အခန်း ၂၅၉ “ခေါင်းပျောက်သွားသောငါး…”
တလိမ့်လိမ့်တက်လာသော ပင်လယ်လှိုင်းလုံးများက ငါးညှီနံ့နှင့် ဆားနံ့ပါသော ပင်လယ်လေကို သယ်ဆောင်လာလေသည်။
ကျယ်ပြောလှသော ပင်လယ်ထဲမှ လှေငယ်လေးပေါ်တွင် လျန်ဖုက လက်နှစ်ဖက်ကို နောက်ပစ်၍ မတ်တပ်ရပ်နေလေသည်။ သူ၏ အကြည့်များက သင်္ဘောဦးပိုင်းတွင် ရပ်နေသော ဂျိချန်းယုပေါ်သို့သာ ကျရောက်နေလေသည်။
“မတွေ့ရတာတောင် တော်တော်ကြာပြီနော်… မိန်းမစိုးခေါင်းဆောင်လျန်.. အခြေအနေတွေ အကုန်လုံးအဆင်ပြေရဲ့လား…”
သူတို့နှစ်ယောက်က တစ်ဦးကိုတစ်ဦး ကြာမြင့်စွာ စိုက်ကြည့်လိုက်ပြီးမှ ဂျိချန်းယုက ဦးစွာ နှုတ်ဆက်လိုက်သည်။
လျန်ဖုက နှုတ်ခမ်းတင်းတင်း စေ့လိုက်ပြီး ဂျိချန်းယုကို ကြည့်လိုက်သည်။ ထို့နောက် စူးရှအက်ကွဲသော အသံနှင့် ပြောဆိုလိုက်လေသည်။
“ဘုရင်ခံယု… အာ… ဘုရင်ခံယု…. အမှားတွေအများကြီး ပြုလုပ်ထားတာတောင် ဧကရာဇ်က မင်းကို ဂူဗိမ္မာန်ကို စောင့်ဖို့ပဲ အမိန့်ပေးခဲ့တယ် အဲဒါက ဘာလို့လဲဆိုတော့ ဧကရာဇ်ရဲ့ သွေးသားတွေဖြစ်လို့ မင်းရဲ့ အသက်ကို ချမ်းသာပေးလိုက်တာပဲ…. မင်းရဲ့ သားတစ်ယောက်အနေနဲ့ ဧကရာဇ်ရဲ့ ဂူဗိမ္မာန်ကို စောင့်ရှောက်ပြီး အပြစ်တွေကို ဆင်ခြင်သင့်တယ် … ဒါကိုမင်းက ထွက်ပြေးဖို့ ဘာလို့ စီစဉ်ရတာလဲ… ဒါကြောင့်လဲ ငါက ဒီလို ခက်ခဲတဲ့ အခြေအနေကြားမှာ ညှပ်နေရတာပဲ….”
လှေငယ်လေး၏ နောက်ဘက်တွင် ကြီးမားလှသော လှိုင်းလုံးများက တလိမ့်လိမ့် နှင့် အဆက်မပြန် ဖြစ်ပေါ်နေလေရာ လှေငယ်လေးကို နောက်မှ တွန်းပို့နေသကဲ့သို့ တဖြည်းဖြည်း အရှိန်ပိုမြန်လာလေသည်။
“ငါ့ရဲ့ စွမ်းအင်အဆင့်ကို ချိတ်ပိတ်လိုက်တယ်… ပြီးတော့ ငါ့ရဲ့ အဆောင်အယောင်တွေကိုလည်း ရုတ်သိမ်းလိုက်တယ်… သူက ငါ့အတွက် ဖခင်ကောင်းတစ်ယောက်လား… ငါက ငါ့ရဲ့ တာ၀န်တွေကို ကျေပွန်ချင်ပါတယ်… ဒါပေမယ့် ခွေးတစ်ကောင်လိုမျိုး ဧကရာဇ်ရဲ့ အုတ်ဂူမှာ သန့်ရှင်းရေးလုပ်ပြီး လှည်းကျင်းနေတာမှ ကျေးဇူးဆပ်တာ မဟုတ်ဘူးလေ…” ဘုရင်ခံယုက လျန်ဖုကို အေးစက်စွာ ကြည့်လိုက်ပြီး သင်္ဘောအစွန်းသို့ တိုးလိုက်သည်။
ဘုရင်ခံယု၏ အကြည့်များက စူးရှထက်မြက်နေပြီး ဆက်ပြောလိုက်သည်။
“ငါ ဂျိချန်းယုက စွမ်းအင်အဆင့်မှာပဲ ဖြစ်ဖြစ်… တိုက်ခိုက်မှု စွမ်းရည်မှာပဲ ဖြစ်ဖြစ်… ဘယ်နေရာမှာပဲဖြစ်ဖြစ် ဂျိချန်းရွဲ့ထက် သာလွန်တယ်.. ဧကရာဇ်နေရာကို ဆက်ခံနိုင်တာက ငါပဲ ဖြစ်ရမှာလေ… တတိယညီတော်က ဘယ်နေရာမှာများငါ့ထက် သာလွန်နေလဲ.. ငါကရော ဘယ်နေရာမှာများ သူ့ထက် နိမ့်ကျနေလို့လဲ…”
“ငါက ယုံကြည်စရာ မကောင်းလို့လား… တကယ်လို့ ခမည်းတော်ကသာ ငါ့ကို ယုံကြည်လက်ခံခဲ့မယ်ဆိုရင် ဒီဧကရာဇ်နေရာကို ငါရခဲ့မှာလေ… ဒါပေမယ့် သူအဲလိုမလုပ်ခဲ့ဘူး…”
လျန်ဖုက စိတ်မသက်မသာနှင့် သက်ပြင်းချလိုက်သည်။ သူက ဘုရင်ခံယု၏ စိတ်ထဲတွင် အမျက်ဒေါသများ အမြဲတစေ သိုလှောင်ထားသည်ကို သတိပြုမိခဲ့သည်။ ဧကရာဇ်၏ ဂူဗိမ္မာန်ကို စောင့်ရှောက် သန့်ရှင်းရန် အမိန့်ပေးခဲ့စဉ်က ဘုရင်ခံယု၏ မျက်၀န်းများက ရေကဲ့သို့ တည်ငြိမ်နေခဲ့သော်လည်း သူ၏စိတ်ထဲတွင် တောက်လောင်နေသော အမျက်ဒေါသများကို လျန်ဖုက ခံစားမိခဲ့လေသည်။
“ဧကရာဇ်ဟောင်းရဲ့ အမိန့်ကို ဆန့်ကျင်လိုက်ပြီဆိုတော့ … ဒီအစေခံအို ကြီးက မင်းကို ပြန်ခေါ်သွားရတော့မယ်….”
“ငါသိပါတယ်… မိန်းမစိုးခေါင်းဆောင်လျန်က ငါ့ကို ပြန်ဖမ်းခေါ်သွားပြီး ဧကရာဇ်ရဲ့ ဂူဗိမ္မာန်မှာ သန့်ရှင်းရေး လုပ်စေခြင်နေတာ မဟုတ်လား… ငါ့ကို အေးစက်စက် ဂူဗိမ္မာန်တွေ ကြားထဲမှာ ရှင်သန်စေခြင်တာလား… ငါကတော့ အဲလို မလုပ်ချင်ဘူး… မင်းဘာလုပ်မလဲ…”
ဂျိချန်းရွဲ့က လက်ပိုက်လိုက်ပြီး မောက်မာထောင်လွှားစွာ ပြောလိုက်သည်။ သူ၏ မျက်၀န်းများထဲတွင်လည်း စိန်ခေါ်လိုသည့် အရိပ်အယောင်များ တွေ့နေရလေသည်။
လျန်ဖုက ဂျိချန်းရွဲ့ကို သေချာစွာ စိုက်ကြည့်လိုက်ပြီး လက်ခလယ်နှင့် လက်မကို ပူး၍ မြှောက်လိုက်ပြီးနောက် ပြောဆိုလိုက်သည်။
“ဒီလိုဆိုရင်တော့ ငါက မင်းကို မလှုပ်နိုင်တော့တဲ့အထိ ရိုက်နှက်ပြီး ပြန်ခေါ်သွားရတော့မှာပေါ့…”
…….
တောင်ပိုင်းမြို့တော်တွင် ပုဖန်၏ ပြောင်မြောက်လှသော စွမ်းရည်ကြောင့် အံ့အားသင့် မှင်သက်နေကြသော အင်ပါယာအဆင့်များ၏ ထိတ်လန့်တကြား အော်ဟစ်သံက ပဲ့တင်ထပ် ထွက်ပေါ်လာလေသည်။
“သေလိုက်စမ်း… ဒီသားရဲက ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြန်ပြီ…”
အင်ပါယာအဆင့် ကျွမ်းကျင်သူတစ်ယောက်၏ စိတ်နှလုံးက အချက်ပေးသံများ ဆူညံလာလေသည်။ ထိုသားရဲသာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပါက တောင်ပိုင်းမြို့တော်ကို အဆက်မပြတ် တိုက်ခိုက်ပေလိမ့်မည်။ ထိုအခြေအနေ ဖြစ်မလာစေရန် သူတို့က စိုးရိမ်နေကြသော်လည်း ယခုအချိန်တွင် သားရဲက ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီဖြစ်သည်။
ပုဖန်က တောင်ပိုင်းမြို့တော်၏ အပြင်ဘက်မှ တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ အင်ပါယာအဆင့်များက ပုဖန်၏ စွမ်းရည်များထဲတွင် နစ်မြောသွားသောကြောင့် သတိမပြူမိလိုက်သော်လည်း ပုဖန်က နတ်ဆိုးငါးကိုသာ အာရုံစိုက်နေသောကြောင့် ယခုအခြေအနေ အသေးစိတ်ကို သိနေလေသည်။ အဝေးတစ်နေရာမှ ပျံသန်းလာသော အနက်ရောင်မြှားက နတ်ဆိုးငါး၏ ကျောကို ဖောက်ထွင်းသွားသောကြောင့် ထိုငါးက ဒေါသတကြီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
“ဒီတော့ အခုဖြစ်ပွားသွားတာတွေ အကုန်လုံးကို တစ်စုံတစ်ယောက်က လုပ်နေတာပေါ့…”
ပုဖန်၏ မျက်၀န်းများက မှေးကျဉ်းသွားပြီး မဲ့လိုက်မိသည်။ သူက နဂါးမြစ်ထထဲတွင် ကြီးမားပြီး ဆိုးသွမ်းသော တစ်ကြီးတစ်ကောင် ထွက်ပေါ်လာသည့် အကြောင်းကို တွေးတောနေခြင်း ဖြစ်သည်။ ဒေါသတကြီးနှင့် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော နတ်ဆိုးငါးကြောင့် ရွှေနဂါးအရိုး မီးဖိုချောင်ဓါးမှ ထွက်ပေါ်နေသော စွမ်းအင်များပင် မှိန်ကျသွားလေသည်။
နတ်ဆိုးငါးက ထက်မြိလှသော သွားများနှင့် ပြည့်နှက်နေသော ပါးစပ်ကို ဖွင့်ဟ၍ အော်ဟစ်လိုက်သည်။ နတ်ဆိုးငါးက နီရဲနေသော မျက်၀န်းများနှင့် ရွှေရောင်အလင်းတန်းများ တောက်ပနေသော ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ကိုင်ဆောင်ထားသည့် ပုဖန်ကို စူးစူးစိုက်စိုက် လှမ်းကြည့်လိုက်သည်။
ဘုန်း….
နတ်ဆိုးငါးကြီးက ပြတ်တောက်သွားသော လက်ကြီးဖြင့် မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ ထို့နောက် လျပ်ပျက်သကဲ့သို့သော အရှိန်နှင့် ပုဖန်ရှိရာသို့ ပြေး၀င်လာလေသည်။
အင်ပါယာအဆင့်များ၏ စိတ်နှလုံးများက တုန်လှုပ်နေကြပြီး ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားနေရလေသည်။
ပုဖန်၏ အမူအယာက ထိတ်လန့်ဟန် တစ်စွန်းတစ်စိပင် မရှိပဲ သူ့ဆီသို့ ပြေးလာသော နတ်ဆိုးငါးကို စိုက်ကြည့်နေလေသည်။ ပုဖန်၏ မျက်၀န်းထဲတွင် သူ့ကို တစ်စစီ ကိုက်ဖြတ်ချင်ဟန်ရသော နတ်ဆိုးငါး၏ ပုံရိပ်က တဖြည်းဖြည်း ကြီးမားလာလေသည်။
ပုဖန်၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး နတ်ဆိုးငါး၏ ဦးခေါင်းထက်တွင် ပြန်ပေါ်လာလေသည်။ ထိုသတ္တဝါက အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲဖြစ်သောကြောင့် သူ၏ စွမ်းအင်ဖိအားက အလွန်ကြောက်စရာကောင်းလှသည်။ သဘာ၀အားဖြင့် သူ၏ စွမ်းအင် သက်သက်နှင့်ပင် အင်ပါယာ အဆင့်များနှင့် အဆင့်ခြောက် စိတ်ဝိဥာဉ် သားရဲများကို ဖိနှိပ်နိုင်စွမ်း ရှိလေသည်။ သို့သော်လည်း ထိုစွမ်းအားများက ပုဖန်ပေါ်တွင် လွမ်းမိုးသက်ရောက်နိုင်စွမ်း မရှိပဲ ပုဖန်က ယခင်အတိုင်း လှုပ်ရှားနေနိုင်လေသည်။
ဆန့်ကျင်ဘက်အနေနှင့် သူ၏ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးမှ ထွက်ပေါ်နေသည့် ပြင်းထန်လှသော အငွေ့အသက်များက နတ်ဆိုးငါးကို ဖိနှိပ်ထားလိုက်လေသည်။ ထို့ကြောင့်သာ ပုဖန်က သူတော်စင်အဆင့်တစ်ယောက်နှင့် အဆင့်တူသည့် နတ်ဆိုးငါးကို ကြောက်ရွံ့မနေခြင်း ဖြစ်သည်။ ထို့နောက် လက်ထဲမှ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ဝှေ့ရမ်း၍ နတ်ဆိုးငါးကို ပိုင်းချလိုက်လေသည်။
နတ်ဘုရားတစ်ပိုင်းအဆင့် လက်နှက်ဖြစ်သော ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးက အလွန်တရာ ထက်မြိလှသောကြောင့် မာကျောလှသည့် နတ်ဆိုးငါး၏ အကြေးခွံများက ခုခံနိုင်စွမ်း မရှိကြပေ။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးက နတ်ဆိုးငါး၏ အသားထဲသို့ နစ်၀င်သွားပြီး သွေးများ ဖြာကျလာလေသည်။
နတ်ဆိုးငါး၏ အကြေးခွံများ ပွင့်ဟသွားသောကြောင့် သူ၏ ခန္ဒာကိုယ်က တုန်ယင်နေလေသည်။
“တော်တော် ဆူဖြိုးတဲ့ ငါးပဲ… အဆင့်ခုနစ် သားရဲအသားက ဘယ်သူ့ကိုမှ စိတ်ပျက်စေမှာ မဟုတ်ဘူး… ဟုတ်တယ်မလား…” ပုဖန်က နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ပုဖန်က သက်ပြင်းတစ်ချက်ကို အသာမှုတ်ထုတ်လိုက်ပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ကိုင်၍ နတ်ဆိုးငါး၏ ကျောပေါ်တွင် လှုပ်ရှားလိုက်သည်။ သူ၏ လှုပ်ရှားမှုများက လျင်မြန်လှသော်လည်း သူ၏ အမူအယာက တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သူ၏ အဖြူရောင် ၀တ်ရုံရှည်နှင့် ဆံနွယ်များကလည်း လေထဲတွင် တဖျပ်ဖျပ် ခါနေလေသည်။
ရွပ်… ရွပ်…
ဖြတ်တောက်သည့် အသံများ ထွက်ပေါ်နေပြီး ပုဖန်လှုပ်ရှားနေသည့် နေရာတစ်လျောက်တွင် သွေးများ တဖွားဖွား လွင့်စင်နေလေသည်။
နတ်ဆိုးငါးက သူ၏ ခန္ဒာကိုယ်ကို ပြင်းပြင်ထန်ထန် ထိခိုက်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းနေလေသည်။
ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို လက်နှစ်ဖက်နှင့် သေချာစွာ ဆုတ်ကိုင်၍ ရက်ရက်စက်စက် ပင် ဖြတ်တောက်နေလေသည်။
ရွ့ပ်…
ဖြာထွက်လာသော သွေးစက်များက နေရောက်အောက်တွင် တောက်ပနေလေသည်။
မရေမတွက်နိုင်သော ငါးအကြေးခွံများက လေထဲတွင် လွင့်စင်နေပြီး မြေပေါ်သို့ ကျဆင်းနေလေသည်။
အင်ပါယာအဆင့်များ၏ နှလုံးသားများကလည်း တဆတ်ဆတ် တုန်ယင်နေကြလေသည်။
“ဘုရားရေ.. ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတာလဲ…”
“ဟား..ဟား…ဟား… စီနီယာက အရမ်းကိုခန့်ညားတာပဲ… အဲဒီ သတ္တဝါကို သေအောင်လုပ်ပစ်… အရေခွံစုတ်ပြီး အသားတွေကို ဆွဲထုတ်ပလိုက်…” ရှောင်ယုက ပျော်ရွှင်စွာနှင့် ခေါင်မိုးပေါ်တွင် ခုန်ပေါက်၍ အော်ဟစ်နေလေသည်။
ရှောင်ယန်ယုက နတ်ဆိုးငါးကို ပိုင်းဖြတ်နေသော ပုဖန်၏ ပုံရိပ်ကို ကြည့်၍ အလွန်အံ့အားသင့်နေလေသည်။
“ဒီလိုဆိုတော့… ပိုင်ရှင်ပုက အရမ်းသန်မာတာပေါ့…”
၀ှိုက်တီနှင့် အနက်ရောင်ခွေးကြီးက တိုက်ခိုက်မှု စွမ်းရည်အားနည်းလှသော ပုဖန်ကို ကာကွယ်ရန် ရှိနေခြင်းဖြစ်သည်ဟု သူမက အမြဲလိုလို တွေးနေမိလေသည်။ သို့သော် ပိုင်ရှင်ပုက ဝှိုက်တီမပါပဲနှင့်ပင် အလွန်သန်မာလှပေသည်။ သူက နတ်ဆိုးငါးကို ကျွမ်းကျင်စွာ ကိုင်တွယ်သွားပြီး အကြေးခွံများကိုလည်း ထူးခြားသော နည်းလမ်းနှင့် ဖယ်ထုတ်လိုက်လေသည်။
ရှောင်ယန်ယု၏ လှပသော အနှီရောင် နှုတ်ခမ်းလေးများတွင် ကျေနပ်နှစ်သိမ့်သော အပြုံးလေးတစ်ခု ရှိနေလေသည်။
ထိုအချိန်တွင် ရှောင်မိသားစု၀င်များ အားလုံးက သက်ပြင်းချလိုက်မိပြီး တွေးလိုက်မိကြသည်။ ထိုလူငယ်လေးက အလွန်ကြောက်စရာ ကောင်းလှပေသည်။
“သူက နတ်ဆိုးငါးရဲ့ အကြေးခွံတွေကို ချွတ်နေတယ်ဆိုတော့ ချက်ပြုတ်ဖို့ ပြင်ဆင်နေတာလား…”
ရှောင်ခယ်ချန်း၏ ခြေထောက်များက ပျော့ခွေနေပြီး လဲကျလုမတက် ဖြစ်နေလေသည်။
“ဒီ…ဒီလူငယ်လေးက အဆင့်ခုနစ် သားရဲကိုတောင် နိုင်အောင် တိုင်နိုင်တာလား…”
တချိန်တည်းတွင်ပင် ရှောင်ယန်ယု၏ အစေခံ ရှောင်ယက ငိုကြွေးလိုက်ချင်နေလေသည်။ ရှောင်စံအိမ်တော်တွင် သူမပြုလုပ်ခဲ့သည်များကို ရှင်းရှင်းလင်းလင်း မှတ်မိနေလေသည်။ သူမက သူတောင်းစားပင် နေလိုစိတ်မရှိသော အခန်းတစ်ခုကို ပုဖန်အတွက် ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။ သူမက ထိုသို့ ကြောက်စရာကောင်းလှသော လူမျိုးကို အပြစ်ပြုမိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ထိုသူသာ သူမကို ဒေါသထွက်သွားပါက သူ၏ မီးဖိုချောင်သုံးဓါးနှင့် သူမကို အရေခွံဆုတ်လိုက်နိုင်ပေသည်။ ရှောင်ယ၏ နှလုံးသားထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်။
ပုဖန်က အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်၍ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လိုက်သည်။ ထို့နောက် သူ၏ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးက နတ်ဆိုးငါး၏ ၀မ်းဗိုက်ထဲသို့ နစ်မြုတ်သွားလေသည်။ သူက ငါး၏ ၀မ်းဗိုက်ဖြူဖြူများကို ဖြတ်ချလိုက်သည်။ ထိုနေရာက ငါး၏ အားအနည်းဆုံးနေရာဖြစ်သောကြောင့် ပုဖန်က အလွယ်တကူပင် ဖြတ်ချနိ်ုင်လေသည်။
သွေးများက ရေတံခွန်ကဲ့သို့ မြေပြင်ပေါ် စီးဆင်းသွားလေသည်။ နဂါးနတ်ဆိုးငါး၏ ခန္ဒာကိုယ်က တောင့်ခံနိုင်စွမ်း မရှိတော့ပဲ မြေပြင်ပေါ်သို့ လဲပြိုကျသွားသည်။ သူ၏ မျက်၀န်းထဲတွင် ရူးသွပ်မှုများအစား ကြောက်ရွံ့မှုများ အစားထိုး ၀င်ရောက်လာလေသည်။ သေခြင်းတရားက နီးကပ်လာသောကြောင့် အလွန်ထိတ်လန့်ကြောက်ရွံ့နေလေသည်။
“အိုး… ကြောက်နေတာလား…”
ပုဖန်က အနောက်သို့ လျှက်မြန်စွာ ခုန်ဆုတ်လိုက်သောကြောင့် သူ့ခန္ဒာကိုယ်ပေါ်တွင် သွေးအနည်းငယ်မျှပင် တင်ကျန်ခဲ့ခြင်း မရှိပေ။ ထို့နောက် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို လှည့်လိုက်ပြီး ခပ်တည်တည်နှင့် တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် လူများ၏ မျက်စိကိုပင် ကျိန်းစပ်သွားနိုင်သော ရွှေရောင်အလင်းတန်းများ လင်းလက်လာလေသည်။ ထိုအလင်းတန်းများက နတ်ဆိုးငါး၏ ခေါင်းထက်သို့ ကြယ်ကြွေသကဲ့သို့ ကျရောက်ဖြတ်သန်းသွားလေသည်။
မှင်သက်နေသော နတ်ဆိုးငါးက ခြေတစ်လှမ်းပင် လှုပ်ရှားနိုင်စွမ်း မရှိခဲ့ပေ။ နတ်ဆိုးငါးသာ မဟုတ်ပဲ ရပ်ကြည့်နေသော လူများပင် သူတို့၏ နေရာတွင် ကြောင်အမှင်သက်နေကြလေသည်။ နတ်ဆိုးငါးသေဆုံးသည့် မသေဆုံးသည်ကို သူတို့အနေနှင့် သိရှိနိုင်ခြင်း မရှိပေ။
“ဒီငါးက ဒီလောက်ဆို သေလောက်ပြီ မလား…”
ဝေါ… ဘုန်း….
နတ်ဆိုးငါး၏ ကြီးမားလှသော ခေါင်းက သူ၏ ခန္ဒာကိုယ်မှ ပြုတ်ထွက်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားရာ မြေပြင်က သိမ့်သိမ့်တုန်သွားလေသည်။ ထိုခေါင်းကြီးက မြေပြင်ပေါ်တွင် နှစ်ပတ်သုံးပတ်မျှ လိမ့်သွားပြီး သွေးများ လွင့်စင်နေလေသည်။
“သေပြီ… စီနီယာက စွမ်းအားကြီးလိုက်တာ… စီနီယာက ချောမောခန့်ငြားလိုက်တာ…”
ရှောင်ယုက အသံ၀င်မတက် အော်ဟစ်နေလေသည်။ ယခုအချိန်တွင် ပုဖန်အပေါ် သူ၏ ယုံကြည်အားကိုးမှုများမှ ငါး၏ ကိုယ်မှ ထွက်လာသော သွေးများကဲ့သို့ တဟုန်တိုးနှင့် တိုးတက်လာလေသည်။
ပုဖန်က အားပြတ်သွားပြီး မြေပြင်ပေါ်သို့ ထိုင်ချလိုက်ရသည်။ သူ၏ အစစ်အမှန် စွမ်းအင်များ ကုန်ခမ်းသွားသောကြောင့် အသက်ပင် အမောတကော ရှူနေရလေသည်။
ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးမှ ရွှေရောင်အလင်းများကလည်း ပျောက်ကွယ်သွားပြီး သာမာန် အနက်ရောင် မီးဖိုချောင်သုံးဓါးတစ်ချောင်း ဖြစ်သွားလေသည်။
ဤတိုက်ပွဲတွင် သူ၏ အင်ပါယာအဆင့် စွမ်းအင်များကို အကုန်အစင် ထုတ်သုံးခဲ့ရလေသည်။ ထိုသို့ အင်အားကြီးမားပြီး ကြောက်စရာကောင်းလှသော သားရဲနှင့် ရင်ဆိုင်နေရချိန်တွင် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး၏ စွမ်းအင်များကိုသာ အားကိုးနေ၍ မရပဲ သူ၏ အစစ်အမှန် စွမ်းအင်များကိုသာ အသုံးပြုခဲ့ရလေသည်။
ပုဖန်၏ စွမ်းအင်အဆင့်က အားနည်းလှသောကြောင့် သူအသုံးပြုရန် စွမ်းအင်လုံလောက်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ပုဖန်၏ စိတ်ထဲတွင် သူ၏ စွမ်းအင်အဆင့်ကို တိုးမြှင့်ရန် အရေးကြီးသည်ဟု မှတ်ယူလိုက်လေသည်။
ရှောင်ယန်ယု၏ တင်းမာနေသော မျက်နှာက ပြန်၍ သက်တောင့်သက်သာ ဖြစ်သွားလေသည်။ ပုဖန်က သူမကို အံ့အားသင့်အောင် ပြုလုပ်နိုင်လေသည်။ သူမက ပုဖန်နှင့် ပတ်သတ်၍ နားလည်မှုအသစ်များနှင့် မည်သူမျှ မသိသေးသော ပုဖန်၏ လျို့ဝှက်ချက်များကို ရှာတွေ့ခဲ့လေသည်။ ပထမဆုံး လျို့ဝှက်ချက်က ပုဖန်သည် ဆောင်ကြာမြိုင်သွားခြင်းကို နှစ်သက်သည်။ ဒုတိယ လျို့ဝှက်ချက်က ပုဖန်၏ သန်မာမှုပင် ဖြစ်သည်။
ရှောင်ယန်ယုက ပုဖန်၏ ရှက်ရွံ့နေသော အမူအယာများကို ပြန်တွေးမိသွားပြီး ရယ်မောလိုက်မိသည်။ ပိုင်ရှင်ပုက တစ်ခါတရံတွင် ချစ်ဖို့ကောင်းလေသည်။ ထိုအချိန်တွင် ရှောင်ယန်ယု၏ စိတ်ထဲ၌ ရုတ်တရက် တုန်လှုပ်မှုကို ခံစားလိုက်ရသောကြောင့် ဘေးသို့ ကြည့်လိုက်သည်။ သူမဘေးတွင် ငြိမ်သက်စွာ ရပ်နေသော ဝှိုက်တီ၏ အမူအယာက ရုတ်တရက် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
“အာ… ဝှိုက်တီ…”
ရှောင်ယန်ယုက ပုဖန်ရှိရာနေရာသို့ ချက်ချင်း လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်၀န်းများက ကျဉ်းမြောင်းသွားလေသည်။
မည်သူမျှ သတိမထားမိသော နေရာဆီမှ အနက်ရောင် ပုံရိပ်ငါးခုက ပုဖန်ရှိရာသို့ တိုးကပ်လာလေသည်။ ထိုသူတို့၏ ရည်ရွယ်ချက်က လက်ရှိအချိန်တွင် အားနည်းနေသော ပုဖန်ဖြစ်ကြောင်း သံသယရှိစရာပင် မလိုပေ။
၀ှိုက်တီ၏ စက်ရုပ် မျက်၀န်းများက တောက်ပလာလေသည်။ သူ၏ မျက်လုံးများက အနီရောင်က ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ဒေါသတကြီး ခြေတစ်ချက် ဆောင့်လိုက်ရာ ခေါင်မိုးတစ်ခုလုံး ပြုကျသွားလေသည်။
“ပိုင်ရှင်ကို သတ်ဖို့ ကြံစည်နေတာကို အာရုံခံမိပါတယ်.. အမြစ်ဖြတ် သုတ်သင်ခြင်း စတင်နေပါပြီ….”