အခန်း ၂၆၁ “မင်းရဲ့ အဆိပ်တွေက အမြစ်တွယ်နေပြီ”
မညိမ်မသက်မှုများ ပြီးဆုံးသွားပြီးနောက် တောင်ပိုင်းမြို့တော်က ပြန်လည်တည်ငြိမ်သွားလေသည်။
မြင့်မားလှသော မြို့ရိုးအောက်တွင် အဖြူရောင် ပုံရိပ်တစ်ခု မတ်တပ်ရပ်နေလေသည်။ ထိုပုံရိပ်၏ မျက်၀န်းများက အရိုးထိအောင် အေးစက်နေသော ခရမ်းရောင်မှ အနီရောင်သို့ ပြန်ပြောင်းသွားလေသည်။ သူ၏ ဓါးပုံသဏ္ဍာန် လက်ကလည်း သာမာန်ပုံစံသို့ ပြန်ပြောင်းသွားလေသည်။
မြေပြင်ပေါ်တွင် လူငါးယောက်က လဲကျသေဆုံးနေလေသည်။ ထူးခြားဆန်းကျယ်သော ထိုသူများက ပုဖန်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း ဝှိုက်တီ၏ လက်ချက်နှင့် သေဆုံးသွားကြပြီဖြစ်သည်။ နက်မှောင်နေသော သွေးများကလည်း မြေပြင်ပေါ်တွင် ပြန့်ကျဲနေလေသည်။
၀ှိုက်တီက ပုပ်သိုးနေသော အလောင်းကောင်များကို ဂရုမစိုက်တော့ပဲ ပုဖန်အနီးသို့ ပြန်လျောက်သွားလိုက်သည်။
နဂါးနတ်ဆိုးငါး၏ ခန္ဒာကိုယ်ကို ကြည့်နေသော ပုဖန်က ပုပ်သိုးနေသော ခန္ဒာကိုယ်ငါးခုကို လှမ်းကြည့်လိုက်သည်။ ထိုခန္ဒာကိုယ်များမှ ထွက်ပေါ်လာသော အနံ့ဆိုးများက သူနှင့် အလွန်ရင်းနှီးကျွမ်း၀င်နေလေသည်။ ထိုအနံ့ဆိုးများကြောင့် ပုဖန်က မျက်မှောင်ကြုံ့လိုက်မိသည်။ ထိုရနံ့များက မကောင်းဆိုးဝါး စားဖိုမှုးထံမှ ရခဲ့ဖူးသော အနံ့များနှင့် တူနေလေသည်။
“ကောင်းပြီလေ… ဘယ်လိုပဲ ဖြစ်ဖြစ် ကိစ္စတော့ မရှိဘူး… ဒါကို ဘယ်သူမှလည်း ဂရုစိုက်နေမှာ မဟုတ်ဘူးလေ….”
ပုဖန်က သက်ပြင်းချလိုက်ပြီး အကြည့်လွှဲလိုက်သည်။ ထို့နောက် ဝှိုက်တီ၏ ၀မ်းဗိုက်ကို ပုတ်လိုက်ပြီး ဧရာမ နဂါးနတ်ဆိုးငါးကို ပြန်၍ အာရုံစိုက်လိုက်သည်။ နဂါးနတ်ဆိုးငါး၏ အရွယ်အစားက အလွန်ကြီးမားလှပြီး သူ၏ သိုလှောင်နယ်မြေထဲမှ ခရီးသွားနွားနဂါးထက်ပင် ကြီးမားနေလေသည်။ သို့သော် ခရီးသွားနွားနဂါးထက် ပို၍ တန်ဖိုးမြင့်မားခြင်းမရှိပေ။
၀ှိုက်တီက အနက်ရောင်၀တ် လူငါးယောက်ကို သတ်ဖြတ်နေချိန်တွင် ပုဖန်က ထိုငါးကြီးကို လေ့လာပြီးဖြစ်သည်။ ငါး၏ အသားပေါ်တွင် အနက်ရောင်များ စွန်းထင်းနေလေသည်။ သူက ဧရာမ နတ်ဆိုးငါးကို လှည့်ပတ်ကြည့်လိုက်ပြီး ငါး၏ ကိုယ်ထည်ကို ခပ်သာသာ ပုတ်၍ ကျောထက်သို့ ခုန်တက်လိုက်သည်။ ထို့နောက် ပြန်လည်ဖြည့်တင်းထားသော အစစ်အမှန် စွမ်းအင်များကို အသုံးပြု၍ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ဆင့်ခေါ်လိုက်သည်။
ပုဖန်က နတ်ဆိုးငါး၏ ကျောဘက်သို့ အဆက်မပြတ် ထိုးနှက်လိုက်သည်။ သူ၏ စွမ်းအင်များကို သုံး၍ နတ်ဆိုးငါး၏ အရိုးများကို ဖယ်ထုတ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
နတ်ဆိုးငါး၏ အရိုးများက ချွန်ထက်လှပေသည်။ ထိုချွန်ထက်နေသော အရိုးများက မည်သည့်အရာကိုမဆို ထိုးဖောက်နိုင်စွမ်း ရှိပုံပေါ်လေသည်။ သို့သော် ပုဖန်က ထိုအရိုးများကို ဘေးဘက်သို့ ပစ်ထုတ်လိုက်သောကြောင့် တောင်ပိုင်းမြို့တော်မှ အင်ပါယာ အဆင့်များက အံ့အားသင့်သွားကြလေသည်။
“ဒါက …. ဒီအရိုးတွေက အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲရဲ့ အရိုးတွေလေ… သူက ပိုက်ဆံတွေကို ဒီလိုပဲ ပစ်လိုက်တာလား…”
တောင်ပိုင်းမြို့တော်မှ လူများအားလုံးက အသိပညာ ကြွယ်ဝြကသည်။ တောင်ပိုင်းမြို့တော်တွင် စီးပွားရေးသမားများသာ များပြားလှသောကြောင့် ကျင့်ကြံသူများကလည်း စီးပွားရေးအကြောင်း နားလည်ကြလေသည်။ ထိုငါးအရီုးများက စျေးကောင်းရနိုင်ပေသည်။ ပုဖန်က ထိုအရိုးများကို ဘေးဘက်သို့ ပစ်လိုက်သည်ကို မြင်လိုက်သည်နှင့် ပတ်၀န်းကျင်မှ လူများက လောဘတက်လာကြလေသည်။ သူတို့က ထိုအရိုးများကို ရရှိရန် ကြံစည်နေကြလေသည်။
ကျယ်လောင်လှသော အသံတစ်ခုက ကြောင်အနေသော လူအားလုံး၏ အာရုံကိုပြန်လည် ဆွဲဆောင်သွားလေသည်။
ပုဖန်က နတ်ဆိုးငါး၏ ခန္ဒာကိုယ်ကို ဖြတ်တောက်လိုက်ပြီးနောက် ခုန်ဆင်းကာ တစ်စုံတစ်ခုကို ရှာဖွေလိုက်သည်။
“အိုး… ငါမင်းကို ရှာတွေ့ပြီ…”
တခဏမျှ ရှာဖွေပြီးနောက် ပုဖန်က နတ်ဆိုးငါး၏ အသားထဲမှ ကြည်လင်နေသော အသားစတစ်စကို ရှာတွေ့သွားလေသည်။ ထိုအသားစက သန့်စင်ရန်ပင် မလိုပဲ အဖြူရောင်ဖြစ်နေပြီး မွှေးရနံ့တစ်ခု ထွက်ပေါ်နေလေသည်။ ပုဖန်က သူ့လက်ထဲမှ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို လှည့်၍ ထိုအသားစမှ ကြမ်းတမ်းလှသော အသားများကို ဖြတ်တောက်လိုက်သည်။
အသားစ၏ နတ်ဆိုးငါး၏ အဆီအနှစ်ပင် ဖြစ်သည်။ အဆိပ်အတောက်များ မပါ၀င်ပဲ သန့်စင်လှသော စိတ်ဝိဥာဉ် စွမ်းအင်များသာ ပါ၀င်နေလေသည်။ ထိုအသားစက နူးညံ့ပျော့ပြောင်းပြီး နွေးထွေးနေလေသည်။ အသားစက ငါးညှီနံ့မရပဲ နို့နံ့နှင့်တူသည့် ရနံ့အချို့သာ ရလိုက်လေသည်။ ပုဖန်က စိတ်ကျေနပ်သွားပြီး အသားစကို စနစ်၏ သိုလှောင်နေရာသို့ ထည့်လိုက်လေသည်။ ထို့နောက် ငါး၏ ခန္ဒာကိုယ်ထဲမှ ခုန်ထွက်လိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
ထို့နောက် ပုဖန်က အစစ်အမှန် စွမ်းအင်များကို အသုံးပြု၍ သူ၏ ခန္ဒာကိုယ်တွင် ပေကျန်နေသော အညစ်အကြေးများကို ဖယ်ရှားလိုက်သည်။
တောင်ပိုင်းမြို့တော်မှ ပြသနာများကို ဖြေရှင်းပြီးပြီဖြစ်သည်။ ထိုလှုပ်ခတ်မှုများ၏ အဓိကဇာတ်ကောင်ဖြစ်သော နတ်ဆိုးငါးက သုတ်သင်ခြင်း ခဲလိုက်ရပြီး သူ၏ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်သည့် အသားစပင် ထုတ်ယူခြင်း ခံလိုက်ရလေသည်။
ပုဖန်ထွက်ခွာသွားပြီးနောက် တောင်ပိုင်းမြို့တော်မှ အင်ပါယာအဆင့်များကနတ်ဆိုးငါး၏ ခန္ဒာကိုယ်ရှိရာသို့ တဖြည်းဖြည်း တိုးကပ်လာပြီး ငါးခန္ဓာကိုယ်မှ တန်ဖိုးရှိသော အစိတ်အပိုင်းများကို တောက်ပနေသော မျက်၀န်းများနှင့် ရှာဖွေနေကြလေသည်။
ပုဖန်မျှော်လင့်ထားသည့် အတိုင်းပင် ဆန်းကျယ်လှသော လူများက နတ်ဆိုးငါး၏ အသားများကို ညစ်ညမ်းစေခဲ့သေည်။ ထို့ကြောင့် ယခုအခါတွင် နှမျှောစရာကောင်းလှစွာ ထိုနတ်ဆိုးငါး၏ အသားများကို ချက်ပြုတ်၍ မရတော့ပေ။ ထိုသို့ မဟုတ်ပါက အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲ၏ အသားများက စျေးကောင်းရပေလိမ့်မည်။
သို့သော် လူများစွာက နဂါးနတ်ဆိုးငါးမှ စျေးကောင်းရနိုင်သော ပစ္စည်းများကို ရရှိခဲ့ကြပြီး စိတ်ကျေနပ်နေကြလေသည်။ လူအများစုက ငါး၏ အရိုးများအတွက် တိုက်ခိုက်နေကြသည်။ ငါးအသားများကို ပါ၀င်ပစ္စည်းအဖြစ် အသုံးပြု၍ မရနိင်သော်လည်း ငါးအရိုးများကို လက်နှက်အဖြစ် သုံးနိုင်ပေသည်။ အကယ်၍ ပန်းပဲဆရာ ကောင်း တစ်ယောက်သာ ရှာတွေ့ခဲ့ပါက အဆင့်မြင့်လက်နှက်တစ်ခုပင် ရရှိနိုင်ပေသည်။ မည်သို့ပင် ဆိုစေကာမူ စိတ်ဝိဥာဉ်စွမ်းအင်များ ပါ၀င်သော အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲ၏ အရိုးများကိုလျော့တွက်၍ မရနိုင်ပေ။
၀ှိုက်တီက ပုဖန်နောက်မှ လိုက်ပါသွားလေသည်။ သူတို့နှစ်ယောက်က တောင်ပိုင်းမြို့တော်၏ လမ်းများထက်တွင် လျောက်လှမ်းနေကြလေသည်။
ရှောင်ယန်ယုနှင့် ရှောင်ယုတို့က ပြေးလွှားနေကြလေသည်။ ရှောင်ယန်ယုက သူမ၏ ရင်ဘက်ကို လက်ဖြင့် ဖိလိုက်ပြီး ပုဖန်လုံခြုံနေသည်ကို မြင်ရသောကြောင့် စိတ်အေးသွားလေသည်။
အခြားတစ်ဖက်တွင်မူ ရှောင်ယုက ပုဖန်ကို စိတ်လှုပ်ရှားမှုများနှင့် စိုက်ကြည့်နေလေသည်။ သူ၏ စိတ်ထဲတွင် ပုဖန်ကို ယုံကြည်လေးစားမှုများ က ဒီရေအလား တိုးပွားနေလေသည်။ ပုဖန်က ခေါင်းငြိမ့်ပြလိုက်ပြီါ်း ဝှိုက်တီနှင့်အတူ ရှောင်မိသားစုများ ရှိရာသို့ ရှောင်ယန်ယုနှင့် အတူ လိုက်သွားလိုက်သည်။
ရှောင်ခယ်ယွင်၏ ခန္ဒာကိုယ်ပေါ်တွင် သွေးများနှင့် ပေပွနေဆဲ ဖြစ်သော်လည်း လုံခြုံသွားပြီဖြစ်သည်။ သူက ရှောင်မိသားစု၀င်များ၏ အကူအညီနှင့် ပြန်လည်သက်သာစေနိုင်သော သက်စောင့်ဆေးများကို သောက်သုံးထားလိုက်သည်။ သူက အနီးသို့ ရောက်လာသော ပုဖန်ကို အားနည်းဖျော့တော့သော မျက်၀န်းများနှင့် ကြည့်လိုက်လေသည်။
“ကျေးဇူးတင်ပါတယ်… ဆရာ… ငါ့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်… တကယ်လို့ မင်းသာ ၀င်မကယ်ဘူးဆိုရင်….” ရှောင်ခယ်ယွင်၏ အသံက ဖျော့တော့နေသော်လည်း အလွန်အမင်း ကျေးဇူးတင်နေလေသည်။
အန္တရာယ်များလှသော အခိုက်အတန့်ကြောင့် ရှောင်ခယ်ယွင်က တုန်လှုပ်နေဆဲပင် ဖြစ်သည်။ အကယ်၍ ပုဖန်သာ ၀င်မကယ်ခဲ့လျင် သူက အသားပြားအဖြစ် ပြောင်းလဲနေလောက်ပြီဖြစ်လေသည်။
ပုဖန်က ခေါင်းညိမ့်လိုက်ပြီး ရှောင်ခယ်ယွင်၏ ကျေးဇူးတင်မှုကို အသိအမှတ် ပြုလိုက်သည်။
“မင်းအဆိပ်သင့်နေတယ်… သက်စောင့်ဆေးတွေက အဆင့်တက်ဖို့ ကူညီပေးနိုင်ပေမယ့် သူတို့က ခန္ဒာကိုယ်ရဲ့ အနက်ရှိုင်းဆုံးနေရာထိ တိုး၀င်သွားပြီး ပြင်းထန်တဲ့ အဆိပ်တစ်ခုအဖြစ် ခိုအောင်းနေနိုင်တယ်… နောက်ထပ် တိုက်ပွဲတွေမှာလည်း ဒီလိုပြသနာမျိုးကို ကြုံတွေ့ရပြီး မင်းရဲ့ အသက်တောင် ဆုံးရှုံးနိုင်တယ်…” ပုဖန်က သေချာစွာ ပြောလိုက်သည်။
ရှောင်မိသားစု၀င်များ၏ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားကြသည်။ ရှောင်ခယ်ယွင်က တစုံတရာ ပြန်ပြောချင်သော်လည်း အဆုံးသတ်တွင် ဖြစ်ပျက်ခဲ့သည့် အရာများအတွက် သူ့ကိုယ်သူသာ အပြစ်တင်လိုက်လေသည်။ သက်စောင့်ဆေးကို မသောက်သုံးခင်က သတိကြီးမားစွာ ထားခဲ့လျင် ထိုပြသနာမျိုး ဖြစ်ပွားလာခဲ့မည် မဟုတ်ပေ။
“ဒုတိယသခင်… လက်ကျန် အဆိပ်ဖြေဆေးတွေက ကုန်သွားပါပြီ…” ရှောင်မိသားစု၀င် တစ်ဦးက ၀င်ပြောလိုက်သည်။
ရှောင်ခယ်ယွင်က တုန်လှုပ်သွားလေသည်။ သူ့ကို သက်စောင့်ဆေးများ ထောက်ပံ့ပေးနေသူက ပုဖန်၏ နောက်မှ ရုပ်သေးလက်ချက်ကြောင့် သေဆုံးသွားပြီဖြစ်သည်။ လက်ကျန်သက်စောင့်ဆေးများ ကုန်သည်နှင့် နောက်ထပ် ဆိုးဝါးသော အခြေအနေနှင့် ရင်ဆိုင်ရပြီး ကြောက်ရွံ့ဖွယ် သေခြင်းတရားနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
အနားတွင် ရပ်နေသော ရှောင်ခယ်ချန်းက အသံတစ်ချက်ပင် မထွက်ရဲသော်လည်း သူ၏ စိတ်ထဲတွင် ပျော်ရွှင်နေလေသည်။ ထိုထူးခြားဆန်းကျယ်သော လူငါးဦးက သူ့ကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှောင်မိသားစုအတွင်းမှ သူ၏ ပုံရိပ်က အားနည်းလှသည်ဟု မှတ်ယူလိုက်ကြပြီး သူ့ကို ခုတုံးလုပ်၍ ဒုတိယအကိုကိုသာ ရှာဖွေသွားကြသည်။ ထိုသူများတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
သူတို့၏ မကောင်းသော ဆေးဝါးများနှင့် သူ့ကို စမ်းသတ်ခဲ့ပါက သူ၏ အခြေအနေက သေချာပေါက် ဆိုးဝါးသွားမည်ဖြစ်သည်။ ထိုအကြောင်းအရာကို တွေးလိုက်ပြီးနောက် သူ၏ စိတ်နှလုံးက လန်းဆန်းသွားလေသည်။
ရှောင်ခယ်ယွင်၏ လက်မောင်ကို ဆုတ်ကိုင်ထားသော လင်းချီအာ၏ မျက်နှာက ဖြူဖျော့နေလေသည်။ သူမခင်ပွန်း၏ လက်မောင်းသားများက ပုပ်သိုးနေသော်လည်း သူမက ထိုအရာကို စိတ်အနှောက်အယှက်မဖြစ်ပဲ အကူအညီမဲ့မှုနှင့် စိုးရိမ်ပူပန်မှုများသာ ပြည့်နှက်နေလေသည်
ရှောင်ယု၏ မျက်နှာကလည်း သေမတက် ဖြူဖျော့နေလေသည်။ ထိုကဲ့သို့ အဆုံးသတ်နှင့် ကြုံတွေ့ရမည်ဟု သူမျှော်လင့်ထားခြင်း မရှိပေ။
“ပိုင်ရှင်ပု … ငါ့ရဲ့ ဒုတိယဦးလေးကို ကယ်တင်နိုင်ဖို့ နည်းလမ်း မရှိဘူးလား…” ရှောင်ယန်ယုက ရှောင်ခယ်ယွင်ကို မျက်မှောင်ကြုံ့၍ ကြည့်နေသော ပုဖန်ဖက်သို့လှည့်၍ မေးလိုက်သည်။ ပုဖန်က သာမာန် စားဖိုမှုးတစ်ယောက် မဟုတ်ပေ။ ယခင်အချိန်က သေအံ့ဆဲဆဲ သူမကိုပင် ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ်ကို ချက်ပြုတ်၍ ကယ်တင်ခဲ့ဖူးလေသည်။
“စီနီယာ… ကျေးဇူးပြုပြီး ငါ့အဖေကို ကယ်တင်ပေးပါ…”
ရှောင်ယန်ယု၏ စကားကို ကြားလိုက်သည်နှင့် ရှောင်ယုက ပုဖန်ဘက်သို့ ချက်ချင်းလှည့်၍ တောင်းဆိုလိုက်လေသည်။ ပုဖန်၏ စွမ်းဆောင်ရည်များကို မြင်ပြီးနောက် ပုဖန်မတတ်နိုင်သော ကိစ္စမရှိဟု သူက ယုံကြည်နေလေသည်။
လင်းချီအာကလည်း သူမ၏ အသက်ကို ဆုတ်ကိုင်ထားသူ တစ်ယောက်ကဲ့သို့ ပုဖန်ကို ငေးကြည့်နေလေသည်။
ရှောင်ခယ်ယွင်က အကူအညီ မဲ့မှုကို ခံစားနေရလေသည်။ သူ၏ အခြေအနေကို သူသေချာသိနေလေသည်။ ဖြေဆေးမရှိပါက နောက်ထပ်အခြေအနေ ဆိုးဝါးလာသည်နှင့် သူက အနက်ရောက် ရေအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လောကကြီးမှ ပျောက်ကွယ်သွားမည်ဖြစ်သည်။
ပုဖန်က မည်သို့ တတ်နိုင်မည်နည်း။ သူက သမားတော်တစ်ယောက် မဟုတ်ပေ။
ရှောင်ခယ်ချန်းကလည်း ပုဖန်ကို စူးစိုက်ကြည့်နေလေသည်။
“ဒီ ဘယ်ကလာမှန်းမသိတဲ့ လူငယ်လေးက ဆေးပညာ ကျွမ်းကျင်တယ်လို့ ငါ့ကိုမပြောနဲ့နော်… ဒီလူငယ်လေးက ရှောင်ခယ်ယွင့်ကို ကယ်တင်နိုင်တယ်လို့ လာမပြောကြပါစေနဲ့…”
အကယ်၍ ထိုသို့ လုပ်နိုင်သည် ဆိုပါက သူရေအိမ်ထဲသွား၍ ငိုကြွေးနေရပေလိမ့်မည်။
ပုဖန်ကလည်း အခက်တွေ့နေလေသည်။ သူက ရှောင်ခယ်ယွင့်ကို မကယ်လိုခြင်းမဟုတ်ပဲ သူလုပ်နိုင်မည်ဟု ယုံကြည်ချက်မရှိခြင်း ဖြစ်သည်။ ရှောင်ခယ်ယွင် သောက်သုံးထားသော သက်စောင့်ဆေးက အလွန် အဆိပ်အတောက် ပြင်းထန်လေသည်။ ထိုဆေးက အဆင့်ခုနစ် သားရဲ၏ အသားများကိုပင် ဆွေးမြေ့သွားစေရာ ရှောင်ခယ်ယွင်၏ အသားများက ပျက်စီးယိုယွင်းပြီးသားပင် ဖြစ်နိုင်လေသည်။
“မာ… မာစတာပု… ကျေးဇူးပြုပြီး ငါ့ခင်ပွန်းကို ကယ်တင်ပေးဖို့ တောင်းဆိုပါတယ်…. နင့်ဘက်က ဘာပဲ တောင်းဆို တောင်းဆို ငါလိုက်လျောပေးမှာပါ…” လင်းချီအာက ပုဖန်တွေးတောနေသည်ကို မြင်လိုက်သောကြောင့် အလျှင်အမြန် ဒူးထောက်လိုက်ပြီး မျက်ရည်ပြည့်နေသော မျက်၀န်းများနှင့် အသနားခံလိုက်သည်။
ပုဖန်က အလျင်အမြန်ပင် သူမကို ထူမလိုက်လေသည်။
“ငါသူ့ကို သေချာပေါက် ကယ်တင်နိုင်တယ်လို့ အာမမခံနိုင်ဘူး… သူက အဲဒီဆေးကို အချိန်အကြာကြီး သုံးဆွဲထားတာ… အခု သူ့ရဲ့ ခန္ဒာကိုယ်က ယိုယွင်း ပျက်စီးနေလောက်ပြီလို့ ထင်ရတယ်… အခု ငါပြောနိုင်တာက ငါကြိုးစားကြည့်ပေးမယ်….”
လင်းချီအာနှင့် ရှောင်ယု၏ မျက်၀န်းများက တောက်ပလင်းလက်သွားလေသည်။ ပုဖန်က သူတို့ကို မငြင်းပယ်ခဲ့သောကြောင့် သူတို့တွင် မျှော်လင့်ချက်အချို့ ရှိလာပြီဖြစ်သည်။ သူတို့နှစ်ယောက်က ၀မ်းသားအားရနှင့် ပုဖန်ကို ထပ်တလဲလဲ ကျေးဇူးတင်စကား ပြောလိုက်လေသည်။
ရှောင်ယန်ယုက နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး ပုဖန်ကို ကြည့်လိုက်လေသည်။ ပုဖန်၏ သနားကြင်နာမှုကြောင့် သူမ၏ လှပသော မျက်၀န်းလေးများကလည်း တောက်ပရွှန်းစိုနေလေသည်။
ပုဖန်က ထိုသူတို့၏ တက်ကြွနေသော အမူအယာများကြောင့် ဖိအားများစွာ ခံစားလိုက်ရလေသည်။ ပုဖန်င သူတို့ကို ပြန်ပြောလိုက်သည်။
“နေကြပါဦး… ငါက ကြိုးစားကြည့်မယ်လို့ပဲ ပြောတာနော်… မင်းတို့ သိပ်ပြီး မမျှော်လင့်ထားကြနဲ့ဦး… အိုး.. ငါက သူ့ကိုကယ်တင်ရမယ်ဆိုတော့ ငါ့အတွက် သန့်ရှင်းသပ်ရပ်တဲ့ မီးဖိုချောင်တစ်ခု ပြင်ဆင်ပေး.. ဒါမှသာ ငါအကောင်းဆုံး ကြိုးစားနိုင်မှာ….”
ပုဖန်၏ စကားကြောင့် ရှောင်မိသားစု၀င်များထဲတွင် ရှောင်ယန်ယုမှ လွဲ၍ အခြားသူများက သူ့ကို စိတ်ကသိကအောင့် ဖြစ်စွာ လှမ်းကြည့်လိုက်ကြသည်။
“လူတစ်ယောက်ကို ကယ်တင်ဖို့ဆိုရင် သွေးကြောစမ်းသပ်တာ… ဒါမှမဟုတ်… ဆေးဝါးတစ်ချို့ ပေးရတာမျိုးတွေ လုပ်ရတာ မဟုတ်ဘူးလား… သူက ဘာလို့ မီးဖိုချောင်လိုအပ်ရတာလဲ… ဒီလောက်ရှုပ်ရှက်ခတ်နေတဲ့ အချိန်မှာ ချက်ပြုတ်ဖို့ တွေးနေတာလား….”
“သခင်လေးပု… ကျေးဇူးပြုပြီး ငါ့ခင်ပွန်းကိုပဲ ကယ်တင်ပေးပါ… တကယ်လို့ နင်က အရသာရှိတာတွေ စားချင်တယ်ဆိုရင် ငါကိုယ်တိုင်ပဲ ချက်ပြုတ်ပြင်ဆင်ပေးပါ့မယ်…” လင်းချီအာက တခဏမျှ ကြောင်အသွားပြီါ် အနည်းငယ် စိတ်တိုစွာပြောလိုက်သည်။
ပုဖန်၏ မျက်နှာက မည်းမှောင်သွားလေသည်။ သူက မရှင်းပြလိုသောကြောင့် ချောင်းတစ်ချက် ဟန့်လိုက်ပြီး အနားမှ လူများအားလုံး၏ မျက်နှာကို ဝေ့၀ဲ အကဲခတ်လိုက်သည်။
“ငါပြောသလိုပဲ လုပ်လိုက် … ငါ့ကို သန့်ရှင်းတဲ့ မီးဖိုချောင်တစ်ခု ပြင်ဆင်ပေး… ငါက သူ့ကို ကယ်တင်မဲ့သူပါ… ငါ့က ငါ့ရဲ့ ချက်ပြုတ်ခြင်း စွမ်းရည်အပေါ်မှာပဲ မှီခိုအားထားတယ်….”