အပိုင်း ၆၁
Viewers 12k

" သခင်လေး သွားရအောင် ..."
ရှောင်ဖုန်းက လင်းရှောင်ကို အလောတကြီးပြောလိုက်သည်။
" ဘာတွေဖြစ်နေတယ်ဆိုတာ တစ်လုံးမှမပြောပဲ ငါဘယ်လိုထွက်သွားရမလဲ ... ငါတို့ သေရေးရှင်ရေးအတွက် ပြေးရမှာလား ..."
ဖူယွီကျွင်းက ထိုကိစ္စကိုမပြောပြပဲ အကြိမ်ပေါင်းများစွာ စကားလမ်းကြောင်းလွှဲခဲ့သောကြောင့် လင်းရှောင် စိတ်တိုနေပြီဖြစ်သည်။ ယခုကဲ့သို့အခြေအနေတွင် ဖြစ်ပျက်နေသည့်ကိစ္စများကို မသိပဲ ကာကွယ်ခံနေရခြင်းက သူ့စိတ်ကို မတည်ငြိမ်စေသည့်အပြင် စိတ်လုံခြုံမှုမပေးနိုင်ပေ။
ထိုမေးခွန်းကြောင့် ရှောင်ဖုန်းက မျက်မှောင်ကြုတ်ကာ ကိုးရို့ကားယားဖြေလိုက်သည်။
" ဒါ ... အရှင့်သားက သခင်လေးကို မပြောသွားဘူးဆိုတော့ မတွေးစေချင်လို့ဖြစ်မှာ ကျွန်တော့်အဆင့်နဲ့ မပြောပြရဲပါဘူး ..."
လင်းရှောင် အေးစက်စွာပြောလိုက်သည်။
" ငါ ဘယ်လိုလုပ် မတွေးပဲနေနိုင်တော့မှာလဲ ..."
ရှောင်ဖုန်းက ခေါင်းခါပြလိုက်သည်။
" သခင်လေး ဒီငယ်သားကို အခက်တွေ့အောင်မလုပ်ပါနဲ့ ..."
" မင်း မပြောပြရင် ငါမထွက်သွားဘူး ..."
ထိုလူကို အကျိုးအကြောင်းမေး၍မရသောအခါ လင်းရှောင်က အရှက်မဲ့စွာပြုမူတော့သည်။
ရှောင်ဖုန်း ကူကယ်ရာမဲ့ဖြစ်သွားသည်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး မည်သူ့ကိုမှ မတွေ့သောအခါမှသာ လင်းရှောင်အနားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။
" ယခုလက်ရှိ အရှင်မင်းကြီးက ရုတ်တရက်ကြီး နတ်ရွာစံသွားပါတယ် ... သူ့ရဲ့ အမိန့်ပြန်တမ်းအရဆိုရင် ဒုတိယမင်းသားက ဧကရာဇ်နေရာ ဆက်ခံရမှာပါ ... ဒါပေမဲ့ အိမ်ရှေ့စံမင်းသားက စစ်တပ်ကိုချုပ်ကိုင်ထားပြီး ပုန်ကန်ချင်နေတဲ့ပုံပဲ ..."
" ဘာ ... ဘယ်လို ... ဘာလို့ ဒီလိုကိစ္စကြီးဖြစ်လာရတာလဲ ..."
ထိုကိစ္စကလင်းရှောင်ကို အံ့အားသင့်သွားစေသည်။
" သခင်လေး အရင်ဆုံးသွားရအောင် နောက်မှဆက်ပြောကြမယ်လေ ..."
ရှောင်ဖုန်းက စိုးရိမ်နေသည်။
ဤကိစ္စ၏လေးနက်မှုကို လင်းရှောင် ရှင်းလင်းစွာသိသွားသဖြင့် ရှောင်ဖုန်းနောက်မှလိုက်ပြီး ဖူယွီကျွင်းပြောသည့် လျှို့ဝှက်နေရာကိုသွားကြသည်။
ထိုနေရာက အတော်လေးကျယ်ဝန်းသည့်အတွင် ခြံဝင်းထဲမှ ဒါဇင်ပေါင်းများစွာသော ကိုယ်ရံတော်များ နေထိုင်နိုင်သည့်အပြင် ရှောင်ဖုန်းနှင့် အစေခံနှစ်ယောက်ဖြစ်သော ကျီရှန့်နှင့် ဖူကန်းအတွက်ပင် အခန်းများ ရှိနေသေးသည်။
ရေနှင့် အစားအသောက်များ ရှိသည့်အပြင် မီးဖိုနိုင်သောနေရာလည်းရှိသည်။ လက်နက်များက နေရာအနှံ့ဖြန့်ကျက်ထားသည်။
ဟုန်ယဲ့မှလွဲ၍ လူအားလုံးရှိနေသည့်အတွက် လင်းရှောင် ထူးဆန်းနေမိသည်။ သူက ရှောင်ဖုန်းကို သူမအကြောင်းမေးလိုက်သည်။
ရှောင်ဖုန်းကဖြေလိုက်သည်။
" ဟုန်ယဲ့ကို အရှင့်သားခေါ်သွားတာဖြစ်မယ် ..."
" အယ် ..."
လင်းရှောင် ရှင်းလင်းစွာမသိသေးသည့် ကိစ္စများစွာရှိသေးသည်ဟု ခံစားမိ၍ လင်းရှောင်သိချင်လာသည်။
‌ယခုအခါ လင်းရှောင်သည်လည်း လုံခြုံသည့်နေရာကိုရောက်လာပြီဖြစ်၍ ရှောင်ဖုန်း စိတ်အေးလက်အေးဖြစ်သွားကာ ရှင်းပြနေသည်။
" အရှင့်သားက ဟုန်ယဲ့လို့ခေါ်တဲ့မိန်းမကို တစ်ချိန်လုံး သံသယဝင်နေခဲ့တာပါ ... အပြင်သူဖြစ်တဲ့ အဲ့မိန်းကလေးကို သခင်လေးနောက်ကို လိုက်ခွင့်ပေးမှာမဟုတ်ဘူး ... အဲ့ဒါကြောင့် အရှင့်သားထွက်သွားတော့ ဟုန်ယဲ့ကိုပါ ခေါ်သွားတာပါ ..."
လင်းရှောင်၏ရင်ထဲတွင် နွေးထွေးသောခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်။ ဖူယွီကျွင်း၏ခေါင်းထဲတွင် ထူးဆန်းသောကိစ္စများစွာရှိနေသော်လည်း သူ့အတွက် အမြဲတစေ စဉ်းစားပေးခဲ့သည်။ အိမ်တော်ကို ပြန်လာရခြင်းက အန္တရာယ်များသော်လည်း ပြန်လာပြီး သူ့ကိုလုံခြုံသောနေရာကိုပါ ပို့ပေးစေခဲ့သည်။ ဖူယွီကျွင်းက ကိစ္စတိုင်းကို စေ့စပ်သေချာစွာ အာရုံစိုက်တတ်သူဟု ထင်လိုက်မိသည်။
အကယ်၍ သူ့အပေါ်သို့ ထူးဆန်းသောအတွေးများမရှိခဲ့ပါက ညီအစ်ကိုကောင်းများဖြစ်လာနိုင်သည်။
လင်းရှောင် နှုတ်ခမ်းများ တင်းတင်းစေ့ထားရာမှ နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်သည်။
" ငါကြားတာတော့ ရှောင်တိုင်းပြည်ဧကရာဇ်က အသက်သုံးဆယ်ကျော်ပဲ ရှိသေးတာဆိုတော့ အရွယ်ကောင်းပဲရှိသေးတာလေ ... သူ နာမကျန်းဖြစ်တယ်ဆိုတဲ့သတင်းလည်း မကြားပါဘူး ... ဘာလို့ ရုတ်တရက်ကြီး ..."
" မှန်ပါတယ် ..."
ရှောင်ဖုန်း သဘောတူလိုက်သည်။ သူသည်လည်း အဖြစ်အပျက်များကို နားမလည်နိုင်ပေ။ သူ လင်းရှောင်နားကိုကပ်ပြီး ပြောလိုက်သည်။
" ဧကရာဇ်က အတိတ်တုန်းကတော့ ကျန်းမာတယ် အခုကလည်း ရုတ်တရက်ဖြစ်သွားတာ ... ကံကောင်းတာကတော့ သူက ဒုတိယမင်းသားကို ထီးနန်းလွှဲပေးခဲ့တာပဲ ... အဲ့ဒီအမိန့်ပြန်တမ်းကိုလည်း ရေးထားတာ
အ‌တော်ကြာပြီလို့ကြားတယ် ..."
" အမိန့်ပြန်တမ်းအတိုင်းသာဆိုရင် အရှင့်သားက နိုင်ငံတစ်ခုလုံးကမောက်ကမအခြေအနေတွေမဖြစ်ပဲ အောင်အောင်မြင်မြင်နဲ့ ထီးနန်းဆက်ခံရမှာ ... ဒါပေမဲ့ အိမ်ရှေ့စံမင်းသားက စစ်သည်တွေကို ပုန်ကန်အောင်လုပ်လိုက်တယ် ..."
ထိုအကြောင်းပြောနေရာမှ ရှောင်ဖုန်း ပူပန်သွားသည်။
" အခုဆိုရင်အမတ်တွေကလည်း မင်းသားဘက်မှာပဲ ... ဒါ‌ပေမဲ့ မင်းသားက စစ်တပ်ရဲ့ခေါင်းဆောင်နေရာ မရနိုင်သေးဘူး ... သူက အိမ်ရှေ့စံမင်းသားရဲ့ စစ်သည်အင်အားသုံးသိန်းကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး ..."
" စစ်အင်အားရှိတဲ့ လူတစ်ယောက်‌ယောက် မရှိတော့ဘူးလား ..."
" နေရာချထားရေးဝန်ကြီးဌာန မှာတော့ စစ်သည်ငါးသောင်းရှိတယ် ..."
ရှောင်ဖုန်းပြန်ဖြေလိုက်သည်။
လင်းရှောင် မျက်မှောင်ကြုတ်သွားရသည်။
လူငါးသောင်းနဲ့ သုံးသိန်းဆိုရင်တော့ ...
သူတို့ ဒီနေရာမှထိုင်ပြီး ဘာမှမလုပ်လို့တော့ မရဘူး ... မဟုတ်ရင် သူတို့က ဒုတိယမင်းသားရောက်လာတာကို စောင့်နေတာမဟုတ်ပဲ အိမ်ရှေ့စံမင်းသား ဖြစ်သွားလိမ့်မယ် ...
လင်းရှောင် နှုတ်ခမ်းစေ့ထားပြီး အသုံးဝင်နိုင်မည့် အရာတစ်ခုခုကိုစဉ်းစားပြီး ဖူယွီကျွင်းကိုကူညီရန်နည်းလမ်း စဉ်းစားနေသည်။
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် ခေါင်းထဲ အတွေးတစ်ခု ပေါ်လာသည်။ သူ၏မျက်လုံးများ အရောင်တောက်လာပြီး မတ်တပ်ရပ်လိုက်သည်။
ရုတ်တရက် လျှို့ဝှက်ခန်းတံခါးက လျင်မြန်စွာပွင့်လာသည်။
ရှောင်ဖုန်းနှင့် အခြားလူအားလုံး မတ်တပ်ရပ်ပြီး လက်နက်များကိုင်ကာ လင်းရှောင်ကို ဝန်းရံပြီး တံခါးပေါက်ကို စိတ်လှုပ်ရှားစွာကြည့်နေကြသည်။
ဤနေရာကို မည်သူရှာတွေ့သွားသည်ကို သူတို့မသိကြပေ။
ရှောင်ဖုန်းတံတွေးမျိုချပြီး အဆိုးဝါးဆုံးဖြစ်နိုင်ချေကိုတွေးထားလိုက်သည်။ သူက လင်းရှောင်၏ရှေ့နားအထိ ဆုတ်သွားပြီး ပြောလိုက်သည်။
" သခင်လေး ... တကယ်လို့ ရောက်လာတာက အိမ်ရှေ့စံမင်းသားရဲ့လူတွေဆိုရင် ကျွန်တော်တို့ ထိန်းထားလိုက်ပါ့မယ် ... အဲ့အချိန်မှာ လှည့်မကြည့်ပဲ အမြန်ထွက်ပြေးပါ ..."
“……” လင်းရှောင် ငြိမ်သက်သွားမိသည်။ သူ၏လက်ရှိခံစားချက်ကို မည်သို့ရှင်းပြရမည်ကို မသိတော့ပေ။ သူက ရှောင်ဖုန်းနှင့် လုံးဝမရင်းနှီးပေ။ သူ့ကို ဖူယွီကျွင်း၏ လက်အောက်ငယ်သားအဖြစ်သာ သိထားသည်။
ဖူယွီကျွင်း၏အမိန့်ကြောင့် လင်းရှောင်ကို ကာကွယ်နေခြင်းလည်းဖြစ်နိုင်သည်။ သို့ရာတွင် အကြောင်းအရင်းက မည်သို့ပင်ဖြစ်ပါစေ သူ၏အသက်ကိုစွန့်၍ လင်းရှောင်ကို လိုလိုလားလားကာကွယ်ပေးနေသည့်အတွက် လင်းရှောင်၏ရင်ထဲတွင် သွေးများစီးကျလာသကဲ့သို့ ခံစားနေရသည်။
ထိုလူများက သစ္စာစောင့်သိမှုအတွက် အသက်ပေးနေချိန်တွင် လင်းရှောင်က အမြဲကြောက်လန့်တုန်လှုပ်နေပြီး သေဘေးကိုကြောက်ကာ အသက်ကို တန်ဖိုးထားနေမိသည်။ ယခုအချိန်ထိ ပါးလွှာသောရေခဲပြင်ပေါ်တွင် လျှောက်လှမ်းခဲ့ပြီးသည့်နောက်တွင် ဤကဲ့သို့ မိတ်ဆွေစစ်မျိုးများနှင့် သစ္စာစောင့်သိမှုကို တွေ့ကြုံခံစားချင်လာသည်။
ထိုအတွေးများဖြင့် လင်းရှောင်၏အကြည့်များက စူးရှလာပြီး မြေပြင်ပေါ်မှ လက်နက်တစ်ခုကိုကောက်လိုက်ပြီး တံခါးကို စိတ်လှုပ်ရှားစွာ‌ကြည့်နေမိသည်။ ထိုလူများနှင့်တူတူ နောက်ဆုတ်ပြီး ထိုလူများနှင့်သာ ရှေ့ဆက်ရန် ဆုံးဖြတ်လိုက်သည်။
လင်းရှောင်က ထွက်ပြေးရန်နည်းလမ်းရှာနေသည်ဟုတွေးမိပြီး ရှောင်ဖုန်းစိတ်သက်သာရာရသွားသည်။ သူတစ်ဖက်သို့လှည့်၍ ဝင်ပေါက်ကိုသာ အာရုံစိုက်နေသည်။
နောက်ဆုံးတွင် တံခါးပွင့်သွားပြီး အပြင်ဘက်မှလူ၏ပုံရိပ်က လင်းရှောင်၏မြင်ကွင်းထဲဝင်လာသည်။
၎င်းက အနီရောင်ဝတ်ရုံဖြင့် မိန်းမလှလေး ဟုန်ယဲ့ဖြစ်သည်။
လင်းရှောင် အံ့ဩသွားသည်။ ရှောင်ဖုန်းသည်ပင် အံ့အားသင့်၍ ဘာပြောရမည်မသိ ဖြစ်သွားသည်။
ဟုန်ယဲ့ ဝင်လာပြီး အခန်းထဲမှလူများကို အေးစက်စွာကြည့်လိုက်ပြီး နောက်ဆုံးတွင် သူမအကြည့်က လင်းရှောင်ဆီသို့ရောက်သွားသည်။
သူမက ညှို့အားပြင်း၍ အားနည်းသောအကမယ်တစ်ယောက်၏ ကိုယ်ယောင် ကိုယ်ဝါကို မပြသတော့ပဲ သူမထံမှ အန္တရာယ်များသည့်‌ရောင်ဝါများ ထုတ်လွှတ်နေသဖြင့် ရှောင်ဖုန်းသတိကြီးကြီးထားနေရသည်။
အားလုံးက ကြောက်လန့်နေကြသည်ကိုကြည့်ပြီး ဟုန်ယဲ့ အေးစက်စွာပြုံးကာ လင်းရှောင်ကို အထင်အမြင်သေးစွာကြည့်နေသည်။ သူမက သူ့ထံသို့ တစ်လှမ်းချင်းတိုးလာသည်။
ရှောင်ဖုန်းက လင်းရှောင်ကို ကာကွယ်ပေးနေသည်။ နောက်သို့နှစ်လှမ်းခန့်ဆုတ်ကာ လက်နက်ကိုမြှောက်ထားပြီး ဟုန်ယဲ့ကို ခြိမ်းခြောက်သည့်ပုံဖြင့် ကြည့်နေသည်။ ဟုန်ယဲ့ကို မည်သို့မျှ မသက်ရောက်သည့်အပြင် အရှိန်မြှင့်လာသည်။
" နောက်ဆုတ်စမ်း ..."
ရှောင်ဖုန်း ကျယ်လောင်စွာအော်လိုက်ပြီး သူ့အသံကြောင့် ဟုန်ယဲ့နောက်ဆုတ်သွားမည်ဟု မျှော်လင့်လိုက်သည်။ သို့ရာတွင် ဟုန်ယဲ့က ရပ်တန့်မည့်ပုံမပြပေ။
ရွေးချယ်စရာမရှိတော့သည့်အတွက် ရှောင်ဖုန်းက အခြားလူများနှင့်အတူ သူမကိုထိပ်တိုက်ရင်ဆိုင်ပြင်ဆင်လိုက်ရသည်။
သို့ရာတွင် ဟုန်ယဲ့က မကောင်းဆိုးဝါးတစ်ကောင်နှင့်တူလှသည်။ အားလုံးကိုမြေပေါ်လဲကျသွားရန်က သူမအဖို့ ၁၅မိနစ်ပင်မကြာလိုက်ပေ။
ကြမ်းပြင်ပေါ်မှ ဒဏ်ရာရနေသူများ၏ ညည်းညူသံက လင်းရှောင်၏နားထဲရောက်လာသဖြင့် သူ့လက်နက်ကို ကိုင်ထားလိုက်သည်။ အံ့ဩမှုကြောင့် တုန်ယင်နေပြီး ဟုန်ယဲ့ကိုစိုက်ကြည့်နေသည်။
ဟုန်ယဲ့က လင်းရှောင်၏ရှေ့သို့လျှောက်လာကာ သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။
" သခင်လေး ကျွန်မနဲ့လိုက်ခဲ့ပါ ..."
ဟုန်ယဲ့၏ ခွန်အားက အံ့မခမ်းလောက်အောင် သန်မာလှသည်။ လင်းရှောင်ကို ခပ်တင်းတင်းဆုပ်ကိုင် ထားသောကြောင့် နာကျင်လာသည်။
လင်းရှောင်နာကျင်သွားသည်ကိုသိ၍ ဟုန်ယဲ့က ဆုပ်ကိုင်ထားသည်ကို အနည်းငယ်လျှော့ပေးလိုက်သည်။ ဟုန်ယဲ့က သူ့ကို ရန်မလိုကြောင်းခံစားလိုက်ရသဖြင့် လင်းရှောင်၏မျက်လုံးများ အရောင်လက်သွားသည်။
လင်းရှောင် သတ္တိများစုစည်းကာ ငြင်းဆန်လိုက်သည်။
" ငါ မလိုက်နိုင်ဘူး ..."
" သခင်လေး ..."
ဟုန်ယဲ့ မျက်မှောင်ကြုတ်သွားသည်။ သူမအကြောင်းအရင်းကို နားမလည်နိုင်ပေ။
လင်းရှောင် ပြန်ဖြေလိုက်သည်။
" ငါ ... ငါဘာလို့ မင်းနဲ့လိုက်ရမှာလဲ ... မင်းက ဘယ်သူလဲ ..."
ဟုန်ယဲ့ ဘာပြောရမည်မသိဖြစ်သွားသည်။
" ဒီကနေ ထွက်သွားပြီးမှ ဟုန်ယဲ့ပြောပြလို့ရလား ... အခုလောလောဆယ်တော့ ကျွန်မနောက်ကလိုက်ခဲ့ပါ ..."
" မင်း သေချာမရှင်းပြဘူးဆိုရင် ငါဘယ်မှမသွားဘူး ..."
လင်းရှောင် အေးစက်စွာပြုံးလိုက်သည်။
ဟုန်ယဲ့လည်း ရွေးချယ်စရာမရှိတော့သဖြင့် လင်းရှောင်နားကပ်ပြီး တီးတိုးပြောလိုက်သည်။
" ကျွန်မကို မူတိုင်းပြည်ဧကရာဇ်က သခင်လေးကိုကာကွယ်ဖို့ လွှတ်ထားတာပါ ..."
လင်းရှောင် မျက်လုံးများပြူးကျယ်သွားပြီး ဟုန်ယဲ့ကို အံ့ဩစွာဖြင့် စိုက်ကြည့်နေသည်။ ဟုန်ယဲ့က သူ့ကိုခေါင်းငြိမ့်ပြလိုက်သည်။
ယခုအချိန်တွင် ဟုန်ယဲ့နှင့်လင်းရှောင်က အလွန်နီးကပ်နေသည်။ ထို့အပြင် ဟုန်ယဲ့က သတိလက်လွတ်ဖြစ်နေသည့် အခြေအနေဖြစ်နေသည်။
လင်းရှောင်၏မျက်လုံးများထဲတွင် ဉာဏ်နီဉာဏ်နက်များ ဖြတ်သန်းသွားသည်။ ဟုန်ယဲ့ ဗိုက်တွင် စူးခနဲနာကျင်သွားပြီး မလှုပ်ရှားနိုင်တော့ပေ။
သူမ ထိတ်လန့်စွာဖြင့် လင်းရှောင်ကိုကြည့်နေသည်။ လင်းရှောင်က လက်နှစ်ချောင်းကိုမြှောက်ထားပြီး ဖိအားအကြောကို ထိလိုက်သည်။ ဟုန်ယဲ့ကို ပြုံး၍ ပြောပြလိုက်သည်။
" ငါ ဖူယွီကျွင်းဆီကနေသင်ခဲ့ရတဲ့ အသုံးဝင်ဆုံးအရာတစ်ခုကတော့ ဖိအားအကြောကို ထိတာပဲ ..."
( Pressure point လို့ရေးထားတာပါ မေ့ကြောလည်းမဟုတ်တော့ ဘာရေးရမှန်းမသိလို့ T T )
" သခင်လေး ... ကျွန်မက သခင်လေးကိုကာကွယ်ဖို့ ရောက်လာတာလေ ..."
ဟုန်ယဲ့ စိတ်အနှောင့်အယှက်ဖြစ်သွားပြီး အံကြိတ်ကာ တီးတိုးပြောလိုက်သည်။
လင်းရှောင် မျက်ခုံးပင့်ပြီး လေသံတိုးတိုးဖြင့် သူမကိုပြန်ဖြေလိုက်သည်။
" မင်းပြောတာကို ကြားပါတယ် ... ဒါပေမဲ့ မင်းရဲ့ကာကွယ်မှုကို လက်ခံ မခံက ငါ့သဘောလေ ..."
" ရှောင်ဖုန်း သူမကိုချည်ဖို့ ခိုင်တဲ့ကြိုးတစ်ချောင်းသွားရှာလိုက် ..."
လင်းရှောင်က သူ၏အစွမ်းသူ သိသောကြောင့် ကြာကြာမထိန်းထားနိုင်မည်စိုး၍ စိုးရိမ်တကြီးဖြင့် ကြမ်းပြင်ပေါ်မှလူကို အော်ခေါ်လိုက်သည်။
ရှောင်ဖုန်းက သူ့ဒဏ်ရာကိုဖိထားပြီး တွားသွား၍ထလာသည်။ အနားတစ်ဝိုက်ကို ရှာပြီးနောက် ကြိုတစ်ချောင်းရှာတွေ့သွားသည်။
လင်းရှောင်က ဟုန်ယဲ့ကိုကြိုးဖြင့်ချည်လိုက်သည်။ ခိုင်ခံစေရန် ကြိုးစအဆုံးတွင် အထုံးများစွာထုံးလိုက်သည်။
လင်းရှောင် ကြိုးချည်ပြီးချိန်တွင် ရှောင်ဖုန်းက ဒဏ်ရာရ၍လဲကျနေသူအားလုံးကို စစ်ဆေးပြီးပြီဖြစ်သည်။ လူတချို့ကို အခန်းထောင့်များဆီသို့ခေါ်သွားကာ ဆေးထည့်ပေးပြီး အနားယူစေသည်။
ဒဏ်ရာရနေသူများက အနားယူနေပြီး သူ့ကို အာရုံမစိုက်ချိန်တွင် လင်းရှောင် အနားတစ်ဝိုက်သို့ကြည့်လိုက်ပြီး ဟုန်ယဲ့နားကပ်သွားပြီး တီးတိုးမေးလိုက်သည်။
" ဧကရာဇ်က အခုရော ရှောင်တိုင်းပြည်မှာပဲလား ..."
" ဟုတ်ပါတယ် ..."
ဟုန်ယဲ့က မကျေမနပ်ဖြင့်ဖြေလိုက်သည်။
" ဒါဆိုရင် အရှင်မင်းကြီးက ရှောင်တိုင်းပြည်ကိစ္စတွေထဲ ဝင်ပါနေတာလား ..."
ဟုန်ယဲ့ကြားသည့်အခါ လင်းရှောင်ကို ချက်ချင်းမော့ကြည့်လိုက်သည်။ လင်းရှောင် ထိုသို့တွေးသည်ကို သူမ နားမလည်နိုင်ပေ။
လင်းရှောင် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
" ငါ့ကို အမှန်အတိုင်းဖြေ ..."
ဟုန်ယဲ့ အကြည့်လွှဲလိုက်သည်။
" ကျွန်မလည်း သေချာမသိပါဘူး ... သခင်လေးကိုကာကွယ်ဖို့ပဲ အမိန့်ပေးထားတာပါ ..."
လင်းရှောင် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
" မင်းကို ဖူယွီကျွင်းက ခေါ်သွားတာမလား ... ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ ..."
" ကျွန်မလည်း လှည့်စားတတ်ပါတယ် ..."
ဟုန်ယဲ့က မဖြေပဲရှောင်လိုက်သည်။
လင်းရှောင်ထပ်မေးသည်။
" ဖူယွီကျွင်းရော ဘယ်လိုလဲ ..."
ဟုန်ယဲ့ မကျေမနပ်ဖြစ်လာသည်။
" သခင်လေး တွေးနေသမျှက ဖူယွီကျွင်းအတွက်ချည်းပဲ ... ဘာလို့ ဖူယွီကျွင်းအကြောင်းပဲ အမြဲတွေးနေတာလဲ ... သခင်လေးရဲ့ခင်ပွန်းက ဧကရာဇ်လေ ..."
“……” လင်းရှောင် နင်သွားသည်။ ဟုန်ယဲ့ကို ခဏတာ ကြည့်နေပြီးနောက် ရှုံ့မဲ့ကာ မေးလိုက်သည်။
" မင်းကို ဘယ်သူပြောတာလဲ ..."
" ကျွန်မ ရှင်းပြစရာလိုသေးလို့လား ...မူတိုင်းပြည်တစ်ခုလုံးမှာ ပွဲတော်တွေ ကျင်းပနေပြီ ... ဆယ်ရက်အတွင်း ဧကရာဇ်က ကြင်ယာတော်တင်မြှောက်ပွဲ ကျင်းပတော့မှာလေ ... အဲ့နေ့မှာ အရှင်က သခင်လေးကို ဘွဲ့တစ်ခုပေးမှာ မူတိုင်းပြည်တစ်ခုလုံး ပွဲတော်တွေကျင်းပပြီး ပျော်ရွှင်နေကြတယ် ... အနာဂတ်မှာ အရှင်မင်းကြီးရဲ့ ပထမဆုံးကြင်ယာတော်ဖြစ်မယ့်သူက လင်းရှောင်ဆိုတာ မသိတဲ့လူမရှိဘူး ..."
“……” လင်းရှောင်ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေပြီး သူထွက်ပြေးလာစဉ်က ဧကရာဇ်၏ အမိန့်ကို ပြန်စဉ်းစားမိသွားသည်။
သူက ဘုရင့်ကြင်ယာတော်ဖြစ်ဖို့ ဆယ်ရက်ပဲလိုတော့တာပေါ့ ... ဒါပေမဲ့ ...
လင်းရှောင်၏စိတ်ထဲတွင် ဧကရာဇ်၏မျက်နှာကို မြင်ယောင်မိသွားသဖြင့် ရှက်သွေးဖြာသွားသည်။ သူ့နှလုံးခုန်သံများလည်း မြန်ဆန်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်ပူနွေးသွားကာ ရင်ထဲ ကမောက်ကမဖြစ်သွားသည်။
တစ်ဖက်သို့လှည့်ကာ ဟုန်ယဲ့နှင့် အကြည့်ချင်းမဆုံမိအောင်နေပြီး လှည့်ထွက်သွားသည်။