အပိုင်း ၂၅၈
Viewers 62k

အခန်း ၂၅၈ “နတ်ဆိုးငါးကို သတ်မယ့် ဓါးချက်…”

ရှောင်မိသားစုထဲတွင် ရှောင်ခယ်ချန်း၏ နေရာက တတိယနေရာသာ ဖြစ်သည်။ ရှောင်မန်နှင့် ရှောင်ခယ်ချန်းတို့ ရှိနေသောကြောင့် သူ၏ အခြေအနေက မိသားစုထဲတွင် အရေးပါမှု များစွာ မရှိပေ။ ထိုနှစ်ဦး၏ တောက်ပမှုကို သူမယှဉ်ပြိုင်နိုင်ပေ။ စီးပွားရေးတွင် ရှောင်ခယ်ယွင်ကို မယှဉ်နိုင်သလို ကျင့်ကြံခြင်းတွင်လည်း ရှောင်မန်ကို မယှဉ်ပြိုင်နိုင်ပေ။ မိသားစုထဲတွင် သူ၏ အခြေအနေက အနည်းငယ် အဆင်မပြေမှုများ ရှိသည်ဟု ပြောနိုင်သော်လည်း သူ့တွင် ရည်မှန်းချက် ကြီးကြီးမားမား ရှိပေသည်။

နတ်ဆိုးငါး၏ လက်သည်းချက်ကြောင့် ရှောင်ခယ်ယွင် အသားပြားဖြစ်တော့မည့် အဖြစ်ကို မြင်လိုက်ရချိန်တွင် ဆွေမျိုးတစ်ဦးအနေနှင့် ၀မ်းနည်းမှုကို မခံစားရပဲ သူ့စိတ်ထဲတွင် ကြိတ်၍ ပျော်ရွှင်နေလေသည်။

ရှောင်ခယ်ယွင်သေသွားရင် တောင်ပိုင်းမြို့တော်က ရှောင်မိသားစုရဲ့ ဆက်ခံသူက ငါဖြစ်လာလိမ့်မယ်… ရှောင်ခယ်ချန်း၏ မျက်၀န်းထဲတွင် စိတ်လှုပ်ရှားမှုများ ထင်ထင်ရှားရှား ထွက်ပေါ်နေလေသည်။

သူက တဟုန်တိုး ပြေးထွက်သွားသော ပုဖန်ကို အာရုံစိုက်ခြင်း မရှိပေ။

“အဲဒီလူငယ်က ရှောင်ယန်ယုနဲ့ အသက်တူတူပဲ မဟုတ်လား…သူက အဆင့်ခုနစ် နတ်ဆိုးငါးရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မယ်လို့ ထင်နေတာလား…”

ရှောင်မန်ပင် ရှောင်ယန်ယု၏ အသက်အရွယ်၌ ဘုရင်အဆင့်သာ ရောက်ရှိခဲ့လေသည်။ ထို့ကြောင့်ပင် ရှောင်ခယ်ချန်းက သူ၏ စွမ်းရည်များကို ယုံကြည် စိတ်ချစွာဖြင့် သေလမ်းရှာဖွေရန် ထွက်သွားသော ပုဖန်ကို လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။

ရှောင်ယန်ယု၏ စိတ်ထဲတွင်လည်း တုန်လှုပ်နေလေသည်။ သူမက ပုဖန်ကို လှုပ်ရှားစေရန် မျှော်လင့်ခဲ့သော်လည်း ပုဖန်ကို ထိခိုက်စေလိုခြင်း မရှိပေ။ ထို့အပြင် ပုဖန်ကိုယ်တိုင် လှုပ်ရှားလိမ့်မည်ဟု သူမက ထင်မှတ်ထားခဲ့ခြင်း မရှိပေ။

“သူက ဒီနတ်ဆိုးငါး… ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာကို သတိမပြုမိဘူးလား… သူက ဝှိုက်တီမဟုတ်ဘူးလေ….”

ပုဖန်၏ ခြေထောက်အောက်မှ အစစ်အမှန်စွမ်းအင်များ ဖြာထွက်လာပြီးနောက် သူ၏ ပုံရိပ်က လျပ်စီးတန်းတစ်ခုကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ သူ၏ အရှိန်အဟုန်က လျှင်မြန်လှပြီး မျက်နှာအမူအယာက တင်းမာခက်ထန်နေလေသည်။

ထိုအချိန်တွင် လေထုပင် တင်းကြပ်သွားသယောင် ထင်ရလေသည်။ ပုဖန်၏ လက်ထဲတွင် အစိမ်းရောင် အခိုးအငွေ့များ ပေါ်ထွက်လာပြီး သူ၏ မျက်၀န်းများက မှေးကျဉ်းသွားကာ အသက်ပြင်းပြင် တစ်ချက် ရှိုက်လိုက်လေသည်။

ရှောင်ခယ်ယွင်က ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သောကြောင့် အော်ဟစ်မည်ကြွေးလိုက်လေသည်။ သူ၏ အသားများက အလွန်လျင်မြန်သော အရှိန်နှင့် ပုပ်လာပြီး အနံ့ဆိုးများလည်း ထွက်နေလေသည်။

အနားသို့ ရောက်လာသော ပုဖန်က ထိုအနံ့ဆိုးများကို ရင်းနှီးနေသယောင် ခံစားလိုက်ရသည်။

၀ုန်း…

ဝေါ….

ကျယ်လောင်လှသော ပဲ့တင်သံများ ထွက်ပေါ်လာပြီး မြေပြင်က သိမ့်သိမ့်တုန်သွားကာ မြစ်ရေများက လှိုင်းလုံးများအသွင်နှင့် ပြေးတက်လာလေသည်။

အားလုံး၏ စိတ်ဝိဥာဉ်များထဲတွင် အားနည်းမှုကို ခံစားလိုက်ရပြီး ရှောင်ခယ်ယွင်ရှီရာ နေရာသို့ လှမ်းကြည့်လိုက်မိလေသည်။ ရှောင်ခယ်ယွင်၏ နေရာကို တောက်ပသော အကြေးခွံများနှင့် ဖုံးလွှမ်းနေသည့် နတ်ဆိုးငါးကြီး၏ လက်ကြီးက ဖုံးကွယ်ထားပြီဖြစ်သည်။

ရှောင်ယန်ယု၏ မျက်နှာက သေမတက် ဖြူဖျော့သွားလေသည်။

“ဒါက ဒီလိုပဲ ပြီးဆုံးသွားတာလား…”

ရှောင်ယု၏ မျက်နှာထက်တွင်လည်း သွေးရောင်တစ်စက်ပင် မရှိတော့ပဲ အားပျက်စွာနှင့် မြေပြင်ပေးသို့ လဲကျသွားလေသည်။

“ဒီနတ်ဆိုးငါးရဲ့ လက်သည်းချက်ကြောင့် ငါ့အဖေက အသားပြား ဖြစ်သွားပြီလား..”

စု၍ ရပ်နေကြသော ရှောင်မိသားစု၀င်များ၏ နေရာတွင် စိတ်လှုပ်ရှားနေသော ရှောင်ခယ်ချန်းမှ လွဲ၍ မိသားစု၀င်များ အားလုံးက ကြေကွဲ၀မ်းနဲနေကြလေသည်။

လင်းချီအာ၏ နှုတ်ခမ်းများက ဖြူဖျော့နေပြီး သူမ၏ ရင်ဘက်ကို လက်နှစ်ဖက်နှင့် တင်းကြပ်စွာ ဆုတ်ကိုင်ထားလေသည်။ သူမ၏ မျက်၀န်းများကလည်း မှေးမှိန်ဖျော့တော့နေလေသည်။ အားနည်းထိခိုက်လွယ်သော သူမ၏ခန္ဒာကိုယ်က သူမမျက်စိရှေ့တွင် သူမခင်ပွန်း သေဆုံးသွားသည်ကို ရပ်ကြည့်နေနိုင်စွမ်း မရှိတော့ပေ။

ဂါး….

နဂါးနတ်ဆိုးငါး၏ မျက်၀န်းများက တုန်ယင်နေပြီး သူ၏ အကြည့်များက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ လူသားကို နင်းခြေထားသည့် လက်သည်းများပေါ်သို့ ကျရောက်သွားလေသည်။ သူ၏ မျက်၀န်းထဲတွင်လည်း ဇဝေဇ၀ါ ဖြစ်နေလေသည်။

စူးရှပြင်းထန်သော နာကျင်မှုက ရုတ်တရက် သူ၏ နှလုံးသားကို တုန်ယင်သွားစေသည်။ ထိုနာကျင်မှုက သည်းမခံနိုင်လောက်အောင် နာကျင်စေလေသည်။ သူ၏ ခြေထောက်အောက်မှ တောက်ပနေသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။ ထိုအလင်းတန်းများက ကြာပန်းတစ်ပွင့် စတင်ပွင့်လန်းလာသကဲ့သို့ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။

လူတိုင်း၏ နားထဲတွင် ကြည်လင်ပြတ်သားသော အသံတစ်ခုကို ကြားလိုက်ရပြီး သူတို့၏ နှလုံးသားများပင် တုန်လှုပ်သွားလေသည်။ သူတို့၏ မျက်၀န်းများက ကြောင်အနေကြပြီး ခပ်လှမ်းလှမ်း တစ်နေရာကို ငေးကြည့်နေကြလေသည်။

နဂါးနတ်ဆိုးငါး၏ နာကျင်စွာ အော်လိုက်သံထွက်ပေါ်လာပြီးနောက် သူ၏ လက်သည်းများက ကွဲထွက်သွားလေသည်။

ပုဖန်က မျက်နှာသေနှင့်ပင် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို လက်နှစ်ဖက်နှင့် ဆုတ်ကိုင်ထားပြီး ရပ်နေလေသည်။ တောက်ပလှသော အလင်းရောင်များက ဓါး၏ ထိပ်ဖြားတွင် ကျန်ရစ်နေဆဲပင် ဖြစ်သည်။ အလင်းမြူလေးများက တဖွဲဖွဲကျနေပြီး သူ၏ ခန္ဒာကိုယ်ပေါ်သို့ ကျဆင်းနေလေသည်။ ဖြတ်တောက်လိုက်ရာမှ ထွက်ပေါ်လာသော သွေးများက ပုဖန်ကို မစွန်းထင်းနိုင်သကဲ့သို့ သူ၏ ခန္ဒာကိုယ်က အခွန်သန့်ရှင်းနေလေသည်။

ရှောင်ခယ်ယွင်က စိတ်ပျက်ရွံရှာစွာနှင့် မရပ်မနား အော်ဟစ်နေလေသည်။ နဂါးနတ်ဆိုးငါး၏ သွေးစက်များက သူ၏ ခန္ဒာကိုယ်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေသောကြောင့် သွေးလူသားတစ်ဦးကဲ့သို့ ဖြစ်နေလေသည်။

ရှောင်ခယ်ယွင်၏ ခန္ဒာကိုယ်မှ ပုပ်အက်နေသော အနံ့ဆိုးများနှင့် သွေးနံ့များက ရောနှောသွားပြီးအနံဆိုးများ ဖြစ်နေလေသည်။ သို့သော် လူအများ၏ အာရုံက ရှောင်ခယ်ယွင်ပေါ်တွင် ရှိမနေပဲ သွေးမိုးများအလည်တွင် မီးဖိုချောင်သုံးဓါးကို ကိုင်၍ ရပ်နေသော လူငယ်လေးပေါ်တွင်သာ ရောက်ရှိနေကြလေသည်။

“ဓါးချက်တစ်ချက်… ဓါးချက်တစ်ချက်တည်းနံ့ နဂါးနတ်ဆိုးငါးရဲ့ လက်တွေကို ဖြတ်တောက်လိုက်တယ်… အဲဒီကာကွယ်နိုင်စွမ်း မြင့်မားတဲ့ သတ္တဝါကို စက္ကူတစ်ချပ်လို ဖြတ်တောက်ပလိုက်နိုင်တယ်… တကယ်ကိုပဲ ကြောက်ဖို့ကောင်းလွန်းတယ်…”

အင်ပါယာအဆင့်များ၏ မျက်၀န်းများကလည်း ပြူးကျယ်နေကြပြီး သူတို့၏နှုတ်ခမ်းများပင် တဆတ်ဆတ် တုန်နေလေသည်။ သူတို့အားလုံး၏၏ အမူအယာများက ထိတ်လန့်အံံသြမှုများ အထင်းသား ဖြစ်ပေါ်နေလေသည်။ နဂါးနတ်ဆိုးငါး၏ ခုခံနိုင်စွမ်းက မည်မျှမြင့်မားကြောင်း သူတို့ ကျွမ်းကျင်သူဆယ်ယောက် ပူးပေါင်းတိုက်ခိုက်ခဲ့စဉ်ကပင် သိရှိခဲ့လေသည်။ သူတို့ဆယ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုက နဂါးနတ်ဆိုးငါး၏ ခေါင်းတွင် အချိုင့်လေးတစ်ခုသာ ဖြစ်ပေါ်စေလေသည်။

လူငယ်လေးက မီးဖိုချောင်သုံး ဓါးတစ်လက်နှင့် နတ်ဆိုးငါး၏ ခြေထောက်တစ်ဖက်ကို ဖြတ်တောက်လိုက်လေသည်။

ဂါး….

အင်ပါယာအဆင့်များ၏ သွေးများက ဆူပွက်လာပြီး သူတို၏ ခန္ဒာကိုယ်များက တုန်ခါလာသည်ဟု ခံစားနေရလေသည်။ ရှောင်ခယ်ယွင်နှင့် ရင်းနှီးကျွမ်း၀င်သည့် အင်ပါယာအဆင့်တစ်ယောက်က စိတ်ပျက်စွာ အော်ဟစ်နေသော ရှောင်ခယ်ယွင်အနီးသို့ ဆင်းသက်လိုက်ပြီး အဝေးသို့ ဆွဲခေါ်သွားလိုက်သည်။

တိုက်ပွဲတစ်ပွဲ ဖြစ်ပွားလာတော့မည်ဖြစ်သည်။ ထိုတိုက်ပွဲက အလွန်စိတ်လှုပ်ရှားစရာ ကောင်းမည်ဖြစ်သည်။

“အမယန်ယု… စီနီယာ… သူအဆင်ပြေတယ်… အခုထိ အသက်ရှင်နေသေးတယ်… ဒါဆို… ငါ့ရဲ့ အဖေရော….”

စိတ်ပျက်အားလျော့နေသော ရှောင်ယု၏ မျက်၀န်းများက လင်းလက်လာလေသည်။ သူက ခေါင်မိုးပေါ်တွင် ခုန်လိုက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူက အလွန်စိတ်လှုပ်ရှားနေလေသည်။

ရှောင်ယန်ယုကလည်း အံ့အားသင့်နေရာမှ သတိပြန်၀င်လာလေသည်။ သူမမြင်ခဲ့ရသော မြင်ကွင်းက မေ့နိုင်လောက်စရာ မြင်ကွင်းမဟုတ်တော့ပေ။

သွေးမုန်တိုင်းများ၏ အလယ်တွင် ပုဖန်က တည်ငြိမ်သော အမူအယာနှင့် မီးဖိုချောင်သုံးဓါးကို ကိုင်ဆွဲထားလေသည်။ ကြီးမားလှသော နတ်ဆိုးငါးက မည်မျှပင် ကြောက်စရာကောင်းစေကာမူ ပုဖန်ကို ကြောက်ရွံ့အောင်မလုပ်န်ိုင်ပေ။

“ခန့်ညားတယ်… စီနီယာက အရမ်းကို အံ့အားသင့်ဖို့ကောင်းတာပဲ… အရမ်းကို တည်ကြည်ခန့်ညားလွန်းတယ်….”

ရှောင်ယုက ထိုင်မနေနိုင်တော့ပဲ ပျော်ရွှင်စွာနှင့် ကခုန်နေကြလေသည်။ ထိတ်လန့်နေကြသော ရှောင်မိသားစု၀င်များက ပြန်လည်သတိ၀င်သွားကြလေသည်။ သူတို့က အော်ဟစ်လိုက်ကြပြီးနောက် စိတ်သက်သာရာ ရစွာနှင့် ပြုံးလိုက်ကြသည်။

ရှောင်ခယ်ယွင်က လုံခြုံစိတ်ချရနေပြီ…

ရှောင်ခယ်ချန်း၏ မျက်နှာက ၀မ်းချုပ်နေသကဲ့သို့ အရုပ်ဆိုးအကျည်းတန်နေလေသည်။ သူ၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ခါနေပြီး ပြောစရာစကားမဲ့နေလေသည်။ မကြာသေးခင် အချိန်ကပင် ပုဖန်က သူ၏ စွမ်းရည်များကို ယုံကြည်မှု လွန်ကဲနေသည်ဟု လှောင်ပြောင်ခဲ့သော်လည်း ထိုလူငယ်က မီးဖိုချောင်သုံး ဓါးတစ်လက်နှင့် ကြမ်းတမ်းလှသော နတ်ဆိုးငါး၏ ခြေထောက်ကို ဖြတ်တောက်လိုက်လေသည်။

သို့သော် ကံကောင်းထောက်မစွာနှင့်ပင် သူ၏ လှောင်ပြောင်မှုကို လူများ ကြားလိုက်ရခြင်း မရှိပေ။ ထိုသို့ မဟုတ်ပါက သူ့အတွက် ပို၍ ကသိကအောင့် ဖြစ်နိုင်လေသည်။

“ဒီ… သေသင့်တဲ့ကောင်.. သူက ဘယ်လိုဖြစ်လို့ သူများကိစ္စကို ၀င်ရှုပ်ရတာလည်း…”

ရှောင်ခယ်ချန်းက ဒေါသထွက်စွာနှင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားလိုက်လေသည်။ ရှောင်ခယ်ယွင်က မသေသောကြောင့် ရှောင်မိသားစုအတွင်းမှ သူ၏ အဆင့်အတန်းက ယခင်အတိုင်းသာ ဖြစ်နေတော့ပေမည်။

အင်ပါယာအဆင့်များက တစ်ယောက်ပြီးတစ်ယောက် ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားကြပြီး နောက်ထပ်ဖြစ်လာမည့် တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ သို့သော် ထိုအချိန်တွင် ဖြစ်ပွားလာသော တစ်စုံတစ်ရာကြောင့် သူတို့အားလုံး ကြောင်အမှင်သက်သွားကြလေသည်။

လက်သည်းများကို ခုတ်ဖြတ်ခံလိုက်ရသော နဂါးနတ်ဆိုးငါးက ချွန်မြသည့် သွားများနှင့် ပြည့်နေသော ပါးစပ်ကိုဖွင့်၍ မာန်ဖီလိုက်လေသည်။

ပုဖန်၏ မျက်၀န်းများက ကျဉ်းမြောင်းသွားပြီး သူ၏လက်ထဲမှ ရွှေနဂါးအရီုး မီးဖိုချောင်သုံးဓါးကို တင်းကြပ်စွာ ဆုတ်ကိုင်ထားလိုက်သည်။ ထို့နောက် ထိုငါးဆီသို့ ဓါးကို ချိန်ရွယ်လိုက်သည်။

ဟိန်းဟောက် မာန်ဖီနေသော နတ်ဆိုးငါးက ရုတ်တရက် ရပ်တန့်သွားပြီဒ သူ၏ မျက်၀န်းများက ရူးသွပ်သွားသကဲ့သို့့ လည်နေလေသည်။ ရူးသွပ်မှုထဲတွင် ကြောက်ရွံ့မှုများလည်း ပါ၀င်နေလေသည်။

ပုဖန်က သူ၏ စွမ်းအင်များကို လှည့်ပတ်လိုက်ပြီး အစစ်အမှန် စွမ်းအင်များကို ရွှေနဂါးအရီုး မီးဖိုချောင်သုံးဓါးထဲသို့ ထည့်သွင်းလိုက်လေသည်။ မီးဖိုချောင်သုံးဓါး၏ အလင်းတန်းများက ပို၍ တောက်ပလာပြီး လေထဲတွင် ပြင်းထန်သော ဖိအားတစ်ရပ် ဖြစ်လာလေသည်။

မီးဖိုချောင်သုံးဓါးမှ ပြင်းထန်လှသော ဖိအားအောက်တွင် နဂါးနတ်ဆိုးငါးက အသိဥာဏ်တချို့ ပြန်ရလာပုံရပြီး နောက်ဆုတ်လိုက်လေသည်။ သူ၏ အမြှီးကို အဆက်မပြတ် လွဲယမ်းနေပြီး မျက်၀န်းထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေလေသည်။

“ပြင်းထန်လိုက်တဲ့ စွမ်းအင်တွေ…. ဒါ တကယ်ပဲလား…”

ထိုစွမ်းအင်များ၏ အငွေ့အသက်က ပါးလျှနေသော်လည်း ထိုအရာက နဂါးသွေးစွမ်းအင်များပင် ဖြစ်သည်။ ထို့အပြင် ပုဖန်၏ စွမ်းအင်အဆင့်က တိုးတက်လာပြီးနောက် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး၏ နတ်ဆိုးသားရဲများအပေါ် ဖိနှိပ်နိုင်စွမ်းက ပိုမိုကြောက်မက်ဖွယ် ကောင်းလာလေသည်။

နဂါးနတ်ဆိုးငါးက အဆင့်ခုနစ် သားရဲတစ်ကောင် ဖြစ်သောကြောင့် စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိနေလေသည်။ ယခင်အချိန်က သူ၏ အတွေးများ ရှုပ်ထွေးနေပြီး ပြင်းထန်လှသော စွမ်းအင်များကြောင့် သူ၏ စိတ်များက ပြန်လည်ကြည်လင်နေလေသည်။

……

တောင်ပိုင်းမြို့တော်၏ အပြင်ဘက်

အရိပ်ငါးရိပ်၏ မျက်နှာကာအောက်မှ မျက်နှာများက မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေလေသည်။

“ဒီလူငယ်က ဘယ်သူလဲ…. သူဘာလုပ်လိုက်လို့ အဆင့်ခုနစ် သားရဲက အမြှီးကုတ်သွားရတာလဲ… အဆင့်ခုနစ် သားရဲတောင် အမြှီးကုတ်သွားရအောင်… သူက ဘယ်လောက် ကြောက်စရာ ကောင်းနေတာလဲ…”

အက်ရှရှအသံ ထွက်ပေါ်လာပြီးနောက် သူ၏လက်ထဲတွင် အနက်ရောင် မြှားတံတစ်ချောင်း ထွက်ပေါ်လာလေသည်။ ထို့နောက် သူက လေးကြိုးကို ဆွဲတင်လိုက်သည်။ သူ့ဘေးမှ နှစ်ယောက်ကလည်း အနက်ရောင် ပုလင်းများကို ထုတ်ယု၍ မြှားခေါင်းပေါ်သို့ လောင်းချလိုက်သည်။

ထိုသူက ပမာမခန့် ပုံစံနှင့် ရယ်မောလိုက်ပြီး လက်ထဲမှ မြှားတံကို ပစ်လွှတ်လိုက်လေသည်။ မြှားက လေထူကို ထိုးခွင်းသွားပြီး နဂါးနတ်ဆိုးငါး၏ နောက်ကျောဘက်သို့ ထိုးစိုက်သွားလေသည်။

ဝေါင်း….

ရွှေနဂါး အရိုး မီးဖိုချောင်သုံးဓါး၏ ဖိအားအောက်တွင် ကျရောက်နေသော နဂါးနတ်ဆိုးငါး၏ မျက်၀န်းများက တောင်ပိုင်းမြို့တော်ကို စတင်တိုက်ခိုက်စဉ်ကကဲ့သို့ အနီရောင်အဖြစ် ပြောင်းလဲသွားလေသည်။