အပိုင်း ၂၆၄
Viewers 53k

အခန်း ၂၆၄ “လျန်ဖု၏ ကျဆုံးခြင်း”


သင်္ဘောထက်မှ ပစ်လွှတ်လိုက်သော အနက်ရောင်မြှားက လေထုကို ထိုးခွင်း၍ ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ထစ်ချုန်းသံများပင် မြည်ဟီးနေလေသည်။ ထိုမြှားက အလွန်လျင်မြန်လှသောကြောင့် လျန်ဖုအနေနှင့် တုန့်ပြန်ရန်ကာကွယ်ရန် အချိန်မရှိတော့ချေ။ လျန်ဖု၏ ဆံပင်များက ပြင်းထန်သော လေရှိန်ကြောင့် တဖျပ်ဖျပ် ခါသွားသည့်အချိန်တွင် မြှားက သူ့ရှေ့သို့ ရောက်လာလေသည်။


ဂျိချန်းယု၏ စိတ်ထဲတွင်လည်း တုန်လှုပ်သွားပြီး ကြီးမားလှသော တောင်ကြီးတစ်တောင် ပိကျလာသကဲ့သို့ ပြင်းထန်လှသော အရှိန်အဝါများကို ခံစားလိုက်ရသည်။ အနက်ရောင်မြှားထွက်ပေါ်လာမှုကြောင့် ထိတ်လန့်မှုကို ခံစားလိုက်ရသော ဂျိချန်းယုက မကျေမနပ်နှင့် သင်္ဘောဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။


“ဒီသခင်က မင်းရဲ့ အကူအညီကို တောင်းနေလို့လား…”


သို့သော်လည်း သူ၏ အမေးကို ဖြေသူမရှိ်ပဲ တိတ်ဆိတ်နေလေသည်။


လျန်ဖုက အနက်ရောင်မြှား၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် ကျယ်လောင် စွာ မာန်သွင်းလိုက်ပြီး ကောင်းကင်နတ်ဓါးကို သူ၏ ရင်ဘက်ရှေ့တွင် ကာလိုက်သည်။


လျင်မြန်လှသော အရှိန်နှင့် ပျံသန်းလာသော အနက်ရောင်မြှားက လျန်ဖု၏ ရင်ဘက်ရှေ့တွင် ကာကွယ်ထားသော ကောင်းကင်နတ်ဓါးကို ထိမှန်သွားလေသည်။


ကောင်းကင်နတ်ဓါးက ထက်မြမာကျောလှသော်လည်း အနက်ရောင်မြှား၏ စွမ်းအင်ကို ခံနိုင်ရည်မရှိခဲ့ချေ။ လျန်ဖု၏ ခန္ဒာကိုယ်က ပြင်းထန်လှသော ဖိအားကြောင့် အနောက်သို့ လွင့်စင်သွားလေသည်။ သူ၏ ပုံရိပ်က ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကောင်းကင်ကိုပင် ထိတော့မယောင် ကြီးမားလှသော လှိုင်းလုံးများ ဖြစ်ပေါ်လာလေသည်။


ခရက်…


ကြေမွသွားသော အသံတစ်ခု ထွက်ပေါ်လာပြီး လျန်ဖုလက်ထဲမှ ကောင်ကင်နတ်ဓါးက အစိတ်စိတ်အမွှာမွှာ ပဲ့ကြွေသွားလေသည်။


လျန်ဖုက ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး သူ၏ စွမ်းအင်များ ယုတ်လျော့သွားလေသည်။ ထို့နောက် သူက ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်၀န်းများနှင့် သင်္ဘောခန်းဆီသို့့ လှမ်းကြည့်လိုက်သည်။ ထိုမြှားက ကြောက်မက်ဖွယ်ရာ ကောင်းလှသောကြောင့် ပစ်လွှတ်လိုက်သူက သာမာန်သူတစ်ယောက် မဟုတ်နိုင်ပေ။


“ဘုရင်ခံယု… မင်းဘယ်လိုလူတွေနဲ့ ပူးပေါင်းနေတာလဲ… မင်းအနေနဲ့ လမ်းလွဲရောက်မသွားနိုင်ဖို့ စိတ်ရင်းအမှန်နဲ့ အကြံပေးပါရစေ… လေအလင်းအင်ပါယာ မြို့တော်ကို မင်းကြောင့် မပျက်စီးသွားပါစေနဲ့…”


လျန်ဖုက သူ၏ ရင်ဘက်ကို ဆုတ်ကိုင်ထားလိုက်ပြီး ပြောလိုက်သည်။ သူ့လက်ထဲမှ ကောင်းကင်နတ်ဓါးက အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားပြီး ဓါးရိုးတစ်ခုသာ ကျန်နေတော့လေသည်။ သူက ၀မ်းနည်းပူဆွေးစွာနှင့် လက်ထဲမှ ဓါးရိုးကို ကြည့်နေလေသည်။


ဂျိချန်းယုကလည်း ဒေါသတကြီးနှင့် သဘောင်္ထက်ကို ကြည့်နေလေသည်။ ထိုသင်္ဘောပေါ်မှ လူများက ၀င်မပါဟု ကတိပေးထားသောကြောင့် ထိုကဲ့သို့ ၀င်ရောက်စွတ်ဖက်လာခြင်းကို သူမမျှော်လင့်ထားခဲ့ချေ။


“မင်းတို့ မိန်းမစိုးတွေက အရမ်းစကားများလွန်းတယ်…”


ပင်လယ်ရေမျက်နှာပြင်က ရုတ်တရက် ထပ်မံတုန်ခါလာပြီး နောက်ထပ်မြှားတစ်ချောင်း ထွက်ပေါ်လာလေသည်။ မှင်နက်ရောင်ရှိသော ထိုမြှားက လေထုကို ထိုးခွင်းဖြတ်သန်းလာလေသည်။


လျန်ဖု၏ မျက်၀န်းများက ပြူးကျယ်ဝိုင်းစက်သွားပြီး ကျန်ရှိနေသော အစစ်အမှန် စွမ်းအင်များကို ကြိုးစားစုစည်းလိုက်ကာ မြှားကို ကာကွယ်လိုက်သည်။ သို့သော်လည်း မြှားက သူ၏ ခန္ဒာကိုယ်ကို ထိုးဖောက်သွားပြီး သွေးများပြန့်ကျဲသွားလေသည်။ လျန်ဖုက လေထဲတွင် ဂျွန်းပြန်သွားပြီး သူ၏ မျက်နှာကြွက်သားများက တုန်ခါနေလေသည်။ သူ၏ရင်ဘက်ပေါ်တွင်လည်း အပေါက်ကြီးတစ်ပေါက် ဖြစ်လာပြီး အနက်ရောင်စွမ်းအင်များ၏ တိုက်စားမှုကြောင့် ဒဏ်ရာတစ်ဝိုက်မှ အသားများက ပုပ်သိုးဆွေးမြေ့လာလေသည်။


လျန်ဖုက သွေးထပ်အန်လိုက်ရပြီး သူ၏ မျက်နှာက ဖြူဖျော့သွားလေသည်။ သူ့တွင် စွမ်းအင်အနည်းငယ်မျှပင် မကျန်တော့သောကြောင့် လက်ထဲမှ ဓါးရိုးကိုပင် ဆုတ်ကိုင်ထားနိုင်စွမ်း မရှိတော့ချေ။ ဓါးရိုးက ပင်လယ်ထဲကျသွားပြီး ရေပွက်လေးများ ဖြစ်လာလေသည်။


“ကောင်းကင်နတ်ဓါး….”


လျန်ဖု၏ မျက်နှာပေါ်တွင် ပူဆွေးမှုများ အထင်းသားပေါ်လာလေသည်။ အင်ပါယာဧကရာဇ် ချန်းဖန်ကိုယ်တိုင် ချီးမြှင့်ထားခဲံသော နောက်ဆုံးအမှတ်တရ ပစ္စည်းက ကျိုးပဲ့ပျက်စီးသွားပြီဖြစ်သည်။ ထိုဓါးကို သူ့အသက်နှင့် ရင်း၍ စောင့်ရှောက်မည်ဟု လျန်ဖုက ကတိပေးထားခဲ့ဖူးလေသည်။ ယခုအခါ ဓါးက ကျိုးပဲ့ပျက်စီးသွားပြီး သူလည်း သေဆုံးတော့မည်ဖြစ်သည်။


“မင်း…”


ဂျိချန်းယု၏ မျက်၀န်းများက ပြူးကျယ်သွားပြီး သင်္ဘောခန်းထဲမှ သန်မာသော ပုံရိပ်ကို ဒေါသတကြီးနှင့် ပြူးကြည့်လိုက်သည်။ သူက ဤကိစ္စတွင် မည်သူ့ကိုမျှ ကူညီစေလိုခြင်း မရှိပေ။ အတိတ်တချိန်က သူ့ကို အနိုင်ယူဖူးသော သူရဲကောင်းစစ်သည်တော်တစ်ယောက်ကို သူ့လက်နှင့်ပင် ပြန်လည်အနိုင်ယူလိုလေသည်။


ဂျိချန်းယုက သေအံ့ဆဲဆဲ ဖြစ်နေသည်ဟု ထင်ရသော လျန်ဖုကို လှမ်းကြည့်လိုက်သည်။ သူ၏ ရင်ဘက်မှ တသွင်သွင် စီးကျနေသော သွေးမျာက ပင်လယ်ထဲသို့ စီးကျနေလေသည်။ ပင်လယ်လှိုင်းများက သွေးများကို ပြန့်ကျဲသွားစေလေသည်။


ပင်လယ်ထဲတွင် သွေးနံ့များကြောင့် မြောက်များလှစွာသော ရေနေသတ္တဝါများ ကူခတ်လာလေသည်။ ထိုသတ္တဝါများက လျန်ဖု၏ သွေးစက်များ ကျသည့်နေရာတွင် စုရုံးနေကြသောကြောင့် ကြီးမားလှသော လှိုင်းလုံးများ ဖြစ်ပေါ်လာလေသည်။


လျန်ဖု၏ ဆံပင်များက ခြောက်သွေ့နေပြီး သူ၏ မျက်နှာကလည်း စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေလေကာ သေအံ့ဆဲဆဲ ဖြစ်နေလေသည်။


“ဘုရင်ခံယု… မင်းခမည်းတော့် မြုတ်နှံထားတဲ့ နေရာကို မပျက်စီးပါစေနဲ့…” လျန်ဖုက တိုးလျစွာ ပြောဆိုလိုက်ပြီး သက်ပြင်းချလိုက်သည်။


ဘုရင်ခံယု၏ စူးရှထက်မြတ်သော မျက်၀န်းများက နီရဲလာလေသည်။


ထိုအချိန်၌ သင်္ဘောခန်းအတွင်းမှ အရှိန်အဟုန်ပြင်းလှသော အနက်ရောင်မြှားတစ်စင်း ထပ်မံထွက်ပေါ်လာပြီးး လေထဲတွင် တွဲလောင်းဆွဲထားသကဲ့သို့ ဖြစ်နေသော လျန်ဖု၏ ခန္ဒာကိုယ်ကို ဖောက်ထွက်သွားလေသည်။ ကြီးမားလှသော စွမ်းအားများကြောင့် လျန်ဖု၏ ခန္ဒာကိုယ်က လွင့်စင်သွားပြီး သွေးများ ပြန့်ကျဲသွားလေသည်။


လျန်ဖု၏ ခန္ဒာကိုယ်က လေပြင်းကြောင့် ကြွေလွင့်သွားသော သစ်ရွက်ကဲ့သို့ လွင့်စင်သွားလေသည်။


ဘန်း…


လျန်ဖု၏ ခန္ဒာကိုယ်အလေးချိန်ကြောင့် ရေပေါ်တွင် လူးလွန့်နေသော လှေငယ်လေးက ကျိုးပဲ့သွားလေသည်။


အဆုံးမဲ့သော ကောင်းကင်ကို လျန်ဖုက တိတ်ဆိတ်စွာနှင့် ငေးကြည့်နေလေသည်။ သူ၏ အဖြူရောင် ဆံပင်များကလည်း မျက်စိနှင့် လိုက်မမှီနိုင်သော နှုန်းနှင့် ညိုးရော် ခြောက်သွေ့လာပြီး စိတ်ဝိဥာဉ်စွမ်းအင်များနှင့် အသက်စွမ်းအင်များလည်း တဖြည်းဖြည်း လွင့်ပါးလာလေသည်။


“အရှင်မင်းကြီး… မင်းကို ငါပြန်ပြီး ခစားနိုင်တော့မှာပါ….” လျန်ဖု၏ စိတ်လျော့သက်ပြင်းချလိုက်သော အသံက အဝေးဆီမှ လွင့်ပျံလာသကဲ့သို့ပင် ထင်ရလေသည်။


ဂျိချန်းယုက အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် မျက်လုံးပြန်ဖွင့်လိုက်ရာ သူ၏တည်ငြိမ်နေသော အမူအယာသို့ ပြန်ရောက်သွားလေသည်။ သူက ခြေတစ်လှမ်းလှမ်းလိုက်ရာ သင်္ဘောကုန်းပတ်ပေါ်သို့ ပြန်ရောက်သွားလေသည်။ ထို့နောက် အထီးကျန်ဆန်လှသော လှေငယ်လေးကို နှုတ်ခမ်းများ တွန့်ကွေး၍ ကြည့်လိုက်လေသည်။


သူ၏ စိတ်ထဲတွင် ပူဆွေးမှုများ ပြည့်နေလေသည်။ အဆုံးသတ်၌ လျန်ဖုက သေဆုံးသွားပြီဖြစ်သည်။ သို့သော်လည်း သေဆုံးမှုက သူ့အတွက် လွတ်မြောက်ခြင်း တစ်မျိုးလည်း ဖြစ်နိုင်လေသည်။


“ဘုရင်ခံယု… အရှင်သခင်သာ ကြားမ၀င်ခဲ့ဘူးဆိုရင် မင်းက မိန်းမစိုးခေါင်းဆောင်လျန်ကြောင့် သေသွားလောက်ပြီ… ဒါက မင်းကို အရှင်သခင်က ဂရုစိုက်တာပဲ မဟုတ်ဘူးလား…”


သင်္ဘောခန်းအတွင်းမှ ကျောက်ရူကျီက စက္ကူယပ်တောင်ကို ဝှေ့ရမ်း၍ ထွက်လာလေသည်။ သူ၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ရှိနေသော်လည်း ဂျိချန်းယု၏ မျက်၀န်းထဲတွင် သူ့ကို လှောင်ပြောင်နေသည်ဟု မြင်နေလေသည်။


“ကောင်းပါပြီ… ထားပါတော့… အခု လျန်ဖုရဲ့ အလောင်းကို ငါတို့ ဘယ်လိုလုပ်ကြမလဲ…” ကျောက်ရူကျီက မေးလိုက်သည်။


ဂျိချန်းယုက လှေငယ်လေးပေါ်မှ လျန်ဖု၏ အလောင်းကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သင်္ဘောခန်းအတွင်းပိုင်းသို့ လျောက်၀င်သွားလေသည်။


“ဘယ်လိုပဲ ဖြစ်ဖြစ်… သူက ငါ့ခမည်းတော်ရဲ့ ညာလက်ရုံးပဲ… ဒါကြောင့် ကျန်နေတဲ့ ရုပ်အလောင်းကို ဂရုစိုက်ရမယ်… သူ့ကို ကောင်းကောင်း သင်္ဂြိုလ်ဖို့အတွက် ဂျိချန်းရွဲ့ဆီကို ပြန်ပို့ပေးလိုက်….”


………


လေအလင်းအင်ပါယာ၏ မြို့တော်


ဂျိချန်းရွဲ့က လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေလေသည်။ သူ၏ အမိန့်နှင့် နန်းတွင် အစေခံများ အားလုံးကို အဝေးသို့ နှင်ထုတ်ထားသောကြောင့် နန်းတော်က တိတ်ဆိတ်နေပြီး သူ့ကို အနှောက်အယှက်ပေးမည်သူ တစ်ယောက်မျှ မရှိတော့ချေ။


ဂျိချန်းရွဲ့၏ ခန္ဒာကိုယ်က ရုတ်တရက် တောင့်တင်းသွားလေသည်။ သူ၏ ညာဘက်မျက်ခွံက ပြင်းပြင်ထန်ထန် လှုပ်ခါနေပြီး သူ့နှလုံးသားကလည်း တုန်ယင်နေလေသည်။ ဂျိချန်းရွဲ့က ရင်ဘက်ကို ခပ်တင်းတင်း ဆုတ်ကိုင်ထားလိုက်ပြီး မျက်နှာက ဖြူလျော်လာလေသည်။


သူက အဓိကခန်းမ၏ ၀င်ပေါက်မှ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရာ အဆုံးအစမဲ့ ကျယ်ပြောသော ကောင်းကင်ထက်မှ ကြယ်တစ်လုံး ကြွေကျလာသည်ဟု ခံစားလိုက်ရလေသည်။ ဂျိချန်းရွဲ့၏ မျက်၀န်းများက ကျဉ်းမြောင်းသွားပြီး သက်ပြင်းတစ်ချက်ကို တိုးတိတ်စွာ ချလိုက်လေသည်။


……


အင်ပါယာမြို့တော်အတွင်းမှ ရှောင်စံအိမ်ရှိ စာဖတ်ခန်းထဲတွင် ထိုင်နေသော ရှောင်မန်က လက်ရေးလှစာလုံး လေ့ကျင့်နေလေသည်။ ထိုအချိန်တွင် သူ၏ လက်က ရုတ်တရက် တုန်ခါသွားပြီး မှင်များက နေရာအနှံ့သို့ လွင့်စင်သွားလေသည်။ သူ၏ ရှေ့တွင် ရှိနေသော စာရွက်ကလည်း မှင်များနှင့် ပေပွသွားလေသည်။


ရှောင်မန်၏ စိတ်ထဲတွင် တထင့်ထင့်နှင့် စိုးရိမ်ပူပန်သော ခံစားချက်တစ်ခု ဖြစ်လာလေသည်။ ထို့နောက် သူက မှင်တံကို ခွက်ထဲသို့ ပြန်ထည့်လိုက်ပြီး ရှေ့မှ စာရွက်ကို စုတ်ဖြဲလိုက်သည်။ ထို့နောက် ပြတင်းပေါက်သို့ လျောက်သွားလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ ကောင်းကင်ထက်သို့ ငေးကြည့်နေလေသည်။


……


စားပွဲပေါ်တွင် တင်ထားသော ဟင်းပွဲမှ မွှေးရနံ့များနှင့် အပူငွေ့လေးများ ထွက်ပေါ်နေလေသည်။


“ပိုင်ရှင်ပု.. ဒီဟာက နဂါးမြစ် ငါးချဉ်ဟင်းပွဲမဟုတ်ဘူးလား…” ရှောင်ယန်ယုက သက်စောင့်ဟင်းပွဲကို ကြည့်လိုက်ပြီး သိချင်စိတ် ပြင်းပြစွာနှင့် မေးလိုက်သည်။


နဂါးမြစ် ငါးချဉ် ချက်ပြုတ်သည့် နည်းလမ်းကို ပိုင်ရှင်ပုက မည်သို့ သိနေသနည်း။ အထူးသဖြင့် ဟင်းပွဲအတွက် အချဉ်ရည်ကို ပြုလုပ်ရာတွင် ကျွမ်းကျင်မှုနှင့် တိကျမှု ရှိရန် လိုအပ်နေလေသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားလေသည်။ မှတ်စုစာအုပ်ထဲတွင် ပထမဆုံး မှတ်ထားသော ဟင်းပွဲဖြစ်သည့် နဂါးမြစ်ငါးချဉ် ချက်ပြုတ်နည်းက အသေးစိတ် ကျလှပေသည်။ သူက ထိုစာအုပ်ကို အကြိမ်အနည်းကယ်မျှ လေ့လာပြီးနောက် ချက်ပြုတ်နည်းများက သူ၏ ခေါင်းထဲတွင် တံဆိတ်ရိုက်ထားသကဲ့သို့ စွဲထင်နေလေသည်။


ထို့အပြင် သက်စောင့်ဟင်းပွဲ ချက်ပြုတ်ရာတွင် အဓိကပါ၀င်ပစ္စည်းက ငါးဖြစ်နေရာ နဂါးမြစ်ငါးချဉ် ဟင်းပွဲကို စမ်းသတ်ချက်ပြုတ်ရန် အခွင့်အရေး ရလိုက်သကဲ့သို့ ဖြစ်နေလေသည်။ သို့သော် လက်တွေ့တွင် ငါးရွေးချယ်မှုက မတူညီသကဲ့သို့ ဟင်းပွဲနှစ်ပွဲ၏ ရည်ရွယ်ချက်က ကွဲပြားနေလေသည်။


သက်စောင့်ဟင်းပွဲကို ချက်ပြုတ်ရာ၌ ဟင်းပွဲ၏ ဆေးဘက်၀င် အကျိုးသက်ရောက်မှုကိုသာ အဓိက ထားရလေသည်။ ပုဖန်က ငါးပြုတ်ချိန်တွင် များပြားလှသော ဆေးပင်များကို ထည့်သွင်းလိုက်ပြီး ဆေးအနှစ်သာရများကို ငါးအသားထဲတွင် စုရုံးစေလိုက်သည်။ အချဉ်ရည် ပြုလုပ်ရာတွင်လည်း သွေးသရဖူကို ထည့်သုံးထားလေရာ ဟင်းပွဲ၏ အကျိုးသက်ရောက်မှုက လုံလောက်သင့်လေသည်။


ရှောင်ခယ်ယွင်၏ အခြေအနေကို လေ့လာကြည့်လိုက်သည့် အခါတွင် သူ၏ အဆိပ်များက အလွန်ပြင်းထန်လှပြီး ပြန့်နှံ့နေပြီဖြစ်သည်။ ထို့ကြောင့် သာမာန် ပစ္စည်းများကိုသာ သုံးပါက အကျိုးသက်ရောက်မှု နည်းပါးပြီး ရေရှည်ကုသရပေလိမ့်မည်။ ထို့အပြင် သာမာန်ပစ္စည်းများကိုသာ အသုံးပြုပါက ပျောက်ကင်းရန် ခက်ခဲလှပြီး လုံး၀ မပျောက်ကင်းသည်ပင် ဖြစ်နိုင်လေသည်။


ထို့ကြောင့် ပုဖန်က အရည်အသွေးမြင့်မားသော ပါ၀င်ပစ္စည်းများနှင့် ထိရောက်မှုပြင်ထန်သော ပါ၀င်ပစ္စည်းများကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူအသုံးပြုခဲ့သော ငါးအသားပိုင်းက အနက်ရောင်စွမ်းအင်များကို ပြည့်ပြည့်၀၀ ကာကွယ်နိုင်သော နတ်ဆိုးငါး၏ အစိတ်အပိုင်း ဖြစ်သည်။ ထိုအသားပိုင်းတွင် ကြောက်စရာကောင်းသော အနက်ရောင်စွမ်းအင်များကို ကာကွယ်နိုင်စွမ်း ရှိနေလေရာ ဟင်းပွဲအတွက် အသင့်တော့ဆုံး ပါ၀င်ပစ္စည်းပင် ဖြစ်သည်။


ထို့အပြင် ငါးအသားပိုင်းက မြောက်များလှသော စိတ်ဝိဥာဉ်စွမ်းအင်များ၏ အနှစ်သာရများလည်း ဖြစ်သည်။ အချဉ်ရည်တွင် သွေးသရဖူကို ထည့်သွင်းအသုံးပြုထားသောကြောင့် သွေးသရဖူ၏ ပြန်လည်ကုသနိုင်စော စွမ်းရည်များက နတ်ဆိုးငါး၏ အသားထဲသို့ စိမ့်၀င်နေပြီဖြစ်သည်။ ထိုဟင်းပွဲက ပုဖန်ချက်ပြုတ်ခဲ့ဖူးသော ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ်နှင့်ပင် နှိုင်းယှဉ်နေနိုင်ပြီဖြစ်သည်။


ပုဖန်က မီးဖိုချောင်တံခါး၀သို့ လျောက်သွားလိုက်ပြီး တံခါးဖွင့်လိုက်သည်။


အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော လူအုပ်ကြီးက ပုဖန်ကို ကြည့်၍ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။


“၀င်လာခဲ့ကြ… လူနာကို ဒီကိုသယ်လာတော့… သက်စောင့်ဟင်းပွဲက အဆင်သင့် ဖြစ်နေပြီ… ဒါက အလုပ်ဖြစ်မဖြစ်တော့ ငါမကျိန်းသေဘူး… အရာအားလုံးက သူ့ရဲ့ ကံပေါ်မှာပဲ မူတည်တယ်…..”


ပုဖန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ ရှောင်ခယ်ယွင်၏ ဒဏ်ရာများက ပြင်းထန်လှပြီး အဆိပ်များက သူ့ခန္ဒာကိုယ်တစ်၀က်ခန့်ကို တိုက်စားထားပြီး ဖြစ်သည်။ သူက နတ်ဆိုးငါး၏ အကောင်းဆုံး အသားပိုင်းကို ရရှိခဲ့သော်လည်း ထိုအသား၏ အကျိုးသက်ရောက်မှုကို မသိနိုင်သေးချေ။


လင်းချီအာက ဒုတိယသခင်ကို သွားရောက်သယ်ဆောင်ရန် အစေခံများကို အမိန့်ပေးလိုက်ပြီး အလုပ်များသွားလေသည်။


ရှောင်ခယ်ယွင်၏ ခန္ဒာကိုယ်က ထိခိုက်လွယ်ပြီး အားနည်းနေလေသည်။ သို့သော် မီးဖိုခန်းမှ ပြန့်လွင့်လာသော သင့်ပျံ့လှသည့် မွှေးရနံ့များကို ရှူရှိုက်လိုက်ပြီးနောက် သူ၏ ဒဏ်ရာများ တစ်၀က်ခန့် သက်သာသွားသည်ကို ခံစားလိုက်ရပြီး မျက်၀န်းများ တောက်ပလာလေသည်။


“သခင်လေးပုကို ဒုက္ခပေးလိုက်မိပြီ… ကျေးဇူးတင်ပါတယ်…” ရှောင်ခယ်ယွင်က လက်နှစ်ဖက်ကို ဆုတ်၍ ကျေးဇူးတင်စွာ ပြောလိုက်သည်။


ပုဖန်က လက်နှစ်ဖက်ကို ဝှေ့ရမ်း၍ အကဲခတ်လိုက်သည်။ ထို့့နောက် စားပွဲပေါ်တွင် တင်ထားသော ဟင်းပွဲကို ညွှန်ပြလိုက်ပြီး တည်ငြိမ်သော အသံနှင့် ပြောလိုက်သည်။


“ဒါက သက်စောင့်ဟင်းပွဲပဲ… သူ့ကို ခွံ့ပေးလိုက်ပါ….”


လူအားလုံးက ပုဖန်ချက်ပြုတ်ထားသော သက်စောင့်ဟင်းပွဲကို သေသေချာချာ စူးစိုက်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်၀န်းများက သံသယများနှင့် ပြည့်နှက်သွားကြလေသည်။


“ဒါ.. ဒါကနဂါးမြစ် ငါးချဉ် ဟင်းပွဲ မဟုတ်ဘူးလား… ဒီနဂါးမြစ် ငါးချဉ် ဟင်းပွဲတစ်ပွဲက ဒုတိယသခင်ရဲ့ ဒဏ်ရာတွေကို သက်သာစေမှာလား… ဒါလုံး၀ အဓိပ္ပါယ် မရှိဘူး…”