အပိုင်း ၂၆၆
Viewers 53k

အခန်း ၂၆၆ “၀က်သားပေါင်မုန့်ကြော်…”


ဆိုးဝါးလှသော ရနံ့များက မီးဖိုချောင်ထဲတွင် ပြန့်နှံ့လာသောကြောင့် လူတိုင်းက ရွံရှာဟန်နှင့် နှာခေါင်းပိတ်ထားလိုက်ကြသည်။ ထိုရနံ့များက အလွန်ဆိုးဝါးလှပေသည်။ 


ပုဖန်က မျက်မှောင်ကြုံ့လိုက်ပြီး သူ၏ နှာခေါင်းရှေ့ကို အင်္ကျံလက်နှင့် ခါလိုက်သည်။ ထို့နောက် မီးဖိုခန်းထဲမှ လျောက်ထွက်လာပြီး အေးအေးသက်သာ ပြောလိုက်သည်။


“သူ့ကို တစ်ယောက်ယောက် စောင့်ကြည့်ထားလိုက်… အဆိပ်တွေပြေသွားတာနဲ့ သူပြန်သက်သာလိမ့်မယ်…”


ပုဖန်ရှေ့မှ လူက ပုဖန်ကို ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေလေသည်။


နောက်ဆုံးတွင် မီးဖိုချောင်ထဲမှ လူများအားလုံးထွက်သွားကြပြီး လင်းချီအာနှင့် ရှောင်ယန်ယုသာ ကျန်ခဲ့လေသည်။


ထို့နောက် ရှောင်ယန်ယုက ထွက်လာပြီး ပုဖန်ကို အဖော်ပြု၍ ဥယျာဉ်တော်ထဲတွင် လမ်းလျောက်နေလေသည်။


နေမင်းက နောက်ဆုံးအလင်းရောင်ကို ထုတ်လွှတ်၍ မိုးကုတ်စက်ဝိုင်းအစွန်းသို့ တိုး၀င်ပျောက်ကွယ်သွားလေသည်။ နေကွယ်ချိန်တွင် ထွက်ပေါ်လာသော အရိပ်တစ်စုံက လေထုကို ထူးခြားစေလေသည်။ အမှောင်ရိပ်များက ကောင်းကင်ယံကို တဖြည်းဖြည်း စိုးမိုးလာပြီး လင်းလက်တောက်ပနေသော ကြယ်များနှင့် လခြမ်းကွေးတစ်စုံပါ ထွက်ပေါ်လာလေသည်။ 


နောက်ဆုံး၌ ရှောင်ယန်ယုနှင့် ပုဖန်တို့က ရှောင်မိသားစု၏ ခန်းမဆီသို့ ရောက်လာကြသည်။ ထိုအချိန်တွင် ရှောင်ခယ်ယွင်က အပြည့်အ၀ ပြန်လည်သက်သာနေပြီဖြစ်သည်။ သူ့ကိုယ်ပေါ်မှ မသန့်စင်သော အဆိပ်အငွေ့အသက်များကို ရေချိုးသန့်စင်ထားသော်လည်း သူ၏ မျက်နှာနှင့် နှုတ်ခမ်းများက ဖြူဖျော့နေပြီး ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ထိခိုက်လွယ်နေတုန်းပင် ဖြစ်သည်။ ထိုအခြေအနေအရ အဆိပ်များ ထုတ်ပယ်သည့် ဖြစ်စဉ်က အလွန်ဆင်းရဲပင်ပန်းလှကြောင်း ပေါ်လွင်နေလေသည်။ သို့သော်လည်း ရှောင်ခယ်ယွင်နှင့် လင်းချီအာတို့၏ မျက်နှာများပေါ်တွင် တောက်ပသော အပြုံးများ ဖြစ်ပေါ်နေလေသည်။


ရှောင်မိသားစု၀င်များကလည်း များစွာ စိတ်သက်သာရာ ရသွားကြလေသည်။ ရှောင်ခယ်ယွင်၏ ခန္ဒာကိုယ်ထဲမှ အဆိပ်များအားလုံးက ပျောက်ပျယ်သွားပြီဖြစ်ကြောင်း သူတို့ သိနေကြလေသည်။


“ကျွန်တော့်ရဲ့ အသက်ကို ကယ်ခဲ့လို့ ကျေးဇူးတင်ပါတယ်… သခင်လေးပု…”


ရှောင်ခယ်ယွင်က ထိုင်ခုံမှ ထရပ်လိုက်သည်။ သူ၏ ခန္ဒာကိုယ်က အလွန်အားနည်းနေသော်လည်း အားတင်း၍ မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဆုတ်လိုက်ကာ ပုဖန်ကို အရိုအသေ ပြုလိုက်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း ကျေးဇူးတင်သည့် အမူအယာများ ဖြစ်ပေါ်နေလေသည်။ 


ပုဖန်က လက်ကို ဝှေ့ရမ်းလိုက်သည်။


“မင်းရဲ့ ခန္ဒာကိုယ်ထဲမှာ အဆိပ်တွေ မရှိတော့ဘူးဆိုပေမယ့် … မင်းက အားနည်းနေတုန်းပဲ.. အဲဒါက ဘာလို့လဲဆိုတော့ မင်းအခြေအနေက အရမ်းကို ဆိုးဝါးခဲ့လို့ပဲ… အခု အဆိပ်တွေကို ဖယ်ရှားပြီးပြီဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေက မင်းကို ထိခိုက်နေဦးမှာ… မင်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို ပြန်တည်ဆောက်တဲ့ အချိန်မှာလည်း အားနည်းနေတဲ့ မင်းရဲ့ ခန္ဒာကိုယ်ကြောင့် ထိခိုက်မှုတွေ ရှိနိုင်တယ်…”


ပုဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။


ရှောင်ခယ်ယွင်က တိတ်ဆိတ်သွားလေသည်။ သူက အဆင့်ခြောက် အင်ပါယာအဆင့်တစ်ယောက် ဖြစ်သော်လည်း အဆိပ်များကို ဖယ်ရှားပြီးသည့်အချိန်တွင် ဘုရင်အဆင့်သို့ ပြန်ကျသွားပြီးး ယခင်ကထက် အားနည်းသွားလေသည်။ သူ၏ ခန္ဒာကိုယ်က အလွန်ပင်ပန်း နွယ်နယ်နေပြီး အချိန်အကြာကြီး အနားယူရပေလိမ့်မည်။ သည်တစ်ကြိမ်တွင် ကြီးကြီးမားမား ဆုံးရှုံးခဲ့သည်ဟု ဆိုနိုင်ပေသည်။ 


ပုဖန်က အခြားသူများနှင့် စကားမပြောတော့ပဲ သူ့အတွက် ပြင်ဆင်ထားသော ဧည့်သည်အခန်းဆီသို့ သွားလိုက်လေသည်။ သူက အလွန်ပင်ပန်းနွမ်းနယ်နေသောကြောင့် အလျင်အမြန် ရေချိုးလိုက်ပြီး အနားယူလိုက်လေသည်။ 


သူ၏ စွမ်းအင်များအားလုံး သုံးစွဲခဲ့သည်ဟု ပြောခဲ့သည်မှာ အနည်းငယ် ချဲ့ကားပြောဆိုထားခြင်းသာ ဖြစ်သည်။ ပုဖန်က အဆင့်ခုနစ် နတ်ဆိုးငါးကို တိုက်ခိုက်ပြီးနောက် သက်စောင့်ဟင်းပွဲကို ချက်ပြုတ်ခဲ့သော်လည်း ထိုအရာများက စမ်းသပ်စစ်ဆေးသည့် တာ၀န်များသာ ဖြစ်သည်။ အထူးသဖြင့် အဆင့်ခုနစ် နတ်ဆိုးငါးကို တိုက်ခိုက်ရာတွင် သူအလွန်ပင်ပန်းနွမ်းနယ်ခဲ့ရလေသည်။ သာမာန်အခြေအနေတွင် ပုဖန်က ထိုကဲ့သို့ သွေးထွက်သံယို ကိစ္စများကို မနှစ်သက်သောကြောင့် အင်အားသုံးရမည့် ကိစ္စများတွင် ပါ၀င်လေ့မရှိပေ။


နောက်တစ်နေ့မနက် နေထွက်ချိန်တွင် နွေးထွေးလှသော နေရောင်ခြည်က အခန်းထဲသို့ ဖြာကျနေလေသည်။ နေရာင်ခြည်က ပြတင်းတံခါးကို ဖြတ်၍ အခန်းကို နွေးထွေးလာစေလေသည်။ 


ပုဖန်က အိပ်ယာမှ ထလိုက်ပြီး အကြောဆန့်လိုက်ကာ ထရပ်လိုက်သည်။ ထို့နောက် သန့်ရှင်းရေးလုပ်လိုက်ပြီး အခန်းပြင်သို့ ထွက်လာလေသည်။ 


ရှောင်မိသားစု၏ ဥယျာဉ်တော်အခြေအနေက အလွန်ကောင်းမွန်လှသည်။ အထူးသဖြင့် လတ်ဆတ်လှသော လေများ ရနိင်လေသည်။ နံနက်စောစော နေရောင်ခြည် လွှမ်းခြုံမှုကြောင့် မြေပြင်က ရွှေရောင် တောက်ပနေလေသည်။


ပုဖန်က ဥယျာဉ်တော်အတွင်းမှ ကျောက်တုံးများနှင့် တန်ဆာဆင်ထားသည့် နေရာတွင် လျောက်နေလေသည်။ ထိုအချိန်တွင် သူ၏ ခန္ဒာကိုယ်က အေးမြလန်းဆန်းနေပြီး သက်တောင့်သက်သာနှင့် လန်းဆန်းနေလေသည်။ အချိန်အနည်းငယ်မျှ လမ်းလျောက်ပြီးနောက် သူ့ဆီသို့ ဦးတည်လာသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။


ရှောင်ယန်ယုက ဖြာကျနေသော နေရောင်အောက်တွင် မတ်တပ်ရပ်နေသော အေးဆေးပြီး တသီးတသန့် ဆန်လှသည့် ပုဖန်ကို စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်နှာအမူအယာကလည်း ပြောင်းလဲနေလေသည်။ ယခုအချိန်တွင် ပုဖန်ထုတ်ပြခဲ့သော ပြိုင်ဘက်ကင်းစွမ်းရည်များကို တွေးတောနေလေသည်။ သို့သော်လည်း သူမတွင် လုပ်စရာ ကိစ္စများ ရှိသောကြောင့် အတွေးများထဲမှ ရုန်းထွက်လိုက်လေသည်။


ပုဖန်က ရှောင်ယန်ယု၏ ဦးဆောင်မှုနှင့် ရှောင်မိသားစု၏ အဓိကခန်းမသို့ ရောက်ရှိလာလေသည်။ ထ်ိုနေရာတွင် လူအနည်းငယ်သာ ရှိနေသော်လည်း လေထုထဲတွင် မွှေးပျံ့လှသော ရနံ့များ ထွက်ပေါ်နေလေသည်။ ပုဖန်က ထိုရနံ့များကို ချက်ချင်း သတိထားမိသွားပြီး သူ၏ မျက်၀န်းများက တောက်ပသွားလေသည်။ အစားကောင်းကြိုက်သူ တစ်ယောက်အနေနှင့် ပုဖန်က နိုးကြားတက်ကြွလာလေသည်။


“ပိုင်ရှင်ပုက ဦးလေးရဲ့ အသက်ကို ကယ်ပေးလို့ ဒေါ်လေးလင်းက ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သူမကိုယ်တိုင် မီးဖိုချောင်ထဲ၀င်ပြီး နင့်အတွက် ၀က်သားပေါင်မုန့်ကြော် လုပ်ပေးထားတာ….” ရှောင်ယန်ယုက ရှင်းပြလိုက်သည်။


ပုဖန်က အံ့အားသင့်သွားလေသည်။ 


“ဒါက စိတ်၀င်စားစရာပဲ…”


ထို့နောက် သူက ခန်းမထဲသို့ ခြေလှမ်းကျဲများနှင့် လျောက်၀င်လိုက်ပြီး ထိုင်ခုံတစ်ခုတွင် ၀င်ထိုင်လိုက်သည်။ ထိုအချိန်တွင် လင်းချီအာက စားချင်စဖွယ် ၀က်သားပေါင်မုန့်ကြော်ပန်းကန်ကို ကိုင်၍ လျောက်လာလေသည်။ သူမ၏ မျက်နှာက ဖြူဖျော့နေပြီး နှုတ်ခမ်းပါးလေးများက တဆတ်ဆတ် တုန်နေလေသည်။


“သခင်လေးပု… ဒီ၀က်သားပေါင်မုန့်ကြော်က နင် ငါ့ခင်ပွန်းကို ပေးခဲ့တာနဲ့ နှိုင်းယှဉ်လို့ မရပေမယ့် ဒါကို ငါတို့ရဲ့ သေးငယ်တဲ့လက်ဆောင်တစ်ခုအနေနဲ့ တွေးပေးပါ… ငါ့ရဲ့ အချက်အပြုတ်စွမ်းရည်က နင့်ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်…” လင်းချီအာက နူးညံ့သော အပြုံးတစ်ခုနှင့် ပြောလိုက်သည်။


“၀က်သားပေါင်မုန့်ကြော်…”


ပုဖန်၏ မျက်၀န်းများက တောက်ပလင်းလက်နေပြီး ခေါင်းညိမ့်ပြလိုက်သည်။ သူ့ရှေ့မှ ပန်းကန်ထဲတွင် သိပ်မကြီးမားသော ပေါင်မုန့်ကြော်လေးခု ရှိနေလေသည်။ ကောင်းစွာ ကြော်ထားသောကြောင့် ပေါင်မုန့်ကြော်က ရွှေရောင်တောက်ပနေပြီး မွှေးရနံ့များ သိပ်သည်းစွာ ထုတ်လွှတ်နေလေသည်။ ပေါင်မုန့်ကြော်၏အထက်တွင်လည်း အငွေ့တထောင်းထောင်း ထနေလေသည်။ 


ရွှေရောင်သမ်းနေသော သွင်ပြင်က အလွန်နှစ်သက်ဖွယ်ရာ ဖြစ်နေလေသည်။ ပေါင်မုန့်ကြော်ပေးမှ ဆီစက်လေးတစ်ခုက အချဉ်ရည်အတွင်းသို့ ကျသွားပြီး သေးငယ်သော ပူစီပေါင်းများ ထလာလေသည်။ ၀က်သားပေါင်မုန့်ကြော်က တောင်ပိုင်းမြို့တော်၏ အထက်ကရ စားစရာတစ်ခု ဖြစ်သည်။ 


ယခင်က စားခဲ့ဖူးသော ၀က်သားပေါင်မုန့်ကြော်ကို ပုဖန်က ပြန်သတိရသွားလေသည်။ ကြော်ထားသော ပေါင်မုန့်၏ အပြင်လွှာက ကြွပ်ရွနေပြီး သူ၏ အသွင်အပြင် အလွန်ကောင်းမွန်လှသည်။ သို့သော်လည်း ထိုပေါင်မုန့်ကြော်၏ အရသာကို ပုဖန်ကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ခြင်း မရှိပေ။ သူက ချီးကျူးခံထိုက်သော ပေါင်မုန့်အရသာကို သိလိုခဲ့သော်လည်း လင်းချီအာ၏ ပေါင်မုန့်ကို အချိန်အတော်ကြာထိ မြည်းစမ်းနိင်ခြင်း မရှိပေ။ ထိုပေါင်မုန့်ကြော်က သူ့ကို စိတ်မပျက်သွားစေရန် မျှော်လင့်မိလေသည်။


လင်းချီအာ၏ ခန္ဒာကိုယ်က အနည်းငယ် တုန်ယင်နေသောကြောင့် ပန်းကန်ကို စားပွဲပေါ် ချပြီးသည်နှင့် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ရသည်။ သူမ၏ ခန္ဒာကိုယ်က အားနည်းနေပုံပေါ်ပြီး အသက်ရှူကြပ်နေသယောင် ထင်ရလေသည်။


ပုဖန်က လင်းချီအာကို တစ်ချက်စောင်းကြည့်လိုက်ပြီး သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် တူကို ယူ၍ ပေါင်မုန့်တစ်ခုကို ညှပ်ယူလိုက်သည်။ သူက ပေါင်မုန့်ကို အနည်းငယ် လှည့်ပတ်ကြည့်လိုက့်ပီး ခပ်ကြီးကြီး ကိုက်လိုက်သည်။ ကိုက်လိုက်သည်နှင့် ပေါင်မုန့်အတွင်းမှ အရသာရှိသော အချဉ်ရည်၏ အရသာကြောင့် ပုဖန်း၏ ခန္ဒာကိုယ်ပင် တုန်ခါသွားလေသည်။ ထိုအရသာက အံ့အားသင့် တုန်လှုပ်ဖွယ် ကောင်းလှပေသည်။ 


ပုဖန်က အသားနှင့် အသီးအရွက်များကို ပြည့်စုံစွာ ပေါင်းစပ်ထားသော မွှေးရနံ့ကို ခံစားလိုက်ရလေသည်။ ထို့နောက် ပုဖန်၏ နှုတ်ခမ်းလေးများက မထိန်းချုပ်နိုင်တော့ပဲ ပြုံးတော့မယောင် ကွေးညွှတ်သွားလေသည်။


တောင်ပိုင်းမြို့တော်တွင် သူမြည်းစမ်းခဲ့သော အခြား၀က်သားပေါင်မုန့်ကြော်များထက် ပို၍ ကောင်းမွန်နေလေသည်။ ထို့အပြင် သေချာစွာ ဝါးစားပြီးနောက် တန်ဖိုးရှိသည့် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားလေသည်။ ထိုအရာက လင်းချီအာ၏ ၀က်သားပေါင်မုန့်ကြော်ထဲတွင် စိတ်ဝိဥာဉ်စွမ်းအင်များ ပါ၀င်နေခြင်း ဖြစ်သည်။ ထိုစွမ်းအင်များက နည်းပါးလှသော်လည်း ပါ၀င်ပစ္စည်းများထဲတွက် ထိန်းသိမ်းထားနိုင်ဆဲပင် ဖြစ်သည်။


လင်းချီအာ၏ ၀က်သားပေါင်မုန့်ကြော်ထဲတွင် ရှားပါးလှသော ပါ၀င်ပစ္စည်းများ မသုံးထားသောကြောင့် စွမ်းအင်နည်းပါးနေခြင်း ဖြစ်နိုင်လေသည်။ သို့သော်လည်း လင်းချီအာက စိဝိဥာဉ်စွမ်းအင်များကို ထိမ်းသိမ်းထားနိုင်သည်သာ ဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုသို့ ပြုလုပ်နိုင်သည်ကို ပုဖန်ပင် မှင်သက်သွားရလေသည်။


လင်းချီအာ၏ မျက်နှာက ထို့ကြောင့် မသက်မသာ ဖြစ်နေခြင်း ဖြစ်နိုင်လေသည်။ ပါ၀င်ပစ္စည်းများထဲမှ စွမ်းအင်များကို ထိမ်းသိမ်းရသည်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။ သူမ၏ အခြေ00အနေအရ ဤဟင်းပွဲကို ပြုလုပ်နိုင်ရန် စွမ်းအင်အမြောက်အများ သုံးစွဲရပေလိမ့်မည်။ 


စိတ်ဝိဥာဉ်စွမ်းအင်များကို ထိမ်းသိမ်းလိုလျင် ပါ၀င်ပစ္စည်းများထဲမှ စိတ်ဝိဥာဉ်စွမ်းအင်များနှင့် ဆက်သွယ်နိုင်ရမည်ဖြစ်သည်။ ထိုအဓိပ္ပါယ်မှာ ပါ၀င်ပစ္စည်းများမှတ် ထုတ်လွှင့်နေသော စွမ်းအင်ကြိမ်နှုန်းကို ထပ်တူတုန့်ပြန်နိုင်ခြင်းပင် ဖြစ်သည်။ ထိုသို့ ကြိုးပမ်းမှုမျိုးက လူတစ်ယောက်၏ စွမ်းအားနှင့် စိတ်ဝိဥာဉ်အပေါ် ကြီးမားသော ဖိနှိပ်မှုကို ဖြစ်စေနိုင်လေသည်။


ပုဖန်အတွက်မူ စိတ်ဝိဥာဉ်စွမ်းအင်များကို ဆရာကျကျ ထိန်းချုပ်နေနိုင်ပြီဖြစ်သည်။ သူ၏ စိတ်စွမ်းအင်ကလည်း ခက်ခဲသော တာ၀န်းများကို ပြုလုပ်ရန် လုံလောက်နေပြီဖြစ်သည်။ ဤဟင်းပွဲကို ပြုလုပ်နိုင်ရန် လင်းချီအာက ခက်ခက်ခဲခဲ ကြိုးစားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့်သာ ရှောင်ခယ်ယွင်က သူမကို ၀က်သားပေါင်မုန့်ကြော် ဆက်မလုပ်ခိုင်းခြင်း ဖြစ်နိုင်ပေသည်။


“မဆိုးပါဘူး…”


ထိုအချက်များကို သတိပြုမိပြီးနောက် ပုဖန်က ဟင်းလျာကို မဝေဖန်တော့ပဲ စကားလုံးအချို့သာ ပြောလိုက်လေသည်။


လင်းချီအာ၏ စွမ်းအင်အဆင့်နှင့် ထိုဟင်းပွဲကို ပြုလုပ်ရန် လွယ်ကူခဲ့လိမ့်မည်မဟုတ်ပေ။ ပုဖန်၏ စိတ်ထဲတွင် သူမကို လေးစားနေမိလေသည်။ ထိုသို့ ပြောစမှတ်ပြုလောက်ဖွယ် အရသာကောင်းမွန်လှသော အစားအသောက်တစ်ခု ဖြစ်လာစေရန် သူမအနေနှင့် အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရပေလိမ့်မည်။ 


ရွှပ်…


ပုဖန်၏ စိတ်ထဲတွင် စာရွက်လှန်သံတစ်ခု ထွက်ပေါ်လာသောကြောင့် သူ၏ မျက်၀န်းများ တောက်ပသွားလေသည်။ မှတ်စုစာအုပ်ထဲတွင် နောက်ထပ် ဟင်းလျာအသစ်တစ်မျိုး ရေးမှတ်ထားပြီးသည်ကို ခံစားမိလိုက်လေသည်။


ပုဖန်က နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေး၍ ပြုံးလိုက်ပြီးနောက် ပေါင်မုန့်ကြော်များကို ဆက်စားလိုက်လေသည်။ တစ်ပန်းကန်လုံး ကုန်သွားပြီးနောက် ပုဖန်က စိတ်ကျေနပ်စွာနှင့် အသက်ရှူထုတ်လိုက်လေသည်။ 


လင်းချီအာက ပုဖန်၏ အမူအယာကြောင့် စိတ်သက်သာရာ ရသွားလေသည်။ သူမချက်ပြုတ်ထားသော အစားအသောက်တစ်ခုကို စားသောက်လိုက်သူ၏ မျက်နှာပေါ်မှ အပြုံးကို မြင်ရသည်မှာ ကျေနပ်ဖွယ်ကောင်းလှပေသည်။ 


ထိုအချိန်တွင် တောင်ပိုင်းမြို့တော်၌ အခြေအနေအားလံး တည်ငြိမ်သွားပြီဖြစ်သည်။ ပုဖန်ကလည်း ၀က်သားပေါင်မုန့်ကြော်ကို စားသောက်ပြီး ဖြစ်သောကြောင့် ပြန်ရန် အချိန်ကျရောက်လာပြီဟု သိလိုက်လေသည်။ တောင်ပိုင်းမြို့တော်သို့ လာခဲ့သည့် ခရီးစဉ်က အောင်မြင်သည်ဟု ယူဆနိုင်လေသည်။


ဤအတောအတွင်းတွင် ရင်းနှီးကျွမ်း၀င်နေသော အဆိပ်ဆေးလုံးများ အနက်ရောင်၀တ်စုံနှင့် လူများအပါအ၀င် ကိစ္စရပ်အချို့ ဖြစ်ပွားခဲ့လေသည်။ သို့သော်လည်း ပုဖန်က ထိုအရာများကို ဂရုစိုက်ခြင်း မရှိပေ။ ထိုကိစ္စများက သူ့အလုပ်မဟုတ်သောကြောင့် သူ့အတွက် အကျိုးမရှိလျင် ပါ၀င်ပတ်သတ်မည်မဟုတ်ပေ။


ပုဖန်က ရှောင်စံအိမ်တော်တွင် ဆက်မနေတော့ပဲ ရှောင်ယန်ယုနှင့် အခြားသူများကို ချက်ချင်းနှုတ်ဆက်၍ ဝှိုက်တီနှင့်အတူ ထွက်ခွာသွားလေသည်။ သူတို့က တောင်ပိုင်းမြို့တော်မှ ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြလေသည်။ နဂါးမြစ်ထက်မှ ပုဖန်က ဖြတ်လျောက်သွားပြီး ဝှိုက်တီက နောက်မှ လိုက်ပါသွားလေသည်။ 


ရှောင်ယန်ယုက ပုဖန်၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်ပြီး သူမ၏ စိတ်ထဲတွင် စိတ်ပျက်မှုကို ခံစားနေရလေသည်။ သို့သော်လည်း သူမက ချက်ချင်းပင် ထိုခံစားချက်ကို မေ့ဖျောက်လိုက်ပြီး တည်ငြိမ်သော အမူအယာက ပြန်လည်၀င်ရောက်လာလေသည်။ သူမကို တောင်ပိုင်းမြို့တော်သို့ လာစေခဲ့သော ထူးခြားဆန်းကျယ်သည့် လူများအပါအ၀င် သူမမိသားစုအတွက် ပြည်လည်ပြုပြင်ရန် ကိစ္စများ ရှိနေသေးသောကြောင့် သူမက တောင်ပိုင်းမြို့တော်မှ ထွက်ခွာသွားနိုင်ခြင်း မရှိသေးချေ။


တောင်ပိုင်မြို့တော်အပြင်ဘက် ဆယ်မိုင်အဆောက်အဦးတွက် အလင်းအစက်အပျောက်များ ဖြစ်ပေါ်လာပြီး လေပြင်းများ တိုက်ခတ်လာလေသည်။ ကြမ်းတမ်းလှသော လေပြင်းအောက်တွင် ပုဖန်၏ ဆံပင်များက လွင့်မျောနေလေသည်။ သူက မုန်တိုင်းအလယ်သို့ ခြေလှမ်းလိုက်ပြီး လေထုထဲတွင် ပျောက်ကွယ်သွားလေသည်။