အမူအယာက ပြောင်လဲသွားလေသည်။ ရှောင်မိသားစုသခင်က သူမကို ပြောပြထားသောကြောင့် ရှောင်ခယ်ယွင်၏ အခြေအနေကို သူမက သိရှိနေလေသည်။

“ဒုတိယ ဦးလေးရဲ့ ရောဂါလက္ခဏာတွေက ဒီအချိန်မှာ ထွက်ပေါ်မလာနိုင်ဘူး မဟုတ်လား… အဲလိုသာဆိုရင် အခြေအနေတွေက အရမ်းကို ဆိုးဝါးသွားလိမ့်မယ်…” ရှောင်ယန်ယုက တီးတိုးရေရွတ်လိုက်သည်။

ပုဖန်က တိတ်ဆိတ်စွာနှင့် အဝေးမှ တိုက်ပွဲကို ဆက်ကြည့်နေလိုက်သည်။ အင်ပါယာအဆင့် ဆယ်ဦး၏ ပြင်းပြင်းထန်ထန် ကြိုးစားတိုက်ခိုက်မှုကြောင့် အကျိုးကျေးဇူးတစ်ချို့ ရရှိလာပြီဖြစ်သည်။ နတ်ဆိုးငါး၏ ခန္ဒာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ဖြစ်ပေါ်နေပြီး သွေးများက မြေပြင်ပေါ်သို့ စီးကျနေလေသည်။

နတ်ဆိုးငါးက ကျယ်လောင်စူးရှစွာ အော်ဟစ်လိုက်သည်။ သူ၏ ခန္ဒာကိုယ်ပေါ်တွင် ဒဏ်ရာများ ရရှိလာသောကြောင့် အပြင်းအထန် လှုပ်ရှားရုန်းကန်နေလေသည်။ ငါးကြီး၏ခန္ဒာကိုယ်ပေါ်မှ အကြေးခွံများက ထောင်တက်လာပြီး သူ၏ အရှိန်အဝါက ပြောင်းလဲသွားလေသည်။ နတ်ဆိုးငါးက တံခါးပေါက်မှ လွတ်ထွက်သွားပြီး မြို့ထဲသို့ ၀င်ရောက်လာလေသည်။

နတ်ဆိုးငါးနှင့် သာမာန်ငါးတို့တွင် ကွဲပြားမှုများ ရှိနေလေသည်။ နတ်ဆိုးငါးများတွင် မြေပြင်ကို ကောင်းစွာ ကုတ်တွယ်ထားနိုင်သော ခြေထောက်နှစ်ချောင်း ပါရှိလေသည်။ သူ၏ ကြီးမားလှသော အမြှီးကို ဝှေ့ရမ်းလိုက်ရာ အင်ပါယာအဆင့်များက လွင့်ထွက်သွားကြလေသည်။ ထို့နောက် နတ်ဆိုးငါး၏ ခန္ဒာကိုယ်ပေါ်မှ အကြေးခွံများက အသံတစ်ခုနှင့်အတူ ကျွတ်ထွက်လွင့်စင်လာလေသည်။ ထိုအကြေးခွံများ၏ အရှိန်က အလွန်မြန်ဆန်လှသောကြောင့် ရှောင်ရှားနိုင်ရန် မဖြစ်နိုင်ပေ။

ရှောင်ခယ်ယွင်က အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ အစစ်အမှန် စွမ်းအင်များကို ဆင့်ခေါ်လိုက်ကာ ရှောင်ရှားရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုခဏမှာပင် သူ၏ မျက်၀န်းများက မှေးစင်းသွားလေသည်။ သူ့မျက်နှာပေါ်မှ အနက်ရောင် စွမ်းအင်များက ပေါက်ကွဲထွက်သွားပြီး လက်ချောင်းများက စတင်၍ ပုပ်လာလေသည်။

ရှောင်ခယ်ယွင်၏ ခန္ဒာကိုယ်က တောင့်တင်းနေပြီး ရပ်နေသော နေရာမှ မရွေ့လျားနိုင်တော့ချေ။ ထို့ကြောင့် သူ၏ လက်နှက်ကို အသုံးပြု၍ ကာကွယ်လိုက်ရလေသည်။ ပြင်းထန်လှသော အင်အားကြောင့် ရှောင်ခယ်ယွင်၏ လက်နှက်က လေထဲသို့ လွင့်စက်တက်သွားပြီး သူကိုယ်တိုင်လည်း ပါးစပ်အပြည့် သွေးအန်လိုက်ရလေသည်။

ထိုတိုက်ပွဲကို ကြည့်နေကြသော ရှောင်မိသားစု၀င်များ၏ အမူအယာများက သေမတက် ဖြူဖျော့သွားလေသည်။ မိန်းကလေး လင်ချီအာက မေ့လဲမတက် ဖြစ်သွားသော်လည်း သူမအနီးမှ လူတစ်ယောက်က ထိန်းပေးလိုက်သောကြောင့် ပြိုလဲကျသွားခြင်း မရှိပဲ တဖြည်းဖြည်း ထိုင်ချလိုက်လေသည်။

ရှောင်ခယ်ချန်းက ထိုမြင်ကွင်းကို ကြည့်၍ မျက်မှောက်ကြုံ့လိုက်မိသည်။

“အဖေ…” စိတ်လှုပ်ရှားစွာနှင့် ကြည့်နေသော ရှောင်ယုက ချက်ချင်းပင် ကြောက်လန့်တကြား အော်ဟစ်လိုက်လေသည်။

လူတိုင်းက ရုတ်တရက် ဖြစ်ပေါ်လာသော ကြီးမားသည့် အပြောင်းအလဲ အတွက် ကြိုတင်ပြင်ဆင်ထားခြင်း မရှိကြပေ။

လဲကျနေသော ရှောင်ခယ်ယွင်၏ ခန္ဒာကိုယ်ပေါ်တွင် အနက်ရောင်စွမ်းအင်များက တဖြည်းဖြည်း ပြန့်နှံ့လာပြီး သူ့ကို ခြိမ်းခြောက်လွှမ်းမိုးလာလေသည်။ သူ၏ လက်က တဖြည်းဖြည်း ပုပ်လာပြီး အနံ့ဆိုးများ ထွက်လာလေသည်။ ရှောင်ခယ်ယွင်က ထိုအခြေအနေကို မကိုင်တွယ်နိုင်သောကြောင့် အကူအညီ မဲ့မှုကိုခံစားလိုက်ရလေသည်။

သူ၏ အတွေ့အကြုံများအရ အစစ်အမှန် စွမ်းအင်များကို အသုံးပြု၍ ခန္ဒာကိုယ်အတွင်းမှ အစစ်အမှန် စွမ်းအင်များကိုဖိနှိပ်နေရုံသာ တတ်နိုင်လေသည်။ ထိုသို့ မလုပ်လျင် အနက်ရောင်စွမ်းအင်များကြောင့် သူ့တစ်ကိုယ်လုံးပုပ်ပွသွားမည်ကို စိုးရိမ်နေလေသည်။

“ညီအကိုရှောင်… မြန်မြန်ရှောင်လိုက်….”

အလောတကြီး အသံတစ်ခု ထွက်ပေါ်လာသောကြောင့် ရှောင်ခယ်ယွင်က ခေါင်းမော့ကြည့်လိုက်သည်။ သူ၏ မြင်ကွင်းထဲတွင် အနက်ရောင် အရိပ်ကြီး တစ်ခုက ပိတ်ကာနေလေသည်။ ဧရာမ နဂါးနတ်ဆိုးငါးက သူ၏ ခေါင်းထက်တွင် ကြီးမားလှသော လက်ချောင်းနှစ်ခုနှင့် ပိတ်ကာထားလေသည်။ ထိုအခိုက်အတန့်၌ လေထုပင် အေးခဲသွားသည်ဟု ထင်လိုက်ရလေသည်။

ရှောင်ခယ်ယွင်၏ ခေါင်းထဲတွင် အချက်ပေးသံများ မြည်ဟီးလာပြီး သူ၏ မျက်၀န်းများက ထိတ်လန့်မှုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်လာလေသည်။ ထိုလက်သည်းချက်သာ ကျရောက်လာပါက သူ့ခန္ဒာကိုယ်က အသားပြားအဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။ ထိုတစ်ချက်နှင့်ပင် အသက်ပျောက်သွားနိုင်ပေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော လင်ချီအာ၏ စိတ်နှလုံးထဲတွင် ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လာလေသည်။ ရှောင်မိသားစု၀င်များ၏ မျက်နှာအမူအယာကလည်း အမျိုးမျိုး ပြောင်းလဲလာပြီး ပြိုလဲကျလုမတတ် ဖြစ်နေလေသည်။

“ပိုင်ရှင်ပု…”

လှပနူးညံ့သော ရှောင်ယန်ယု၏ မျက်၀န်းထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပြီး ပုဖန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။ သူမက ပုဖန်၏ လက်ရှိစွမ်းအင်အဆင့်ကို မသိသော်လည်း သူ၏ ရုပ်သေး ဝှိုက်တီကို လှုပ်ရှားခိုင်းလိုက်ပါက ထိုနတ်ဆိုးငါးကို သေချာပေါက် ဟန့်တားနိုင်ပေလိမ့်မည်။

ပုဖန်က မျက်မှောင်ကြုံ့လိုက်မိသည်။ သူ့အနေနှင့် လှုပ်ရှားခဲ့လျင်ပင် ထိုငါးကို ရပ်တန့်နိုင်သည့် နည်းလမ်း မရှိပေ။ သူအန္တရာယ်နှင့် ကြုံရခြင်း သို့ မဟုတ် တစ်စုံတစ်ယောက်၏ တိုက်ခိုက်ခံရခြင်း မဟုတ်ပါက ဝှိုက်တီက ၀င်ရောက် စွတ်ဖက်မည်မဟုတ်ဟု စနစ်က ဤခရီးကို ထွက်မလာခင်က စည်းကမ်းချမှတ်ခဲ့သည်။ ထို့ကြောင့် ရှောင်ခယ်ယွင်ကို ကယ်တင်ရန်အတွက် ဝှိုက်တီကို စေခိုင်းနိုင်ခြင်း မရှိပေ။

သို့သော် ထိုလက်သည်းချက်ကြောင့် အသားပြားအဖြစ်သို့ ပြောင်းလဲသွားမည့် ရှောင်ခယ်ယွင်ကို ကြည့်နေနိင်လောက်သည်အထိ ပုဖန်က သွေးအေးရက်စက်နေခြင်း မရှိပေ။ ထို့ကြောင့် ပုဖန်က သက်ပြင်းချလိုက်ပြီး အစစ်အမှန်စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး ရှောင်ယန်ယု၏ အကြည့်များအောက်တွင်ပင် ပျံသန်းသွားလိုက်လေသည်။

ရှောင်ယန်ယု၏ မျက်၀န်းများက ပြောင်းလဲသွားလေသည်။

“ပိုင်ရှင်ပု… နင်ဘာလုပ်တာလဲ… ဝှိုက်တီကို လှုပ်ရှားခိုင်းလေ…. နင်က နဂါးနတ်ဆိုးငါးကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ….”

ထိုကဲ့သို့ ပုဖန်ကိုယ်တိုင် လှုပ်ရှားမည်ဟု ရှောင်ယန်ယုက မထင်မှတ်ထားခဲ့ချေ။

“ဝှိုက်တီရဲ့ ခွန်အားနဲ့ဆိုရင် အဲဒီ နတ်ဆိုးငါးကို ကောင်းကောင်းကိုင်တွယ်နိုင်တယ်လေ… ဘာလို့ ဝှိုက်တီကို မလှုပ်ရှားခိုင်းရတာလဲ….” ရှောင်ယန်ယုက အံ့သြထိတ်လန့်စွာနှင့် သူမဘေးမှ ဝှိုက်တီကို ကြည့်လိုက်လေသည်။

သူမသာမဟုတ်ပဲ ရှောင်မိသားစုများက အံ့အားသင့်မှုကြောင့် ထိတ်လန့်နေလေသည်။ သို့သော် ရှောင်ခယ်ချန်း၏ မျက်နှာပေါ်တွင် လှောင်ပြောင်လိုသော အပြုံးတစ်ခု ရှိနေလေသည်။

“အဲဒီ နဂါးနတ်ဆိုးငါးက အဆင့်ခုနစ် သားရဲလေ…အဲဒီကလေးက သူ့ကိုယ်သူ ဘာထင်နေတာလဲ…”