အပိုင်း ၆၀
Viewers 12k

သူမည်သည့်စကားလုံးမျိုးကိုသုံး၍ ငြင်းဆန်ပါစေ ဖူယွီကျွင်းကို သိမ်းသွင်း၍ရမည်မဟုတ်ပေ။ လင်းရှောင် အံကြိတ်ပြီး နည်းဗျူဟာပြောင်းလိုက်သည်။ မျက်နှာကြောကိုလျှော့လိုက်ပြီး နူးညံ့သောအသံဖြင့် သူ့ကို ဖျောင်းဖျလိုက်သည်။
" အရှင့်သားက လင်းရှောင်ကို ဂရုစိုက်ပေးထားတဲ့အတွက် ကျေးဇူးကြွေးတင်နေမိပါပြီ ... လင်းရှောင်လည်း ... ဆန္ဒရှိပါတယ် ..."
ဖူယွီကျွင်း၏ စိတ်လှုပ်ရှားသွားသော မျက်နှာကို မြင်လိုက်ရသည့်အခါ လင်းရှောင်က နှလုံးသား၏ဆန္ဒနှင့်ဆန့်ကျင်သည့် စကားလုံးများကို ပြောပြလိုက်ရသည့်အတွက် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူက အပြုံးတုတစ်ခုဖြင့် ပြုံးပြလိုက်သည်။
" ဒါပေမဲ့လည်း သုံးရက်အတွင်း‌ကတော့ ရုတ်တရက် မဆန်လွန်းဘူးလား ..."
ဖူယွီကျွင်းက သူပြောသည့်စကားကြောင့် သက်ပြင်းချလိုက်သည်။
" ရုတ်တရက်ကြီးတော့ ဖြစ်သွားပါတယ် ဒါပေမဲ့ ကိုယ်မစောင့်နိုင်တော့ဘူး ... ကိုယ်ကြောက်တာက မင်း ..."
ဖူယွီကျွင်းက တစ်စုံတစ်ခုကို စိုးရိမ်သွားပုံရသည့်အတွက် စကားစဖြတ်လိုက်သည်။ ထိုကိစ္စကို လင်းရှောင်အား သတိမပေးလိုသည့်ပုံလည်း ဖြစ်နေသည်။
ဒါပေမဲ့ လင်းရှောင်ကလည်း သူ့ကိုလွယ်လွယ်လွှတ်ပေးမယ်တဲ့လား ...
လင်းရှောင်သူ့ကိုမေးခွန်းထုတ်လိုက်သည်။
" အရှင့်သား ဘာကိုကြောက်တာလဲ ..."
ဖူယွီကျွင်းက လင်းရှောင်၏လက်ကိုကိုင်ပြီး ပြောလိုက်သည်။
" ကိုယ်ပြောပြပါမယ် ... ဒါပေမဲ့ စိတ်အေးအေးထားနော် ..."
" ကျွန်တော်မျိုး သိပါပြီ ..."
လင်းရှောင်က စိတ်မရှည်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
ဖူယွီကျွင်းက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါပြလိုက်သည်။ တွန့်ဆုတ်နေရမည့်အစား လေးနက်စွာပြောလိုက်သည်။
" မူတိုင်းပြည်ဧကရာဇ်က ရှောင်တိုင်းပြည်ကို ရောက်နေတယ် ..."
“……” ဘာများလဲလို့ အဲ့ဒါကိုပြောတာလား ... လင်းရှောင်လည်း ဒီကိစ္စကိုသိတယ်လေ ... ဒါပေမဲ့ မေးရမှာတစ်ခုက ဖူယွီကျွင်းကရော ဒါကိုဘယ်လိုသိလဲဆိုတာပဲ ...
လင်းရှောင်၏ မေးခွန်းထုတ်နေသောအကြည့်ကြောင့် ဖူယွီကျွင်း ရှင်းပြလိုက်သည်။
" အစ်ကိုတော်ရဲ့ အိမ်‌တော်အပြင်ဘက်မှာ မိုရွှီကိုစောင့်နေတုန်း သူနဲ့တွေ့ခဲ့ရတာ ..."
" အ ... အရှင့်သား သူနဲ့ဆုံခဲ့တာပေါ့ ..."
လင်းရှောင် အံ့ဩသွားသည်။
ဖူယွီကျွင်း ခေါင်းခါလိုက်ပြီး သူ၏မျက်နှာက တည်ကြည်နေသည်။ အမှန်က မူတိုင်းပြည်ဧကရာဇ်က သူ့ကိုလက်‌ဦးမှုယူပြီး ဆက်သွယ်ခဲ့ခြင်းဖြစ်သည့်အပြင် ဧကရာဇ်ကို သူ့မျက်လုံးနှင့်ကိုယ်တိုင် တွေ့ခဲ့ခြင်းမဟုတ်ပေ။ ဧကရာဇ်က သူ့ကိုစာတိုတစ်စောင်သာ ပေးခဲ့သည်။
ထိုစာပေါ်တွင် စာကြောင်းတိုလေးများသာ ပါရှိသည်။
[ ကိုယ်တော့်ရဲ့ တရားဝင်ကြင်ယာတော်ကို ဂရုစိုက်ပေးထားတဲ့အတွက် မင်းသားကို ကျေးဇူးကြွေးတင်မိပါပြီ ... အခု ကိုယ်တော်က သူ့ကို ပြန်လာခေါ်တော့မယ်ဆိုတာ သိထား‌ပါ ]
ဤစာတိုလေးကြောင့် ဖူယွီကျွင်းက ဆောက်တည်ရာမရဖြစ်သွားပြီး အိမ်သို့ မြန်မြန်ပြန်လာ၍ လင်းရှောင်ကို လာတွေ့ခြင်းဖြစ်သည်။ ထိုအခါမှ လင်းရှောင်က အကမယ်လေးဖြစ်နေကြောင်း သူသိလိုက်ရခြင်းဖြစ်သည်။
" သူ ဒီကိုရောက်နေတယ်ဆိုတာ အရှင့်သား ဘယ်လိုသိတာလဲ .... သူနဲ့ တွေ့ခဲ့သေးလား ... သူတစ်ခုခုလုပ်သေးလား ..."
လင်းရှောင် သူ့ဘေးတွင် ရပ်နေပြီး သံသယအပြည့်ဖြင့်မေးလိုက်သည်။
ဖူယွီကျွင်းက လင်းရှောင်ကို စာတိုအကြောင်း မပြောပြချင်၍ စကားခေါင်းစဉ်ပြောင်းလိုက်သည်။
" သူ့လူတွေထဲကတစ်ယောက်က မိုရွှီကိုခေါ်သွားတယ် ..."
" ဘာ ... ဘယ်လို ..."
လင်းရှောင် အံ့အားသင့်သွားသည်။
" အရှင့်သားက အိမ်ရှေ့မင်းသားရဲ့နန်းဆောင်ကို စောင့်ကြည့်နေတယ်မလား ..."
" ဟုတ်တယ် ..."
ဖူယွီကျွင်း အံကြိတ်လိုက်သည်။ ထိုကြောင့် မူဧကရာဇ်၏ လူများနှင့်တွေ့ပြီး ထိုစာတိုကို ရခဲ့ခြင်းပင်။
မိုရွှီကို ခေါ်ဆောင်သွားရန်အတွက် ဖူယွီကျွင်း၏လူများက နန်းဆောင်ကို တစ်နေကုန်စောင့်ကြည့်နေခဲ့ကြသည်။ သို့သော်လည်း မိုရွှီကို ခေါ်မလာနိုင်ခဲ့ပေ။
ရှောင်တိုင်းပြည်မှာတောင် မူဧကရာဇ်ရဲ့ အစွမ်းက ဒီလောက်ကြီးမားတာလား ...
သူ ဤကိစ္စကို သေချာစုံစမ်းစစ်ဆေးရမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် အရေးကြီးဆုံးအရာက အစေခံငယ်လေး သူ့အနားတွင်နေရန်ဖြစ်သည်။
အကယ်၍ သူ့ကိုလက်ထပ်လိုက်ပါက မူဧကရာဇ်က သူ့ကို ခေါ်သွားနိုင်မည်မဟုတ်တော့ပေ။
ထိုအကြောင်းကို ပို၍တွေးလေ ဖူယွီကျွင်း၏ လင်းရှောင်ကိုကြည့်သော အကြည့်များက ပို၍ပြင်းထန်လာလေဖြစ်သည်။
ထို့ကြောင့် လင်းရှောင် မသက်မသာဖြစ်လာသည်။
လင်းရှောင်၏ ဆိုးဝါးသောတုံ့ပြန်မှုကို သတိပြုမိသဖြင့် မူယွီကျွင်းသတိပြန်ကပ်ထားပြီး ခေါင်းကို တစ်ဖက်သို့လှည့်လိုက်သည်။
" မိုရွှီ့ကိစ္စကို စုံစမ်းစစ်ဆေးပြီး မင်းကိုပဲ ကိုင်တွယ်ခိုင်းမှာ စိတ်မပူပါနဲ့ ... မင်းက ကိုယ်တို့ မင်္ဂလာပွဲအတွက်ပဲ ပြင်ဆင်ဖို့လိုတယ် ..."
" မဟုတ်မှ ..."
လင်းရှောင် မျက်မှောင်ကြုတ်လိုက်သည်။
ဆွေးနွေးတာက ဘာလို့ ဒီကိစ္စကိုရောက်သွားရတာလဲ ... ဖူယွီကျွင်းကိုတားဖို့ နည်းလမ်းရှာမှ ရတော့မယ် ...
" အစောင့်တွေ ..."
ဖူယွီကျွင်းက လင်းရှောင်၏စကားကို နားမထောင်တော့ပဲ အစောင့်များကို ခေါ်လိုက်သည်။
ခဏအကြာတွင် လင်းရှောင်၏ ခြံဝင်းတစ်ခုလုံး ဓားကိုယ်စီကိုင်ထားသော အစောင့်များဖြင့်ပြည့်သွားသည်။
လင်းရှောင် သူ့ကို အံ့အားသင့်စွာကြည့်လိုက်သည်။
ဒီ ဖူယွီကျွင်းက သူ့ကိုဖမ်းချုပ်ထားတော့မှာလား ...
လင်းရှောင်က သူ့ကို ယုံကြည်ပြီး မှီခိုအားထားခဲ့သော်လည်း ယခုအခါတွင် အသက်မဲ့နေသောမျက်နှာဖြင့် ဖူယွီကျွင်းကို ကြည့်လိုက်မိသည်။ ထိုအကြည့်များက ဖူယွီကျွင်း ရင်မဆိုင်ရဲသဖြင့် အကြည့်လွှဲပြီး စကားတစ်ခွန်းကို တီးတိုးပြောလိုက်သည်။
" ကိုယ် တောင်းပန်ပါတယ် ..."
နောက်ဆုံးတွင် သူစကားတစ်ခွန်း ထပ်ပြောလိုက်သည်။
" ဒီနေရာမှာပဲ လိမ်လိမ်မာမာနေပါ ... သုံးရက်ကြာလို့ ကိုယ်တို့လက်ထပ်ပြီးရင် မင်းကို လွတ်လွတ်လပ်လပ်နေခွင့်ပေးမယ် ..."
ထိုစကားများပြောပြီးသည့်နောက် ဖူယွီကျွင်းက သူသတိလက်လွတ်ဖြစ်နေချိန်တွင် ပါးကိုနမ်းလိုက်ပြီး နူးညံ့စွာကြည့်နေသည်။ သူက လင်းရှောင်ကို ကတိပေးလိုက်သည်။
" ကိုယ်မင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါ့မယ် ..."
ထို့နောက်တွင် ဖူယွီကျွင်းက ခြံဝင်းထဲမှ လှည့်ထွက်သွားသည်။
သူနမ်းခဲ့သည့်နေရာကို လင်းရှောင်ပွတ်သပ်လိုက်မိသည်။ ဖူယွီကျွင်း၏နွေးထွေးသောအနမ်းကို ထိုနေရာတွင် ခံစားနေရဆဲဖြစ်သည်။ စေးကပ်ကပ်ခံစားချက်က သူ့ကို မသက်မသာဖြစ်စေ၍ ထိုနေရာမှ အသားအရည်က နီရဲလာသည့်အခါ လင်းရှောင် အမြန်ပွတ်ပစ်လိုက်သည်။
မင်းကြီးရဲ့ အနမ်းကို ဘာမှမဖြစ်ပေမယ့် ဖူယွီကျွင်းရဲ့ အနမ်းကို ဘာလို့ မုန်းနေမိတာပါလိမ့် ...
သူ ဧကရာဇ်ကို သဘောကျမိနေတာများလား ...
လင်းရှောင် မျက်လုံးများပြူးကျယ်သွားသည်။ ချက်ချင်းပင်ခေါင်းခါ၍ ထိုအကြောင်းမတွေးမိစေရန် ကြိုးစားလိုက်သည်။
အခုချိန်မှာ အရေးကြီးတာက ဒီအကြောင်စဉ်းစားဖို့မဟုတ်ပဲ ဒီလှောင်အိမ်ထဲက လွတ်မြောက်ဖို့ပဲ ...
ထိုညတွင် နွေဦးမျှော်လင့်ချက်စားသောက်ဆိုင်က မီးထိန်ထိန်လင်းနေချိန်တွင် အိမ်တစ်အိမ်စီ၏ မီးရောင်များက တဖြည်းဖြည်း ငြိမ်းသွားခဲ့သည်။
ဧကရာဇ်က ဒုတိယထပ်မှ သီးသန့်အခန်းလေးထဲတွင်ထိုင်နေပြီး ဒူးထောက်ထားသောဟုန်ယဲ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
" ကိုယ်တော့်ရဲ့ ကြင်ယာတော်ကို ဖူယွီကျွင်းက လက်ထပ်မယ်လို့ ဆိုလိုတာလား ..."
ရေခဲတမျှအေးစက်သောအသံက ဟုန်ယဲ့၏ရင်ထဲသို့ ရောက်သွားသည့်အတွက် သူမတစ်ကိုယ်လုံးကို အေးခဲသွားစေသည်။ လေးလံသည့်ဖိအားကို ရင်ဆိုင်နေရသည့်အတွက် နှုတ်ခမ်းများ တုန်ယင်ကာ ကြောက်လန့်စွာ ဖြေလိုက်သည်။
" မှန် ... မှန်လှပါ မင်းကြီး ..."
" ဟင်း ..."
ဟုန်ယဲ့ ရယ်သံတစ်ခုကို ကြားလိုက်ရသည်ဟု ထင်မိသွားသည်။ အလိုလိုခေါင်းမော့ကြည့်လိုက်မိပြီး သူမသခင်ကိုကြည့်ကာ အံ့အားသင့်သွားသည်။ သူမ ငယ်ရွယ်စဉ်ကတည်းက သခင်၏နောက်သို့ လိုက်ခဲ့ခြင်းဖြစ်သည်။ သူရယ်မောသည်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့သောကြောင့် အံ့ဩသွားမိသည်။
သို့သော် ယခုအခါတွင် သူမ၏သခင်ကရယ်နေသည်။ နှုတ်ခမ်းများတင်းတင်းစေ့ထားပြီး မျက်လုံးများက ရယ်နေသည့် အရိပ်အယောင်မပြသော်လည်း ပြုံးနေသည်ကို ခံစားမိသည်။
ထိုအပြုံးတွင် အေးစက်မှုနှင့် ဖိနှိပ်မှုများသာ ပါဝင်နေခြင်းဖြစ်သည်။
ဧကရာဇ်၏ပတ်ပတ်လည်မှ လေထုဖိအားက အလွန်နိမ့်လွန်းလှသည်။ သူထုတ်လွှတ်နေသည့် နဂါးဘုန်းတန်ခိုးများက အခန်းတွင်အပူချိန်ကို နိမ့်ဆင်းလာစေသည်။ သူ၏ခမ်းနာထည်ဝါသော ကိုယ်ရောင်ကိုယ်ဝါများကြောင့် ဟုန်ယဲ့ ကြက်သီးထ၍ တသိမ့်သိမ့်တုန်နေပြီး ထိုအပြုံးက ထိတ်လန့်ခြောက်ခြားစရာကောင်းသည်ဟု ခံစားမိလိုက်သည်။
သူမ အလွန်ကြောက်နေသောကြောင့် မလှုပ်ရှားရဲသည့်အပြင် အကြည့်လွှဲရန်ပင် မေ့နေမိသည်။
ဧကရာဇ်က သူမ၏ရိုင်းပြမှုအတွက် တစ်ချက်သာစိုက်ကြည့်လိုက်သည်။ ၎င်းက အကြည့်တစ်ချက်သာဖြစ်သော်လည်း ဟုန်ယဲ့က ကံကြမ္မာဆိုးဝင်သကဲ့သို့ ခံစားလိုက်ရသည်။
ဟုန်ယဲ့ မည်သို့ခေါင်းငုံ့ရမည်ကိုပင် မမှတ်မိနိုင်တော့ပေ။ သူမသိသည်က ထိုကဲ့သို့မြင်ကွင်းကို သူမဘဝတွင် ထပ်မမြင်လိုတော့ပေ။
အရမ်း ကြောက်စရာကောင်းလွန်းတယ် ...
ဟုန်ယဲ့၏ ခန္ဓာကိုယ်နှင့် အတွင်းစိတ်ထဲတွင်ပါ အကြောက်တရားများ လွှမ်းခြုံလာသည်။ သူမရှေ့ကလူမှာ သူမ၏သစ္စာရှိမှုကို အပ်နှင်းခဲ့ရသော ဧကရာဇ်ဖြစ်ပြီး သူမငယ်စဉ်တည်းက မြတ်နိုးခဲ့ရသည့်လူဖြစ်ကြောင်း မေ့နေခဲ့မိသည်။
သူမ သူ့ကိုနှစ်အနည်းငယ်သာ မတွေ့ခဲ့ရသော်လည်း သူမကို ရင်ခုန်စေခဲ့သည့် ထိုလူငယ်လေးမှာ အားလုံးကကြောက်ရွံ့ရသည့် သက်ဦးဆံပိုင်ဘုရင်တစ်ယောက်ဖြစ်လာခဲ့သည်။
ပြီးတော့ သူမနဲ့ပိုပြီးအလှမ်းဝေးသွားခဲ့တယ် ...
" သူက လက်ထပ်ချင်တယ်ဆိုရင်လည်း လက်ထပ်ပါစေ ..."
ဧကရာဇ်က ရွှင်လန်းခြင်းကင်းမဲ့နေသည့် အပြုံးတစ်ခုဖြင့် အေးဆေးပြောလိုက်သည်။
သူပြောသည်ကို နားမလည်သဖြင့် ဟုန်ယဲ့ အံ့အားသင့်သွားသည်။ ဧကရာဇ်က လက်ဖက်ရည်ကို ဖြည်းညှင်းစွာသောက်နေပြီး မျက်လုံးများမှေးကျဉ်း၍ အေးစက်စွာပြောလိုက်သည်။
" သူ လုပ်နိုင်မယ်ဆိုရင်ပေါ့ ..."
ဧကရာဇ်၏အသံက ခံစားချက်တစ်စုံတစ်ရာ မပါဝင်သော်လည်း ဘုန်းတန်ခိုးဖြင့်ပြည့်စုံနေကာ ယုံကြည်ချက် ရှိနေပုံပင်။
ထိုစကားကို ကြားပြီးသည့်နောက်တွင် ဖူယွီကျွင်းက လင်းရှောင်ကို လက်ထပ်ရန် မဖြစ်နိုင်တော့ကြောင်း ဟုန်ယဲ့သိလိုက်သည်။
သူမမျက်လုံးများမှိတ်ထားပြီး ခေါင်းငုံ့ထားလိုက်သည်။
သူမ တစ်စုံတစ်ရာကိုတွေးမိပြီးထပ်ပြောလိုက်သည်။
" အရှင်မင်းကြီး ကိစ္စတစ်ခုရှိပါသေးတယ် ... ဟုန်ယဲ့ကို သံသယဝင်နေကြပါပြီ ..."
ဧကရာဇ်က မျက်ခုံးပင့်လိုက်သည်။
" ဖူယွီကျွင်းကလား ..."
" သခင်လေးကလည်း နည်းနည်း သံသယဝင်နေပါတယ် ..."
ဟုန်ယဲ့ ပြန်ဖြေလိုက်သည်။
" ကိစ္စမရှိဘူး ... အဲ့ကိစ္စကို စိတ်မပူပဲ သူ့ဘေးမှာပဲနေပြီး သူ့ကိုကာကွယ်ပေးပါ ..."
" မှန်လှပါ အရှင် ..."
ဟုန်ယဲ့ ပြန်ဖြေပြီးနောက် ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
ဟုန်ယဲ့ ထွက်သွားပြီးနောက် ဧကရာဇ်က လက်ဖက်ရည်ခွက်ကိုကိုင်ကာ သူမသတင်းပို့ချက်များကို ပြန်တွေးပြီး အေးစက်စွာဖြင့် 'ဟမ့်' ဟူသောအသံပြုလိုက်သည်။ ခွန်အားအနည်းငယ် အသုံးပြုလိုက်သဖြင့် လက်ထဲမှ လက်ဖက်ရည်ခွက်က ‌အက်ကွဲသွားကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။
ကိုယ်တော့်ရဲ့ ကြင်ယာတော်ကို တခြားလူတွေက စိတ်နဲ့တောင် ပြစ်မှားလို့ရမယ်ထင်နေလား ...
" အန်းယာ ..."
ဧကရာဇ်က ကွဲကြေသွားသော ဖန်ခွက်အစအနများကို ခါလိုက်သဖြင့် အဖြူရောင်မြူနှင်းများကဲ့သို့ လေထဲတွင် ပြန့်ကျဲသွားသည်။ ထိုမြူနှင်းများ လွင့်ပြယ်သွားချိန်၌ ပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုပုံရိပ်က ခန္ဓာကိုယ် ကျစ်လျစ်တောင့်တင်းပြီး အနက်ရောင်ဝတ်ရုံလွှမ်းခြုံထားကာ ဆံပင်ကို ပိုနီတေးပုံစံစည်းထားသည်။ သူ၏နောက်တွင်ဓားရှည်တစ်ချောင်း ရှိသဖြင့် သိုင်းပညာရှင်တစ်ယောက်၏ပုံပန်းသွင်ပြင်ဟု ထင်ရသည်။ သူက ဧကရာဇ်၏ရှေ့တွင် ရိုသေစွာဒူးထောက်ပြီး နှုတ်ဆက်လိုက်သည်။
" သခင့်ကို ဂါရဝပြုပါတယ် ..."
" အရင် အစီအစဉ်ကို ပြန်ပြောင်းမယ် ..."
ဧကရာဇ်က ခုံပေါ်တွင်မှီလိုက်ပြီး လက်ချောင်းများကို ဆော့ကစားနေသည်။
" အမိန့်အတိုင်းပါ ..."
အန်းယာက မတွန့်ဆုတ်ပဲ ချက်ချင်းပြန်ဖြေလိုက်သည်။ ဧကရာဇ်ထံမှ အမိန့်ဖြစ်၍ အကြောင်းအရင်းကို သူဂရုမစိုက်ပေ။
အန်းယာထွက်သွားသည်နှင့် ဧကရာဇ်က မျက်လုံးများမှိတ်လိုက်သည်။
သုံးရက္တဲ့လား ...
ဒါဆိုရင် ကုန်းကုန်းငယ်လေးကို သုံးရက်အတွင်း ပြန်ခေါ်လို့ရပြီပေါ့ ...
.....
ဒုတိယမင်းသားအိမ်တော်တွင်
လင်းရှောင် ပိတ်လှောင်ခံထားရသည်မှာ တစ်ရက်ပြည့်သွားပြီဖြစ်သည်။ ကျီရှန့်နှင့် ဖူကန်းတို့ အစေခံနှစ်ဦးမှလွဲ၍ ဟုန်ယဲ့အပါအဝင် မည်သူ့ကိုမျှ လင်းရှောင်မတွေ့ရပေ။
တံခါးများနှင့် ပြတင်းပေါက်များနားတွင် စောင့်ကြည့်နေသော အစောင့်များစွာရှိသဖြင့် လင်းရှောင်အခန်းထဲမှပင် ထွက်၍မရပေ။
လင်းရှောင်က သိုင်းပညာသင်ထားသူတစ်ယောက်ဖြစ်သော်လည်း မြောက်များစွာသောလူများကို မရင်ဆိုင်နိုင်ပေ။
ဤနေရာတွင် အပိတ်ခံထားရရုံသာရှိသည်။
သို့ရာတွင် လင်းရှောင်က ငြိမ်ငြိမ်ထိုင်စောင့်နေမည့်လူမျိုးမဟုတ်ပေ။ ထွက်ပြေးမည့်အစီအစဉ်က ပျက်စီးသွားပြီဖြစ်၍ ဖူယွီကျွင်းအကြောင်းကို စဉ်းစားနေမိသည်။
သူက ဖူယွီကျွင်းကို အသုံးချ၍ ထွက်ပြေးရန်ကြံစည်နေခြင်းဖြစ်သည်။
ထို့ကြောင့် ယနေ့တွင် ဖူယွီကျွင်းကို ဖိတ်ခေါ်ရန် ကျီရှန့်ကို အစောပိုင်းတည်းက ပြောထားခဲ့သည်။
သို့ရာတွင် ကျီရှန့်ပြန်လာသည့်အခါ ဖူယွီကျွင်းကို မတွေ့ခဲ့ရကြောင်း ပြောလိုက်သည်။ ဖူယွီကျွင်းက နန်းဆောင်မှ စောစောထွက်သွားသည်ဟု သူမကြားခဲ့သည်။
လက်ရှိအချိန်တွင် ရှောင်တိုင်းပြည်ဧကရာဇ်ထံတွင် ကိစ္စတစ်စုံတစ်ခုဖြစ်နေသည်။
နည်းလမ်းမရှိသည့်အဆုံး လင်းရှောင်က ဖူယွီကျွင်း ပြန်လာမည်ကိုသာ စောင့်နေရသည်။ သို့ရာတွင် ဖူယွီကျွင်းက အလောတကြီးပြန်လာသည်။ အိမ်တော်သို့ ပြန်ရောက်သည့်အခါ လင်းရှောင်ပင် မဖိတ်‌ခေါ်ရပဲ လင်းရှောင်၏ ခြံဝင်းထဲသို့ အပြေးတစ်ပိုင်းဖြင့် ဝင်လာသည်။
လင်းရှောင် အံ့အားသင့်စွာဖြင့် သူ့ကိုကြည့်နေသည်။ ဖူယွီကျွင်း၏ လက်ရှိပုံစံက ဖရိုဖရဲဖြစ်နေသည်။ အင်္ကျီကော်လံတွင်လည်း ချွေးပြန်နေပြီး သူ့မျက်နှာက ဖြူဖျော့နေသည်။ ဖူယွီကျွင်းက သူ့ထံသို့ မပြေးရုံတမယ် လာနေသည်ကို မြင်လိုက်ရသောအခါ လင်းရှောင်လန့်သွားပြီး မတ်တပ်ရပ်လိုက်သည်။
ထို့နောက် သူကလင်းရှောင်ကို တံခါးမှဆွဲခေါ်သွားသည်။
လင်းရှောင် မျက်မှောင်ကြုတ်ထားပြီး ဖူယွီကျွင်းဆွဲထားသည့်လက်ကို ပြန်ဆွဲယူလိုက်သည်။
" အရှင့်သား ဘာဖြစ်လာတာလဲ ..."
ဖူယွီကျွင်းလည်း မျက်မှောင်ကြုတ်ပြီး လင်းရှောင်ကို နေရခက်စွာကြည့်နေမိသည်။ ပါးစပ်ဟလိုက်သော်လည်း ပြောစရာစကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။ နောက်ဆုံးတွင် လင်းရှောင်ကို သူ့ဆီသို့ ဆွဲခေါ်လိုက်ပြီး အပေါက်ဝတွင်ရပ်နေသည့် ရှောင်ဖုန်းထံကို ပို့လိုက်သည်။
" ရှောင်ဖုန်း သူ့ကိုလျှို့ဝှက်ခန်းထဲ ပုန်းခိုင်းထားပြီး ခြံဝင်းထဲကအစောင့်အားလုံးကို သူ့ကိုကာကွယ်ဖို့ခေါ်သွားလိုက် ..."
" အရှင့်သားကရော ..."
ရှောင်ဖုန်း မျက်လုံးများပင် ပြုတ်ကျမတတ်ဖြစ်ပြီး ပြောရန်ကြိုးစားသော်လည်း ဖူယွီကျွင်းကသူ့ကို ခေါင်းခါပြလိုက်သည်။
" ငါက ငါ့ဘာသာ ရှင်းလို့ရတယ် ... သူ့ကိုပဲ ကာကွယ်ပေးပါ ..."
" ခဏလေးနေပါဦး ..."
လင်းရှောင်က ဤအခြေအနေကို လုံးဝ နားမလည်နိုင်ဖြစ်နေသည်။
" ဘာတွေဖြစ်ကုန်တာလဲ ..."
ဖူယွီကျွင်းက သူ့ကိုစိတ်ရှုပ်ထွေးနေသည့် အမူအယာဖြင့်ကြည့်ပြီး မေးခွန်းကို ပြန်မဖြေပေ။ ထို့အစား သူ့ကိုပြုံးပြလိုက်ပြီး အနားကပ်လာသည်။
" ကိုယ်တို့ရဲ့ မင်္ဂလာရက်က နည်းနည်းနောက်ဆုတ်သွားလို့ စိတ်မကောင်းဘူး ..."
လင်းရှောင်၏ ဝမ်းသာသွားပြီး မျက်လုံးများ အရောင်လက်လာသည်။
ထိုမြင်ကွင်းကြောင့် ဖူယွီကျွင်း၏အပြုံးက ခါးသက်သက်ဖြစ်သွားသည်။ ခေါင်းမော့၍ လင်းရှောင်၏ဆံပင်များကိုဖွလိုက်သည်။
" ဒါပေမဲ့ ကိုယ်ကတိပေးထားတဲ့အရာကိုတော့ သေချာပေါက်ရအောင်လုပ်မှာ ..."
' မလုပ်ရင်လည်း အဆင်ပြေပါတယ် '
လင်းရှောင် စိတ်ထဲမှဖြေလိုက်သည်။ သို့ရာတွင် ဖူယွီကတွင်း၏ ရိုးသားသောအမူအယာကြောင့် ထိုစကားများကို ပြောမထွက်နိုင်ခဲ့ပေ။
ဖူယွီကျွင်းကို ခိုးကြည့်လိုက်မိသည်။
ဖူယွီကျွင်းက လင်းရှောင်၏ပုံရိပ်ကို နှလုံးသားထဲတွင် ရေးထိုးထားချင်သကဲ့သို့ မြတ်နိုးစွာဖြင့် ကြည့်နေပြီး ထွက်သွားရန် တွန့်ဆုတ်နေမိသည်။
လင်းရှောင် ခေါင်းခါလိုက်မိသည်။ ထိုလူကို စတွေ့စဉ်အချိန်ကတည်းက လုပ်ယူထားသည်ဖြစ်စေ မှန်ကန်သည်ဖြစ်စေ ဖူယွီကျွင်း၏မျက်လုံးများက နက်ရှိုင်းသော ခံစားချက်များဖြင့် ပြည့်နေခဲ့သည်။ ထိုအကြည့်များကို အကြိမ်များစွာမြင်တွေ့ခဲ့သော်လည်း သဘောကျသည့် အရိပ်အယောင်များထက် ပိုမတွေးခဲ့မိပေ။ သို့ရာတွင် ပထမဆုံးအကြိမ်အဖြစ် တခြားသောအဓိပ္ပါယ်များ ရှိနေသည်ကို ခံစားလိုက်ရသည်။
ခံစားချက်များ ရောထွေးနေသော ချစ်ခင်မြတ်နိုးသည့်အမူအရာများက သူ့ကိုနှုတ်ဆက်နေသည်နှင့် တူနေသည်။ လင်းရှောင်က တစ်စုံတစ်ခုကို ဆုံးရှုံးရတော့မည်ဟု ခံစားမိပြီး သူကိုယ်တိုင်မသိလိုက်ပဲ ဖူယွီကျွင်းကို ဆွဲထားမိသည်။
ဖူယွီကျွင်း သူ့ကိုယ်သူထိန်းချုပ်ထားသော်လည်း လင်းရှောင်က သူ့လက်မောင်းကိုဆွဲထားသည်ကိုကြည့်ပြီး စိတ်ပျံ့လွင့်ချင်လာသည်။ ထို့နောက် ခပ်ဖျော့ဖျော့ ရယ်လိုက်သည်။
" မင်းကိုယ့်ကို အနားမှာနေအောင် ကြိုးစားပြီး စိုးရိမ်ပေးနေတာနဲ့တင် ကိုယ့်အတွက် လုံလောက်နေပါပြီ ..."
ဖူယွီကျွင်းက လင်းရှောင်လက်ကိုဖယ်လိုက်ပြီး နှစ်သိမ့်လိုက်သည်။
" အဆင်ပြေပါတယ် ... ဒီကိစ္စကို ကိုယ်ဖြေရှင်းနိုင်တယ် ... ဘေးကင်းအောင်နေပြီး ကိုယ့်ကိုစောင့်နေနော် ..."
ဖူယွီကျွင်းက တစ်ဖက်သို့လှည့်ပြီး အပြင်ကို ပြေးထွက်သွားသည်။ သူ့ကိုထွက်သွားရန် တွန့်ဆုတ်စေသည့်လင်းရှောင်ကို နောက်ဆုံးအနေဖြင့် တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။
“……”
လင်းရှောင် တိတ်ဆိတ်သွားသည်။
အခုခံစားနေရတဲ့ စိတ်မသက်မသာဖြစ်နေတဲ့ ခံစားချက်ကြီးကဘာလဲ ...
သူ့ရင်ဘတ်သူကိုင်ထားပြီး မျက်မှောင်ကြုတ်ကာ ဖူယွီကျွင်း၏နောက်ကျောကိုသာ ငေးကြည့်နေမိသည်။