အပိုင်း ၂၆၅
Viewers 53k

အခန်း ၂၆၅ “ငါ့ဟင်းပွဲနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်တာကို မကြိုက်ဘူး…”


ရှောင်မိသားစု၀င်များက နဂါးမြစ်ငါးချဉ် ဟင်းပွဲကို ကြည့်၍ တစ်ယောက်နားတစ်ယောက် ကပ်ကာ တီးတိုးပြောဆိုနေကြသည်။ ထိုဟင်းပွဲ၏ ရနံ့က အံ့သြဖွယ်ကောင်းလောက်အောင် မွှေးပျံ့နေပြီး သူတို့အမြဲရဖူးနေသော မွှေးရနံ့များထက် သာလွန်၍ စိတ်ဝိဥာဉ်စွမ်းအင် ပါ၀င်မှု မြင့်မားလှသော်လည်း နဂါးမြစ်ငါးချဉ် ဟင်းပွဲတစ်ပွဲသာ ဖြစ်သည်။ ထိုဟင်းပွဲက သူတို့၏ ထမင်းဝိုင်းတွင် အလွယ်တကူ တွေ့နိုင်သည့် ဟင်းပွဲတစ်ပွဲပင် ဖြစ်သည်။


တောင်ပိုင်းမြို့တော်မှ လူတိုင်းက နဂါးမြစ်ငါးချဉ်ဟင်းပွဲနှင့် အလွန်ရင်းနှီးကျွမ်း၀င်ကြသည်။ ထိုဟင်းပွဲတွင် ကုသနိုင်စွမ်း သို့မဟုတ် အဆိပ်ဖယ်ရှားနိင်စွမ်း ရှိသည်ဟု တစ်ခါမျှပင် မကြားဖူးကြချေ။ နဂါးမြစ်ငါးချဉ် ဟင်းပွဲနှင့် ပတ်သတ်၍ သူတို့၏ နားလည်နိုင်စွမ်းက ပြည့်စုံခြင်း မရှိ၍လည်း ဖြစ်နိုင်ပေသည်။


ပုဖန်က သူ၏သွေးသရဖူ ယစ်မူးနတ်ဆိုးငါး ဟင်းပွဲကို သံသယ၀င်နေကြသူများကို လျစ်လျူရှုထားလိုက်သည်။ သူ့အနေနှင့် ထိုသူများကို ဟင်းပွဲအကြောင်း ရှင်းပြနိုင်ရန် အကြောင်းမရှိပေ။ ဟင်းပွဲကို မြည်းမကြည့်ပဲနှင့် ဟင်းပွဲ၏ တကယ့်တန်ဖိုးကို သိနိုင်လိမ့်မည်မဟုတ်ပေ။ သူတို့အားလုံးက ထိုနေရာတွင် ရပ်၍ အသုံးမ၀င်သည်များကိုသာ ပြောဆိုနေနိုင်ပေသည်။


ထို့ကြောင့် ပုဖန်က ခုံတစ်ခုံကို ဆွဲယူ၍ ထိုင်ချလိုက်ပြီး သက်တောင့်သက်သာ မှီထိုင်လိုက်ကာ လူတိုင်းကို တစ်ချက်ကြည့်လိုက်လေသည်။ 


ချက်ပြုတ်ခြင်းနှင့် ပတ်သတ်လျင် လင်းချီအာက အခြား ရှောင်မိသားစု၀င်များထက် ပို၍ သိပေသည်။ သူမက ငယ်စဉ်အရွယ်ကပင် မိဘများ၏ လမ်းညွှန်မှုအောက်တွင် ချက်ပြုတ်လာခဲ့သောကြောင့် အခြားသူများနှင့် ကွာခြားလှသည်။ သူမ၏ အကောင်းဆုံးဟင်းပွဲဖြစ်သော ၀က်သားပေါင်မုန့်ကြော်က တောင်ပိုင်းမြို့တော်ထဲတွင် အစစ်အမှန် စားသောက်ဖွယ်ရာ တစ်ခုအဖြစ် ကြော်ကြားလှလေသည်။ 


၀က်သားပေါင်မုန့်ကြော်ကို အပြိုင်အဆိုင် ပြုလုပ်သူများစွာကြားမှ သူမ၏ ၀က်သားပေါင်မုန့်ကြော်က အစစ်အမှန် ဖြစ်နေသည့်အကြောင်းကို သူမသာလျှင် သိရှိပေသည်။ သူမတွင် အလွယ်တကူ ပျက်စီးလွယ်သော ခန္ဒာကိုယ်ရှိပြီး သူမ၏ ကျင့်ကြံခြင်းပါရမီကလည်း ကြောက်စရာကောင်းလောက်အောင် ဆိုးဝါးလှပေသည်။ 


လင်းချီအာက ရှောင်မိသားစုထံမှ မရေမတွက်နိုင်သော သက်ဆောင့်ဆေးများကို သုံးစွဲခဲ့သော်လည်း အဆင့်နှစ် တိုက်ခိုက်သူအဆင့်သာ ရောက်ရှိခဲ့လေသည်။ သို့သော် သူမ၏ ကျင့်ကြံမှုအဆင့်သာ တိုးတက်လာခြင်းဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာက တိုးတက်လာခြင်းမရှိပေ။ ယခုနဂါးမြစ်ငါးချဉ် ဟင်းပွဲကို တွေ့လိုက်ရချိန်တွင် သူမ၏ မျက်၀န်းများက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်လာလေသည်။ 


စိတ်ဝိဥာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် ဟင်းပွဲမျိုးကို ပထမဆုံးအနေနှင့် သူမမြင်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် အံ့အားသင့်စွာနှင့် ဟင်းပွဲကို ကြည့်လိုက်လေသည်။ ထိုဟင်းပွဲက နဂါးမြစ်ငါးချဉ် ဟင်းပွဲနှင့် ဆင်တူသော်လည်း ထိုဟင်းပွဲနှစ်ခုကြားတွင် ကမ္ဘာတစ်ခုစာမျှ ကွာခြားချက်ကြီးမားကြောင်း ကောင်းစွာ သိနေလေသည်။ 


ယေဘူယအားဖြင့် ပြောမည်ဆိုလျင်ပင် နဂါးမြစ်ငါးချဉ်ဟင်းပွဲက ထိုဟင်းပွဲကို ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်ပေ။ လင်းချီအာက တည်ငြိမ်သော အမူအယာနှင့် အစေခံတစ်ယောက် ကမ်းပေးလာသော တူတစ်စုံကို ယူလိုက်သည်။ ထို့နောက် အပူငွေ့များ ထွက်နေသော ငါးပန်းကန်ထဲသို့ တူကို စိုက်လိုက်လေသည်။ တူက ငါးအသားထဲသို့ နစ်၀င်သွားပြီး မွှေးပျံ့လှသော ရနံ့များ ထွက်ပေါ်လာလေသည်။ 


မွှေးရနံ့များကို ရှူရှိုက်မိလိုက်သော လူတိုင်းက သိပ်သည်းလှသော နို့ရည်ထဲတွင် ရေချိုးလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ရှောင်မိသားစု၀င်တိုင်းက လန်းဆန်းမှုကို ခံစားလိုက်ရပြီး သူတို့၏ စိတ်ထဲတွင် ချိုမြိန်မှုများနှင့် ပြည့်နှက်သွားလေသည်။


လင်းချီအာက ငါးအသားတစ်ဖက်ကို ဂရုတစိုက်နှင့် ညှပ်ယူလိုက်သည်။ နှင်းကဲ့သို့ ဖြူဖွေးနေသော ငါးအသားလေးများက နီညိုရောင် အချဉ်ရည်အတွင်း နစ်မြုတ်နေသောကြောင့် တူကို မယူလိုက်ချိန်တွင် အချဉ်ရည်များက ပါးလွှာသော ချည်မျှင်များကဲ့သို့ စည်းကပ်နေလေသည်။


အပူငွေ့လေးများ ထွက်နေပြီး ဖြူဖွေးနူးညံ့လှသော ငါးအသားက အနည်းငယ် တုန်ခါနေလေသည်။ ပျစ်နှစ်နေသော အချဉ်ရည်မှ ချိုချဉ်ရနံ့လေးများကြောင့် လူများအားလုံးက မထိန်းသိမ်းနိုင်စွာ တံတွေးမျိုချလိုက်မိသည်။ 


ရှောင်ခယ်ယွင်၏ မျက်နှာပေါ်မှ သံသယများက လုံး၀ ပျောက်ကွယ်သွားပြီး သူ၏ မျက်၀န်းများက ပြူးကျယ်ဝိုင်းစက်လာလေသည်။ ထို့နောက် သူ့ဆီသို့ လင်းချီအာ ကမ်းပေးလာသော ငါးအသားဖတ်ကို ကြည့်၍ နှုတ်ခမ်းတစ်ချက် သပ်လိုက်သည်။


“ဂရုစိုက်ဦး… အသားက ပူနေသေးတယ်…” လင်းချီအာက ဂရုတစိုက်နှင့် သတိပေးလိုက်ပြီး ငါးအသားဖတ်လေး ပြုတ်ကျမသွားစေရန် အောက်မှ လက်ဖြင့် ခံထားလိုက်သည်။


တစ်ကိုက်ကိုက်လိုက်သည်နှင့် ရှောင်ခယ်ယွင်က သူ၏ အရသာခံ အာရုံကြောများကိ လျပ်စီးနှင့် အတို့ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ လျှာတစ်ခုလုံးကိုလည်း အချဉ်ရည်အရသာကိ ဖုံးလွှမ်းသွားလေသည်။ ဖော်မပြနိုင်လောက်သော စိတ်ကျေနပ်မှုကြောင့် ရှောင်ခယ်ယွင်၏ ခန္ဒာကိုယ်က တုန်ခါနေလေသည်။ 


အချဉ်ရည်၏ အရသာ ပျောက်ကွယ်သွားသည်နှင့် ငါးအသား၏ နို့ကဲ့သို့ သိပ်သည်းလှသော မွှေးရနံ့က သူ၏ နှလုံးသားထဲသို့ စတင်ပြန့်နှံ့လာလေသည်။ နွေးထွေးလှသော စွမ်းအင်စီးကြောင်းအချို့က သူ၏ ပါးစပ်မှတဆင့် အစာအိမ်ထဲ ၀င်ရောက်သွားပြီး ရှောင်ခယ်ယွင်၏ စိတ်က လန်းဆန်းလာလေသည်။


“ဒီငါးက …”


သန်မာလှသော စိတ်ဝိဥာဉ်လှိုင်းများနှင့် သိပ်သည်းလှသော အစစ်အမှန် စွမ်းအင်များက သူ၏ ခန္ဒာကိုယ်ထဲတွင် ရုတ်တရက် ပေါက်ကွဲထွက်လာသောကြောင့် ရှောင်ခယ်ယွင်၏ နှလုံးသားက ရုတ်တရက် တုန်ခါသွားလေသည်။


“ဒီငါးက အစောပိုင်းတုန်းက တောင်ပိုင်းမြို့တော်ကို တိုက်ခိုက်ခဲ့တဲ့ အဆင့်ခုနစ်နတ်ဆိုးငါးရဲ့ အကောင်းဆုံးအပိုင်းပဲ …. ပိုင်ရှင်ပုက ကြင်နာစွာနဲ့ ဒီဟင်းပွဲမှာ ထည့်သုံးခဲ့တာ… ပီးတော့ အဲဒီအသားကို အဆိပ်တွေ ကူးစက်နိုင်စွမ်း မရှိလို့ ဒုတိယဦးလေးရဲ့ အဆိပ်တွေကို ကုသတဲ့နေရာမှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်…” ရှောင်ယန်ယုက သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေးသည်အထိ ပြုံးလိုက်ပြီး ရှင်းပြလိုက်သည်။


“တောင်ပိုင်းမြို့တော်ကို တိုက်ခိုက်ပြီး ပြသနာတွေ အများကြီး ဖြစ်စေခဲ့တဲ့ အဆင့်ခုနစ် နတ်ဆိုးငါးရဲ့ အသား…”


ထိုစကားက ရှောင်မိသားစု၀င်များ၏ ကြားထဲသို့ ဗုန်းတစ်လုံး ကျလာသကဲ့သို့ လှုပ်ခတ်သွားစေလေသည်။


“ဒီအသားက အဆင့်ခုနစ် နတ်ဆိုးငါးရဲ့ အသား… ဒါ့အပြင်… နတ်ဆိုးငါးရဲ့ အကောင်းဆုံးအသား… ဒီ… ဒီစျေးနှုန်းက အံ့အားသင့်စရာ ကောင်းမှာပဲ…”


“ဘုရားရေ… ဒုတိယသခင်က အဆင့်ခုနစ် သားရဲရဲ့ အသားကို စားနေတယ်…”


သွေးသရဖူယစ်မူးနတ်ဆိုး ငါးဟင်းကို ကြည့်နေကြသော ရှောင်မိသားစု၀င်များ အားလုံးက မနာလို အားကျမှုကို ရုတ်တရက် ခံစားလိုက်ကြရသည်။ သူတို့၏ စိတ်ထဲမှ သဘောထားကွဲလွဲမှုများနှင့် သံသယများက ပျောက်ကွယ်သွားပြီး မနာလိုမှု လိုချင်တက်မက်မှုနှင့် လောဘများသာ သူတို့၏ မျက်နှာပေါ်တွင် ပေါ်လာကြလေသည်။ 


သူတို့အတွက် အဆင့်ခုနစ် နတ်ဆိုးသားရဲ အသားကို စားရန် အခွင့်အရေး မရှိပေ။ ထိုသားရဲများက အလွန်သန်မာလှသောကြောင့် သူတို့ကိုပင် ပြန်လည်သတ်ဖြတ်နိုင်လေရာ စားဖိုရန်မဆိုနှင့် တိုက်ခိုက်ရန်ပင် မဖြစ်နိုင်ပေ။


လင်းချီအာ၏ နှလုံးသားကလည်း တုန်လှုပ်နေလေသည်။ သူမက ထိုဟင်းပွဲကို သုံးသပ်နိုင်ခဲ့သော်လည်း တန်ဖိုးအစစ်အမှန်ကြောင့် မထိန်းချုပ်နိုင်ပဲ ဖြစ်သွားလေသည်။ 


ရှောင်ခယ်ယွင်ကလည်း ဆွံ့အနေလေသည်။ ထိုအသားက ရှားပါး၍ တန်ဖိုးကြီးမားလှသော အဆင့်ခုနစ် နတ်ဆိုးသားရဲ၏ အသားဖြစ်နေမည်ဟု သူမမျှော်လင့်ထားခဲ့ချေ။ 


“ဒါကြောင့်မို့ ဒီအသားရဲ့ အရသာက တမူထူးခြားလွန်းနေတာကိုး….”


ရှောင်ခယ်ယွင်က အမှန်အတိုင်း သိရှိသွားပြီးနောက် သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။ 


ထိုင်ခုံပေါ်တွင် အေးအေးသက်သာ ထိုင်နေပြီး သူတို့ကို ကြည့်နေသော ပုဖန်က တစ်ချက်မဲ့လိုက်မိသည်။ ထိုဟင်းပွဲတွင် အဆင့်ခုနစ် နတ်ဆိုးငါး၏ အသားသာ ပါ၀င်နေခြင်း မဟုတ်ပဲ အခြားစိတ်ဝိဥာဉ်ဆေးပင်များနှင့် နောက်ထပ် အဆင့်ခူနစ် စိတ်ဝိဥာဉ်သားရဲဖြစ်သော သွေးသရဖူ ရွံ့နက်မြွေ၏ သွေးအမောက်လည်း ပါ၀င်နေလေသည်။ ထိုအရာများ အားလုံးက တန်ဖိုးမဖြတ်နိုင်သော ပါ၀င်ပစ္စည်းများ ဖြစ်ကြသည်။ သို့သော်လည်း ပုဖန်က ထိုသူများနှင့် အချိန်ဖြုန်းရန် စိတ်မ၀င်စားသောကြောင့် ထိုအကြောင်းကို ဖွင့်ပြောနေခြင်း မရှိပေ။


လင်းချီအာ၏ ဂရုတစိုက် ခွံ့ပေးမှုအောက်တွင် ငါးဟင်းတစ်ပန်းကန်လုံး ကုန်သွားလေသည်။ ဘေးတွင် ရပ်နေသော ရှောင်မိသားစု၀င်များက မနာလိုအားကျနေကြလေသည်။ အထူးသဖြင့် ရှောင်ခယ်ချန်း၏ မျက်၀န်းများက မနာလိုမှုကြောင့် တောက်လောင်နေလေသည်။


“ဒီလို တန်ဖိုးရှိပြီး ရှားပါးတဲ့ အဆင့်ခုနစ် သားရဲရဲ့အသားကို စားရတဲ့သူက ဘာလို့ ငါမဟုတ်ရတာလဲ…”


ရှောင်ခယ်ယွင်က ငါးဟင်းတစ်ပန်းကန်လုံးကို စားလိုက်ပြီးနောက် မူးယစ်ရီဝေမှုကို ခံစားနေရလေသည်။ သူ၏ ခန္ဒာကိုယ်ထဲတွင် စိတ်ဝိဥာဉ်စွမ်းအင်များနှင့် ဆေးအာနီသင်များက စတင်၍ အစွမ်းပြလာလေသည်။ သူ၏ခန္ဒာကိုယ်တစ်ခုလုံးကို နွေးထွေးနေစေပြီး သေးငယ်လှသော သက်ရှိလေးများက သူ၏ အကြောအဆစ်များထဲသို့ တိုး၀င်နေသည်ဟု ခံစားနေရလေသည်။


ရှောင်ခယ်ယွင်၏ မျက်၀န်းများက သွေးနီရောင်တောက်ပနေပြီး မျက်နှာကလည်း တဖြည်းဖြည်း နီရဲလာလေသည်။ သူ၏ တစ်ကိုယ်လုံးကို ထောင်ပေါင်းများစွာသော အပ်များနှင့် ထိုးစိုက်နေသကဲ့သို့ မခံမရပ်နိုင်သော နာကျင်မှုကို ခံစားလိုက်ရပြီး သည်းမခံနိုင်စွာ အော်ဟစ်လိုက်လေသည်။ ထို့နောက် သူ၏ ခန္ဒာကိုယ်က တုန်ယင်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ဘောလုံးတစ်လုံးကဲ့သို့ ကွေးနေလေသည်။


လင်းချီအာ၏ လက်ထဲမှ တူက ကြမ်းပြင်ပေါ်သို့့ပြုတ်ကျသွားလေသည်။ သူမခင်ပွန်း ခံစားနေရသော ဝေဒနာက သူမ၏ စိတ်နှလုံးကို နာကျင်စေလေသည်။ 


“သခင်လေးပု.. ဘာတွေဖြစ်နေတာလဲ…ငါ့ရဲ့ ခင်ပွန်း…. သူဘာတွေ ဖြစ်နေတာလဲ…” လင်းချီအာက ပုဖန်ကို ကြည့်၍ မေးလိုက်သည်။ 


“ဟမ့်… ဒီဟင်းပွဲက အဆိပ်ဖြစ်မှာပေါ့… ငါ့ရဲ့ အကိုက ဒီဟင်းပွဲကို စားပြီးတာနဲ့ သူ့ရဲ့ သွေးကြောထဲကို အဆ်ိပ်တွေ ပိုပြီးတော့ ၀င်သွားတာပဲ ဖြစ်မယ်…”


ရှောင်ခယ်ယွင်၏ ဆိုးဝါးလှသော အခြေအနေကိုမြင်လိုက်ချိန်တွင် ရှောင်ခယ်ချန်၏ စိတ်ထဲတွင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်လာလေသည်။ သို့့သော်လည်း သူ ပျော်ရွှင်မှုကို အခြားသူများ မမြင်နိုင်စေရန် ၀မ်းနည်းနေဟန် အလျင်အမြန် ပြောင်းလဲဟန်ဆောင်လိုက်လေသည်။


ထိုမှတ်ချက်ကို ကြားလိုက်ရသောအခါတွင် လူတိုင်းက တုန်လှုပ်ခြောက်ခြားသွားကြပြီး ပုဖန်ကို ရန်လိုစွာ ကြည့်လိုက်ကြသည်။


အခြားသူများ၏ သဘောထားက ပြောင်းလဲသွားသည်ကို မြင်လိုက်ချိန်တွင် ရှောင်ယန်ယု၏ စိတ်ထဲ၌ မကျေမနပ်ဖြစ်သွားပြီး မျက်ခုံးပင့်လိုက်မိသည်။ 


ပုဖန်က အနှောက်အယှက် ဖြစ်ဟန်မရပဲ ခုံကို မှီ၍ ထိုင်နေလေသည်။ ရှောင်ခယ်ယွင်၏ အပြုအမူက သူမျှော်လင့်ထားသည့် အတိုင်းသာ ဖြစ်သည်။ အကယ်၍ သွေးသရဖူ ယစ်မူးနတ်ဆိုးငါးဟင်းပွဲကို စားပြီးနောက် တုန့်ပြန်မှု မရှိမှသာ စိုးရိမ်ရမည်ဖြစ်သည်။


သွေးသရဖူ ယစ်မူးနတ်ဆိုးငါး ဟင်းပွဲထဲတွင် အဆင့်ခုနစ် နဂါးနတ်ဆိုးငါး… အဆင့်ခုနစ် သွေးသရဖူနှင့် အခြားရှားပါး တန်ဖိုးကြီးလှသော ဆေးပင်ဆယ်မျိုးမျှ ပါ၀င်နေလေသည်။ သိပ်သည်းလှသော စိတ်ဝိဥာဉ်အနှစ်သာရများက ငါးအသားထဲတွင် ပျော်၀င်နေလေသည်။ ရှောင်ခယ်ယွင်က ထိုဟင်းပွဲကို စားပြီးသည်နှင့် စွမ်းအင်များအားလုံးက သူ၏ ဗိုကိထဲတွင် ပေါက်ကွဲထွက်ပေါ်လာမည်ဖြစ်သည်။ ထိုအချင်းအရာက စိတ်ဝိဥာဉ်စွမ်းအင် ဗုံးတစ်လုံး ခန္ဒာကိုယ်ထဲတွင် ပေါက်ကွဲခြင်းပင် ဖြစ်သည်။


ပုဖန်က ရှောင်မိသားစု၀င်များ၏ သဘောထားနှင့်ပတ်သတ်၍ ဂရုစိုက်ခြင်းမရှိပေ။ ထိုသူများကို အလေးအနက် ထားခြင်းမရှိပဲ သူတို့၏ ထင်မြင်ချက်များကို စိုးရိမ်နေခြင်းလည်း မရှိပေ။ သို့သော်လည်း ရှောင်ခယ်ချန်း အဆင်အခြင်မဲ့ ဗရမ်းဗတာ စကားများကို သူရွံရှာမုန်းတီးလေသည်။ ရှောင်ခယ်ချန်းက ယခင်ကပင် ပုဖန်၏ အမြင်မကြည်မှုကို ပိုင်ဆိုင်ထားပြီး ယခုအခါ ပေါက်ကရစကားများပြောဆိုနေလေသည်။ ထို့ကြောင့် ပုဖန်က သူ့ကို စိတ်ပျက်နေလေသည်။


“ငါသူ့ကို အဆိပ်ခတ်လိုက်တယ်ဆိုရင်ရော… ဘယ်လိုလဲ… ပြသနာ ရှိလို့လား…”


ပုဖန်က လင်းချီအာ၏ မျက်ရည်များ ပြည့်နေသော မျက်၀န်းများကို လျစ်လျူရှုလိုက်လေသည်။ သူတို့က ဟင်းပွဲ၏ အကျိုးသက်ရောက်မှုကို မကြာမီအချိန်အတွင်း တွေ့ရမည်ဖြစ်သည်။


ပုဖန်၏ မျက်၀န်းများက ရှောင်ခယ်ချန်းပေါ်တွင် ကျရောက်နေသောကြောင့် ရှောင်ခယ်ချန်းက အခက်တွေ့နေလေသည်။


“ဘာ… မင်းဘာလိုချင်လို့လဲ… ဒါက ရှောင်စံအိမ်တော်နော်.. အဆင်အခြင်မဲ့ ရမ်းကားဖို့ ကြိုးစားမနေနဲ့…”


ရှောင်ခယ်ချန်း၏ မျက်၀န်းများက တုန်လှုပ်နေလေသည်။ သူ၏ ရှေ့မှ လူငယ်လေးက အဆင့်ခုနစ် နတ်ဆိုးငါးကိုပင် နှိမ်နင်းနိုင်လောက်အောင် စွမ်းအားကြီးမားသူဖြစ်သည်။ အကယ်၍ ထိုလူငယ်လေးသာ သူ့ကို ရန်ပြုလိုပါက … ထိုအတွေးကို တွေးလိုက်ပြီးနောက် သူ၏ မျက်နှာက ရှုံ့မဲ့သွားလေသည်။


“တစ်ယောက်ယောက်က ငါ့ရဲ့ ဟင်းပွဲကို မေးခွန်းထုတ်တာကို ငါမကြိုက်ဘူး… သူ့ကို ပိုပြီး အဆိပ်သင့်စေတယ်… ဟမ့်… အဲဒီစကားကို ကြားရတာ ငါ့အတွက် လုံး၀အဆင်မပြေဘူး…” ပုဖန်က ပြောလိုက်သည်။


“ငါ… ငါပြောတာ မှားလို့လား… အခု ငါ့အကိုရဲ့ အခြေအနေကို ကြည့်လိုက်လေ… အရင်ကထက် သူပိုပြီး နာကျင်ခံစားနေရတယ်…” ရှောင်ခယ်ချန်းက သူ၏ အသံကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ခက်ခက်ခဲခဲ ကြီုးစား၍ ပြန်ပြောလိုက်သည်။


သို့သော် ရှောင်ခယ်ယွင်၏ ယခင်ကထက် ပိုမိုဆိုးဝါးနေသော အခြေအနေကြောင့် သူက အနည်းငယ် ယုံကြည်မှု ရှိနေလေသည်။


ပုဖန်က လှောင်ပြောင်သရော်လိုဟန်နှင့် အေးစက်စက် ပြုံ့လိုက်ပြီး ဝှိုက်တီ၏ ၀မ်းဗိုက်ကို အသာပွတ်လိုက်သည်။ သူက ရှောင်ခယ်ချန်းကို စကားတစ်ခွန်းပင် ဆက်မပြောလိုတော့ပေ။


“ရှောင်ခယ်ချန်းက သူ့ကိုယ်သူ ဘာထင်နေတာလဲ…”


“ဝှိုက်တီ.. သူ့ကို အ၀တ်တွေချွတ်ပြီး အပြင်ကို ပစ်ထုတ်လိုက်… ငါသူ့ကို မြင်နေရတာ စိတ်အနှောက်အယှက်ဖြစ်တယ်…” ပုဖန်က ဝှိုက်တီကို အမိန့်ပေးလိုက်သည်။


ရှောင်မိသားစု၀င်များက အံ့အားသင့်သွားကြလေသည်။


ရှောင်ယန်ယုက ရယ်စရာတစ်ခု တွေ့လိုက်ရသကဲ့သို့ သဘောကျသွာေးလသည်။


“ပိုင်ရှင်ပုကတော့…အပျော်ရှာနေပြန်ပြီ…”


၀ှိုက်တီက ပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်၀န်းများက တောက်ပသွာေးလသည်။ ထို့နောက် စက်ရုပ်သံက ထွက်ပေါ်လာလေသည်။


“ပြသနာကောင်… တခြားသူတွေကို ဥပမာပေးဖို့ မင်းရဲက အ၀တ်အစားတွေကို ချွတ်ပသ်ရမယ်…”


“ဘာလဲ… ဒါက ဘာကြီးလဲ…”


ရှောင်ခယ်ချန်းက သူ့ဆီသို့ တစ်လှမ်းခြင်း တိုးလာသော ဝှိုက်တီကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေပြီး သူ့ခန္ဒာကိုယ်မှ အမွှေးအမျှင်များ ထောင်ထလာသည်ဟု ခံစားလိုက်ရသည်။ သူ၏ လက်ကို ရင်ဘက်ရှေ့တွင် ကာလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။


လှုပ်ရှားလာသော ဝှိုက်တီကို မြင်လိုက်သည်နှင့် ရှောင်မိသားစု၀င်များက တုတ်တုတ်မျှ မလှုပ်ရဲကြတော့ချေ။ သူတို့အားလုံး၏ စိတ်ထဲတွင် အဆင့်ခြောက် အင်ပါယာအဆင့် ခြောက်ယောက်ကို သတ်ဖြတ်ထားသော ဝှိုက်တီ၏ ပုံရိပ်က စွဲထင်နေလေသည်။ ထိုကဲ့သို့သော သတ်ဖြတ်ခြင်း စက်ရုပ်တစ်ရုပ်ကိုသူတို့အနေနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း မရှိပေ။


ရွ့ပ်…


ရှောင်မိသားစု၀င်များ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင်ပင် ဝှိုက်တီက ရှောင်ခယ်ချန်း၏ ခန္ဒာကိုယ်ကို ဆွဲယူလိုက်ပြီး ပစ်ထုတ်လိုက်လေသည်။ ထို့နောက် အားလုံး၏ နားထဲတွင် ကြည်လင်သော အသံကို ကြားလိုက်ရလေသည်။


အ၀တ်မပါသော ခန္ဒာကိုယ်က လေထဲတွင် လွင့်စင်သွားပြီး မီးဖိုချောင်နောက်မှ မြေပြင်ပေါ်သို့ ကျသွားလေသည်။ 


“အား… မိမစစ် ဖမစစ်လေး…” ရှောင်ခယ်ချန်းက ဒေါသတကြီးနှင့် အောလိုက်လေသည်။


ထို့နောက် သူ၏ လျို့ဝှက်နေရာသို့ အလျင်အမြန် ဖုံးကာလိုက်သည်။ သူ၏ မျက်နှာကလည်း ဒေါသကြောင့် မီးတောက်နေသကဲ့သို့ပင် ထင်ရလေသည်။


တံခါး၀တွင် ရပ်နေသော ဝှိုက်တီက သူ၏ ခန္ဒာကိုယ်ကို စစ်ဆေးလိုက်သည်။


ဒေါသပေါက်ကွဲနေသော ရှောင်ခယ်ချန်းက သူ၏ ခေါင်းပေါ်မှ ရေအေးအေးနှင့် လောင်းချလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။ ထို့နောက် ထိုနေရာမှ ထွက်ခွာသွားလေသည်။ 


တောက်ပလှသော နေ၀င်ဆည်းဆာအောက်တွင် လူတိုင်းက ဖုံးကွယ်ထားသော သူ၏ လျို့ဝှက်အစိတ်အပိုင်းကို မြင်နေရလေသည်။ ပုဖန်က ထိုမြင်ကွင်းများနှင့် အလွန်ရင်းနှီးနေသောကြောင့် တည်တည်ငြိမ်ငြိမ်ပင် ရှိနေလေသည်။ သူ၏ ရှေ့မှောက်တွင်ပင် ဝှိုက်တီက လူပေါင်းများစွာကို ချွတ်ခဲ့ပြီး ဖြစ်သည်။ 


ပုဖန်က မြေပြင်ပေါ်တွင် လူးလိမ့်နေသော ရှောင်ခယ်ယွင်၏ ခန္ဒာကိုယ်ကို စစ်ဆေးလိုက်သည်။ ထို့နောက် သူ၏ မျက်၀န်းများက တောက်ပသွားလေသည်။


“အင်း… အချိန်ကျပြီပဲ…”


တခဏအတွင်းတွင်ပင် ရှောင်ခယ်ယွင်၏ ခန္ဒာကိုယ်မှ ပုပ်စက်လှသော အနံ့ဆိုးများ နှင့်အတူ အနက်ရောင်အစေ့များ ထွက်ပေါ်လာလေသည်။