အပိုင်း ၂၆၃
Viewers 52k

အခန်း ၂၆၃ “သက်စောင့်ဟင်းပွဲ”


များပြားလှသော ကျောက်စိမ်းသေတ္တာလေးများက တစ်ခုပြီးတစ်ခု မီးဖိုခန်းအတွင်း ရောက်လာကြလေသည်။ ရှောင်မိသားစုက တောင်ပိုင်းမြို့တော်တွင် ဘဏ္ဍာရေးအရ လွှမ်းမိုးမှုရှိသော မိသားစုကြီး တစ်ခုဖြစ်သည်။ ထို့ကြောင့် သူတို့၏ ကြွယ်၀ချမ်းသာမှုများက သာမာန်လူများထက် သာလွန်နေလေသည်။ သူတို့၏ လွှမ်းမိုးနိုင်စွမ်းကလည်း မြင့်မားလှပေသည်။ 


ပုဖန်က သိချင်စိတ်နှင့် ထရပ်လိုက်ပြီး သေတ္တာလေးများကို စစ်ဆေးလိုက်သည်။ အထဲတွင် တန်ဖိုးရှိပြီး ရှားပါးလှသော ဆေးပင်များ ပါ၀င်နေပြီး အဆင့်ခြောက် စိတ်ဝိဥာဉ်ဆေးပင်ပင် ပါနေလေသည်။ အဆင့်ခြောက် အင်ပါယာအဆင့် စစ်သည်တော်သာ ရှိသော ချမ်းသာကြွယ်၀သည့် မိသားစုတစ်ခုတွင် အဆင့်ခြောက်ဆေးပင်ကို ပိုင်ဆိုင်ထားသည်မှာ အံ့အားသင့်ဖွယ်ကောင်းလှလေသည်။ ပုဖန်က ဆေးပင်များထဲမှ အရည်အသွေး အမြင့်ဆုံး ဆေးပင်တစ်ပင်ကို ရွေးချယ်လိုက်ပြီး ကျန်ဆေးပင်များကို ပြန်သိမ်းဆည်းခိုင်းလိုက်သည်။ 


ပုဖန်က ကမာနှလုံးသားပန်ကိတ် နှစ်ခုကြောင့် စွမ်းအင်များ ပြန်လည်ပြည့်တင်းလာသည်ဟု ခံစားမိနေလေသည်။ သူ၏ စွမ်းအင်ဗဟိုတွင် အစစ်အမှန် စွမ်းအင်များ လည်ပတ်နေလေသည်။ သူက စဉ့်နှီတုန်းကို ဆေးကြောသန့်စင်လိုက်သည်။ ထို့နောက် သူ၏ လက်ကောက်၀တ်မှ အစိမ်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး နက်မှောင်သော ဓါးရိုးနှင့် မီးဖိုချောင်သုံးဓါးတစ်လက် ပေါ်လာလေသည်။ပုဖန်က ဓါးကို သေချာစွာ ဆုတ်ကိုင်လိုက်ပြီး ဝှေ့ရမ်းလိုက်လေသည်။


ထို့နောက် ပုဖန်က သေချာစွာ ရွေးချယ်ထားသော စိတ်ဝိဥာဉ်ဆေးပင်များကို နုပ်နုပ်စင်း၍ ကြွေပန်းကန်ပြားထဲ ထည့်ထားလိုက်သည်။ အထူးသဖြင့် ထိုအပိုင်းက အရေးအကြီးဆုံး ဖြစ်သော်လည်း ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို အသုံးပြုထားခြင်းကြောင့် ဆေးပင်များ၏ စွမ်းအင်များ ပျောက်ပြယ်သွားမည်ကို စိုးရိမ်စရာ မလိုပေ။ ဆေးပင်များကို ပြင်ဆင်ပြီးနောက် စနစ်၏ သိုလှောင်နယ်မြေမှ ဆေးပင်အချို့ကို ထုတ်ယူလိုက်သည်။


ကျောက်တုံးတစ်တုံး အရွယ်အစားရှိသော နှင်းကဲ့သို့ ဖြူဖွေးနေသည့် ငါးအသားစ တစ်ခုကို သိုလှောင်နယ်မြေအတွင်းမှ ပုဖန်က ထုတ်ယူလိုက်သည်။ ထိုအသားစမှ နို့နံ့ကဲ့သို့သော ရနံ့လေးများ ထွက်ပေါ်နေလေသည်။


ထိုအသားစကို မြင်လိုက်သောအခါ ရှောင်ယန်ယု၏ မျက်၀န်းများ တောက်ပသွားလေသည်။ ထိုအသားစက အဆင့်ခုနစ် သားရဲ၏ အသားစဖြစ်သောကြောင့် တန်ဖိုးကြီးလှပြီး သာမာန် ပါ၀င်ပစ္စည်းများထက် ထူးခြားသာလွန်သော အရည်အသွေး ရှိလေသည်။ 


ရှောင်ယန်ယုက ထိုအသားစကို မြင်လိုက်ချိန်တွင် ပုဖန်၏ အစီအစဉ်ကို နားလည်သွားလေသည်။ ထိုအသားစက နတ်ဆိုးငါး၏ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်သည့်အပြင် ထိုအသားစက ညစ်ညမ်းမနေပဲ အနက်ရောင် စွမ်းအင်များလည်း ကင်းစင်နေလေသည်။ ထို့ကြောင့် ထိုအသားစက မကောင်းသော အညစ်အကြေးများကို စစ်ထုတ်နိုင်စွမ်း ရှိနေသည်ဟု မှတ်ယူနိုင်လေသည်။ ထိုအသားက ရှောင်ခယ်ယွင်၏ ရောဂါကို ကုသရာတွင် သုံးနိုင်မည့် အကောင်းဆုံး ပါ၀င်ပစ္စည်း ဖြစ်လာပေလိမ့်မည်။


ပုဖန်၏ ရည်ရွယ်ချက်ကလည်း ထိုအတိုင်းပင် ဖြစ်သည်။ သူက ငါအသားတုံးကို ဆေးကြောသန့်စင်လိုက်လေသည်။ ထိုအသားစက အပြင်ဘက်တွင် နူးညံ့ပျော့ပြောင်းလှသော်လည်း အတွင်းဘက်တွင် အနည်းငယ် မာကျောနေလေသည်။ ပုဖန်က စိတ်ထဲတွင် သေချာစွာ တွက်ချက်လိုက်ပြီးနောက် လက်ထဲမှ နဂါးအရိုးဓါးကို သုံး၍ အပိုင်းကြီးကြီးတစ်ပိုင်း ပိုင်းလိုက်လေသည်။ ထို့နောက် ကျန်နေသည့် ငါးအသားစကို သိုလှောင်နယ်မြေအတွင်းသို့ ပြန်ထည့်သိမ်းထားလိုက်သည်။


စဉ့်နှတုန်းပေါ်တွင် ကျန်နေခဲ့သော အသားစကို အလယ်မှ ပိုင်းဖြတ်လိုက်ပြီး တစ်ဖက်တစ်ချက်စီကို ပါးလွှာသော အသားလွှာလေးများအဖြစ် ဓါးနှင့် မွှန်းလိုက်သည်။ အသားလွှာလိုက်သည်နှင့် အနီဖျော့ဖျော့ အသားလွှာပေါ်တွင် နှင်းကဲ့သို့ ဖြူဖွေးသော လမ်းကြောင်းလေးများ ဖြစ်ပေါ်လာပြီး မျက်စိမလွှဲနိုင်လောက်အောင် ဆွဲဆောင်နေလေသည်။ ပုဖန်က ငါးအသားကို ပြင်ဆင်ပြီးနောက် ရှောင်ယန်ယုဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ 


“အခုမီးစမွှေးတော့…”


ရှောင်ယန်ယုက ခေါင်းငြိမ့်ပြလိုက်ပြီး မီးစမွှေးလိုက်လေသည်။ သူမကိုယ်တိုင် မကြာခဏ ချက်ပြုတ်လေ့ ရှိသောကြောင့် မီးမွှေးခြင်းက သူမအတွက် ခက်ခဲသော အရာတစ်ခု ဟုတ်မနေပေ။ သို့သော်လည်း သြဇာလွှမ်းမိုးမှု ရှိသော အိမ်တော်တစ်ခုမှ မိန်းမငယ်လေး တစ်ယောက်အနေနှင့် ထိုသို့ လုပ်ဆောင်နိုင်ခြင်းက ရှားပါးပြီး ချီးမွန်းထိုက်ဖွယ်ရာပင် ဖြစ်သည်။


ခဏအကြာတွင် မီးက အဆင်သင့် ဖြစ်လာသောကြောင့် ပုဖန်က သူယူဆောင်လာသော စိတ်ဝိဥာဉ်ရေများနှင့် ငါးအသားများကို ထည့်လိုက်သည်။ ထို့နောက် နှုတ်နှုတ်ဆင်းထားသော စိတ်ဝိဥာဉ်ဆေးပင်များကိုပါ တပါတည်း လောင်းထည့်လိုက်ပြီး ရောကြိုလိုက်လေသည်။ 


ပုဖန်က အိုးကို အဖုံးဖုံးထားလိုက်ပြီး အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်လိုက်သည်။ ထို့နောက် အိုးအတွင်းမှ ပါ၀င်ပစ္စည်းများ၏ စိတ်ဝိဥာဉ်စွမ်းအင်များကို ခံစားသိရှိနိုင်ရန် အိုးအဖုံးပေါ် လက်တင်လိုက်သည်။ 


“မီးအရှိန် မလျော့စေနဲ့…” ပုဖန်က ကြိုးစားပမ်းစား လုပ်နေသော ရှောင်ယန်ယုဘက်သို့ လှည့်၍ ပြောလိုက်သည်။ 


ရှောင်ယန်ယု၏ လှပသော မျက်နှာလေးက မီးအရှိန်ကြောင့် အနည်းငယ် အရောင်ပြောင်းနေလေသည်။ သူမ၏ မျက်နှာလေးက ကြာပန်းတစ်ပွင့် ဖူးပွင့်လာသကဲ့သို့ နှစ်လိုဖွယ် ကောင်းလှပေသည်။ 


ရှောင်ယန်ယုက ပုဖန်ကို ဆတ်ခနဲ တစ်ချက်ကြည့်လိုက်ပြီးနောက် မီးထိုးရန်သာ အာရုံစိုက်ထားလိုက်သည်။


မီးရှိန် မြင့်လာသည်နှင့် အိုးထဲတွင် ပွက်ပွက်ဆူလာလေသည်။ ပုဖန်က အိုးအဖုံးပေါ်တွင် လက်ကို ဆက်ဖိထားလိုက်လေသည်။ အိုးထဲမှ စိတ်ဝိဥာဉ်စွမ်းအင် အတက်အကျများကြောင့် အိုးအဖုံးတစ်ဝှိုက်တွင် မြွေလေးများကဲ့သို့ အစစ်အမှန် စွမ်းအင်များ လှည့်ပတ်နေလေသည်။ ပုဖန်၏ စိတ်ဝိဥာဉ်စွမ်းအင်များကြောင့် အိုးထဲမှ ဆေးပင်များက တဖြည်းဖြည်း အရည်ပျော်လာလေသည်။ အရည်ပျော်လာသော စိတ်ဝိဥာဉ် ဆေးစွမ်းအင်များက ရေထဲသို့ ပျော်၀င်သွားလေသည်။ 


အကျိုးသက်ရောက်မှု ရှိစွာပင် ဆေးအနှစ်သာရများက ငါးအသားထဲသို့ စိမ့်၀င်သွားလေသည်။ ငါးအသားက နှင်းကဲ့သို့ ဖြူဖွေးလာပြီး အတွင်းတွင် အလင်းတန်းလေးများ လှည့်လည်နေလေသည်။ 


ပုဖန်၏ အစစ်အမှန်စွမ်းအင်ဖိအားများအောက်တွင် နာရီ၀က်မျှ မီးပြင်းပြင်းနှင့် ချက်ပြုတ်လိုက်ပြီးနောက် ငါးအသားက ကျက်သွားလေသည်။ အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် အပူငွေ့များက ထွက်ပေါ်လာလေသည်။ ကောင်းကင်ကိုပင် ထိုးတက်တော့မည်ဟု ထင်ရသော မှိုပွင့်သဏ္ဍာန် အခိုးအငွေ့များက ခေါင်းမိုးထိအောင် ထိုးတက်သွားပြီး ပျောက်ကွယ်သွားလေသည်။ 


ပုဖန်က ယောက်ချိုဇွန်းကို ဆွဲကိုင်လိုက်ပြီး စိုအိနူးညံ့နေသော ငါးအသားတစ်ဖက်ကို ခပ်ယူလိုက်သည်။ ငါးအသားမှ ထွက်ပေါ်လာသော ပုလဲစိအရွယ် သလင်းကြည်ရောင် ရေစက်လေးများက တောက်ပစိုလက်နေလေသည်။ သူက နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော ငါးအသားများကို ပန်းကန်လုံးတစ်ခုထဲသို့ ထည့်လိုက်လေသည်။ အသား၏ မျက်နှာပြင်ပေါ်တွင် အပူငွေ့များက မြွေလေးများသဏ္ဍာန် အဖက်ဖက်သို့ တိုးထွက်နေလေသည်။ 


ပုဖန်က တူတစ်ချောင်းကို ဆွဲယူလိုက်ပြီး ငါးအသားကို ထိုးကြည့်လိုက်ရာ အချိုရည်လေးများ စိမ့်ထွက်လာလေသည်။ ငါးအသားမှ ထွက်ပေါ်လာသော နို့နံ့ကဲ့သို့ သိပ်သည်းလှသော ရနံ့များက အလွန်နှစ်သက်ကြည်နူးဖွယ် ကောင်းလေရာ ပုဖန်၏ နှလုံးသားထဲတွင် ကျေနပ်နှစ်သိမ့်မှုများနှင့် ပြည့်နှက်လာလေသည်။


ငါးပန်းကန်ကို ဘေးချလိုက်ပြီးနောက် ပုဖန်က အိုးထဲတွင် ကျန်နေသော ငါးစွပ်ပြုတ်များကို ကြည့်လိုက်သည်။ အိုးထဲမှ ငါးစွပ်ပြုတ်၏ အပေါ်တွင် ကျွင်းကျန်နေသော ဆေးပင် အပိုင်းအစလေးများ ပေါလောပေါ်နေလေသည်။ ပုဖန်က သူ၏ သိုလှောင်နယ်မြေထဲမှ ကြီးမားလှသော သွေးသရဖူကို ထုတ်ယူလိုက်သည်။ သွေးအဆီအနှစ်များ ပါ၀င်နေသည့် သွေးသရဖူကို ဖြတ်တောက်လိုက်ပြီး ဟင်းရည်အိုးထဲသို့ ထည့်လိုက်လေသည်။ သွေးသရဖူက ပျော်၀င်သွားပြီး စွပ်ပြုတ်ရည်ထဲ ပေါင်းစပ်သွားလေသည်။


စွပ်ပြုတ်၏ အရောင်က အနီရောင်သမ်းလာပြီး စိတ်ဝိဥာဉ်အနှစ်သာရများ ပို၍ ထုတ်လွှင့်လာလေသည်။ 


ရှောင်ယန်ယုက ပုဖန်၏ လှုပ်ရှားမှုများကို မလွတ်တမ်း လိုက်ကြည့်နေလေသည်။ ပုဖန်၏ လှုပ်ရှားမှုများက မျောလွင့်နေသော တိမ်များကဲ့သို့ … စီးဆင်းနေသော ရေများကဲ့သို့ နူးညံ့ညင်သာနေလေသည်။ သူ၏ လှုပ်ရှားမှုက လှပသော မြင်ကွင်းတစ်ခုကို သယ်ဆောင်လာသကဲ့သို့ သူမ၏ မျက်၀န်းများ တောက်ပလာလေသည်။ ယခုလက်ရှိတွင် ရှောင်ယန်ယု၏ မျက်နှာက မီးအပူရှိန်ကြောင့် နီရဲနေပြီး သူမ၏ နှလုံးသားကလည်း ပူလောင်နေလေသည်။


ခဏအကြာတွင် ရှောင်ယန်ယုက ပုဖန်၏ လုပ်ထုံးလုပ်နည်းများက သူမနှင့် အကျွမ်းတ၀င် ရှိလှသည်ဟု ခဲစားလိုက်ရပြီး စိတ်ရှုပ်ထွေးသွားလေသည်။ 


“ဒါက နဂါးမြစ် ငါးချဉ် ချက်ပြုတ်တဲ့ နည်းလမ်းမဟုတ်ဘူးလား…”


ရှောင်ယန်ယုက တူညီမှုများကို သတိပြုမိသွားပြီး ပို၍ အံ့သြလာလေသည်။ အသုံးပြုထားသည့် ငါးတစ်မျိုးသာ ကွာခြားနေလေသည်။ နဂါးမြစ်ငါးချဉ် ဟင်းပွဲက တောင်ပိုင်းမြို့တော်၏ အကျော်ကြားဆုံး ဟင်းပွဲတစ်ပွဲဖြစ်ပြီး ချက်ပြုတ်ရန်လဲ ခက်ခဲလှပေသည်။ အပူချိန်ထိန်းချုပ်မှုက အရေးကြီးသကဲ့သို့ အရသာနှပ်သည့် အပိုင်းကလည်း အရေးကြီးလှပေသည်။ ထို့အပြင် နဂါးမြစ် ငါးချဉ် ဟင်းပွဲက သူ၏ အချဉ်ရည်ပေါ်တွင် မူတည်နေသောကြောင့် အချဉ်ရည်ပြုလုပ်သည့် အပိုင်းတွင် တိကျနေရန် လိုအပ်ပေသည်။


“ပိုင်ရှင်ပုက ဒီဟင်းပွဲကို တစ်ခါမှ မလေ့လာဖူးဘူးမဟုတ်လား… သူက ဘယ်လိုလုပ် အပူချိန်ကို ကောင်းကောင်း ထိန်းချုပ်နိုင်မှာလဲ… ပြီးတော့ အရသာကို ထိန်းသိမ်းထားနိုင်တဲ့ ကောင်းမွန်တဲ့ အချဉ်ရည်ကို လုပ်နိုင်ပါ့မလား… ပိုပြီး အရေးကြီးတာက ဒါက သက်စောင့်ဟင်းပွဲတစ်ပွဲလေ.. ဒီနဂါးမြစ် ငါးချဉ်ဟင်းပွဲက သက်စောင့်ဟင်းပွဲအဖြစ် ပြောင်းလဲသွားနိုင်လို့လား….”


ရှောင်ယန်ယု တွေဝေနေချိန်တွင် ပုဖန်က အချဉ်ရည်ကို စတင်ပြုလုပ်နေပြီဖြစ်သည်။ အနည်းငယ် ချဉ်သော ရနံ့နှင့် နှစ်လိုဖွယ် ချိုမြိန်သော ရနံ့များ ထွက်ပေါ်နေသည့် အချဉ်ရည်က နီညိုရောင်များ လက်နေလေသည်။ သွေးသရဖူကို ပေါင်းစပ်ထည့်သွင်းထားသောကြောင့် ဆန်းကျယ်သော နဂါးတစ်ကောင်ကဲ့သို့ စိတ်ဝိဥာဉ်လှိုင်းများက စိတ်ဝိဥာဉ်ကို လှုပ်ခတ်သွားစေလေသည်။ 


ပုဖန်က အချဉ်ရည်အချို့ကို ခပ်ယူလိုက်ပြီး အောက်သို့ လောင်းချလိုက်သည်။ ပြစ်နှစ်လှသော နီညိုရောင် အချဉ်ရည်များမှ နီညိုရောင် အခိုးအငွေ့များ ထွက်ပေါ်လာလေသည်။ အခြားတစ်ဖက်တွင် ပုဖန်၏ အစစ်အမှန်စွမ်းများက ဆက်လက်လည်ပတ်နေပြီး ပြန်လည်ဖြည့်တင်းထားသော စွမ်းအင်တစ်၀က်ခန့် ကုန်ဆုံးသွားပြီဖြစ်သည်။ ပုဖန်က လက်ထဲမှ ဇွန်းကို လှည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေး၍ အချဉ်ရည်များ အားလုံးကို ခပ်ယူလိုက်လေသည်။


နီညိုရောင် အချဉ်ရည်များကို နှင်းကဲ့သို့ ဖြူဖွေးနေသည့် ငါးအသားပေါ်သို့ လောင်းချလိုက်သည့် စိတ်ဝိဥာဉ် အနှစ်သာရများကို ရှူရှိုက်မိလိုက်ပြီး ကြီးမားသော စားချင်စိတ်များ ဖြစ်လာလေသည်။ ချိုချဉ်ရနံ့ကို သယ်ဆောင်လာသော အပူငွေ့များက အဖက်ဖက်သို့ ခွဲဖြာထွက်သွားလေသည်။ 


စိတ်ဝိဥာဉ်သားရဲတစ်ကောင်၏ ခပ်တိုးတိုးအော်သံကဲ့သို့ ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး ပန်းကန်ထက်တွင် စိတ်ဝိဥာဉ်သားရဲ သဏ္ဍာန်တစ်ခု ပေါ်လာပြီး ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားလေသည်။ 


ရှောင်ယန်ယုက မတ်တပ်ထရပ်လိုက်ပြီး စိတ်ဝိဥာဉ်စွမ်းအင်များနှင့် သိပ်သည်းလှသော မွှေးရနံ့များ ထွက်ပေါ်နေသည့် ဟင်းပွဲကို စူးစိုက်ကြည့်လိုက်လေသည်။


“သက်စောင့်ဟင်းပွဲက ပြီးပြည့်စုံသွားပြီလား….”


ပုဖန်က နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေး၍ ပြုံးလိုက်ပြီး သွေးသရဖူ အမောက်ကို အနည်းငယ် ထပ်မံပိုင်းဖြတ်၍ အမှုန့်ချေလိုက်ကာ ဟင်းပွဲပေါ်သို့ ဖြူလိုက်လေသည်။


“သက်စောင့်ဟင်းပွဲ…. သွေးသရဖူယစ်မူးနတ်ဆိုးငါး…. ပြီးသွားပြီ…”