အပိုင်း ၂၆၂
Viewers 53k

အခန်း ၂၆၂ “လျန်ဖုနှင့် ဘုရင်ခံယုတို့၏ တိုက်ပွဲ”


“ချက်ပြုတ်တာ…. ချက်ပြုတ်ခြင်းနဲ့ လူတစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်လို့လား…” ရှောင်မိသားစုထဲမှ တစ်ယောက်က ကျယ်လောင်စွာ မေးမြန်းလိုက်သည်။


ထိုသို့ မေးမြန်းခြင်းက ပုဖန်ကို မယုံကြည်၍ မဟုတ်ပဲ ကြားလိုက်ရသော အကြောင်းအရာက ထူးဆန်းနေသောကြောင့် ဖြစ်သည်။ စားဖိုမှုးတစ်ယောက်၏ အကောင်းဆုံးလုပ်ဆောင်မှုမှာ ဆာလောင်နေသူများ အတွက် ချက်ပြုတ်ပြင်ဆင်ခြင်းပင် ဖြစ်သည်။ ထိုအစားအသောက်က အသက်ကယ်နိုင်ခြင်း ရှိလိမ့်မည်မဟုတ်ပေ။


“ငါက လုပ်နိုင်တယ်လို့ ပြောရင် လုပ်နိုင်လို့လဲ… ဒီလိုမှ မဟုတ်ရင် မင်းတို့ ကြိုးစားကြည့်လေ…”


ပုဖန်က မျက်မှောင်ကြုံ့လိုက်ပြီး ရှောင်ခယ်ချန်းကို စိုက်ကြည့်လိုက်သည်။ သူ၏ အချက်အပြုတ် ပညာနှင့် ပတ်သတ်၍ မေးခွန်းထုတ်ခြင်းကို ပုဖန်က မနှစ်သက်ပေ။


ရှောင်ခယ်ချန်း၏ အမူအယာက အေးခဲသွားပြီးနောက် ခပ်တိုးတိုး ရယ်လိုက်သည်။


“ငါကိုယ်တိုင် ကြိုးစားရမယ်… ဟာသပဲ…”


သူက ရှောင်ခယ်ယွင် သေဆုံးသွားရန် ဆုတောင်းနေသူဖြစ်သည်။ ရှောင်ခယ်ယွင်သာ သေဆုံးသွားပါက ရှောင်မိသားစုအတွင်းတွင် သူနှင့် ယှဉ်ပြိုင်နိုင်သူ တစ်ယောက်မျှ ရှိတော့မည်မဟုတ်ပေ။ ထို့အပြင် သူ့တွင်လည်း ချက်ပြုတ်နိုင်သည့် အရည်အချင်း မရှိပေ။


လင်းချီအာက မယုံသင်္ကာ ဖြစ်နေသော်လည်း သူမခင်ပွန်း၏ အသက်နှင့် သက်ဆိုင်နေသောကြောင့် မထီမဲ့မြင် ပြုလုပ်ခြင်း မရှိပေ။


ချက်ပြုတ်ခြင်းနှင့် လူတစ်ယောက်၏ အသက်ကို ကယ်တင်ခြင်း….


ကြားရသည်မှာ အဓိပ္ပါယ် မဲ့လှပေသည်။ သူမနှင့် ရှောင်ခယ်ချန်းတို့ မတူညီသည့် အချက်မှာ သူမကိုယ်တိုင်က ချက်ပြုတ်သည့် နေရာတွင် ကျွမ်းကျင်နေခြင်း ဖြစ်သည်။ သို့သော်လည်း ချက်ပြုတ်၍ ကယ်တင်ခြင်းကို သူမကိုယ်တိုင် ကြားဖူးခဲ့ခြင်း မရှိပေ။ သို့သော် သူမက ပုဖန်ကို တိုက်ရိုက်မေးမြန်းခြင်း မရှိပေ။ ရှောင်ယန်ယုက သူမကို မျက်စိတစ်ဖက် မှိတ်၍ အချက်ပြလိုက်သောကြောင့် ပါးစပ်ပိတ်၍ နေရန်သာ ဆုံးဖြတ်လိုက်သည်။


ရှောင်ယန်ယုက စကားကို လက်လွှတ်စပယ် မပြောတတ်မှန်း သူမသိနေလေသည်။ ထို့အပြင် ယခုအချိန်တွင် သူမ၌ အခြားရွေးချယ်စရာလည်း မရှိသောကြောင့် စိတ်တင်းလိုက်ပြီး ပုဖန်ကို ပြန်ပြောလိုက်သည်။


“ကောင်းပါပြီ သခင်လေးပု… အခုချက်ချင်းပဲ မင်းအတွက် သန့်ရှင်းတဲ့ မီးဖိုချောင်တစ်ခု ပြင်ဆင်ပေးပါ့မယ်…”


ရှောင်ယန်ယုက စိတ်သက်သာရာ ရစွာနှင့် သက်ပြင်းချလိုက်လေသည်။ သူမ၏ ဒေါ်လေးလင်းက ပုဖန်ကို မယုံသင်္ကာနှင့် မေးခွန်းထုတ်မည်ကို သူမက စိုးရိမ်နေခြင်း ဖြစ်သည်။ အကယ်၍ ထိုသို့ မေးလိုက်မိလျင် ပုဖန်၏ ထူးခြားသော စိတ်နေစိတ်ထားအရ ကုသပေးတော့မည် မဟုတ်မှန်း သူမကောင်းစွာ သိနေလေသည်။


မည်သူကမျှ စကားဆက်မပြောကြတော့ချေ။ ရှောင်မိသားစု၀င်များက ထိခိုက်နေသော ရှောင်ခယ်ယွင်ကို သယ်ဆောင်၍ ရှောင်စဲအိမ်တော်သို့ သယ်ဆောင်သွားကြသည်။ ယနေ့တွင် တောင်ပိုင်းမြို့့တော်မှ ရှောင်မိသားစုက မီးမောင်းထိုးထားသကဲ့သို့ ဖြစ်နေလေသည်။ တောင်ပိုင်းမြို့တော်မှ သန်မာလှသော စစ်သည်တော်များစွာက အဆင့်ခုနစ် သားရဲကို သတ်ဖြတ်အနိုင်ယူနိုင်သော လူငယ်လေးနှင့် ရင်းနှီးမှုရစေရန် ရှောင်မိသားစုသို့ သွားရောက်လည်ပတ်နေကြလေသည်။


ထိုအခြင်းအရာကြောင့် တောင်ပိုင်းမြို့တော်သခင်ပင် ထိတ်လန့်သွားလေသည်။ သို့သော်လည်း ရှောင်မိသားစုများက လာရောက်လည်ပတ်သော ဧည့်သည်များကို ပုဖန်က အသက်ကယ်တင်ရန်စွမ်းအင်လေ့ကျင့်နေသည်ဟူသော အကြောင်းပြချက်နှင့် လာရောင်လည်ပတ်သူများကို ငြင်းပယ်ခဲ့သောကြောင့် ထိုသူများက စိတ်ပျက်လက်ပျက် ပြန်သွားကြရလေသည်။


တောင်ပိုင်းမြို့့တော်အတွက် တိုက်ခိုက်ကြသော တိုက်ပွဲတွင် ရှောင်မိသားစု၏ ဒုတိယသခင် ရှောင်ခယ်ယွင်က အဆင့်ခုနစ် နတ်ဆိုးငါးကြောင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီး သေလုနီးပါး ဖြစ်သွားခဲ့သည်။ ထို့ကြောင့်ပင် လူများက ရှောင်မိသားစု၏ ဆင်ခြေကို မကျေမနပ် မဖြစ်ကြပေ။


ရှောင်စံအိမ်ထဲသို့ ပုဖန်နောက်တစ်ကြိမ်၀င်လာချိန်တွင် အခြေအနေက လုံး၀ ပြောင်းလဲသွားလေသည်။ ပုဖန်က ရှောင်မိသားစု၏ ဒုတိယသခင်ကို ကယ်တင်နိုင်ခြင်း မရှိလျင်ပင် ပုဖန်၏ စွမ်းအင်အဆင့်က ရှောင်မိသားစု လေးစားရန် လုံလောက်နေပြီဖြစ်သည်။


ရှောင်မိသားစု၏ အကြီးအကဲကလည်း ၀တ်ပြုဆောင်မှ ထွက်လာလေသည်။ သူက ပုဖန်နှင့် စကားပြောနေချိန်တွင် သူ၏ ခန္ဒာကိုယ်က တုန်ယင်နေပြီး ရှောင်ခယ်ချန်းကို ကယ်တင်ရန် ပုဖန်ကို တောင်းဆိုနေခြင်း ဖြစ်သည်။


“သခင်လေးပု… မီးဖိုချောင် အဆင်သင့် ဖြစ်ပါပြီ…”


လင်းချီအာက နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး ပုဖန်ကို ပြောလိုက်သည်။ ယခုမှပင် သူမက အသက်၀၀ ရှူနိုင်လေသည်။ ပုဖန်၏ တောင်းဆိုချက်အရ သန့်ရှင်းသပ်ရပ်သော မီးဖိုချောင်တစ်ခု ဖြစ်ရန် သူမကိုယ်တိုင် ပြင်ဆင်နေခြင်း ဖြစ်သည်။ အားလုံးပြီးဆီးသွားသည့်အချိန်တွင် ထိုမီးဖိုချောင်ကို ပုဖန် ကျေနပ်စေရန် ဖြစ်သည်။


ပုဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး လင်းချီအာနောက်သို့ လိုက်သွားလေသည်။ ရှောင်မိသားစု၀င်များကလည်း သိခြင်စိတ်အပြည့်နှင့် သူတို့နောက်သို့ လိုက်လာကြသည်။


မီးဖိုချောင်ထဲတွင် လူများနှင့် ပြည့်နှင်နေလေသည်။ ရှောင်ယန်ယု၏ မျက်၀န်းများထဲတွင်လည်း တောက်ပနေလေသည်။ သူမက ပုဖန်ချက်ပြုတ်နေသည်ကို ကြည့်ရန် အလွန်စိတ်လှုပ်ရှားနေလေသည်။


“ငါက မီးထိုးပေးမယ့် လူတစ်ယောက်ပဲ လိုတယ်… ကျန်တဲ့လူတွေ မီးဖိုထဲက ထွက်သွားကြပါ…” ပုဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။


တက်ကြွစွာနှင့် ဆွေးနွေးနေကြသော လူအုပ်ကြီးက စိတ်ပျက်လက်ပျက် ဖြစ်သွားကြလေသည်။ သူတို့က လူတစ်ယောက်၏ အသက်ကိုပင် ကယ်တင်နိုင်သော စားစရာကို ကြည့်ရန်အတွက် မျှော်လင့်တကြီး ဖြစ်နေကြသော်လည်း ပုဖန်က သူတို့ကို ထွက်သွားရန် တောင်းဆိုနေသောကြောင့် ရွေးချယ်စရာ မရှိတော့ပဲ ထွက်သွားကြလေသည်။


နောက်ဆုံးတွင် ရှောင်ယန်ယုတစ်ယောက်သာ ကျန်ခဲ့လေသည်။ ရှောင်ယန်ယုက ချစ်စဖွယ်ကောင်းလှသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ ပုဖန်ကို ကြည့်နေလေသည်။


“မင်းက မီးမွှေးပေးမယ့် လူလား…”


ပုဖန်က အံ့အားသင့်သွားလေသည်။ ထိုအလုပ်က လွယ်ကူသည့် အလုပ်မဟုတ်သောကြောင့် သန်မာသည့် လူတစ်ယောက် ကျန်ခဲ့မည်ဟု ပုဖန်က မျှော်လင့်နေခြင်း ဖြစ်သည်။ သို့သော် မည်သူဖြစ်ဖြစ် များစွာ ကွားခြားနေခြင်း မရှိပေ။


“ပိုင်ရှင်ပု… နင်သေချာရဲ့လားး… ငါ့ဦးလေးရဲ့ အခြေအနေက တော်တော်လေး ဆိုးဝါးတယ်ထင်တယ်…”


ရှောင်ယန်ယုက သူမ၏ အင်္ကျီလက်စကို ပင့်တင်လိုက်ရာ ကျောက်စိမ်းကဲ့သို့ ချော့မွေ့ကြည်လင်နေသော လက်ကောက်၀တ်လေး ပေါ်လာလေသည်။ သူမ၏ အသားအရေက နူးညံ့ချောမွေ့နေပြီး အပြစ်အနာအဆာ အနည်းငယ်ပင် ရှိမနေပေ။


“ကြိုးစားကြည့်တာပေါ့… အလုပ်ဖြစ်ကောင်း ဖြစ်မှာပါ…” ပုဖန်က ပြန်ပြောလိုက်သည်။


ထို့နောက် ပုဖန်က ဝှိုက်တီ၏ ဗိုက်ကို ပုတ်လိုက်ပြီး မီးဖိုခုံရှိရာသို့ လျောက်သွားလိုက်သည်။ ပုဖန်က စဉ့်နှီတုန်းကို ထုတ်လိုက်ပြီး ပန်းကန်လုံးတစ်လုံးနှင့်အတူ စားပွဲပေါ် တင်ထားလိုက်သည်။ ပြီးနောက် သူနှင့် ရင်းနှီးကျွမ်း၀င်သော မီးဖိုချောင်ပစ္စည်းများ ရှိမရှိကို စစ်ဆေးလိုက်သည်။ စစ်ဆေးပြီးနောက် ပုဖန်က ခုံတစ်ခုံပေါ်တွင် ထိုင်ချ၍ အနားယူလိုက်သည်။


ပုဖန်ကို ကြည့်နေသော ရှောင်ယန်ယု၏ မျက်၀န်းလေးများက ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားလေသည်။


“ပိုင်ရှင်ပု …”


“ငါအနားယူပါရစေဦး… အစစ်အမှန် စွမ်းအင်တွေ အလုံအလောက် မရှိပဲနဲ့ အရည်အသွေး ပြည့်မှီတဲ့ သက်စောင့်ဟင်းပွဲတစ်ပွဲကို ငါဘယ်လိုလုပ် ချက်နိုင်မှာလဲ…” ပုဖန်က မျက်လုံးလှန်ကြည့်လိုက်ပြီး စိတ်မရှည်စွာ မြည်တွန်ပြောဆိုလိုက်သည်။


ယနေ့တွင် သူက နတ်ဆိုးငါးကို တိုက်ခိုက်ခဲ့ရပြီး အစစ်အမှန်စွမ်းအင်များ ကုန်စင်သွားလေသည်။ ထို့အပြင် အစစ်အမှန် စွမ်းအင်များ ချက်ချင်းပြန်ပြည့်စေနိုင်သည့် နည်းလမ်းလည်း သူ့တွင် မရှိနေချေ။


ရှောင်ယန်ယုက ကြောင်အသွားပြီးမှ အသာအယာ ရယ်မောလိုက်လေသည်။ ပုဖန်က စွမ်းအင်အမြောက်အများ ကုန်ဆုံးခဲ့လေသည်။ သက်စောင့်ဟင်းပွဲကဲ့သို့ အဆင့်မြင့် ဟင်းပွဲကို ချက်ပြုတ်ရာတွင် စွမ်းအင်အမြောက်အများ လိုအပ်လေသည်. ကောင်းမွန်သော အခြေအနေတွင် မရှိပါက ချက်ပြုတ်ရာတွင် အမှားများကို ပြုလုပ်နိုင်ပေသည်။


ပုဖန်က လက်ကို အသာဝှေ့ရမ်းလိုက်ပြီး စနစ်၏ သိုလှောင်နယ်မြေအတွင်းမှ ရွှေရောင်တောက်ပနေသော ပန်ကိတ်တစ်ခုကို ထုတ်ယူလိုက်သည့် ပန်ကိတ်မှ အပူငွေ့လေးများနှင့် သိပ်သည်းလှသော မွှေးရနံ့များ ထုတ်လွှတ်နေလေသည်။ သူက ပန်ကိတ်ကို မထွက်ခွာလာခင်က သူ့အတွက် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ ကမာနှလုံးသာ ပန်ကိတ်က အရသာ ရှိရုံမကပဲ သူ၏ စိတ်ဝိဥာဉ်စွမ်းအင်များ ပြန်လည်ဖြည့်တင်းသည့် နေရာတွင် ကူညီနိုင်ပေသည်။


စိတ်ဝိဥာဉ်စွမ်းအင်များကို ပန်ကိတ်က အပြည့်အ၀ ပြန်မဖြည့်တင်းနိုင်သော်လည်း အသုံး၀င်နေဆဲပင် ဖြစ်သည်။ ပုဖန်က ကမာနှလုံးသား ပန်ကိတ်ကို တစ်ကိုက်ကိုက်လိုက်ပြီး မျက်စိမှိတ်၍ အရသာခံကာ ဝါးနေလေသည်။


ရှောင်ယန်ယုက မည်သို့ ပြောရမည်မှန်း မသိတော့ပဲ ဆွံ့အစွာပင် ပုဖန်ကို ငေးကြည့်နေလေသည်။


“အာ… ရှောင်စံအိမ်မှာ ရှိနေတဲ့ သက်စောင့်ပစ္စည်း တချို့ကို ယူလာခိုင်းလိုက်ပါလား… အဲဒီမှာ ငါသုံးနိုင်တာ တစ်ခုခု ရှိမရှိကို ကြည့်ကြည့်ချင်တယ်…” ပုဖန်က ပလုပ်ပလောင်း ဝါးနေရင်း ပြောလိုက်သည်။


ရှောင်ယန်ယုက ကမာနှလုံးသား ပန်ကိတ်ကို မက်မောစွာ ကြည့်လိုက်ပြီး နှုတ်ခမ်း တစ်ချက် သပ်လိုက်သည်။ ထို့နောက် သူမက တံတွေးတစ်လုပ် မြိုချလိုက်ပြီး ထရပ်လိုက်သည်။ သူမက ငိုရမလို ရယ်ရမလို အမူအယာနှင့် အပြင်သို့ လျောက်ထွက်သွားလေသည်။


ပုဖန်က ရှောင်ယန်ယု ထွက်သွားသည်အထိ စောင့်ကြည့်နေလိုက်ပြီး ကမာနှလုံးသားပန်ကိတ် နောက်တစ်ခုကို ထုတ်ယူ၍ ပါးစပ်ထဲ ထိုးသွင်းလိုက်လေသည်။


……


ဓါရှည်နှင့် လှံတို့ ထိခတ်ရာမိပြီး ဆူညံလှသော အသံများ ထွက်ပေါ်နေလေသည်။ အစစ်အမှန် စွမ်းအင်လှိုင်းများက လေထဲတွင် ရိုက်ခတ်ပြန့်နှံ့နေလေသည်။


လေထဲတွင် ရပ်နေသော လျန်ဖု၏ ပုံရိပ်က အနည်းငယ် တုန်ယင်နေလေသည်။ သူ၏ ဖြူဖွေးနေသော ဆံပင်များက နောက်သို့ ပြေလျော့ကျနေပြီး ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရလေသည်။ လျန်ဖုက မျက်နှာပျက်ယွင်းစွာနှင့် သူ့လက်ထဲမှ ကောင်းကင်နတ် ဓါးရှည်ကို သေချာစွာ ဆုတ်ကိုင်ထားပြီး အစစ်အမှန် စွမ်းအင်များကို စုစည်းလိုက်သည်။ စစ်ပုဆိန်သွားတပ် လှံရှည်ကို ကိုင်ဆောင်ထားသော ဂျိချန်းယုက သူ့ကို ဖိအားများစွာ ပေးနိုင်ပေသည်။


ဂျိချန်းယု၏ မျက်၀န်းထဲတွင် မီးတောက်လေးများ တောက်လောင်နေပြီး ခန္ဒာကိုယ်မှ အပူစွမ်းအင်များများ ထွက်ပေါ်နေကာ လေထဲတွင် မျောလွင့်နေချိန်တွင် မသေမျိုးတစ်ယောက်ဟုပင် ထင်ရလေသည်။ လျန်ဖုကို ချိန်ရွယ်ထားသော ဂျိချန်းယု၏ လှံရှည်ကလည်း နဂါးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှပေသည်။


သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီးသော လျန်ဖုက အင်ပါယာမြို့တော်မှ အချိန်များကို ပြန်သတိရသွားလေသည်။ ထိုအချိန်တုန်းက ဂျိချန်းယုကို လျန်ဖုက အလွယ်တကူ ကန်ထုတ်နိုင်လေသည်။


ဘန်း…


လျန်ဖု၏ ခန္ဒာကိုယ်က တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။


ဂျိချန်းယုက ပြင်းထန်စွာ ဖိအားပေးလိုက်ပြီး သူ့လက်ထဲမှ လှံရှည်ကို ဝှေ့ရမ်းလိုက်ကာ လျန်ဖုဆီသို့ ထိုးစိုက်လိုက်သည်။


နှစ်ဖက်လုံးမှ ထွက်ပေါ်နေသော စွမ်းအင်များက အပြင်းအထန် တိုက်ခိုက်မိသွားပြီး အဖက်ဖက်သို့ ပြန့်နှံ့သွားကာ အောက်ခြေမှ ပင်လယ်ပြင်တွင် လှိုင်းလုံးများ ပြင်းထန်လာလေသည်။ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး လျန်ဖု စိတ်ထဲတွင် ကြောက်ရွံ့လာလေသည်။


“ဂျိချန်းယုက ဘယ်တုန်းက အဲလောက် တိုးတက်သွားတာလဲ…”


အဆင့်ခုနစ် သူတော်စင်အဆင့်ကို ချိုးဖျက်တက်ရောက်ရန်မှာ မလွယ်ကူပေ။ ယခင်ဧကရာဇ်ဟောင်း ချန်းဖန်က ဂျိချန်းယုကို ချိတ်ပိတ်ခဲ့သည့်အချိန်က သူ၏ အဆင့်မှာ အင်ပါယာအဆင့်သာ ရှိနေသေးသည်။ သို့သော်လည်း ယခုအချိန်တွင် သူ၏ စွမ်းအင်အဆင့်က သူတော်စင်အဆင့်သို့ ရောက်ရှိနေသည်မှာ သေချာလှပေသည်။ ထိုအတောအတွင်းတွင် ပုံမှန်မဟုတ်သော အခြေအနေတစ်ခု ဖြစ်ပွားခဲ့ပုံရလေသည်။


ဂျိချန်းယု၏ လက်မောင်းပေါ်တွင် မြွေသေးသေးလေးများကဲ့သို့ အနက်ရောင်စွမ်းအင်လေးများက လှုပ်ရှားနေကြလေသည်။ ထိုအရာများက ဂျိချန်းယုကို များပြားလှသော စွမ်းအင်များ ထောက်ပံ့ပေးထားပြီး တိုက်ခိုက်လိုက်သည်နှင့် လျန်ဖုကို ပင်လယ်ထဲ နစ်မြုတ်သွားရန် ဖိအားပေးနေလေသည်။


“မိန်းမစိုး အကြီးအကဲ လျန်ဖု… မင်းရဲ့ စွမ်းရည်က ဒါပဲလား… မင်းက တကယ်ပဲ ဒီသခင်ကို စိတ်ပျက်စေတာပဲ…”


သူတို့က ဆက်လက်တိုက်ခိုက်နေပြီး ဂျိချန်းယုက ရင့်ရင့်သီးသီး ပြောဆိုလိုက်လေသည်။ သူ၏ မျက်၀န်းများက လင်းလက်တောက်ပနေပြီး လျန်ဖုကိုမထီမဲ့မြင် ပြောနေလေသည်။ ယခင်အချိန်က သူ့ကို အလွယ်တကူ ကန်ထုတ်ခဲ့သော အကြီးအကဲတစ်ယောက်ကို ယခုအခါ ပြန်လည်အနိုင်ယူနိုင်လေသည်။ ထိုစိတ်လှုပ်ရှားမှုက သူ့ကို တက်ကြွလာစေလေသည်။ သူက အမြင့်ဆုံးစွမ်းအားများ ရရှိလာတော့မည်ဟု ခံစာမိနေလေသည်။


သူတို့က ကောင်းကင်မှ ပင်လယ်မျက်နှာပြင်သို့ တိုင်အောင် လှုပ်ရှားတိုက်ခိုက်နေကြပြီး ပင်လယ်လှိုင်းလုံးများကို ဂရုစိုက်ခြင်း မရှိကြချေ။ သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုများ တွေ့ဆုံလိုက်တိုင်းတွင် ပင်လယ်လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာပြီး မိုးသက်မုန်တိုင်း တိုက်ခတ်သကဲ့သို့ ဖြစ်နေလေသည်။


လျန်ဖု၏ တကိုယ်လုံးတွင် ပင်လယ်ရေများ ရွဲစိုနေလေသည်။ သူ၏ ဦးထုတ်က ကြေမွပျက်ဆီးသွားပြီး မျက်နှာပေါ်တွင် ဆံပင်ဖြူများ ကပ်နေလေရာ သူ၏ အသွင်အပြင်က သနားစရာ ဖြစ်နေလေသည်။


“ဘုရင်ခံယု… ဒီလိုဆိုမှတော့ ငါမင်းနဲ့ ဆက်မကစားတော့ဘူး…”


လျန်ဖုက အလွန်အမင်း ဒေါသထွက်နေပြီး တိုက်ပွဲတွင် အရေးနိမ့်နေသောကြောင့် အလွန်အမင်း စိတ်ပျက်နေလေသည်။ သူက အော်ဟစ်မာန်သွင်းလိုက်ပြီး သူ၏ ဓါးရှည်ကို ဝှေ့ရမ်းလိုက်ရာ အပြာရောင် အလင်းအစက်ပြောက်လေးများ ထွက်ပေါ်လာပြီး သူ့တကိုယ်လုံးကို လွှမ်းခြုံသွာေးလသည်။ ထို့နောက် သူ၏ ခန္ဒာကိုယ်က လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ ဖြစ်လာလေသည်။


သူက ပင်လယ်ရေမျက်နှာပြင်ကို ခြေထောက်များနှင့် အကြိမ်အနည်းငယ်မျှ ရိုက်ခတ်လိုက်ပြီး တရှိန်တိုး ပျံသန်းလာကာ ဘုရင်ခံယုရှေ့သို့ ရောက်လာလေသည်။ သူက လက်ထဲမှ ဓါးရှည်နှင့် လေထုကို ခွဲချလိုက်ရာ ဘုရင်ခံယု၏ ခေါင်းဆောင်းက လွင့်ထွက်သွားပြီး မျက်နှာကို ထိခိုက်သွားစေလေသည်။ ထို့နောက် ဘုရင်ခံယု၏ ထူးခြားလှသော စွမ်းအင်များကို ထိခိုက်သွားစေလေသည်။ ထိုစွမ်းအင်များက သူတော်စင်အဆင့် တစ်ယောက်၏ မယုံနိင်စရာ စွမ်းအင်များဖြစ်သည်။


သင်္ဘောပေါ်တွင် ရပ်၍ ကြည့်နေသော ကျောက်ရူကျီက ဘုရင်ခံယု ပြန်၍ အရေးနိမ့်လာသည်ကို တွေ့လိုက်ရလေသည်။ သူက စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါယမ်းလိုက်လေသည်။ ဘုရင်ခံယုက စွမ်းအင်အသစ်များကို ရရှိသည်မှာ မကြာသေးသောကြောင့် လျန်ဖုကို ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။ သူအရေးနိမ့်ပါက အဖမ်းခံရယုံသာ ရှိတော့လေသည်။ ထို့ကြောင့် ကျောက်ရူကျီက ဘုရင်ခံယုကို ဖိအားပေး တိုက်ခိုက်နေသော လျန်ဖူကို တင်းမာစွာ ကြည့်လိုက်ပြီး သင်္ဘောအခန်းထဲသို့ ၀င်သွားလိုက်လေသည်။


မကြာခင်မှာပင် သင်္ဘောခန်းထဲမှ ကြမ်းတမ်းလှသော စွမ်းအင်များနှင့်အတူ လေးကြိုးဆွဲသံတစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် စူးရှလှသော အသံတစ်ခုနှင့်အတူ လေထုကိုပင် ပျက်ယွင်းသွားစေနိုင်သော ရှည်လျားလှသည့် အနက်ရောင် မြှားတစ်စင်း ထွက်ပေါ်လာလေသည်။


ဘုရင်ခံယုကို ဖိအားပေး တိုက်ခိုက်နေလေသည့် လျန်ဖုက နီးကပ်လာသော အန္တရာယ်ကို ခံစားလိုက်ရသောကြောင့် ခေါင်းမော့ကြည့်လိုက်ရာ သူ့ဆီသို့ တိုး၀င်လာသော အနက်ရောင် မြှားတစ်စင်းကို တွေ့လိုက်ရလေသည်။