အပိုင်း ၅၈
Viewers 12k

လင်းရှောင် ခြံဝင်းထဲပြန်လာပြီးနောက် အနည်းငယ်အံ့အားသင့်နေသည်။
အဲဒီအက က ဘယ်နေရာကများ အရမ်းဆွဲဆောင်မှု ရှိနေတာလဲ ...
လင်းရှောင် သံသယဝင်လာသည်။ သူ၏ကိုယ်ပိုင်အက အကြောင်းကိုသိသောကြောင့် ယုံကြည်ချက်လည်းရှိသည်။
သို့ရာတွင် ထိုအကကို ဖူယွီကျွင်းက အလွန်စွဲလန်းနေမည်ဟု မထင်ထားခဲ့ပေ။
လင်းရှောင် သူ၏အခန်းထဲတွင်စဉ်းစားဆင်ခြင်နေသည်။ အနီးတစ်ပတ်ကို လှည့်ပတ်ကြည့်ပြီးသည့်အခါ မည်သူမျှ မရှိသည်ကိုမြင်၍ မှန်ရှေ့ကိုလျှောက်လာပြီး ကကွက်များကို သရုပ်ဖော်ကြည့်နေသည်။ မှန်ထဲမှ လှုပ်ရှားမှုများကို ကြည့်နေမိသည်။
" အိုး ..."
ကကွက်အချို့ကို ပုံဖော်ပြီးသည်နှင့် အပေါက်ဝမှ အံ့ဩတကြီးအော်သံတစ်ခုကို ကြညးလိုက်ရသည်။ လင်းရှောင် လန့်သွားသဖြင့် သူ၏အကကိုရပ်လိုက်ပြီး တံခါးပေါက်ဆီသို့ကြည့်လိုက်သည်။
ထိုနေရာတွင် အနီရောင်ဝတ်စုံဝတ်ထားပြီး မျက်နှာချေခပ်ပါးပါးလိမ်းထားသည့် ဟုန်ယဲ့ ရှိနေသည်။ လင်းရှောင် သူမကိုစိုက်ကြည့်နေပြီး မျက်နှာက ရှုံ့မဲ့သွားသည်။
ဒီမိန်းမက တစ်နေ့တည်းမှာပဲ သူပြောပြလို့မရတဲ့ လျှို့ဝှက်ချက်နှစ်ခုကို မြင်သွားပြီပေါ့ ...
ဒီမိန်းကလေးက ထင်သလောက်မရိုးရှင်းတာ အမှန်ပဲ ...
ထိုအတွေးဖြင့် လင်းရှောင်က ဟုန်ယဲ့ကို မကြည်မလက်ဖြင့် ကြည့်နေသည်။ ဟုန်ယဲ့က သူမ၏ရိုင်းစိုင်းမှုကိုသိပြီး တံခါးဝတွင် ဒူးထောက်၍ အရိုအသေပြုကာ ဖြေရှင်းနေသည်။
" ဟုန်ယဲ့က သခင်လေးကို နေ့လယ်စာစားတော့မလားလို့ လာမေးတာပါ ... တံခါးမပိတ်ထားတာတွေ့လို့ ဒီတိုင်းဝင်လာခဲ့တာ မထင်မှတ်ပဲ သခင်လေးက ..."
" ထားလိုက်တော့ ထားလိုက်တော့ ..."
ဟုန်ယဲ့၏ ဖြေရှင်းချက်များကို နားမထောင်လ်ုတော့၍ လင်းရှောင် လက်ကာပြလိုက်သည်။
ရည်ရွှယ်ချက်ရှိရှိ လုပ်တာ ဟုတ်ဟုတ် မဟုတ်ဟုတ် မြင်သွားပြီးပြီလေ ဖြေရှင်းချက်တွေနားထောင်ပြီးတော့ရော ဘာအသုံးဝင်မှာလဲ ... သူမစိတ်တိုင်းကျ နေချင်သလိုနေပြီး တံခါးခေါက်ရမှာမသိတဲ့ဟုန်ယဲ့ကို သင်ခန်းစာကောင်းကောင်းပေးဖို့လိုနေပြီထင်တယ် ...
လင်းရှောင်စားပွဲဆီသို့ရောက်လာပြီး ကျကျနနထိုင်လိုက်သည်။ ထို့နောက် လက်ဝှေ့ယမ်းပြပြီး ဟုန်ယဲ့ကိုခေါ်လိုက်သည်။ အနည်းငယ် အံ့အားသင့်သွားသော ဟုန်ယဲ့က သူ့ရှေ့ကိုရောက်လာပြီး နာခံစွာ ရပ်နေလိုက်သည်။
လင်းရှောင်သည်လည်း သဘောထားသေးသိမ်သူမဟုတ်၍ ဟုန်ယဲ့၏ နာခံမှုကြောင့် ရှေ့မှ ခုံတွင်ထိုင်ရန် အမူအယာ‌လုပ်ပြလိုက်သည်။
" ထိုင်ပါ ..."
ဟုန်ယဲ့က ကြင်နာမှုကြောင့် လင်းရှောင်ကို မျှော်လင့်တကြီး ကြည့်နေသည်။ စားပွဲပေါ်မှ လက်ဖက်ရည်အိုးကို ယူပြီး ခွက်နှစ်ခွက်ထဲသို့ ငှဲ့နေလိုက်သည်။ ခုံတွင် မထိုင်ရဲသည့်ဟုန်ယဲ့ကိုမြင်သောအခါ လင်းရှောင်ပြောလိုက်သည်။
" မင်း ငါ့ရှေ့မှာရပ်နေတာကိုမြင်ရတာ နှိပ်စက်ထားမိသလို ခံစားရတယ် ..."
ထိုစကားကိုကြားသည့်အခါ ဟုန်ယဲ့က လင်းရှောင်၏ရှေ့တွင် တရိုတသေဖြင့် ထိုင်လိုက်သည်။
လင်းရှောင်က သူငှဲ့ထားသော လက်ဖက်ရည်ခွက်ကို ပေးလိုက်သည့်အခါ သူမက နူးညံ့သောအသံဖြင့် ပြန်ပြောသည်။
" ကျေးဇူအများကြီးတင်ပါတယ် ..."
လင်းရှောင် အံအားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်သည်။
ကြည့်ရတာ ဒီမိန်းကလေးက သူများမကြိုက်တာကို တမင်ရန်စမယ့်ပုံနဲ့တော့ မတူဘူး ...
ထိုသို့တွေးလိုက်ပြီး လင်းရှောင်ပြုံး၍ပြောလိုက်သည်။
" ဟုန်ယဲ့ မင်းက နွေဦးမျှော်လင့်ချက်စားသောက်ဆိုင်က အကမယ်ဖြစ်ပြီး ရှောင်တိုင်းပြည်ရဲ့ ပထမအဆင့် အမျိုးသမီးဖျော်ဖြေရေးအကမယ် ဟုတ်တယ်မလား ... လူအများစုက မင်းကိုအားပေးပြီး ချစ်ခင်ကြတယ် မင်းကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလုပ်ကို။ကိုင်တွယ်တယ် ... ငါလည်း ဒီကိစ္စကို ဝင်မပါလိုပါဘူး ... ဒါပေမဲ့ မင်းက ငါ့ကို ဒီနေရာထိ ခေါ်လာခိုင်းခဲ့တဲ့အတွက် ဒီနေရာက စည်းကမ်းချက်တွေအတိုင်း နေရမယ်လေ ..."
" ဟုန်ယဲ့ နားလည်ပါတယ် ..."
ဟုန်ယဲ့က သူမ၏အမှားနှစ်ခုကိုတွေးမိပုံဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူမကိုယ်သူမ အပြစ်တင်ပြီး စိတ်မသိုးမသန့်ဖြင့် ဖြေလိုက်သည်။
လင်းရှောင် မြင်သည့်အခါ သက်ပြင်းချလိုက်သည်။ ဤကိစ္စက လူအများ၏ နှစ်သက်သဘောကျခြင်းခံရသော အကမယ်ဖြစ်သည့် ဟုန်ယဲ့အတွက်လည်း ခံရခက်စေသည်။ ထိုသို့သော် ခံစားချက်မျိုး ယခင်က မဖြစ်‌ခဲ့ဘူးသည့်အတွက် သူမအဖို့လည်း နေရခက်နေသည်။
ဒါပေမဲ့ လင်းရှောင် နားမလည်သေးတာတစ်ခုက သူမကဘာလို့ သူ့ရဲ့ အစေခံမလေးဖြစ်ချင်ရတာလဲ ...
သူမက ရိုးသားတဲ့ မိန်းကလေးတစ်ယောက်မဟုတ်ဘူးဆိုတာ သိသာတယ် ...
ထိုအတွေးကြောင့် လင်းရှောင်က စစ်ဆေးမေးမြန်းသကဲ့သို့ မေးလိုက်သည်။
" ဟုန်ယဲ့ ... အခုဒီနေရာမှာ ငါတို့နှစ်ယောက်ပဲရှိတယ် ... ငါ့ကို အမှန်တရားကို ပြောပြပါ ... ဘာကိစ္စကြောင့် ငါ့နောက်ကိုလိုက်လာရတာလဲ ... ဒါမှမဟုတ် တဲ့တိုးပြောရရင် မင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ ..."
ထိုစကားကိုကြားသည့်အခါ ဟုန်ယဲ့ ခေါင်းခါလိုက်သည်။ သူမ ခေါင်းငုံ့လိုက်ချိန်တွင် မျက်လုံးထဲတွင် နက်ရှိုင်းသောအကြည့်တစ်ခု ဖြတ်သန်းသွားသည်။
သူမက အလွန်တရာဝမ်းနည်းသွားသည့်ပုံဟန်ဆောင်ပြီး အမူအယာကို ထိန်းချုပ်လိုက်သည်။ သူမမတ်တပ်ရပ်လိုက်ပြီး အထင်လွဲခံရသကဲ့သို့ လင်းရှောင်ကို စိုက်ကြည့်နေလိုက်သည်။
" သခင်လေး ဘာကိုဆိုလိုတာလဲ ... ဟုန်ယဲ့ကို သံသယဝင်နေတာလား ..."
ဟုန်ယဲ့၏ စိတ်သဘောထား ပြောင်းလဲသွားပုံကိုကြည့်ပြီး လင်းရှောင်မျက်ခုံးပင့်လိုက်သည်။ ဟုန်ယဲ့၏ အစီအစဉ်ကို ရိပ်စားမိသကဲ့သို့ ဆက်လက်မေးမြန်းနေသည်။
" ဒါပေမဲ့ မင်းရဲ့လက်မှာ အသားမာတွေရှိနေတယ်လေ ... ဒါက သံသယဝင်စရာ ကောင်းမနေဘူးလား ..."
ဟုန်ယဲ့ လက်ကို ဝတ်ရုံအောက်တွင် အလိုလိုဖွက်လိုက်မိပြီး တည်ငြိမ်ဟန်ဆောင်နေသည်။ ထို့နောက် လက်များကို ပြန်ထုတ်ကာ ပြောလိုက်သည်။
" ဟုန်ယဲ့ရဲ့ မိသားစုက အရမ်းဆင်းရဲလို့ အလုပ်အများကြီးလုပ်ရပါတယ် ... လက်တွေမှာ အသားမာ တက်မတက်ကလည်း အရေးမကြီးတော့ပါဘူး ... သခင်လေးက ဟုန်ယဲ့ရဲ့လက်က အသားမာတွေကိုမြင်လို့ ချက်ချင်းသံသယဝင်သွားတယ်ဆိုလည်း သခင်လေးအမှားမဟုတ်ပါဘူး ..."
ဟုန်ယွဲ့က ငိုသံသဲ့သဲ့ဖြင့် ပြောလိုက်သည်။ ဟုန်ယဲ့က ရိုးရှင်းသူတစ်ယောက်မဟုတ်ဟု ဖူယွီကျွင်း သတိမပေးထားခဲ့ပါက လင်းရှောင်က သူမ၏အရူးလုပ်ခြင်းခံရမည်သာဖြစ်သည်။
" တကယ်လို့ သခင်လေးက ဟုန်ယဲ့ကို မယုံကြည်ဘူးဆိုရင် သခင်လေးရဲ့ဆန္ဒအတိုင်းပဲ ထွက်သွားပါ့မယ် ..."
ထိုသို့ပြောပြီးနောက် သူမထွက်သွားရန်ပြင်လိုက်သည်။
ဖူယွီကျွင်းက သူမကို ဤနေရာတွင်သာထားပြီး စောင့်ကြည့်ခိုင်းထားသဖြင့် သူမထွက်သွားမည်ကို လင်းရှောင်တားလိုက်သည်။
သူသာ ဟုန်ယဲ့ကိုနှင်ထုတ်လိုက်မိရင် ‌ဖူယွီကျွင်းကို ဘယ်လိုရှင်းပြရတော့မလဲ ...
ထိုအတွေးများဖြင့် လင်းရှောင်က လက်ဦးမှုယူပြီး သူမကို စိတ်တည်‌ငြိမ်အောင်ပြောလိုက်သည်။
" ငါပြောတာ မှားသွားတယ်ဆိုရင် ဟုန်ယဲ့ကို အထင်လွဲမိပါပြီ ... စိတ်မဆိုးပါနဲ့ မင်းအခုထွက်သွားမယ်ဆိုရင် အိမ်ရှေ့စံမင်းသားနဲ့ ပတ်သက်နေရလိမ့်မယ် ... ရှောင်တိုင်းပြည်တစ်ခုလုံးမှာ အိမ်ရှေ့စံမင်းသား စိုးရိမ်ပူပန်ရမှာ ဒုတိယမင်းသားတစ်ယောက်ပဲ ရှိတယ် ..."
" ဒုတိယမင်းသားအိမ်တော်က အခုထွက်သွားမယ်ဆိုတာက မစဉ်းစားမတွေးခေါ်တတ်တဲ့ ဆုံးဖြတ်ချက်လိုပဲ ... ဒါကြောင့် ဒီနေရာမှာပဲနေပါ ..."
လင်းရှောင် ရှင်းပြလိုက်သည်။
ဟုန်ယဲ့ခေါင်းငုံ့၍ ‌စဉ်းစားနေပုံရသောကြောင့် လင်းရှောင်က သူမ၏ဆုံးဖြတ်ချက်ကိုသာစောင့်နေပြီး ဘာမှဝင်မပြောပေ။
အချိန်ခဏအကြာတွင် ဟုန်ယဲ့ ခေါင်းမော့လာသည်။ သူမမျက်နှာတွင် မျက်ရည်စီးကြောင်းများဖြင့်ပြည့်နေပြီး သူ့ကို နီရဲနေသော မျက်လုံးများဖြင့်ကြည့်နေသည်။
" ဒါဆိုရင် သခင်လေးက ဟုန်ယဲ့ကို သံသယဝင်ဦးမှာလားဟင် ..."
လင်းရှောင် လန့်သွားပြီး အလျင်အမြန်ပင် ခေါင်းခါပြလိုက်သည်။ ဟုန်ယဲ့က မျက်ရည်များကျလျက် ရယ်ပြနေသည်။
" ယုံကြည်ပေးလို့‌ ကျေးဇူးတင်ပါတယ်သခင်လေး ..."
လင်းရှောင် ရင်ထဲတွင် သက်ပြင်းချနေမိသည်။ ဟုန်ယဲ့က မိုရွှီပြီးလျှင် သူ့ရှေ့တွင် သနားစဖွယ်ငိုဖူးသည့် ပထမဆုံးမိန်းကလေးဖြစ်သည်။ လင်းရှောင် နှလုံးသားထဲတွင် ပျော့ပျောင်းသွားပြီး သူမထံသို့လျှောက်သွားကာ မျက်ရည်များကို သုတ်ပေးလိုက်သည်။
" ဟုတ်ပါပြီ မငိုနဲ့တော့ ..."
ဟုန်ယဲ့၏မျက်နှာက နီရဲသွားသည်။ ခေါင်းငုံ့၍ ငိုသံထွက်မလာတော့သော်လည်း မျက်ရည်များက စီးကျနေဆဲဖြစ်သည်။
လင်းရှောင် ကူကယ်ရာမဲ့သွားသည်။
မိန်းကလေးတွေကို ရေနဲ့လုပ်ထားတယ်လို့ လူတွေကပြောကြတာယ် ... ကြည့်ရတာတော့ သူတို့ပြောတာမမှားတဲ့ပုံပဲ ...
" ဒါပေမဲ့ ..."
လင်းရှောင်က လည်ချောင်းရှင်းပြီးနောက် ဆက်ပြောသည်။
" မင်း ဒီမှာနေနိုင်ပေမယ့် အဲ့မတိုင်ခင်မှာ လိုက်နာရမယ့်စည်းကမ်းတွေရှိသေးတယ် ..."
" ကျွန်မကို အမိန့်ပေးလို့ရပါတယ် သခင်လေး ..."
ဟုန်ယဲ့ ခေါင်းငုံ့ကာ ပြောလိုက်သည်။ နောက်ဆုံးတွင် သူမမျက်လုံးမှ မျက်ရည်များ မထွက်လာတော့ပေ။
လင်းရှောင်က တီးတိုးပြောလိုက်သည်။
" ငါပြောတဲ့ ပုံစံက ဒီလိုဖြစ်နေပေမယ့် ဒီနေရာက စည်းကမ်းတွေက မတင်းကျပ်ပါဘူး ... ဒါပေမဲ့ ငါ့မှာတောင်းဆိုစရာတစ်ခုရှိတယ် ... အဲ့ဒါကတော့ တခြားလူရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လေးစားပေးဖို့ပဲ ..."
" မင်း ... ကိုယ်ရေးကိုယ်တာကိစ္စဆိုတာကို သဘောပေါက်တယ်မလား ..."
လင်းရှောင် ခဏရပ်ပြီးမေးလိုက်သည်။
ဟုန်ယဲ့က ခေါင်းငြိမ့်ပြသည်။
ကြည့်ရတာတော့ ဒီလိုစကားအသုံးအနှုန်းကို တော်တော်များများ သိကြတဲ့ပုံပဲ ...
လင်းရှောင် မျက်ခုံးပင့်ပြီး ဆက်ပြောလိုက်သည်။
" ဒါဆိုရင် အဲ့ဒါက အခြားလူတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကို လေးစားရမယ်လို့ ဆိုလိုတာကိုလည်း သိမှာပေါ့ ... ပထမဆုံး မင်း အခန်းထဲဝင်မလာခင် တံခါးခေါက်ရမယ် ... တံခါးမပိတ်ထားဘူးဆိုရင်တောင် အခန်းထဲကလူကို အော်ခေါ်လို့ရတယ် ပြဿနာမရှိဘူး ..."
ဟုန်ယဲ့ခေါင်းခါ၍ သူမ၏ပြင်းပြသောဆန္ဒကို ဖော်ပြရန်ကြိုးစားနေသည်။
" ဟုန်ယဲ့ မှတ်မိပါပြီ ... ဒီနေ့က ဟုန်ယဲ့မှားတာပါ နောက်တစ်ခါ ဒီလိုအမှားမျိုး ထပ်မလုပ်တော့ပါဘူး ..."
လင်းရှောင် သူမကို ဖြတ်ပြောလိုက်သည်။
" နောက်တစ်ခါလည်း ဒီလိုအမှားမျိုး ထပ်လုပ်ရတော့မှာ မဟုတ်ဘူး ... နောက်တစ်ခါဆိုတာ မရှိတော့ဘူးလေ ... နားလည်တယ်မလား ..."
ဟုန်ယဲ့ ခေါင်းငြိမ့်ပြလိုက်သည့်အခါ လင်းရှောင် ကျေနပ်စွာဖြင့် မျက်လုံးများမှေးကျဉ်းလိုက်သည်။
" ကောင်းပြီ ... တစ်ခုရှိသေးတယ် ... အဲ့ဒါကို အခုပဲပြောတော့မလိုပဲ..."
လင်းရှောင်က ဟုန်ယဲ့ နားရွက်နားကိုကပ်၍ အေးစက်စွာပြောလိုက်သည်။
" ကိစ္စတစ်ခုခုကို အများကြီးသိထားတာ မကောင်းဘူး ... တချို့ကိစ္စတွေကို မေ့ထားတာပိုကောင်းတယ် သဘောပေါက်လား ..."
ဟုန်ယဲ့ တုန်ယင်သွားပြီး သူမနှုတ်ခမ်းကိုကိုက်ပြီး ပြန်ဖြေလိုက်သည်။
" ဟုန်ယဲ့ သိပါပြီ ... ဟုန်ယဲ့ ဒီနေ့ ဘာကိုမှ မမြင်ခဲ့ပါဘူး ..."
လင်းရှောင်က စိတ်ကျေနပ်စွာဖြင့် ပြုံးပြလိုက်သည်။ ထို့နောက် နေ့လည်စာစားရန်အတွက် မီးဖိုချောင်မှ သွားယူခိုင်းလိုက်သည်။
........
ဖူယွီကျွင်းက အကမယ်လေးကိုရှာရန် စိတ်ထဲသိပ်မထား‌ဟု ပြောသော်လည်း ညနေစောင်းခါနီးသည်အထိ မပေါ်လာသေးပေ။
လင်းရှောင် ‌သရော်လိုက်သည်။
ဖူယွီကျွင်းရဲ့ အကျင့်အတိုင်းသာဆိုရင် အကမယ်လေးကိုရှာဖို့ လက်လျှော့မယ်တဲ့လား ...
လင်းရှောင် ‌အဖြေကိုသိသွားသည်။
သူ လက်မလွှတ်နိုင်မှတော့ အဲ့အကမယ်လေးကို မရှာပဲနေမလား ...
လင်းရှောင် သက်ပြင်းရှည်ကြီးချလိုက်သည်။ ဤကိစ္စကို သူမည်မျှကြာကြာ ကွယ်ဝှက်ထားနိုင်မည်ကို မသိပေ။
ဖူယွီကျွင်း ဒီကိစ္စကိုသိသွားရင်ရော သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါဦးမလား ...
ဖူယွီကျွင်းက ဤအကမယ်အကြောင်းကို တစ်ချိန်လုံးတွေးနေသည့်အတွက် ထိုအကမယ်လေးက မိန်းမပျိုလေးတစ်ယောက်ဟုသာထင်နေပြီး သူမကို အမြဲလေးစားသဘောကျနေခြင်းဖြစ်သည်။ အကယ်၍ ထိုအကမယ်လေးက ယောက်ျားရင့်မာကြီးတစ်ယောက်ဖြစ်နေမှန်းသိသွားပြီး ထိုယောက်ျားရင့်မာကြီးက သူ အကမယ်လေးကို ခေါင်းမပါသည့် ကြက်တစ်ကောင်ကဲ့သို့ လိုက်ရှာနေခြင်းကို စောင့်ကြည့်နေသည့်လူဟု သိသွားပါက .....
သူ့အတွက်လည်း နေရထိုင်ရခက်သွားနိုင်သည်။
အကယ်၍ ထိုကိစ္စကြောင့် စကားများကြပါက သူ့တို့နှစ်ယောက် ကိုယ့်လမ်းကိုယ်လျှောက်ခြင်းက သူတို့ လင်းရှောင်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်နိုင်သည်။ သို့ရာတွင် ဖူယွီကျွင်းကို သူ့ကိုဒေါသထွက်ပြီး ထိုနေရာတွင်ပင် သတ်ပစ်နိုင်သည်။
လင်းရှောင် ကြောက်စရာကောင်းသည့်တစ်ခုခုကို တွေးလိုက်မိပြီး ချွေးစေးများပင်ထွက်လာသည်။
ထိုအတွေးများကြောင့် သူ ဤနေရာတွင်သာထိုင်ပြီး သေရန်မစောင့်နေနိုင်တော့ပေ။
ဖူယွီကျွင်းဘာသာ တဖြည်းဖြည်း သိသွားမှာထက်စာရင် လက်ဦးမှုယူပြီး သူ့ကိုအာရုံပြောင်းအောင်လုပ်တာပိုကောင်းမယ်ထင်တယ် ...
အကတစ်ခုပဲ မလား ...
လင်းရှောင်တောင်မှ ဒီအကကိုဖျော်ဖြေနိုင်ရင် တခြားလူတွေလည်း ဒီလိုလုပ်နိုင်မှာပဲ ...
ဖူယွီကျွင်းက အကမယ်လေး၏ပုံစံက်ို မမြင်လိုက်ရသည့်အတွက် တစ်စုံတစ်ယောက်ကို ထိုအကသင်ပေးပြီး သင့်တော်သည့်အချိန်တွင် ဖူယွီကျွင်းရှေ့တွင် လူလုံးထွက်ပြလိုက်ပါက ထိုလူက အကမယ်လေးဟု အလိုအလျော‌က်ယုံကြည်သွားမည်ဖြစ်သည်။
ထိုသို့ သဘာဝကျကျ လုပ်ဆောင်သွားပြီး ထိုကိစ္စမှ ရုန်းထွက်ရမည်ဖြစ်သညိ။
ထိုအကြောင်းကိုတွေးလေ အစီအစဉ်က ပိုကောင်းလာမည်ဟု ထင်ရလေဖြစ်သည်။ လင်းရှောင်တွေးမိသည့် ပထမဆုံးလူမှ ဟုန်ယဲ့ဖြစ်သည်။
သူမက အခြေခံများကို သိရှိထားသူဖြစ်သည့်အတွက် သင်ပေးရလွယ်ကူလိမ့်မည်။ ထို့အပြင် သူမ၏ပုံပန်းသွင်ပြင်က ပထမတန်းဖြစ်သည်။ သူမအရပ်အမောင်းနှင့် ခန္ဓာကိုယ်အချိုးအစားကလည်း သူနှင့်ဆင်တူသည့်အတွက် သူ့ထံမှညှို့ယူဖမ်းစားနိုင်မှုကိုသာ သူမကိုသင်ပေးရန်လိုအပ်သည်။
သို့သော် ယခုချိန်တွင် ကိစ္စတစ်ခုက လင်းရှောင်ကို တွန့်ဆု‌တ်နေစေသည်။
သူမရဲ့ ရည်ရွယ်ချက်နဲ့ နောက်ခံအင်အားကိုမသိတဲ့အတွက် စွန့်စားပြီး ဒီအကကို သင်ပေးသင့်လားဆိုတာပဲ ...
လမင်းကြီး ကောင်းကင်ပေါ်ရောက်လာသည်အထိ လင်းရှောင် မျက်မှောင်ကြုတ်ပြီး တွေးနေမိသည်။ သို့ရာတွင် ဖူယွီကျွင်းက ပြန်မလာသေးပေ။
လင်းရှောင် ရင်တုန်လာသည်။
ဒီလောက်နောက်ကျနေတာတောင် ဖူယွီကျွင်း ပြန်မလာသေးဘူးဆိုတော့ မိုရွှီနဲ့ တစ်ခုခုများ ဖြစ်နေလားမသိဘူး ...
လင်းရှောင် စိတ်ထဲတွင် မသက်မသာဖြစ်လာပြီး ထပ်မစောင့်နိုင်တော့ပေ။ ဟုန်ယဲ့က အန္တရာယ်များသော်လည်း ဖူယွီကျွင်းကလည်း စိုးရိမ်စရာဖြစ်လာသည်။
အရေးကြီးဆုံးအရာက သူ့ကိုယ်သူ ဒီကိစ္စထဲကနေ ဘယ်လိုရုန်းထွက်ရမယ်ဆိုတာပဲ ...
ထိုအတွေးဖြင့် လင်းရှောင်က ခြံဝင်းထဲတွင် ကျီရှန့်နှင့် ဖူကန်းတို့ကို ဖယောင်းတိုင်ထွန်းခိုင်းလိုက်ပြီး ဝင်ပေါက် စောင့်ခိုင်းထားလိုက်သည်။ အားလုံးပြင်ဆင်ပြီးသည့်အခါ ဟုန်ယဲ့ကို ခေါ်လိုက်သည်။
လင်းရှောင်က ခြံဝင်းထဲမှ ‌ဖယောင်းတိုင်ခွက်လေးများထွန်းထားသည့်အထဲတွင် ရပ်နေသည်။ အစိမ်းနုရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖဲကြိုးပါးပါးကို နဖူးပေါ်တွင် စည်းထားသဖြင့် ဆံပင်များက ပခုံးပေါ်တွင် ဝဲကျနေသည်။
လက်နှစ်ဖက်ကို နောက်တွင်ထားပြီး ခေါင်းမော့ကာ တောက်ပနေသော လမင်းကြီးကိုငေးကြည့်နေသည်။ သူ၏ဝတ်ရုံလက်ရှည်က လေနှင့်အတူ တဖျပ်ဖျပ်လွင့်နေသဖြင့် သူ့ကိုကြည့်ရသည်မှာ နတ်သားတစ်ပါးနှင့်တူနေသည်။ သူ၏ ညှို့ယူဖမ်းစားနိုင်သောမျက်နှာက လရောင်အောက်တွင် အလင်းရောင်ဖျော့ဖျော့ တောက်ပနေသကဲ့သို့ပင်။
ဟုန်ယဲ့ ဖမ်းစားခံရသကဲ့သို့ ငေးမောကြည့်နေမိပြီး နှလုံးခုန်မြန်လာသည်။
တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကိုခံစားမိ၍ လင်းရှောင်လှည့်ကြည့်လိုက်သည်။
သူလှည့်ကြည့်လိုက်ချိန်တွင် အရာအားလုံးက တောက်ပသွားသကဲ့သို့ပင်။ သူ၏တောက်ပနေသော မျက်လုံးသူငယ်အိမ်များက အခြားအရာအားလုံးကို လွှမ်းမိုးသွားပြီး သူ၏မျက်လုံးထဲတွင် အလင်းပြန်လာသည်။ ‌သူ၏အသွင်သဏ္ဍာန်က ကြည်လင်နေသောစမ်းရေကဲ့သို့ နှလုံးသားထဲသို့ စီးဆင်းသွားစေပြီး မြင်တွေ့လိုက်ရသူတိုင်းကို ဆိုးသွမ်းသည့်အတွေးများ တွေးမိလာစေနိုင်သည်။ ဟုန်ယဲ့ မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်နေသည်။ ဤယောက်ျားပျိုက ဧကရာဇ်၏အချစ်ကို ရရှိသွားရသည့် အကြောင်းအရင်းကို သူမနားလည်သွားသည်။
ကမ္ဘာပေါ်တွင် ထိုမျက်လုံးများနှင့် တစ်ထပ်တည်းတူညီသည့်လူကို သူမ ရှာ‌တွေ့နိုင်တော့မည်မဟုတ်ပေ။
ကြည်လင်သန့်စင်နေတဲ့ မျက်ဝန်းလေးတွေ ...
" ဟုန်ယဲ့ ရောက်လာပြီလား ..."
လင်းရှောင်၏ခေါ်သံကြောင့် သူမအသိစိတ်ပြန်ဝင်လာသည်။
သူမသိမ်မွေ့စွာဖြင့် သူ့ကိုအရိုအသေပြုလိုက်သည်။ လင်းရှောင်က ဖယောင်းတိုင်ခွက်များကိုဖြတ်ကျော်၍ သူမထံသို့လျှောက်လာပြီး ပြုံးလိုက်သည်။
" အရမ်းယဉ်ကျေးနေစရာမလိုပါဘူး ... ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါ ..."
" မင်းကို ဒီနေရာလာခိုင်းတာ ဘာလို့လဲဆိုတော့ ... ငါမင်းကို ..."
ပြောနေလျက် လင်းရှောင်ရပ်တန့်သွားသည်။
" ငါမင်းကို ..."
လင်းရှောင် မျက်မှောင်ကြုတ်လိုက်သည်။ ထိုကိစ္စကို ဟုန်ယဲ့အားရှင်းပြရန် စကားများပျောက်ရှနေမိသည်။
ဟုန်ယဲ့က လင်းရှောင်ကို ထူးဆန်းစွာကြည့်နေပြီး သူမမျက်လုံးထဲတွင် သံသယများဖြင့်ပြည့်နေသည်။
လင်းရှောင်မြင်သည့်အခါ မျက်လုံးများပိတ်၍ ခဏတာတွေးနေပြီးနောက် စကားလုံးများကိုပြန်စီလိုက်သည်။
" အရင်တစ်ခေါက်တုန်းက မင်းရဲ့ အကကို မြင်ခဲ့တယ် ... မင်းက တော်တော်လေး အကတော်တာပဲ ... ငါ့ကို မင်းဆရာအဖြစ်များထားချင်လား သိချင်လို့ပါ ..."
ဟုန်ယဲ့ အံ့အားသင့်သွားသည်။ လင်းရှောင်က သူ၏စကားပြောပုံ အနည်းငယ်ရိုင်းသွားသည်ဟု ထင်လိုက်မိပြီး ကတိုက်ကရိုက်ရှင်းပြလိုက်သည်။
" မင်း စောစောကတွေ့ခဲ့တဲ့အတိုင်း ငါ့ရဲ့ တခြားလျှို့ဝှက်ချက်တစ်ခုက ကနိုင်တာလေ ...ဒီမနက်က မင်း သေသေချာချာ မမြင်ခဲ့တာဖြစ်မယ် ... ငါမင်းကို ထပ်ပြီး ကပြမယ်လေ .. အဲ့ဒါမှ သင်မလား မသင်ဘူးလား ဆုံးဖြတ်လို့ရမှာပေါ့ ..."
ထိုသို့ပြောပြီးနောက် လင်းရှောင်က ဟုန်ယဲ့၏ တုံ့ပြန်မှုကိုမစောင့်တော့ပေ။ မီးထွန်းထားသော ‌ဖယောင်းတိုင်ခွက်များ၏ အလယ်တွင် ရပ်လိုက်သည်။
ခြေဗလာဖြင့် မီးတောက်များကြားတွင် ကကွက်များကို ပုံဖေါ်နေသည်။ သူ၏ပျော့ပျောင်းသောခါးနှင့် လက်ကောက်ဝတ်လှုပ်ရှားမှုများက ဝတ်ရုံလက်များကို ပျံဝဲနေသည်နှင့် တူနေစေသည်။
ကမ္ဘာပေါ်သို့ နတ်သက်ကြွေလာသော နတ်သားတစ်ပါးကဲ့သို့ လင်းရှောင်၏မျက်လုံးများက အသက်ဝင်လွန်းပြီး မျက်လုံးထောင့်များမှ ညှို့ယူဖမ်းစားသည့် အရိပ်အယောင်များ ထွက်ပေါ်နေကာ မျက်နှာတစ်ခုလုံး နေရာလပ်မကျန် ဆွဲဆောင်မှု ရှိနေသည်။
ဟုန်ယဲ့က ဤကဲ့သို့ အကမျိုးကို မမြင်ဖူးခဲ့ပေ။ ထိုအက က နတ်သားတစ်ပါးကဲ့သို့ တင့်တယ်၍ လွတ်လပ်မှုရှိပြီး တစ်ချိန်တည်းမှာပင် နတ်ဆိုးဝိညာဉ်တစ်ခုကဲ့သို့ ဖျားယောင်းသွေးဆောင်ပြီး ညှို့ယူဖမ်းစားနိုင်စွမ်းရှိ၍ ကြည့်ရှု့နေသူတိုင်းကို စိတ်ရှုပ်ထွေးစေသည်။ ၎င်းက လူတိုင်းကို မကြည့်ရမနေနိုင်အောင် ဖြစ်စေသည်။
ဟုန်ယဲ့ အကြည့်မလွှဲနိုင်အောင်ဖြစ်နေသည်။ သူမကိုယ်တိုင် မသိလိုက်ချိန်တွင် သူမခြေလှမ်းများက လင်းရှောင်ဆီသို့ တစ်လှမ်းချင်းတိုးလာမိသည်။ သူမ ဝိညာဉ်က အသက်မဲ့သွားပြီး သူနှင့်နီးကပ်ရန်သာစိတ်ထဲတွင် ရှိတော့သည်။
ပိုပြီး ပိုပြီး နီးကပ်သွားချင်တယ် ...
ဟုန်ယဲ့က မည်သို့ ရပ်တန့်ရမည်ကို မသိသကဲ့သို့ ဖယောင်းတိုင်ခွက်များအနီးထိ လျှောက်လာသည်။ သူမခြေတစ်‌ဖက်မြှောက်လိုက်ချိန်တွင် ဖယောင်းတိုင်ခွက်တစ်ခုကို တိုက်မိသွားသည်။ ဖယောင်းတိုင်နှင့် ခွက်ကပါ သူမခြေထောက်ပေါ်ကျလာသည်။
ဖယောင်းစက်များမှ အပူက သူမ၏ ဖိနပ်ပါးများပေါ်မှဖြတ်ပြီး နူးညံ့သောအသားအရည်ကို အပူလောင်သွားစေသည်။ ဟုန်ယဲ့ ထိုအချိန်မှ စိတ်နှင့်လူပြန်ကပ်ပြီး နာကျင်စွာအော်လိုက်မိသည်။
လင်းရှောင်လည်းမြင်သွား၍ ကနေရာမှ ရပ်တန့်လိုက်ပြီး ဟုန်ယဲ့ထံသို့ တောင့်တောင့်ကြီးလျှောက်လာသည်။ ယမန်နေ့ညက ဧကရာဇ်ကြောင့် နာကျင်ထားသည့်နေရာက သူ၏ ကကွက်လှုပ်ရှားမှုများကြောင့်ပိုဆိုးလာသဖြင့် လမ်းလျှောက်လျှင် တောင့်တောင့်ကြီးဖြစ်နေသည်။
သို့ရာတွင် သူ ဟုန်ယဲ့ထံသို့လျှောက်လာချိန်၌ အဖြူရောင်ဝတ်စုံဖြင့် လူတစ်ယောက်က သူမဘေးတွင်ပေါ်လာသည်။
ထိုယောက်ျားက တိုင်းတစ်ပါးမှ အဖြူရောင်အဝတ်အစားနှင့် ရွှေစလေးများကပ်ထားသည့် ခေါင်းပေါင်းကို ဝတ်ဆင်ထားသည်။ ဖူယွီကျွင်း ပြန်ရောက်လာပြီဖြစ်သည်။
ဖူယွီကျွင်း၏ခြေထောက်နားတွင် မေ့လဲကျနေသည့် ကျီရှန့်နှင့် ဖူကန်းတို့ရှိနေသည်။
" မထင်မှတ်ပဲ မင်းဖြစ်နေတာပဲ လင်းရှောင် ..."
ဖူယွီကျွင်းက သတိလက်လွတ်ဖြင့် လင်းရှောင်ဆီသို့ တစ်လှမ်းခြင်းလျှောက်လာနေသည်။ လင်းရှောင်ကိုစိုက်ကြည့်နေသော သူ၏မျက်ဝန်းထဲတွင် ကလဲ့စားချေလိုစိတ်များဖြင့် ပြည့်နေသည်။
" မမျှော်လင့်ပဲ မင်းဖြစ်နေတာပဲ ဟင်း ..."
သူက ဤစကားကိုသာ ထပ်ခါထပ်ခါပြောနေပြီး လင်းရှောင်ရှေ့သို့ အပြုံးဖျော့ဖျော့ဖြင့်ရောက်လာကာ ထိတ်လန့်မှုကို ဖော်ပြနေသည်။
" ကျွန် ... ကျွန်တော်မျိုး ..."
လင်းရှောင် ရှက်ရွံ့မှုကြောင့် မျက်မှောင်ကြုတ်ထားကာ နှုတ်ခမ်းထောင့်များကို လျက်လိုက်သည်။
ဖူယွီကျွင်းက ပြန်ရောက်ရောက်ချင်း ဘာလို့သူ့ဆီပြေးလာတာလဲ ...
လင်းရှောင် ကြောင်အနေသော်လည်း ဆင်ခြေပေးရန်အတွက် စိတ်ထဲတွင် အသည်းအသန်စဉ်းစားနေသည်။ သို့ရာတွင် အကူအညီဖြစ်စေမည့် မည်သည့်စကားမျိုးကိုမှ စဉ်းစားမရပေ။
‌သူခေါင်းငုံ့၍ နှုတ်ခမ်းများကိုက်ထားတာ တိတ်ဆိတ်နေမိသည်။ သူအမြဲတမ်းပြောပြချင်ခဲ့သည့် စကားများကိုသာ ရိုးသားစွာပြောလိုက်သည်။
" ကျွန်တော်မျိုး တောင်းပန်ပါတယ် ..."
ဖူယွီကျွင်းက သူကြားလိုက်ရသည်ကို မယုံကြည်နိုင်စွာဖြင့် အပြုံးတုတစ်ခုဖြင့် ပြုံးပြလိုက်သည်။
" မင်း ပြောထွက်တဲ့စကားက ဒီတစ်ခုပဲလား ..."