အခန်း ၂၆၀ “ရှောင်လွှဲမရနိုင်သော တိုက်ပွဲ”
ဘန်း…
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ခေါင်မိုးက ပျက်စီးသွားပြီး ဝှိုက်တီ၏ ခန္ဒာကိုယ်မှ ခရမ်းရောင်အလင်းများ ထွက်ပေါ်လေသည်။ ထိုအလင်းများကြောင့်ပင် လူအများက နာကျင်မှုကို ခံစားလိုက်ရသည်။
ခေါင်မိုးပြိုကျသွားသောကြောင့် ဟန်ချက်ပျက်သွားသော ရှောင်ယန်ယုက ရှောင်ယုကို လှမ်းဆွဲလိုက်ပြီး အခြားခေါင်မိုးထက်သို့ ခုန်ကူးလိုက်သည်။ ထို့နောက် အသွင်အပြင် ပြောင်းလဲသွားသော ဝှိုက်တီကို အလေးအနက်ကြည့်နေလိုက်သည်။
“ဘာ… ဘာကြီးလဲ… စီနီယာရဲ့ ရုပ်သေးရုပ်က ဘယ်လိုဖြစ်သွားတာလဲ…” ရှောင်ယုက မယုံကြည်နိုင်စွာနှင့် အဝေးကို ပျံသန်းသွားသော ဝှိုက်တီကို ကြည့်၍ ပြောလိုက်သည်။
ရှောင်ယန်ယုက သူ့ကို ကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာနှင့် ပြန်ပြောလိုက်သည်။
“ပိုင်ရှင်ပုက ဒီရုပ်သေးရုပ်ကို မင်းမထိန်းသိမ်းနိုင်ဘူးလို့ ဘာကြောင့် ပြောခဲ့လဲဆိုတာ မင်းမြင်ရလိမ့်မယ်…”
၀ှိုက်တီက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသည့် သူမက အသေအချာ သိနေလေသည်။ ထိုအချိန်က ဝှိုက်တီ၏ လက်သီးတစ်ချက်နှင်ပင် သူမ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရှိခဲ့သည်။ ဝှိုက်တီက သူက ၀တုတ်တုတ်နှင့် ချစ်စဖွယ်ကောင်းသော အမူအယာနှင့် လူအများကို လှည့်စားထားပြီး တကယ်တမ်း တိုက်ခိုက်ပါက အဆင့်ရှစ် စစ်နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။
ကောင်းကင်ကိုပင် ထက်ခြမ်းခွဲတော့မယောင် လင်းလက်နေသော ခရမ်းရောင် အလင်းတန်းတစ်ခုနှင့်အတူ စူးရှကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။
မြေပြင်ပေါ်တွင် ထိုင်နေသော ပုဖန်က အသက်ကို အမောတကော ရှုနေလေသည်။ ထိုအချိန်တွင် သူ၏ ခန္ဒာကိုယ်ထဲ၌ အစစ်အမှန် စွမ်းအင်များ ကင်းမဲ့နေလေသည်။ သူ ဒန်တျန်ထဲမှ အစစ်အမှန် စွမ်းအင်များကိုညှစ်ထုတ်ရန် ကြိုးစားလိုက်သောလည်း မရိထျန်များ အားလုံးက ခြောက်သွေ့နေသောကြောင့် သူ့ကို ဆန့်ကျင်နေလေသည်။ စွမ်းအင်ထောက်ပံ့မှု ဆုံးရှုံးသွားသောကြောင့် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးက သူ၏ လက်ထဲသို့ အခိုးအငွေ့များအဖြစ် တိုး၀င်သွားလေသည်။
ပုဖန်က သူ၏ ရှေ့မှ သေဆုံးနေသော ဧရာမနတ်ဆိုးငါးကို ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်လိုက်သည်။
ခပ်ဝေးဝေးနေရာမှ အနက်ရောင်၀တ်ဆုံများ ၀တ်ဆင်ထားပြီး မျက်နှာကာပါသော ဦးထုတ်ဆောင်းထားသည့် လူငါးယောက်က လျင်မြန်လှသော အရှိန်များနှင့် ရွေ့လျားနေကြလေသည်။ ထိုသူများ အားလုံးက အင်ပါယာအဆင့်များ ဖြစ်ကြပြီး သူတို့၏ ခန္ဒာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများက အလွန်အစွမ်းထက်နေလေသည်။
“နဂါးနတ်ဆိုးငါးက ခေါင်းဖြတ်ခံလိုက်ရပြီဆိုတော့ တောင်ပိုင်းမြို့တော်ကို ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်မဲ့ ငါတို့ရဲ့ အစီအစဉ်က ကျရှုံးသွားပြီပေါ့… သည်အတိုင်းပြန်သွားရင် အကြီးအကဲက ငါတို့ကိုသေချာပေါက် အပြစ်ပေးလိမ့်မယ်… ငါတို့ရဲ့ အစီအစဉ်တွေကို ဖျက်စီးသွားတဲ့ လူငယ်လေးကို ဖမ်းခေါ်သွားရမယ်… ငါတို့ အစီအစဉ် ပျက်စီးသွားတဲ့အကြောင်းကို အကြီးအကဲဆီ သေသေချာချာ ရှင်းပြမှ ဖြစ်မယ်…”
အက်ရှရှအသံ ထွက်ပေါ်လာပြီး ကျန်လူများက ထိုအစီအစဉ်အတိုင်း လိုက်နာလိုက်ကြသည်။ ထိုသူငါးယောက်က နေရာလွတ်ကို ဖြတ်သန်းသွားသော အနက်ရောင် ဓါးရှည် ငါးချောင်းနှင့် တူနေလေသည်။ ထိုသူတို့၏ ရည်ရွယ်ချက်က ပုဖန်ဖြစ်ပြီး သူတို့၏ ခန္ဒာကိုယ်မှ သိသာထင်ရှားသော သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ်နေလေသည်။
သူတို့၏ အစီအစဉ် တစ်၀က်ခန့် အောင်မြင်သွားပြီးမှ ပုဖန်ပေါ်လာပြီး ဖျက်စီးသွားသောကြောင့် သတ်ဖြတ်လိုနေခြင်း ဖြစ်သည်။ နောက်ဆုံးအနေနှင့် သူတို့၏ ဒေါသပေါက်ကွဲဆေးကို ထုတ်သုံးခဲ့သော်လည်း ထိုလူငယ်က အဆင့်ခုနစ် နဂါးနတ်ဆိုးငါးကို သတ်ဖြတ်ပစ်လိုက်သည်။ သူတို့၏ အစီအစဉ်ကို နှောက်ယှက်ဖျက်စီးလိုက်သော လူငယ်ကို သနာညှာတာရန် စိတ်ကူးမရှိတော့ပေ။
“အဲဒီလူငယ် အားနည်းနေတာကို အခွင့်ကောင်းယူပြီး သတ်ကြ…”
အက်ရှရှအသံ ထွက်ပေါ်လာပြီး ထိုသူက အနက်ရောင်လေးကို ဆွဲထုတ်လိုက်၍ အနက်ရောင်မြှားတစ်ချောင်းကို တပ်လိုက်လေသည်။ ထိုမြှားမှ ထွက်ပေါ်နေသော စွမ်းအင်များက လေးကို လှည့်ပတ်နေလေသည်။ ထိုမြှားရှည်က တခဏခြင်း လွတ်ထွက်သွားလေသည်။ အခြားသူများကလည်း သူတို့၏ လတ်နှက်များကို ဆွဲကိုင်၍ တိုက်ခိုက်လိုက်ကြသည်။
တောင်ပိုင်းမြို့တော်မှ ကျွမ်းကျင်သူများက လှုပ်ရှားလာကြသော်လည်း သူတို့က နောက်ကျသွားပြီဖြစ်သည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို သယ်ဆောင်ထားသော အနက်ရောင်မြှားက အလွန်အမင်းအားနည်းနေသော ပုဖန်ရှိရာသို့ ပစ်လွှတ်လိုက်ပြီး ဖြစ်နေလေသည်။
ကြောက်မက်ဖွယ်ရာ စွမ်းအင်များကို သယ်ဆောင်လာသော မြှားက ပုဖန်ကို သတ်ဖြတ်ရန် လုံလောက်နေပြီဖြစ်သည်။
“သေစမ်း... မင်းတို့က ဘယ်သူတွေလဲ…” တောင်ပိုင်းမြို့တော်မှ ကျွမ်းကျင်သူများ၏ မျက်၀န်းထဲတွင် မီး၀င်၀င်းတောက်နေကြလေသည်။
သို့သော် အနက်ရောင် ၀တ်ဆုံနှင့် လူငါးယောက်က တောင်ပိုင်းမြို့တော်မှ ကျွမ်းကျင်သူများကို ဂရုမစိုက်ပဲ ပုဖန်ကိုသာ အာရုံစိုက်ထားလေသည်။
ပုဖန်က ထိတ်လန့်သွားပြီး မျက်ခုံးပင့်လိုက်မိသည်။ ထိုအနက်ရောင် ၀တ်ဆုံနှင့် လူများက နဂါးနတ်ဆိုးငါး၏ နောက်ကွယ်မှ ကြိုးကိုင်ချယ်လှယ်နေကြသူများ ဖြစ်နိုင်လေသည်။ နတ်ဆိုးငါးက သူ့လက်ထဲတွင် သေဆုံးသွားသောကြောင့် ထိုသူများက စိတ်မရှည်နိုင် ဖြစ်နေကြခြင်း ဖြစ်နိုင်ပေသည်။ ပုဖန်က သက်ပြင်းတစ်ချက် အသာမှုတ်ထုတ်လိုက်ပြီး မဲ့လိုက်မိသည်။
၀ီ…
ထိုအချိန်တွင် ခရမ်းရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ပုဖန်၏ ရှေ့တွင် ဝှိုက်တီက ချက်ချင်းလိုလို ပေါ်လာလေသည်။
အရှိန်ပြင်းလှသော အနက်ရောင်မြှားက ခရမ်းရောင်အလင်းတန်းများနှင့် တိုက်မိသွားပြီး ကြီးမားလှသော ပေါက်ကွဲမှုတစ်ခု ဖြစ်လာလေသည်။ ဖုန်မှုန့်များက ကြမ်းတမ်းလှသော လေပြင်းတစ်ခုနှင့်အတူ လွင့်စင်သွားလေသည်။
ထိုလေပြင်းများကြောင့် ပုဖန်၏ ဆံပင်များ ရှုပ်ပွသွားပြီး မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် ခမ်းလှမ်းလှမ်း တစ်နေရာမှ လူငါးယောက်ကို အေးဆေးတည့်ငြိမ်စွာနှင့် ကြည့်နေလိုက်သည်။
မီးခိုးငွေ့နှင့် ဖုန်မှုန့်များကြားမှ အဖြူရောင် ၀၀ဖိုင့်ဖိုင့် ပုံရိပ်တစ်ခု ပေါ်လာလေသည်။ ထိုစက်ရုပ်၏ ခရမ်းရောင် မျက်၀န်းများက သတ်ဖြတ်ခြင်း အငွေ့အသက်များနှင့် ပြည့်နက်နေပြီး ကြည့်မိလိုက်သူတိုင်းကို တုန်လှုပ်သွားစေလေသည်။
ပုဖန်က ဝှိုက်တီ၏ ၀မ်းဗိုက်ကို ပုတ်လိုက်သည်။ သူ၏ မျက်၀န်းများကလည်း ရေခဲတမျှ အေးစက်နေလေသည်။ ထို့နောက် သူက စကားတစ်ခွန်းမျှ မပြောတော့ပဲ နတ်ဆိုးငါး၏ ဧရာမ ခန္ဒာကိုယ်ဘက်သို့ လှည့်လိုက်သည်။
၀ှိုက်တီကလည်း သူ၏ ခန္ဒာကိုယ်ကို လှည့်လိုက်ရာ သူ့ခြေထောက်အောက်မှ အပျက်အစီးများက လေထဲသို့ ဝဲပျံသွားလေသည်။ ပုံမှန်အားဖြင့် လှုပ်ရှားမှု နှေးကွေးလှသောဝှိုက်တီက ကြောက်မက်ဖွယ်ရာ အမြန်နှုန်းနှင့် ထိုငါးယောက်အနီးသို့ ရောက်သွားလေသည်။
“ပိုင်ရှင်ကို သတ်ဖြတ်ချင်နေတာကို အာရုံခံမိပါတယ်… အမြစ်ဖြတ် သုတ်သင်ရပါမယ်…”
၀ှိုက်တီက အနီးဆုံးလူတစ်ယောက်ကို လက်သီးနှင့် ထုချေလိုက်သည်။ ယခုအချိန်တွင် ဝှိုက်တီ၏ ခန္ဒာကိုယ်က သေးငယ်နေသော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းက လျော့ကျနေခြင်း မရှိပေ။ အဆင့်ရှစ် စစ်နတ်ဘုရားများနှင့်ပင် ရင်ဆိုင်နိုင်လေသည်။
၀ှိုက်တီ၏ လက်သီးကို ရင်ဆိုင်လိုက်ရသော ဓါးရှည်ကိုင်ထားသည့် လူက အဝေးသို့ လွင့်စင်သွားလေသည်။ သူ့လက်ထဲမှ ဓါးရှည့်ကလည်း လက်သီးကြောင့် ကွေးကောက်သွားလေသည်။
“ဒီအရာကို အရင်ဆုံး ဖျက်စီးကြ…” အနက်ရောင်၀တ် အင်ပါယာအဆင့် ငါးယောက်က ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
သူတို့၏ ခန္ဒာကိုယ်မှ အနက်ရောင်စွမ်းအင်များ ထွက်ပေါ်လာပြီး တဖြည်းဖြည်း ပြန့်ကားလာလေသည်။ သူတို့၏ လှုပ်ရှားမှုများတွင် အစစ်အမှန် စွမ်းအင်များ ပြည့်နှက်နေပြီး ဝှိုက်တီကို တရစပ် တိုက်ခိုက်လိုက်ကြသည်။
သူတို့အပြင်းအထန် တိုက်ခိုက်နေသော်လည်း ဝှိုက်တီကို အနည်းငယ်မျှပင် နောက်ဆုတ်သွားစေနိုင်ခြင်း မရှိပေ။ အနက်ရောင်၀တ် လူ၏ ပစ်လွှတ်လိုက်သောမြှားများကလည်း ဝှိုက်တီကို ထိမှန်၍ မြေပြင်ပေါ်သို့ ကျသွားကြလေသည်။
ဘန်း… ဘန်း…ဘန်း….
ထိုသူငါးယောက်က အညှာအတာ ကင်းမဲ့စွာ ရိုက်နှက်ခြင်း ခံလိုက်ရပြီး လေထဲသို့ လွင့်စင်သွားလေသည်။ သူတို့၏ ခန္ဒာကိုယ်များက မြို့ရိုး နံရံတွင် နစ်၀င်သွားကြပြီ ကြီးမားလှသော ဂျိုင့်ကြီးများ ဖြစ်ပေါ်လာလေသည်။ သူတို့၏ မျက်နှာကို ကွယ်ထားသော ဝါးဦးထုတ်များကလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကာ ဖြူဖျော့ဖျော့ မျက်နှာများ ပေါ်လာလေသည်။
ဖြူဖျော့နေသော သူတို့၏ မျက်နှာများက ထူးဆန်းလှပြီး သွေးရောင်အနည်းငယ်မျှပင် မတွေ့ရပေ။ ထိုသူများက ဝှိုက်တီ၏ စွမ်းရည်များကို ကြိုမသိခဲ့သောကြောင့် သူတို့၏ မျက်၀န်းများထဲတွင်မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေလေသည်။ သူတို့၏ မြင်ကွင်းထဲတွင် ရပ်တန့်နေသော စက်ရုပ်က နတ်ဆိုးတစ်ကောင်နှင့် ဆင်တူလှပေသည်။
“ဒါက ဘယ်လို မကောင်းဆိုးဝါးမျိုး လဲ… အဲဒီလူငယ်ကရော ဘယ်သူလဲ… ဒီလောက်ကြောက်စရာကောင်းတဲ့ လူတစ်ယောက် တောင်ပိုင်းမြို့တော်ထဲမှာ ဘယ်တုန်းက ပေါ်လာတာလဲ… ပီးတော့ ဒီသတင်းတွေကို ငါတို့က ဘာလို့ မသိခဲ့ရတာလဲ…” ဖြူဖျော့ဖျော့မျက်နှာနှင့် လူတစ်ယောက်က ပါးစပ်အပြည့် သွေးအန်လိုက်ပြီး မုန်းတီးစွာ ပြောလိုက်သည်။
အခြားသူများကလည်း စိတ်ရှုပ်ထွေးနေကြလေသည်။ သို့သော် သူတို့က ကြာမြင့်စွာ တွေဝေနေခြင်း မရှိပဲ အနက်ရောင် ပုလင်းလေးများကို ထုတ်ယူလိုက်ကာ ထိုထဲမှ ဆေးလုံးအချို့ကို ထုတ်ယူလိုက်ကြသည်။ ထို့့နောက် သူတို့က တွန့်ဆုတ်မနေပဲ ဆေးလုံးများကို မြိုချလိုက်ကြသည်။ ထို့နောက် သူတို့ခန္ဒာကိုယ်မှ စွမ်းအင်များက ပြန်လည်တိုးပွားလာပြီး သူတော်စင်အဆင့်သို့ ချိုးဖျက်လုလု အခြေအနေသို့ ပြန်ရောက်သွားကြလေသည်။
“အကြီးအကဲ ပေးအပ်ထားတဲ့ တာ၀န်ကို ဖျက်စီးလိုက်ပြီ ဆိုမှတော့ သူဘယ်သူပဲ ဖြစ်ဖြစ် ဘာကို ဂရုစိုက်ရဦးမှာလဲ… ငါတို့ သေရမယ် ဆိုရင်တောင် ဘယ်လိုနည်းနဲ့မှ နောက်ပြန်မဆုတ်နိုင်ဘူး…”
ထိုငါးယောက်၏ မျက်၀န်းများက သားရဲများကဲ့သို့ အနီရောင်အဖြစ် ပြောင်းလဲသွားလေသည်။ ထို့နောက် သူတို့၏ စွမ်းအင်များကို ထုတ်ဖော်၍ ဝှိုက်တီကို တိုက်ခိုက်လိုက်ကြသည်။
၀ှိုက်တီ၏ ခရမ်းရောင် မျက်၀န်းများထဲတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေလေသည်။ ဝှိုက်တီက သူ၏ လက်ကို ဝှေ့ရမ်းလိုက်ရာ ဓါးတစ်လက်အဖြစ် ပြောင်းလဲသွားလေသည်။ ထို့နောက် သူ၏ ခန္ဒာကိုယ်ကို တစ်ပတ်လှည့်လိုက်ရာ မူလနေရာမှ ပျောက်ကွယ်သွားလေသည်။
ပလောက်…
လူတစ်ယောက်က ဝှိုက်တီ၏ ဓါးချက်ကြောင့် ခေါင်းပြတ်သွားပြီး သွေးများ ပန်းထွက်လာလေသည်။ ထိုသူ၏ ခန္ဒာကိုယ်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားလေသည်။
အဝေးတွင် ကြည့်နေသော လူများအားလုံး၏ နှလုံးသားများက တုန်လှုပ်သွားလေသည်။
“ဘုရားရေ… ဒီအဖြူရောင် စက်ရုပ်က ဘယ်လောက်တောင် သန်မာတာလဲ…”
၀ှိုက်တီက စတင်တိုက်ခိုက်လိုက်သည်နှင့် တုန့်ဆိုင်းခြင်း မရှိပဲ လူတစ်ယောက်ကို တိုက်ရိုက် သတ်ဖြတ်လိုက်လေသည်။
ထိုတိုက်ခိုက်မှုကြောင့် ရှောင်ယုက သူ၏ လည်ပင်းကို ပြန်စမ်းလိုက်မိလေသည်။
လူများအားလုံးက တိုက်ပွဲတစ်ခုကို မြင်တွေ့ရမည်ဟု ခန့်မှန်းထားကြသော်လည်း ယခုအခါ ကြောင်အနေကြလေသည်။ သူတို့ရှေ့မှ တိုက်ပွဲက တစ်ဖက်သတ် သတ်ဖြတ်ခြင်းအဖြစ် ပြောင်းလဲသွားလေသည်။ ဝှိုက်တီက ထိုသူငါးယောက်ကို သနားကြာနာမှု အနည်းငယ်မျှပင် မပြသပဲ ရက်ရက်စက်စက် လိုက်လံ သတ်ဖြတ်နေလေသည်။
…….
ကျယ်ပြန့်လှသော ပင်လယ်ထဲမှ ကြီးမားလှသော သင်္ဘောပေါ်တွင် အထိန်းအကွတ်မရှိ ရယ်မောနေသော ဂျိချန်းယု၏ ရယ်သံက ပဲ့တင်ထပ် ထွက်ပေါ်နေလေသည်။
လျန်ဖုက သူ၏ လက်မနှင့် လက်ခလယ်ကို ပူးကိုင်ထားပြီး မျက်မှောင်ကြုံ့ထားလေသည်။ ထို့နောက် သူ၏ လှေငယ်လေးကို ခြေဖြင့် ထောက်ကန်လိုက်ပြီး သင်္ဘောပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်လေသည်။ သူ၏ လက်ထဲတွင်လည်း ဓါးရှည်တစ်ချောင်း ကိုင်ထားလေသည်။ ထိုဓါးရှည်၏ ကိုယ်ထည်မှ အေးစက်လှသော အငွေ့အသက်များ ထုတ်လွှတ်နေလေသည်။
“ဒီကောင်းကင်နတ်ဓါးကို ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ငါ့ကို ချီးမြှင့်ထားတာ… ငါက အမြဲတစေ ဒီဓါးကို အသုံးမပြုလိုခဲ့ဘူး… ဒီနေ့တော့ ဒီဓါးကို သုံးပြီး ဘုရင်ခံယုကို ဖမ်းခေါ်သွားရမယ်…” လျန်ဖုက အေးစက်စွာ ပြောလိုက်သည်။ သူ၏ စူးရှရှ အသံကလည်း အက်ကွဲနေလေသည်။
ဂျိချန်းယုက ရုတ်တရက် ခေါင်းမော့လိုက်ပြီး ရယ်မောနေခြင်းကို ရပ်တန့်လိုက်သည်။ သူ၏ မျက်၀န်းထဲတွင်လည်း ရက်စက်ကြမ်းကြုတ် မုန်းတီးမှုများနှင့် ပြည့်နှက်နေလေသည်။
“ငါ့ကိုဖမ်းခေါ်သွားမယ်… ဟုတ်လား… မိန်းမစိုးခေါင်းဆောင်လျန်က တော်တော်လေးကို ယုံကြည်မှု လွန်ကဲနေတာပဲ…” ဘုရင်ခံယုက သူ၏ ပုခုံးထက်မှ ခြုံလွှာကို ဖယ်ချလိုက်ပြီး ပြန်ပြောလိုက်သည်။
လျန်ဖု၏ အကြည့်စူးစူးများ အောက်တွင် ဘုရင်ခံယု၏ စွမ်းအင်များက တဖြည်းဖြည်း မြင့်တက်လာလေသည်။
ကျောက်ရူကျီက မဲ့ပြုံးပြုံးလိုက်ပြီး နောက်ဆုတ်လိုက်သည်။ ထို့နောက် မျက်၀န်းများ မှေးကျဉ်း၍ စွမ်းအင်များကို ထုတ်ဖော်နေသော ဘုရင်ခံယုကို ကြည့်နေလိုက်သည်။ ယခုလက်ရှိ ဘုရင်ခံယုက ယခင်ဘုရင်ခံယု မဟုတ်တော့ပေ။
ဘုန်း….
“သူတော်စင်အဆင့် စွမ်းရည်… ငါက အဲဒီစွမ်းရည်တွေကို အမြဲလိုလို ကြုံတွေ့ချင်နေတာ… မိန်းမစိုးခေါင်းဆောင်လျန်က ငါ့ကို စိတ်မပျက်ပါစေနဲ့…”
ဂျိချန်းယုက သင်္ဘောအပြင်ဘက်သို့ ခြေလှမ်းလိုက်ရာ လေထဲတွင် မျောလွင့်နေလေသည်။ သူ၏ ခန္ဒာကိုယ်က ရှေးကျလှသော နတ်ဆိုတစ်ပါးအဖြစ် ပြောင်းလဲသွားပြီဒး ပြင်းထန်၍ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်များကို ထုတ်လွှတ်နေလေသည်။
“ဂျိချန်းယုရဲ့ စွမ်းအင်တွေကို ချိတ်ပိတ်ထားတာက ပျောက်ပျက်သွားပြီလား… ပြီးတော့ သူက သူတော်စင်အဆင့်ကို တောင် ၀င်ရောက်သွားပြီ… ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ဘယ်လောက်ကြာသေးလို့လဲ…”
လျန်ဖု၏ မျက်၀န်းများက စူးရှသွားပြီး သူ၏ စိတ်ဝိဥာဉ်ပင် တုန်လှုပ်နေလေသည်။
ဂျိချန်းယုက ကြမ်းတမ်းစွာ ရယ်မောလိုက်ပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်ရာ ပုဆိန်သွားတပ် လှံရှည်တစ်ချောင်း ပေါ်လာလေသည်။ သူက ထိုပုဆိန်ကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်လိုက်ပြီး သူ၏ အစစ်အမှန် စွမ်းအင်များကိုဖြည့်သွင်းလိုက်သည်။ ထိုလှံရှည်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ ဖိအားက လျန်ဖု၏ စိတ်ဝိဥာဉ်ကို တုန်လှုပ်သွားစေလေသည်။
“သေလိုက်တော့…” ဘုရင်ခံယုက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လှံရှည်ကို ဆုတ်ကိုင်၍ ရှေ့သို့ တိုးသွားလိုက်သည်။
ကြီးမားလှသော ပင်လယ်လှိုင်းလုံးများကလည်း လျန်ဖုဆီသို့ ဦးတည်ရိုက်ခတ်နေလေသည်။
ဓါးရှည်ကို ဆုတ်ကိုင်ထားသော လျန်ဖုက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ အဖြူရောင် ဆံနွယ်များကလည်း လေထဲတွင် လွင့်ပျံနေလေသည်။