လင်းရှောင် အံကြိတ်ပြီး တိတ်ဆိတ်နေမိသည်။ ဖူယွီကျွင်းက ရုတ်တရက် သူ့ထံသို့ လက်လှမ်းလိုက်သော်လည်း ဟုန်ယဲ့၏ခေါ်သံကြောင့် ရပ်သွားသည်။
ဟုန်ယဲ့ကိုကြည့်နေသော ဖူယွီကျွင်း၏အကြည့်များက အေးစက်နေသည်။ သူမက လင်းရှောင်ကိုကူညီရန်ကြိုးစားနေခြင်းဖြစ်သည်။
" အရှင့်သား သခင်လေးကခုထိ ..."
" ထွက်သွားစမ်း ..."
သို့ရာတွင် ဖူယွီကျွင်းက ဟုန်ယဲ့ပြောသည်ကို နားထောင်ရန် အစီအစဉ်မရှိပဲ သူမကိုထွက်သွားရန် တိုက်ရိုက်အမိန့်ပေးလိုက်သည်။
ဟုန်ယဲ့ အနည်းငယ်တွန့်ဆုတ်သွားသော်လည်း ဖူယွီကျွင်း၏ဩဇာအာဏာကြောင့် လှည့်ထွက်သွားရုံသာ တတ်နိုင်သည်။
ဖူယွီကျွင်းနှင့် လင်းရှောင်သာ ခြံဝင်ထဲတွင် ကျန်ရစ်ခဲ့တော့သည်။
လင်းရှောင် အနောက်သို့ တစ်လှမ်းဆုတ်ပြီး ဖူယွီကျွင်းနှင့် ခပ်လှမ်းလှမ်းဖြစ်သော စိတ်ချရသောအကွာအဝေးတစ်ခုတွင် ရပ်နေလိုက်သည်။ သူက လက်ဦးမှုယူပြီး ရှင်းပြရန်ကြိုးပမ်းလိုက်သည်။
" အရှင့်သားက အကမယ်လေးကို အရမ်းသဘောကျနေတော့ အရှင့်သားရဲ့ စိတ်ကူးယဉ်မှုတွေကိုဖျက်ဆီးပြီး ပြောပြဖို့က ခက်ခဲခဲ့လို့ပါ ..."
" ဒါဆိုရင် ငါကိုယ်တိုင် ခေါင်းမပါတဲ့ကြက်တစ်ကောင်လိုမျိုး မင်းကိုလိုက်ရှာနေတာကို စောင့်ကြည့်နေတာပေါ့ ..."
ဖူယွီကျွင်း၏အသံတွင် ဒေါသများပါဝင်နေသည်။
သူက ဆက်လက်ပြုံးနေဆဲဖြစ်သော်လည်း သူ၏ဒေါသကြောင့် လေထုထဲတွင် ဖိနှိပ်ချုပ်ခြယ်လိုခြင်းများ ပြည့်နှက်နေပြီး လင်းရှောင်ကို ဖိအားပေးလာသည်နှင့် အနောက်သို့ ခြေနှစ်လှမ်းခန့်ဆုတ်သွားသည်။ သူ၏ရှေ့မှလူက ယခင်ရက်များက သူ့အပေါ်တွင် ဖော်ရွေပြီးကြင်နာခဲ့သော်လည်း သူက လူပေါင်းများစွာ၏ သေရေးရှင်ရေးကို လက်ထဲဆုပ်ကိုင်ထားသည့် တော်ဝင်မိသားစုမှ မင်းသားတစ်ပါးဖြစ်နေဆဲ ဖြစ်နေကြောင်းကို လင်းရှောင်သတိပြုမိလာသည်။
သူ၏ အဆင့်အတန်းကမြင့်မားပြီး အင်အားကြီးသည့် ရာထူးနေရာတစ်ခုကို ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် သူဂရုတစိုက်လုပ်ကိုင်နေသည့်ကိစ္စနှင့် ပတ်သတ်၍ လိမ်ညာသူများကို ခွင့်ပြုမည်မဟုတ်ပေ။
လင်းရှောင် မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ ကောင်းကောင်းမရှင်းပြနိုင်ပါက ဤစကားများက သူ၏နောက်ဆုံးစကားများ ဖြစ်သွားနိုင်သည်။
သူ ပိုပြီးသတိထားမှဖြစ်မယ် ...
လင်းရှောင်ထံမှ ဘာစကားမှ ထွက်မလာသောကြောင့် ဖူယွီကျွင်းက စောင့်ရသည်ကို စိတ်မရှည်တော့ပေ။ သူ့နားကိုကပ်လာပြီး မကျေမနပ်အသံဖြင့် မေးလိုက်သည်။
" မင်း ဘာလို့ ငါနဲ့ ခပ်လှမ်းလှမ်းမှာ ရပ်နေတာလဲ ... လိပ်ပြာမသန့်လို့လား ..."
သူကအေးစက်စွာပြောပြီး လင်းရှောင်၏မေးစေ့ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
" မင်း ဘာစကားမှမပြောတာကရော လိပ်ပြာမသန့်လို့ပဲလား ..."
ထိုစကားများကြာသည့်အခါ လင်းရှောင် နှုတ်ခမ်းကိုတင်းတင်းစေ့ထားမိသည်။ သူ၏မေ့စေ့ကို ဖူယွီကျွင်းဆုပ်ကိုင်ထားသည်က မညင်သာလှသဖြင့် လင်းရှောင်အတွက် အနည်းငယ်နာကျင်လာစေသည်။ ဖူယွီကျွင်းထံမှ ရုန်းလိုက်ပြီး မနေနိုင်ပဲ ပြောလိုက်မိသည်။
" ကျွန်တ်ာမျိုး လိပ်ပြာမသန့်ဘူးဆိုရင်ရော ဘာဖြစ်မှာပါလဲ ..."
လိပ်ပြယမသန့်ခြင်းက သူထင်ထားသည့်အတိုင်း အဆုံးမသတ်စေမည့် သက်သေတစ်ခုလည်းဖြစ်သည်။
သို့ရာတွင် သူပြောလိုက်သည့်အသံက အထက်စီးဆန်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုများ ပါဝင်နေသဖြင့် တစ်ဖက်လူကို အမုန်းပွားလာစေသည်။ ဖူယွီကျွင်းအတွက် လင်းရှောင်၏စကားများက စည်းကျော်ခြင်းသာဖြစ်သည်။ သူက ထိတ်လန့်ခြောက်ခြားစရာကောင်းလောက်သည်အထိ မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
" အင်း ... မင်းအခုမှ နည်းနည်း ရိုးသားလာတာများလား ..."
လင်းရှောင် နှုတ်ခမ်းကိုက်ထားမိသည်။ သူ၏စကားများက ဖူယွီကျွင်းအတွက် လက်ခံရခက်ခဲမည်ကို သူသိသည်။ သို့ရာတွင် ဆင်ခြေတစ်ခုရှာလိုက်ခြင်းထက် ရိုးသားခြင်းကသာ အကောင်းဆုံးဖြစ်သည်။
ရာထူးအဆင့်အတန့းမြင့်မား၍ လင်းရှောင်၏ သေရေးရှင်ရေးကို လက်ထဲတွင် ဆုပ်ကိုင်ထားသူဖြစ်သော်လည်း ဖူယွီကျွင်းက ဧကရာဇ်ကဲ့သို့ အေးစက်သည့်အော်ရာများ ပတ်ပတ်လည်တွင် လွှမ်းခြုံထားသူ မဟုတ်ပေ။ သေဆုံးမည်က မလွဲဧကန်ဖြစ်မည်ဟု ခံစားထားရပြီး ထိုအော်ရာထွက်ပေါ်လာပါက မြို့တော်မှထွက်ပြေးခြင်းက အကျိုးမဲ့မည်ဟု ခံစားခဲ့ရသည်။ ၎င်းက ဧကရာဇ်ကို လင်းရှောင်မည်သည့်အခါကမှ မရိုးသားရဲခဲ့သည့် အကြောင်းပြချက်တစ်ခုဖြစ်သည်။
ဧကရာဇ်၏ ထိတ်လန့်ခြောက်ခြားဖွယ်အော်ရာနှင့် မတူညီစွာဖြင့် ဖူယွီကျွင်း၏အော်ရာမှာ ကြောက်မက်ဖွယ်ကောင်းသော်လည်း သူနှင့် ခပ်ခွာခွာနေရန်သာ လင်းရှောင်ခံစားမိသည်။
ဖြစ်နိုင်တာကတော့ ဖူယွီကျွင်းက သူ့အသက်ကိုနှုတ်ယူဖို့ ဘယ်တော့မှ မတွေးထားခဲ့တာကြောင့်လည်းဖြစ်မယ် ...
ထိုအတွေးများဖြင့် နောက်ဆုံးတွင် လင်းရှောင်က သတ္တိကိုစုစည်းပြီး ခေါင်းမော့ကာ ဖူယွီကျွင်းကို စေ့စေ့ကြည့်လိုက်သည်။
" အရှင့်သား ယုံတာ မယုံတာ ကိစ္စမရှိပေမယ့် ကျွန်တော်မျိုး ကိစ္စတစ်ခုကိုတော့ ရှင်းအောင်ပြောပြပါ့မယ် ... ဒီကိစ္စကို အရှင့်သားဆီက ဖုံးကွယ်မထားချင်ခဲ့ပါဘူး ..."
အစေခံငယ်လေး၏ ပုံပန်းသွင်ပြင်က အလွန်မြင့်မြတ်ကာ အကြည့်များက ကြည်လင်တောက်ပနေသည်။ သူ၏သန့်စင်သောမျက်လုံးများထဲတွင် ဖူယွီကျွင်း၏ ဒေါသဖြစ်နေသောပုံရိပ်က ရောင်ပြန်ဟပ်နေသဖြင့် သူ၏ရှေ့မှလင်းရှောင်က မျက်နှာချင်းဆိုင်ရန် ခက်ခဲလှသည်ဟု ဖူယွီကျွင်းခံစားမိသွားသည်။
ခေါင်းလှည့်၍ အစေခံငယ်လေးထံမှ အကြည့်လွှဲရန် ကြိုးစားလိုက်သော်လည်း လင်းရှောင်၏အကြည့်များက သူ့ကိုယ်ပေါ်တွင် ကပ်ညိနေဆဲဖြစ်ကြောင်း ခံစားမိလိုက်သည်။ အကြည့်ကိုရှောင်လွှဲပြီး တစ်ဖက်သို့လှည့်ကာ လင်းရှောင်၏ခြံဝင်းထဲမှ ထွက်သွားသည်။
ဖူယွီကျွင်းထွက်သွားသည်ကိုမြင်သောအခါမှ လင်းရှောင် ခဏတာစိတ်အေးသွားပြီး ခြံဝင်းထဲမှ ကျောက်တုံးခုံတန်းရှည်ပေါ် ထိုင်ချလိုက်သည်။
ခဏထိုင်ပြီးနောက် ဖူယွီကျွင်းထွက်သွားသည့်ပုံရိပ်ကို စိတ်ထဲမြင်ယောင်လာသဖြင့် သူ၏မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
ဖူယွီကျွင်းအတွက်မူ သူနှစ်သက်သဘောကျခဲ့ရသည့် အကမယ်လေးက ယောက်ျားတစ်ယောက်ဖြစ်နေသည့်အတွက် ကြီးမားသောရိုက်ချက်တစ်ခုဖြစ်သွားလိမ့်မည်သာ။ ထိုမျှသာမက ထိုယောက်ျားက သူ၏ကိစ္စများကိုသိရှိသည့်အပြင် သူ့ဘေးတွင်တစ်ချိန်လုံးရှိနေသူ ဖြစ်နေသည်။ မာနကြီးသော ဖူယွီကျွင်းအတွက် ဤကိစ္စကိုမျိုသိပ်ရန် ခက်ခဲနေသည်။
ကြည့်ရတာ အခုချိန်က ထွက်သွားဖို့ အချိန်ကောင်းပဲထင်တယ် ...
သို့ရာတွင် အိမ်ရှေ့စံမင်းသား၏နန်းဆောင်တွင် ဖူယွီကျွင်း မိုရွှီကိုဖမ်းဆီးရန်ကြိုးပမ်းခဲ့မှုကို မသိရှိရသေးသည်က သူ့ကိုစိတ်အနှောင့်အယှက်ပေးနေသေးသည်။
ထိုညက လင်းရှောင်အိပ်မရခဲ့ပေ။ မနက်စောစောတွင် သူတံခါးနားသို့ကပ်လာခဲ့သည်။
တံခါးဖွင့်လိုက်သည့်အခါ တံခါးဝတွင် လူနှစ်ယောက်က စောင့်နေသည်ကို မြင်လိုက်ရသည်။
ပထမတစ်ယောက်က သူ့ကိုတစ်ညလုံးစိတ်ပူနေခဲ့သည့် ဟုန်ယဲ့ဖြစ်ပြီး အခြားတစ်ယောက်မှာ မျက်တွင်းများကျနေသော ဖူယွီကျွင်းဖြစ်သည်။
ဖူယွီကျွင်းကိုမြင်သောအခါ လင်းရှောင်၏ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။
သူ၏အမူအယာက ရှုပ်ထွေးမှုများဖြင့် ပြည့်နေသည်။
ဖူယွီကျွင်းသည်လည်း လင်းရှောင်ကိုစိုက်ကြည့်နေသည်။ လင်းရှောင်ပေါ်လာသည်ကို မြင်သောအခါ သူ၏အမူအယာက အနည်းငယ်စိတ်ရှုပ်ထွေးနေပုံရပြီး သူ၏စိတ်အခြေအနေကမူ တည်ငြိမ်သွားပုံရသည်။
လင်းရှောင်တံတွေးမျိုချပြီး သူရပ်နေရာမှ ခေါ်လိုက်သည်။
" အရှင့်သား ..."
ဖူယွီကျွင်းက နူးညံ့စွာခေါ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ ဟုန်ယဲ့ကိုအမိန့်ပေးလိုက်သည်။
" အစေခံတွေကို မနက်စာပြင်ပေးဖို့ သွားခေါ်လိုက်ပါ ... မင်းရဲ့သခင်လေးနဲ့ ငါစကားပြောဦးမယ် ..."
ဟုန်ယဲ့က အလိုမကျသည့်ပုံဖြစ်သွားသော်လည်း နောက်ဆုံးတွင် ထွက်သွားသည်။
" လင်းရှောင် ..."
ဟုန်ယဲ့ထွက်သွားသည်ကို မြင်သည်နှင့် ဖူယွီကျွင်းက လင်းရှောင်၏ နာမည်ကိုခေါ်ပြီး အနားကပ်လာသည်။ လင်းရှောင် အနောက်သို့တစ်လှမ်းဆုတ်သွားပြီး ခပ်တောင့်တောင့်ဖြစ်သွားကာ ပြောလိုက်သည်။
" အရှင့်သား ပြောစရာရှိရင် အဲ့နားကပဲပြောပါလား ..."
ဖူယွီကျွင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူ အနားကပ်လာချင်သော်လည်း အစေခံငယ်လေး၏ သတိထားနေသည့် ပုံစံကြောင့် ယမန်နေ့ညက သူ့ကိုကြောက်လန့်သွားကြောင်း သိလိုက်သည်။ သူ့မျက်နှာက ပုံမှန်အတိုင်းဖြစ်သွားပြီး ပြောလိုက်သည်။
" မနေ့ညကအတွက် ငါတောင်းပန်ပါတယ် ..."
လင်းရှောင် အံ့အားသင့်ပြီး မျက်လုံးများပြူးကျယ်သွားသည်။
ဖူယွီကျွင်းကလေ ...
ဖူယွီကျွင်းက တစ်စုံတစ်ယောက်ကို မျက်နှာများနီရဲလျက် နူးညံ့စွာစကားပြောခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။ သူတိတ်ဆိတ်စွာဖြင့် ဆက်ပြောသည်။
" ငါ ညတုန်းက မင်းငါ့ကိုဘာလို့လိမ်လဲ စဉ်းစားနေတာ ... ငါ့ရဲ့ နက်ရှိုင်းတဲ့ ခံစားချက်တွေကို သိရဲ့သားနဲ့ ဒီကိစ္စကို ငါ့ဆီက ဖုံးကွယ်ထားတယ် ... ငါ့ရဲ့ဒေါသတွေက ..."
ထိုအကြောင်းပြောလိုက်ချိန်တွင် ဖူယွီကျွင်း ရပ်တန့်သွားပြီး ဂနာမငြိမ်ဖြစ်သွားသည်။
" ဘာပဲဖြစ်ဖြစ် ငါမှားသွားတယ် တောင်းပန်ပါတယ် ... မင်းကိုလန့်အောင်လုပ်မိပြီ ..."
လင်းရှောင် အံအားသင့်သွားသည်။
ဒီဖူယွီကျွင်းက သူ့ကိုတကယ်တောင်းပန်နေတာပဲ ...
မနေ့ကအလွန် ဒေါသထွက်နေသော်လည်း ယနေ့တွင် စိတ်ရင်းအမှန်ဖြင့် လာတောင်းပန်နေသည်။ ဖူယွီကျွင်း၏အတွေးများက နားလည်ရန်ခက်ခဲသည်ဟု လင်းရှောင်ထင်နေမိသည်။ လင်းရှေင်၏ပုံစံက လုံးဝအံ့ဩပြီး ဝေခွဲမရဖြစ်နေသည်ကို မြင်လိုက်သည်။ ထိုပုံစံလေးက အလွန်ချစ်စရာကောင်းသောကြောင့် သူမနေနိုင်တော့ပဲ ပြုံးလိုက်မိသည်။
" ငါ ဒီကိစ္စကို စဉ်းစားပြီးသွားပါပြီ ..."
သူခဏရပ်လိုက်ပြီး ကျိတ်ရယ်လိုက်သည်။
" တကယ်တော့ ဒီကိစ္စက ငါတွေးထားသလိုတော့မဟုတ်ဘူး ... ဒါပေမဲ့ ငါတွေးနေစရာလိုတဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး ... မင်းက ငါ့ကိုဖုံးကွယ်ထားလို့ ဒေါသထွက်သွားစေပေမယ့် မင်းက အကမယ်လေးဖြစ်နေတော့ ငါပျော်ပါတယ် ... မင်းဖြစ်နေလို့ ငါတော်တော်လေး ကျေနပ်သွားတယ် ..."
" အရှင့်သား ဘာကိုဆိုလိုတာလဲ ..."
လင်းရှောင် အမှန်ပင် စိတ်ရှုပ်သွားသည်။
အကမယ်က သူလေ ယောက်ျားကြီးလေ ... အဲ့ဒါတောင် ဖူယွီကျွင်းက ဘာတွေကိုဒီလောက်ကျေနပ်နေတာလဲ ...
ဒါက သူစိတ်ကူးထားတာနဲ့ နည်းနည်းတော့ ကွာခြားနေတယ် ...
ငါ အကမယ်လေးအကြောင်း တစ်ချိန်လုံးတွေးနေတာ မင်းကောင်းကောင်းသိတာပဲ ... ဒါဆို မင်းအပေါ်ဘယ်လိုတွေးလဲ သဘောပေါက်မှာပေါ့ လင်းရှောင် ..."
ဖူယွီကျွင်းက လင်းရှောင်၏မေးခွန်းကို မဖြေသည့်အပြင် သူ့ကိုတခြားမေးခွန်းတစ်ခု ထပ်မေးလိုက်သည်။
ထိုမေးခွန်းကို လင်းရှောင်စိတ်ထဲတွင် အပြန်ပြန်အလှန်လှန်စဉ်းစားနေမိသည်။ အဖြေက ထင်သလောက်မရိုးရှင်းဟု ခံစားမိသဖြင့် သူ မစဉ်းစားနိုင်တော့ပေ။ သူ ဖူယွီကျွင်းကို စိုက်ကြည့်နေရုံမှလွဲပြီး မတတ်နိုင်ပေ။
ဖူယွီကျွင်း ရှေ့သို့နှစ်လှမ်းခန့်လျှောက်လာပြီး လင်းရှောင်၏လက်ကို ဆွဲလိုက်သည်။
" မင်းနဲ့ အကမယ်လေးအပေါ် မှာ ငါ့ရဲ့ သဘောထားက အတူတူပဲ ..."
လင်းရှောင်မျက်လုံးများ ပြူးကျယ်သွားပြီး ဖူယွီကျွင်း၏လက်ကို ခါထုတ်လိုက်မိသည်။
သူအိပ်ရာမနိုးသေးပဲ အိမ်မက်မက်နေတာများလား ...
ဖူယွီကျွင်းက ခါထုတ်ခံလိုက်ရသော သူ၏လက်ကိုကြည့်ပြီး အနည်းငယ် စိတ်ပျက်သွားမိသည်။ ခေါင်းမော့ကာ အပြုံးဖြင့် ဆက်ပြောလိုက်သည်။
" ကိစ္စမရှိပါဘူး ... မင်းငါ့ကိုတစ်နေ့မှာ လက်ခံလာမှာပေါ့ ..."
" ကိုယ် မင်းကို လက်ထပ်မယ် ..."
ဖူယွီကျွင်း ရုတ်တရက်ပြောလိုက်သည်။
ထိုစကားလုံးများက ခေါင်းထဲတွင် ပေါက်ကွဲသွားပြီး လင်းရှောင်၏အတွေးများကို အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။ ဖူယွီကျွင်းကို မှင်သက်ပြီး စိုက်ကြည့်နေမိသည်။ ဖူယွီကျွင်းက သူ့ကို နူးညံ့စွာကြည့်နေပြီး လင်းရှောင်ကို နူးညံ့ညင်သာမှုများအကြား နစ်မြုပ်စေချင်နေသည့်ပုံပင်။
သို့ရာတွင် လင်းရှောင်က ဖူယွီကျွင်း၏ရည်ရွယ်ချက်ကို မခံစားနိုင်ပဲ နှလုံးသားမှစတင်၍ အေးစိမ့်လာကာ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။ ဖူယွီကျွင်းက အလွန် အန္တရာယ်များကြောင်း လင်းရှောင်သိရှိသွားသည်။ ညကထက်ပင်ပို၍ အန္တရာယ်များနေသည်။
ဤနေရာမှထွက်သွားပြီး ဖူယွီကျွင်း၏ကြောက်မက်ဖွယ်အကြည့်များအောက်မှ မရှောင်သွားနိုင်သဖြင့် သူ့ကိုယ်သူ မုန်းတီးမိနေသည်။
သူ၏ရင်ထဲတွင် ခပ်ဖျော့ဖျော့ခံစားချက်တစ်ခုဖြစ်ပေါ်လာကာ ယခုချိန်မဖွက်သွားပါက ဤနေရာမှထွက်သွားရန်အခွင့်အရေး ဘယ်သောအခါမှ မရနိုင်တော့ဟု ပြောနေသကဲ့သို့ပင်။
လင်းရှောင် ထိုသို့တွေးပြီး ရုတ်တရက် အားရပါးရရယ်ချလိုက်သည်။ သူအရိုအသေပြုပြီး တီတိုးပြောလိုက်သည်။
" ကျွန်တော်မျိုးသိပြီ ... ဒီနေ့ တံခါးမှားဖွင့်မိတာဖြစ်မယ် ... နောက်မှ ထပ်ဖွင့်ကြည့်ရမယ် ..."
ထိုစကားများပြောပြီး လင်းရှောင်တံခါးကို ပိတ်ရန်ပြင်လိုက်သည့်အခါ ဖူယွီကျွင်းက သူ့မြင်ကွင်းထဲမှ ပျောက်သွားသည်။ ထိုအခါမှသာ လင်းရှောင်၏ရင်ထဲတွင် အနည်ထိုင်သွားသည်။
သို့ရာတွင် ဖူယွီကျွင်းက တံခါးကိုလက်ဖြင့်ကိုင်လိုက်ပြီး လင်းရှောင်၏ အပြုအမူကို တားမြစ်လိုက်သည်။ တံခါးပိတ်မည်ကို တားလိုက်ပြီး လင်းရှောင်ကို မျက်ခုံးပင့်ကြည့်လိုက်သည်။
" ပုန်းမနေနဲ့ ... ကိုယ်အခုပြောခဲ့တာ အမှန်တွေပဲ ..."
တံခါးပိတ်ရန် အစီအစဉ်က ကျရှုံးသွားသဖြင့် လင်းရှောင် ကြောင်အအဖြင့်သာ စိုက်ကြည့်နေမိသည်။ ထို့နောက် အသက်ပြင်းပြင်းရှုကာ ဖူယွီကျွင်းကို အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်မိသည်။ သု့အသံထဲတွင် မယုံကြည်နိုင်မှုများကို မဖုံးကွယ်ပဲ ပြောလိုက်သည်။
" ကျွန်တော်မျိုးက အကမယ်ဆိုတာ သိပြီးတော့လည်း လက်ထပ်ချင်သေးတယ်ပေါ့ ... ကျွန်တော်မျိုးက ယောက်ျားရင့်မာကြီးလေ ..."
ဖူယွီကျွင်းရဲ့ခေါင်းထဲ ဘာတွေ တွေးနေပါလိမ့် ...
" မင်းက အကမယ်လေးဖြစ်နေလို့ မဟုတ်ဘူးလို့ ကိုယ်ပြောပြီးပြီနော် ... မင်းက လင်းရှောင်ဖြစ်နေလို့ပါဆို ..."
ဖူယွီကျွင်းက အခိုင်အမာပြောနေသည်။
ကျိုးကြောင်းဆီလျော်မှုမရှိဟု တွေးမိလာသဖြင့် ဖူယွီကျွင်းနှင့် စကားနိုင်လုမနေချင်တော့ပဲ စိတ်ဆိုးမာန်ဆိုးဖြင့် သူ့ကိုစိုက်ကြည့်လိုက်သည်။
" ကျွန်တော်မျိုး သဘောမတူနိုင်ဘူး ..."
" မင်းရဲ့ ထင်မြင်ချက်ကိုနားထောင်ရမှာ ကိုယ့်အစီအစဉ်ထဲ မပါဘူး ..."
ဖူယွီကျွင်းက ပြုံးပြလိုက်သည်။
လင်းရှောင် လန့်သွားသည်။
ဖူယွီကျွင်းက ဘာပြောချင်တာလဲ ...
သူ၏ရင်ထဲ မသက်မသာခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
သူ့ကိုမယုံကြည်နိုင်သည့် အမူအယာဖြင့် အကြောက်အကန်ငြင်းနေသော်လည်း ရိုးသားသည့်အပြုအမူလေးကြောင့် ဖူယွီကျွင်း၏ရင်ထဲတွင် လင်းရှောင်ကို ကာကွယ်ပေးချင်စိတ် ပိုများလာသည်။
ဖူယွီကျွင်း သည်းမခံနိုင်တော့ပဲ လင်းရှောင်၏ခေါင်းကိုပွတ်၍ နှစ်သိမ့်ပေးရန်ကြိုးစားလိုက်သည်။
လင်းရှောင်က သူ့လက်ကို ရိုက်ချလိုက်သဖြင့် ဖူယွီကျွင်း အနည်းငယ်နာကျင်သွားပြီး မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
လင်းရှောင် ခေါင်းငုံ့ပြီး အတွေးထဲ နစ်မြောနေသည်။ သူနှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး နောက်တစ်ကြိမ် ငြင်းဆန်လိုက်သည်။
" အရှင့်သား လင်းရှောင်ကို အခက်တွေ့အောင် မလုပ်ပါနဲ့လား ..."
ဖူယွီကျွင်းက ထိုစကားကိုကြားသည့် သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး လင်းရှောင်၏မေးခွန်းကို ပြန်မဖြေလိုက်ပေ။ ထိုအစား သူပြောလိုက်သည်က –
" ကိုယ်တို့ သုံးရက်အတွင်း လက်ထပ်ကြမယ် ..."
လင်းရှောင် သူ့စကားများကြောင့် မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ဒီ ဖူယွီကျွင်း ဘာဖြစ်နေတာလဲ ... ဆေးများ မှားသောက်ထားတာလား ...
လင်းရှောင်၏ အတွေးကို ရိပ်မိသကဲ့သို့ ဖူယွီကျွင်းက သူ့ကိုချော့မော့လိုက်သည်။
" မင်း ချက်ချင်း လက်မခံနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ် ... ဒါပေမဲ့ အချိန်ကြာလာရင်တော့ လက်ခံနိုင်သွားမှာပါ ... ကိုယ် မင်းကို တစ်ဘဝလုံး ကောင်းကောင်းဆက်ဆံပါ့မယ် ... မင်းကို ချစ်မိသွားတာကို ဘာမှလုပ်လို့ မရဘူးလေ ... ကိုယ်မင်းကို ဘဝတစ်သက်တာမှာ အခမ်းနားဆုံး လက်ထပ်ပွဲကြီးကျင်းပပေးပါ့မယ် မင်းတစ်ယောက်တည်းကို လက်ထပ်မှာပါ ..."
လင်းရှောင် အနည်းငယ်ရှုံ့မဲ့သွားသည်။ ထိုစကားများကြောင့် အနည်းငယ်စိတ်လှုပ်ရှားသွားကြောင်းကို ဝန်ခံရပေမည်။
တကယ်လို့ သူသာမိန်းကလေးတစ်ယောက်ဆိုရင် စိတ်လှုပ်ရှားလွန်းလို့ ငိုယိုပြီးကို ချက်ချင်းလက်ထပ်လိုက်မှာ ...
ဒါမဲ့ သူကယောက်ျားကြီးလေ... ယောက်ျားတစ်ယောက်မှာ ရှိရမယ့် ပစ္စည်းကိရိယာတွေ အကုန်ရှိနေတဲ့ ယောက်ျားကြီးလေ ...
ဘာလို့ နောက်ထပ်ယောက်ျားတစ်ယောက်ကို လက်ထပ်ရမှာလဲ...
ဖူယွီကျွင်းဆီမှာ ဘယ်လို လှုံ့ဆော်မှုတွေ ရှိနေတာများလဲ ...
သူက လက်ထပ်ချင်ရုံတင်မကဘူး ... သုံးရက်အတွင်းတဲ့ ... လက်ထပ်ဖို့စီစဉ်တာကြီးကလည်း မစောလွန်းဘူးလား ...