အပိုင်း ၂၆၇
Viewers 53k

အခန်း ၂၆၇ “မင်းက ဘယ်ဟင်းပွဲကို စိတ်မကျေနပ်တာလဲ”


လေအလင်းအင်ပါယာ အင်ပါယာ မြို့တော်တွင် ဂျိချန်းရွဲ့က ခန်းမကျယ်ကြီးထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာနှင့် ထိုင်နေလေသည်။ သူ၏ လက်ထဲတွင်လည်း စာတစ်စောင်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားသောကြောင့် ထိုစာက ရှုံ့တွနေလေသည်။ ဂျိချန်းရွဲ့က သွေးနီရောင် တောက်ပနေသော မျက်၀န်းများနှင့် ထိုစာကို စိုက်ကြည့်နေလေသည်။


တခဏမျှ ကြာပြီးနောက် ဂျိချန်းရွဲ့က ဆုတ်ကိုင်ထားသည်ကို ဖြေလျော့လိုက်လေသည်။ ထို့နောက် သူ၏ ခန္ဒာကိုယ်က အားအင်ကုန်ခမ်းသွားသကဲ့သို့ ပလ္လင်ပေါ်တွင် မှီချလိုက်ပြီး လက်ထဲမှ စာကလည်း လွတ်ကျသွားလေသည်။


“သေပြီ… မိန်းမစိုးခေါင်းဆောင်လျန်က တကယ်ပဲ သေသွားပြီ…”


ဂျိချန်းရွဲ့က တီးတိုးရေရွတ်လိုက်သည်။ သူ၏ မျက်နှာထက်တွင် ခါးသီးမှုများနှင့် ပြည့်နှက်နေပြီး မျက်၀န်းများက ကြေကွဲ၀မ်းနဲနေဟန် ရလေသည်။ မိန်းမစိုးလျန်က ဂျိချန်းယုကို ဖမ်းဆီးလိုသည်ကို သူဘာကြောင့် ခွင့်ပြုပေးခဲ့မိသည်ကို ပြန်တွေးနေမိလေသည်။ ယခုအခါ ထိုအရာက အဆုံးသတ်သွားပြီဖြစ်သည်။


ဧကရာဇ်ချန်းဖန် နတ်ရွာစံသွားသည့် အချိန်မှ စ၍ မိန်းမစိုးခေါင်းဆောင်လျန်က အင်ပါယာနန်းတော်ကို စောင့်ရှောက်ကာကွယ်ပေးခဲ့သည်။ သူနှင့် စစ်သေနာပတိချုပ် ရှောင်မန်က ဂိုဏ်းများ၏ ကျူးကျော်တိုက်ခိုက်မှုအောက်တွင် အင်ပါယာမြို့တော်ကို လုံခြုံအောင်ကာကွယ်ပေးခဲ့လေသည်။ ယခုအခါ အဆင့်ခုနစ် သူတော်စင်အဆင့်တစ်ယောက် ဖြစ်သော မိန်းမစိုးခေါင်းဆောင်လျန်က ကျဆုံးသွားပြီဖြစ်သည်။


ဘန်း….


ဂျိချန်းရွဲ့က ဒေါသထွက်စွာနှင့် ပလ္လင်ကို လက်သီးနှင့် ထိုးလိုက်သည်။ သူ၏ မျက်နှာက ရဲရဲနီနေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားလိုက်လေသည်။


“သေသင့်တဲ့ ဂျိချန်းယု… ငါတို့က မိန်းမစိုးခေါင်းဆောင်လျန်ရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့တာ.. ဒါတောင်မှ မင်းက သူ့ကို သတ်ဖြတ်လိုက်တယ်…”


လျန်ဖုသေဆုံးရခြင်းက ဂျိချန်းယုနှင့် ပတ်သတ်နေပေလိမ့်မည်။ လျန်ဖုက ဂျိချန်းယုကို သတ်ဖြတ်ရန် သွားခြင်းဖြစ်ပြီး သူ၏ သေဆုံးမှုနှင့် ဂျိချန်းယု၏ သတင်းများက ကိုက်ညီနေလေသည်။


“ဂျိချန်းယုရဲ့ အင်အားက သူတော်စင်အဆင့်တစ်ယောက်ကို သတ်ဖြတ်နိုင်လောက်အောင် သန်မာနေပြီလား… ဒါမှမဟုတ် သူက ကြောက်စရာကောင်းတဲ့ သူတွေနဲ့ ပူးပေါင်းထားတာလား…”


ယခင်အချိန်ကလည်း ဘုရင်ခံယုက ရွှင်လန်းခြင်းဂိုဏ်း အရိုးဖြူနန်းတော်နှင့် အခြားစစ်သည်တော်များနှင့် ပူးပေါင်းခဲ့ဖူးလေသည်။ ယခုအချိန်တွင်လည်း လေအလင်းအင်ပါယာကို ဖြိုခွဲနိုင်ရင် အင်အားကြီး ဂိုဏ်းတစ်ခုနှင့် ပူးပေါင်းထားခြင်းလည်း ဖြစ်နိုင်လေသည်။


လျန်ဖု၏ သေဆုံးခြင်းက ဂျိချန်းရွဲ့၏ နလုံးသားကို ပြင်းထန်စွာ ထိုးနှက်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။


“သတင်းပို့ပါတယ် အရှင်မင်းကြီး…စစ်သေနာပတိချုပ်ရှောင်က တွေ့ခွင့်တောင်းနေပါတယ်…” အဓိကခန်းမ၏ အပြင်ဘက်မှ မိန်းမစိုးတစ်ယောက်က အော်ဟစ်လိုက်သည်။


“သူ့ကို ၀င်ခွင့်ပြုလိုက်…”


ဂျိချန်းရွဲ့၏ အသံ ဆုံးသွားသည်နှင့် သန်မာလှသော ပုံရိပ်တစ်ခုက အခန်းထဲသို့ ၀င်လာလေသည်။


ရှောင်မန်က သွေးနီရောင်သမ်းနေသော ဂျိချန်းရွဲ့၏ မျက်၀န်းများကို ကြည့်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းအသာချလိုက်သည်။ လျန်ဖု၏ သေဆုံးခြင်းက ပေါ့တန်တန် ကိစ္စတစ်ခုမဟုတ်ပေ။ အဆင့်ခုနစ် သူတော်စင်အဆင့်တစ်ယောက် သေဆုံးခြင်းက အင်ပါယာအတွက် အရေးကြီးလှပေသည်။ သို့သော် သူ၏ သတင်းနှင့် နှိုင်းယှဉ်လိုက်လျင်…


“အရှင်မင်းကြီး… ကျွန်တော်မျိုးမှာ အရေးကြီး သတင်းတစ်ခု ရှိနေပါတယ်… ဟန်ယန်းပြည်နယ်… ကျင်းနန်ပြည်နယ်… ရှင်းရွမ်ပြည်နယ်တွေက မြို့ကြီးတွေကို နတ်ဆိုးသားရဲတွေ တိုက်ခိုက်နေကြပါတယ်… အဲဒီမှာ မရေမတွက်နိုင်တဲ့ ထိခိုက်ဒဏ်ရာ ရသူတွေနဲ့ သေဆုံးသူတွေ အများကြီး ရှိနေပါတယ်…”


“ပြီးတော့ အနောက်ပိုင်း ဆန်းကျယ်မြို့တော်မှာလည်း အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ်… အဲဒီမှာလည်း ထိခိုက်သေဆုံးသူတွေ ရှိနေပါတယ်….”


လျန်ဖု၏ သေဆုံးမှုကြောင့် ၀မ်းနည်းကြေကွဲနေသော ဂျိချန်းရွဲ့က သတင်းဆိုးများကြောင့် ပို၍ပင် ခေါင်းကိုက်လာလေသည်။


တချိန်တည်းမှာပင် များပြားလှသော မြို့ကြီးများကို တိုက်ခိုက်ခံနေရလေရာ လေအလင်းအင်ပါယာက မကြာခင်မှာပင် ပြိုလဲသွားနိုင်လေသည်။


“ဘာကြောင့် စိတ်ဝိဥာဉ်သားရဲတွေက တပြိုင်တည်း ထွက်ပေါ်လာတာလဲ… သူတို့က လူသားတွေနဲ့အမြဲလိုလို ယှဉ်တွဲနေထိုင်နေကြတာလေ… ဘာလို့ ရုတ်တရက်ကြီး တိုက်ခိုက်လာကြတာလည်း…”


ဂျိချန်းရွဲ့က တိုက်ခိုက်မှု၏ နောက်ကွယ်တွင် တစ်စုံတစ်ယောက် ရှိလာနိုင်သည်ဟုခန့်မှန်းမိလိုက်သည်။ နွေဦးရာသီတွင် စိတ်ဝိဥာဉ်သားရဲများက အရိုင်းစိတ်၀င်လာနိုင်သော်လည်း အင်ပါယာ၏ သမိုင်းတစ်လျောက်တွင် သားရဲများက လူနေမြို့ကြီးများကို တိုက်ခိုက်သည့် ဖြစ်စဉ်က အလွန်ရှားပါးလှပေသည်။


“စစ်သေနာပတိရှောင်… အဲဒီက အခြေအနေတွေကို စုံစမ်းဖို့အတွက် တစ်ယောက်ယောက် စေလွှတ်လိုက်ပါ… အဲဒီလူက တိကျမှန်ကန်ပြီး အသိဥာဏ်ရှိတဲ့သူ ဖြစ်ပါစေ… ပြီးတော့ မြို့တွေကို ကျူးကျော်တိုက်ခိုက်နေတဲ့ စိတ်ဝိဥာဉ်သားရဲတွေကို တွန်းလှန်နိုင်ဖို့ စစ်သည်တော်တွေ လွှတ်ပေးလိုက်ပါ…”


ဂျိချန်းရွဲ့က သူ၏ လက်ကို ပွတ်၍ ကူရာမဲ့စွာ ပြောလိုက်သည်။ လက်ရှိအချိန်တွင် ထိုအရာက သူလုပ်နိုင်သည့် အကောင်းဆုံး အခြေအနေပင် ဖြစ်သည်။


ရှောင်မန်က ဂျိချန်းရွဲ့ကို ကြည့်၍ သိနားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်ပြီး ခန်းမထဲမှ ပြန်လည်ထွက်ခွာသွားလေသည်။


ဂျိချန်းရွဲ့က နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်ပြီး ခေါင်းကိုမော့၍ သက်ပြင်းချလိုက်သည်။ ရှေးယခင်ကပင် ဧကရာဇ်များ၏ ပခုံးပေါ်၌ လေးလံလှသော ၀န်ထုတ်၀န်ပိုးများ ရှိနေလေသည်။ သို့သော်လည်း အခြားသူများက ထိုနေရာကို ကောင်းမွန်လှသော နေရာတစ်ခုအဖြစ် သတ်မှတ်နေကြပြီး ပလ္လအတွက် တိုက်ခိုက်နေကြသည်။ သူတို့ထဲမှ ဘယ်လောက်များများက ထိုပလ္လင်၏ တာ၀န်များကို ကျော်လွှားဖြတ်သန်းနိုင်မည်နည်း။


ဂျိချန်းရွဲ့က ပိုင်ရှင်ပု၏ ဆိုင်မှ စားကောင်းသောက်ဖွယ်များနှင့် ကောင်းမွန်လှသော ဝိုင်ကို ရုတ်တရက် သတိရသွားလေသည်။ အရာအားလုံး ပြီးဆုံးသွားပြီး သာယာသော နေ့ရက်များသို့ ရောက်လာသည်နှင့် ကောင်းမွန်သော အစားအသောက်များကို သွားရောက်စားသောက်ရပေမည်။


…..


ပုဖန်က သူ၏ဆိုင်သို့ ပြန်ရောက်လာလေသည်။ လေပြင်းများ တိုက်ခတ်လာပြီးနောက် မှော်အစီအရင်မှ ထွက်ပေါ်နေသော အလင်းအစက်အပျောက်လေးများက ပျောက်ကွယ်သွားလေသည်။ နောက်ဆုံးတွင် သူ၏ ကိုယ်ပိုင်အခန်းသို့ ရောက်ရှိလာသောအခါမှ ပုဖန်က စိတ်သက်သာရာ ရမှုကို ခံစားလိုက်ရသည်။ ဝှိုက်တီ ပုံတူစက်ရုပ်ကလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ၏ ခန္ဒာကိုယ်မှပြောမပြနိုင်လောက်သော အနံ့ဆိုးများ ထွက်ပေါ်နေသောကြောင့် နဖူးကြောများ တွန့်သည်အထိ မျက်မှောင်ကြုံ့လိုက်ပြီး ရေချိုးခန်းသို့ သွားကာ ရေချိုးသန့်စင်လိုက်လေသည်။


ပုဖန်၏ ဆံပင်များက အနည်းငယ် စိုစွတ်နေလေသည်။ သူက ၀တ်စုံအသစ်ကို ၀တ်ဆင်လိုက်ပြီး ရေချိုးခန်းထဲမှ လန်းဆန်းတက်ကြွစွာ ထွက်လာလိုက်သည်။ ထို့နောက် ပုဖန်က သူ၏ ဆံပင်ကို မဖီးသင်တော့ပဲ အခန်းထဲမှ ထွက်လာကာ အောက်ထပ်သို့ ဆင်းလာလိုက်သည်။ စားသောက်ဆိုင်မှ ထွက်ခွာလာသည်မှာ ရက်အနည်းငယ် ကြာမြင့်နေပြီဖြစ်သောကြောင့် ဆိုင်၏ အခြေအနေကို သိလိုနေလေသည်။


မီးဖိုခန်းထဲတွင် အနည်းငယ် အလုပ်များနေပုံရလေသည်။ ခုတ်ထစ်ကြော်လှော်သံများကို ကြားနေရလေသည်။ မီးဖိုခန်းနှင့် စားသောက်ခန်းထဲတွင် ရစ်ဝဲနေသော သိပ်သည်းလှသည့် မွှေးရနံ့များက လူတစ်ယောက်ကို အသက်ပြင်းပြင်း ရှူရှိုက်စေလေသည်။


“မဆိုးဘူး… ဒီရက်တေထဲမှာ သူတို့နှစ်ယောက်ရဲ့ အချက်အပြုတ်စွမ်းရည်တွေက တော်တော်တိုးတက်လာတာပဲ…”


ပုဖန်က လေထဲမှ အစားအသောက်များ၏ မွှေးရနံ့များကို ရှူရှိုက်လိုက်ပြီး ရှောင်ရှောင်လုံတို့ နှစ်ယောက်၏ အချက်အပြုတ်စွမ်းရည် တိုးတက်လာသည်ကို ခံစားမိလိုက်သည်။ သူက မီးဖိုချောင်ထဲသို့ မသွားတော့ပဲ စားသောက်ခန်းသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ စားသောက်ခန်းအ၀သို့ ခြေချလိုက်သည်နှင့် ငြင်းခုန်နေသော အသံတချို့ကို ကြားလိုက်ရလေသည်။


ပုဖန်က ချက်ချင်းပင် မျက်မှောင်ကြုံ့လိုက်မိသည်။ သူ၏ ဆိုင်ထဲတွင်အငြင်းအခုန် ဖြစ်ပွားရန် ခဲယဉ်းလှလေသည်။ အထူးသဖြင့် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးနှင့် ပတ်သတ်သည့် ကိစ္စများ ဖြစ်ပွားပြီးနောက် အင်ပါယာ မြို့ထဲမှ လူများက သူ့ဆိုင်ထဲတွင် ထိုသို့ မပြုလုပ်ရဲကြတော့ချေ။ သူ၏ ဆိုင်နံမည်က အင်ပါယာတခွင်လုံး မကျော်ကြားသော်လည်း အင်ပါယာ မြို့တော်တခုလုံးမှ ချမ်းသာကြွယ်၀သူများနှင့် သြဇာအာဏာ ရှိသူများက သူ့ကို အနှောက်အယှက် မပေးရဲကြပေ။


“ဒီလူအိုကြီးက တောင်စဉ်တစ်ထောင်တောင်တန်းကနေ… ဒီကိုရောက်တဲ့အထိ အဝေးကြီး ခရီးနှင်လာရတာ… ဒါတောင်မှ မင်းတို့က ငါ့ကို ဒီလိုပေါက်ကရ စားစရာမျိုးပဲ ပေးရဲတာလား… ဒီဟင်းပွဲရဲ့ နည်းစနစ်နဲ့ အရသာက သိပ်မဆိုးဘူး… ဟင်းပွဲထဲမှာလည်း စိတ်ဝိဥာဉ် စွမ်းအင်တွေ အများကြီး ပါ၀င်နေတယ်… ဒါပေမယ့်လဲ စားသောက်ဆိုင်လေးရဲ့ ကောင်းမွန်လှတဲ့ အစားအသောက်တွေအကြောင်း ငါကြားခဲ့ရတာနဲ့ ယှဉ်လိုက်ရင် အများကြီး ကွာခြားနေတယ်…” မကျေမနပ် အသံတစ်ခုက လေထဲတွင် ပြန့်နှံ့နေလေသည်။


“ငါနင့်ကို ပြောပြီးပြီ… လောလောဆယ်…ဆိုင်ရှင်က ဒီမှာမရှိဘူး… ဒီဟင်းပွဲတွေ အကုန်လုံးကို သူ့ရဲ့ အလုပ်သင်တွေက ချက်ပြုတ်ပေးထားတာ… ဒါကိုလည်း လူတိုင်းက သိတယ်… နင်က ဘာလို့ လာပြီး ဇီဇာကြောင်နေတာလည်း…” ကွမ်းရှောင်ယီ၏ အသံတွင် စိတ်မရှည်မှုများနှင့် ပြည့်နှက်နေလေသည်။


ပုဖန်၏ မျက်၀န်းများက မှေးကျဉ်းသွားလေသည်။


“ဟင်းပွဲတွေရဲ့ အရသာကို မကျေနပ်တဲ့ လူတစ်ယောက် ရှိနေတာလား..”


ပုဖန်က အလျင်အမြန် ကောင်ချက်မချမိစေရန် ထိမ်းသိမ်းလိုက်သည်။ ယုဖူနှင့် ရှောင်ရှောင်လုံတို့၏ အချက်အပြုတ် စွမ်းရည်များက သူ့ကို မမှီသေးသော်လည်း အရသာနှင့် ပါ၀င်သော စွမ်းအင်များက ပေးရသည့် တန်ဖိုးနှင့် ကိုက်ညီနေပေသည်။ ထို့နောက် စားသောက်ခန်းထဲသို့ ၀င်သွားလိုက်လေသည်။ အခန်းထဲတွင် အစားအသောက်များကို ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြသော လူများကို တွေ့လိုက်ရသည်။ ကွမ်းရှောင်ယီက ပုဖန်ရှိရာကို ကျောပေးထားပြီး ၀၀ဖိုင့်ဖိုင့်နှင့် လူအိုကြီးတစ်ယောက်ရှေ့တွင် ရပ်နေလေသည်။


ထို၀၀ဖိုင့်ဖိုင့် အဖိုးအိုက နှစ်လိုဖွယ်ကောင်းသော မျက်နှာအမူအယာရှိပြီး ရူးသွပ်နေသော လူတစ်ယောက် မဖြစ်နိုင်ပေ။ ကွမ်းရှောင်ယီက ထိုသူနှင့် မရပ်မနား ငြင်းခုန်နေလေသည်။


ထိုအဖိုးအိုက စိတ်တိုလာပြီး ရယ်မောလိုက်လေသည်။


“ကလေးမလေး … နင်က တကယ်ကို ကျိုးကြောင်း မဆီလျော်တာပဲ… ငါက ငါ့ရဲ့ အမြင်ကို ငါပြောတာလေ… နင်က ဘာလို့ လက်မခံနိုင်တာလည်း… တကယ်တမ်း ပြောရမယ်ဆိုရင် ဟင်းပွဲတွေရဲ့ အရသာက တော်တော်လေး ကောင်းတယ်ဆိုပေမယ့် ငါကြားထားတဲ့ ကောလဟာလတွေအရဆိုရင် ဟင်းပွဲတွေရဲ့ အရသာက တော်တော်ကြီးကို ကွာနေသေးတယ်…”


ကွမ်းရှောင်ယီက နှုတ်ခမ်းကို ကိုက်၍ ပြန်လည်ချေပရန် ပြင်ဆင်ထားလေသည်။ ယခုအချိန်တွင် သူမက ဆိုင်ငယ်လေးကို ကာကွယ်ရန် အစွမ်းကုန် ပြင်ဆင်ထားလေသည်။ သူက ပြန်ပြောရန် ပြင်လိုက်ချိန်တွင် သူမနောက်မှ တည်ငြိမ်အေးဆေးပြီး နူးညံ့လှသော အသံတစ်ခု ထွက်လာလေသည်။


“ရှောင်ယီ… ငြင်းမနေနဲ့တော့…”


၀၀ဖိုင့်ဖိုင့် အဖိုးအို၏ မျက်၀န်းများက ကျဉ်းမြောင်းသွားပြီး ပုဖန်ကို မော့ကြည့်လိုက်သည်။ သူ၏ နှစ်လိုဖွယ်ကောင်းသော မျက်နှာက ရှက်သွေးဖြာနေသကဲ့သို့ နီရဲနေလေသည်။


ကွမ်းရှောင်ယီကလည်း အံ့အားသင့်သွားပြီးး စိတ်လှုပ်ရှားစွာနှင့် အနောက်ကို လှည့်ကြည့်လိုက်ရာ ခေါင်းရေစိုနှင့် မတ်တပ်ရပ်နေသော ပုဖန်ကို မြင်လိုက်ရလေသည်။


“ပိုင်ရှင်ပု… နင်ပြန်လာပြီလား…”


ကွမ်းရှောင်ယီက မျက်၀န်းများက တောက်ပသွားပြီး ပုဖန်ရှိရာသို့ ပျော်ရွှင်စွာ ပြေးသွားလိုက်သည်။ သို့သော်လည်း သူမက တစုံတစ်ခုကို သတိရသွားပြီး ရပ်လိုက်ကာ ပုဖန်ကို မျက်စောင်းထိုးလိုက်လေသည်။


“ဟမ့် ပိုင်ရှင်ပုက ဒီနေရာကို အမှတ်ရနေသေးတာ အံ့သြစရာပဲ…” ကွမ်းရှောင်ယီက ပါးဖောင်း၍ နှုတ်ခမ်းစူထားလိုက်လေသည်။


ပုဖန်၏ နှုတ်ခမ်းများက နူးညံ့စွာ ကွေးတက်သွားပြီး ကွမ်းရှောင်ယီရှိရာသို့ လျောက်သွားလိုက်ပြီး ခေါင်ကို ခပ်ဖွဖွ ပုတ်လိုက်လေသည်။ ထို့နောက် သူက ၀၀ဖိုင့်ဖိုင့်လူနှင့် မျက်နှာခြင်းဆိုင်လိုက်လေသည်။ ထို့နောက် သူက အဖိုးအိုကို အကဲခတ်လိုက်လေသည်။ ပုဖန် တိုက်ခိုက်ရေးစွမ်းရည်က အသုံးမကျသော်လည်း သူက အဆင့်ခြောက် အင်ပါယာအဆင့်တစ်ယောက်ဖြစ်သောကြောင့် အဖိုးအို၏ ခန္ဒာကိုယ်ထဲတွင် လှည့်ပတ်နေသော ကြောက်မက်ဖွယ်ရာ စွမ်းအင်များကို အာရုံခံလိုက်မိလေသည်။


“ဒီတော့ သူက ကြောက်စရာကောင်းတဲ့ စစ်သည်တော်တစ်ယောက်ပဲ ဖြစ်ရမယ်..”


“မင်းက ဘယ်ဟင်းပွဲကို စိတ်မကျေနပ်တာလည်းဆိုတာ ပြောပါဦး…” ပုဖန်က အဖိုးအိုကို ကြည့်၍ တည်တည်ငြိမ်ငြိမ် မေးလိုက်လေသည်။