ဧကရာဇ်က မူတိုင်းပြည်မှ မိုင်ထောင်ပေါင်းများစွာဝေးသည့် ရှောင်တိုင်းပြည်သို့ တိတ်တဆိတ်လာခဲ့ခြင်းဖြစ်သည့်အတွက် သူ့ထံတွင် ရည်ရွယ်ချက်တစ်ခုခုရှိကြောင်း လင်းရှောင်သိသည်။
ထိုရည်ရွယ်ချက်က သူ့ကိုပြန်ခေါ်ရန် မဟုတ်ပေ။
ထိုသို့မဟုတ်ပါက ထိုညကပင် သူ့ကိုခေါ်သွားနိုင်သည်။
ထိုအကြောင်းကိုတွေးလေ လင်းရှောင်ပို၍ရှုပ်ထွေးလာလေဖြစ်သည်။ သူ ပျော်ရမလား ဝမ်းနည်းရမလားပင် မသိတော့ပေ။
ဧကရာဇ်ကြောင့် ဖူယွီကျွင်း ဒုက္ခရောက်နေသည်ကို သူလျစ်လျူမရှု့ထားနိုင်ပေ။
ပထမဦးစွာ လင်းရှောင် ဤနေရာတွင်ပင်နေပြီး ဖူယွီကျွင်းသေမည်ကို ထိုင်စောင့်မနေနိုင်ပေ။ ဒုတိယမြောက်အနေဖြင့် တံခါးလာခေါက်သည့်လူက ဖူယွီကျွင်းကို အနိုင်ယူခဲ့သည့် အိမ်ရှေ့စံမင်းသားဖြစ်နေပါက သူ၏လက်ထဲရောက်သွားလျှင် လင်းရှောင် ၏အဆုံးသတ်လည်း မကောင်းနိုင်ပေ။
ဟုန်ယဲ့က သူ့ကိုကာကွယ်ပေးပြီး အိမ်ရှေ့စံမင်းသားလက်မှလွတ်အောင် ကူညီပေးပါကလည်း ဧကရာဇ်၏လက်ထဲ ရောက်သွားမည်သာ။
အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက သူ့အတွက် အဆုံးသတ်မှာ ...
လင်းရှောင် ကြက်သီးများပင်ထလာသည်။ လျင်မြန်စွာခေါင်းခါပြီး ထိုအတွေးများတွေးနေခြင်းကို ရပ်တန့်လိုက်သည်။
အဲ့လို မဖြစ်စေရဘူး ... သူ့ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် တခြားအကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် ဖူယွီကျွင်းကို မတော်တဆတောင် ဆုံးရှုံးသွားလို့ မဖြစ်ဘူး ...
သို့ရာတွင် ဖူယွီကျွင်းကို ကယ်ဆယ်ရမည်ကလည်း ပြောသလောက်မလွယ်ကူပေ။
စစ်သည်ငါးသောင်းနှင့် မြင်းစီးသူရဲအင်အားသုံးသိန်းတို့ တိုက်ခိုက်မည်ကို တွေးကြည့်လိုက်သောအခါ သူ၏ရဲစွမ်းသတ္တိကြီးမားမှုအတွက် ဖူယွီကျွင်းကို ချီးကျူးရမည်လား သို့မဟုတ် မိုက်မဲခြင်းအတွက် သူ့ကို ကြိမ်းမောင်းခြင်းလား လင်းရှောင်မသိတော့ပေ။
သူ၏အသက်ကို အချည်းနှီးစွန့်လွှတ်ပစ်တော့မည်မှာ သံသယဝင်စရာမလိုတော့ပေ။ သူ့ကို ယခုကယ်တင်နိုင်မည်မှာ ခေတ်သစ်လက်နက်များဖြစ်သည့် သေနတ် သို့မဟုတ် ယမ်းမှုန့်များသာဖြစ်သည်။
ထိုအကြောင်း တွေးမိသွားသည့်အတွပ် လင်းရှောင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ အခန်းထောင့်မှ မီးသွေးများကို မြင်လိုက်သည်။ ကျောက်နံရံများတွင် ယမ်းစိမ်းတစ်မျိုးပါဝင်ပြီး ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသော ပိုးမွှားများကို ဖယ်ရှားရန် အသုံးပြုသည့်အရာမှာ ဆာလဖာပါဝင်သည်ဟု မှန်းဆခဲ့သည်။ စိတ်ထဲတွင် အကြံတစ်ခုပေါ်လာ၍ မျက်လုံးထဲ အရောင်လက်သွားသည်။
အလုပ်ဖြစ်ရန်အတွက် သူ့အစီအစဉ်ကို ထောက်ပံ့ပေးမည့်သူလိုသည်။
ထိုအတွေးများကြောင့် လင်းရှောင်က ရှောင်ဖုန်း၏ဘေးတွင် ထိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများကိုကြည့်ပြီး ဖော်ရွေစွာ မေးလိုက်သည်။
" သက်တော်စောင့်ရှောင် မင်းရဲ့ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ ..."
" ကျွန်တော်အဆင်ပြေပါတယ် ခြစ်မိရုံပါပဲ ... သခင်လေး စိုးရိမ်စရာမလိုပါဘူး ... ဒီငယ်သားက ကာကွယ်ပေးပါ့မယ် ..."
ရှောင်ဖုန်းက သစ္စာရှိစွာပြန်ဖြေလိုက်သည်။ သို့သော် သူ၏မျက်လုံးထဲတွင် လင်းရှောင်၏အတွေးကို မြင်ရန်ကြိုးစားနေသည့် မရိုးသားမှုများ ပါဝင်နေသည်။
လင်းရှောင် သရော်လိုက်သည်။
ဒီလက်ရှိ အခြေအနေနဲ့ဆိုရင် သူ့ကိုသိမ်းသွင်းဖို့ ဘာနည်းလမ်းသုံးရမလဲ ...
အမှန်တွင် သူကရှောင်ဖုန်းအကြောင်း ကြားဖူးသော်လည်း သေချာမသိပေ။ သူ၏နေ့စဉ်လုပ်ဆောင်ချက်များက သိုသိပ်ပြီး ဝိုးတဝါးသာဖြစ်သည်။ သူ၏သိုင်းပညာကလည်း အလွန်ကောင်းသည်မဟုတ်ပေ။ သို့ရာတွင် သူက နည်းဗျူဟာများပေါ် နည်းဗျူဟာများ အဆင့်ဆင့်ရှိနေသူဖြစ်၍ ဖူယွီကျွင်းက တန်ဖိုးထားရသူဖြစ်သည်။ ဖူယွီကျွင်း မူတိုင်းပြည်သို့ ခရီးသွားစဉ်ကလည်း ရှောင်ဖုန်းကို ခေါ်လာခဲ့၍ ယခုချိန်တွင် လင်းရှောင်ကိုလည်း သူ့ဆီ ယုံယုံကြည်ကြည် အပ်နှံထားသည်။
ရှောင်ဖုန်းက ဖူယွီကျွင်း၏ ရက်ရောစွာဆက်ဆံမှုကို ကျေးဇူးမပျက်ကွက်ခဲ့ပေ။ ဤသို့ ဘေးအန္တရာယ်ကျရောက်နေသည့် အခြေအနေမှာပင် သူကအကောင်းဆုံးကြိုးစား၍ ဖူယွီကျွင်းကို ကူညီခဲ့သည်။
သူက သစ္စာရှိပြီး အားကိုးရသည့်လူတစ်ယောက်ဖြစ်သည်။
ထိုအတွေးဖြင့် လင်းရှောင်က သူ့အနားကပ်လာပြီး တီးတိုးပြောလိုက်သည်။
" သက်တော်စောင့်ရှောင် ဒုတိယမင်းသားကို မစိုးရိမ်ဘူးလား ..."
ထိုမေးခွန်းကို ကြားသည့်အခါ ရှောင်ဖုန်းက တိတ်ဆိတ်သွားပြီး သူ့ကိုအသက်မဲ့စွာ စိုက်ကြည့်နေသည်။ ထိုသို့တိတ်ဆိတ်နေခြင်းက ရှောင်ဖုန်းလည်းစိုးရိမ်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်ကို လင်းရှောင် ရှင်းလင်းစွာသိလိုက်သည်။
ထိုသို့ယူဆပြီး လင်းရှောင် အခွင့်အရေးကိုဖမ်းဆုပ်ကာ ရှောင်ဖုန်း၏ဆန္ဒကို သိရှိရန် ကြိုးပမ်းလိုက်သည်။
" တကယ်လို့ ငါတို့ထွက်သွားပြီး သူ့ကိုကယ်မယ်ဆိုရင် ..."
ရှောင်ဖုန်းက ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး လင်းရှောင်ကို ဖြတ်ပြောလိုက်သည်။
" ဒီလောက် လူနည်းနည်းလေးနဲ့ အရှင့်သားကို မကယ်နိုင်ရုံတင်မကဘူး ... ကျွန်တော်တို့ အလောတကြီးလုပ်မယ်ဆိုရင် အလကားသက်သက် အသက်စွန့်သလိုဖြစ်သွားလိမ့်မယ် ... ပြီးတော့ အရှင့်သားက သခင်လေးကို လုံခြုံအောင်ထားရမယ်လို့ ကျွန်တော်မျိုးကိုမှာခဲ့တယ် ... အကယ်၍ သခင်လေးမှာ ကိစ္စတစ်ခုခု ရှိခဲ့မယ်ဆိုရင် ဒီငယ်သားက အရှင့်သားကို ဘယ်လိုရှင်းပြရမလဲ ..."
ထိုသို့ကြားပြီးသည့်နောက် လင်းရှောင်က တိုက်တွန်းလိုက်သည်။
" တကယ်လို့ သူသေသွားမယ်ဆိုရင် မင်းသူ့ကို ဘယ်လိုရှင်းပြဦးမှာလဲ ..."
ထိုစကားများကြောင့် ရှောင်ဖုန်းထိတ်လန့်သွားပြီး ပြင်းထန်စွာ တုံ့ပြန်လိုက်သည်။ သူက လင်းရှောင်ကို စူးစူးရဲရဲကြည့်နေပြီး မျက်လုံးထဲတွင် မကျေမနပ်မှုများဖြင့် ပြည့်နေသည်။
ရှောင်ဖုန်း၏ အကြည့်များကို ရင်ဆိုင်ရသော်လည်း လင်းရှောင်၏ မျက်လုံးများက တည်ငြိမ်နေဆဲဖြစ်သည်။
ရှောင်ဖုန်းက မျက်ဝန်းထဲတွင် လျှို့ဝှက်ဆန်းကြယ်မှုများရှိနေသည့် လင်းရှောင်ကို ကြည့်လျက် သူ၏မျက်နှာလည်း တည်ငြိမ်သွားသည်။ လင်းရှောင်၏ ခန္ဓာကိုယ်က ကြီးမားကြံ့ခိုင်ခြင်းလည်း မရှိသော်လည်း ဤကဲ့သို့ တည်မြဲသည့် အလှတရားက သူ့ကို လုံခြုံမှုပေးစွမ်းနိုင်ပြီး စိတ်တည်ငြိမ်စေသည်။
သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း စိတ်ထဲတွင် လင်းရှောင်ပြောသည်ကို လက်ခံနေမိသည်။
သူအချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မျက်လုံးထဲတွင် ညစ်ကျယ်ကျယ် အရိပ်အယောင်များ ဖြတ်သန်းသွားကာ မေးလိုက်သည်။
" သခင်လေး မေးတဲ့ပုံအရဆိုရင် အစီအစဉ်တစ်ခုခု ရှိနေတဲ့ပုံပဲ ..."
လင်းရှောင် အံ့အားသင့်စွာဖြင့် မျက်ခုံးများပင့်လိုက်သည်။ ရှောင်ဖုန်းက ဖူယွီကျွင်းအတွက် အရေးပါသော တစ်စုံတစ်ယောက်ဖြစ်သည်မှာ အံ့ဩစရာမဟုတ်ပေ။ အချိန်တိုအတွင်းမှာပင် လင်းရှောင်၏ကြိုးပမ်းမှုကို ထိုးထွင်းမြင်လိုက်ပြီး သူ့စကားများ၏ အဓိပ္ပါယ်ကို သဘောပေါက်သွားခဲ့သည်။
လင်းရှောင် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ခြုံပုံတစ်ဝိုက်ကို ရိုက်ရန် အစီအစဉ်မရှိပဲ သူ ဗြောင်ကျကျပြောလိုက်သည်။
" ငါ့မှာ သူ့ကို ကူညီဖို့နည်းလမ်းရှိတယ် ... ဒါပေမဲ့ မင်းကို မေးခွန်းတစ်ခု အရင်မေးဖို့လိုမယ် ..."
" ဒီနေရာက လူအားလုံး ငါ့နောက်ကလိုက်ဖို့ ဆန္ဒရှိကြလား ... သူတို့တွေ အသက်ရှင်လျက် ပြန်လာရဖို့တော့ မသေချာဘူး ..."
ရှောင်ဖုန်းက ထိုမေးခွန်းကြောင့် မျက်ခုံးများတွန့်ချိုးလိုက်မိသည်။ လင်းရှောင်ကိုကြည့်ပြီး တွန့်ဆုတ်စွာဖြေလိုက်သည်။
" သခင်လေးရဲ့နည်းလမ်းကို ဒီလက်အောက်ငယ်သားနဲ့ ဝေမျှဖို့ဖြစ်နိုင်မလား ... ကျွန်တော်က သူတို့ကို ခေါ်သွားပြီး အဲ့အစီအစဉ်အတိုင်း လုပ်လိုက်ပါမယ် ... သခင်လေးကိုယ်တိုင် လိုက်လာဖို့ မလိုပါဘူး ဒီမှာပဲနေခဲ့ပါ ... တကယ်လို့ သခင်လေးဆီမှာသာ တစ်ခုခုဖြစ်ရင် ..."
ရှောင်ဖုန်း၏ စိုးရိမ်ပူပန်မှုများကြောင့် လင်းရှောင်က ဖြတ်ပြောလိုက်သည်။
" နည်းနည်း တွေးကြည့်ပါဦး ... မင်းတို့အားလုံးသေသွားရင် ဒီနေရာမှာကျန်ခဲ့တဲ့ ငါ့ရဲ့ အဆုံးသတ်က ကောင်းပါ့မလား ... ငါ့ကို မင်းတို့နဲ့ တူတူခေါ်သွားပြီး အားလုံးနဲ့ ပူးပေါင်းခွင့်ပေးပါ ... ပြီးတော့ ငါတို့ရှုံးမယ်လို့ ငါမထင်ထားဘူး ..."
လင်းရှောင်က ရလဒ်ကို အလွန်သေချာနေသဖြင့် ရှောင်ဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
" သခင်လေးရဲ့ စိတ်ထဲမှာ ဘာတွေများ ရှိနေတာလဲ ..."
ထိုစကားကိုကြားသည့်အခါ လင်းရှောင်က ခဏတာတွေးလိုက်ပြီး မျက်ခုံးများပင့်ကာ ပြောလိုက်သည်။
" အရှင့်သားဘက်ကို အလေးသာပြီး အိမ်ရှေ့စံမင်းသားရဲ့စစ်တပ်ကို လုံးလုံးလျားလျားတိုက်ထုတ်နိုင်မယ့် နည်းလမ်းတစ်ခုကို ငါသိတယ် ..."
ရှောင်ဖုန်းက သတိအနေအထားနှင် ဖြစ်သွားသည်။
" သခင်လေး နောက်နေတာမလား ..."
လင်းရှောင်က ခေါင်းငြိမ့်ပြသဖြင့် ရှောင်ဖုန်း နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး တိတ်ဆိတ်နေသည်။ ဒုတိယမင်းသားက ပြဿနာတွင်းထဲ ကျနေသည်ကို သူနားလည်သည်။ အကယ်၍ မင်းသားက စစ်တပ်ကို ဟန့်တားရာတွင် ကျရှုံးခဲ့ပါက သူတို့အတွက်လည်း လုံခြုံမည်မဟုတ်ပေ။
အကယ်၍ လင်းရှောင်၏ အကြံအစည်က ဒုတိယမင်းသားဘက်က်ို အလေးသာသွားပါက ဤနေရာတွင် ပုန်းနေခြင်းထက် ပိုကောင်းလိမ့်မည်။
ထိုသို့ တွေးလိုက်သည့်အခါ ရှောင်ဖုန်းက အရေးကြီးသည့် ဆုံးဖြတ်ချက်ကိုချလိုက်ပြီး အံကြိတ်ကာ လင်းရှောင်၏ရှေ့တွင် ဒူးထောက်လိုက်သည်။
" သခင်လေးပြောတာက အမှန်သာဆိုရင် ဒီလက်အောက်ငယ်သားက သခင်လေးရဲ့ အစီအစဉ်အတိုင်း နာခံပါ့မယ် ..."
ရှောင်ဖုန်းဒူးထောက်နေသည်ကို မြင်သောအခါ အခြားလူများအားလုံးလည်း လင်းရှောင်၏ရှေ့တွင် ဒူးထောက်လိုက်ကြသည်။
" ကျွန်တော်တို့ လက်အောက်ငယ်သားတွေလည်း သခင်လေးရဲ့ အစီအစဉ်ကို လိုက်နာပါ့မယ် ..."
လင်းရှောင်၏ ရှေ့တွင် လူများစွာဒူးထောက်ခြင်းက ပထမဆုံးအကြိမ်မဟုတ်ပေ။ ယခင်က ဧကရာဇ်၏ဘေးတွင်ရှိစဉ် သူဒဏ်ရာရခဲ့သောအခါက ဧကရာဇ်ကြောင့် အနားမှလူအားလုံးက သူ့ကိုဒူးထောက်ခဲ့ကြသည်။ ဧကရာဇ်၏ နဂါးဘုန်းတန်ခိုးကြောင့်သာ ဤသို့လုပ်သည်ကို လင်းရှောင်သိသည်။
သို့သော် ယခုအခါတွင် သူ့ရှေ့မှ လူအားလုံးက သူ့ကိုသာ ဦးညွှတ်နေကြသည်။ ထိုမြင်ကွင်းက လင်းရှောင်၏ နှလုံးသားကို တဒိတ်ဒိတ် ခုန်လာစေသည်။ စိတ်လှုပ်ရှားမှုကြောင့် ထိုနေရာတွင် ဘာမှမပြောပဲ ရပ်နေမိပြီး သူ့ရှေ့မှ လူအုပ်စုကို ငုံ့ကြည့်နေမိသည်။
အားလုံး၏စိတ်ထဲတွင် လင်းရှောင်၏ ခန္ဓာကိုယ်ငယ်လေးမှ ခမ်းနားထည်ဝါသည့်ရောင်ဝါများ ထွက်ပေါ်နေသည်။ ထို့အပြင် သူတို့၏နာခံမှုကို ရင်ဆိုင်ရစဉ်တွင် တည်ငြိမ်အေးဆေးပြီး သိုသိုသိပ်သိပ် နေတတ်သော အသွင်အပြင်နှင့် ထောင်လွှားခြင်းမရှိသောပုံစံကြောင့် လူတိုင်း၏ အသိစိတ်ထဲတွင် အနည်းငယ် ပို၍ ယုံကြည်မှုရှိလာသည့်အတွက် တရိုတသေဖြင့် ခေါင်းများ ပိုမို ငုံ့လိုက်ကြသည်။
ထိုအခါ ရှောင်ဖုန်းက ခေါင်းမော့လိုက်သည်။
" သခင်လေး တကယ်ပဲ မင်းသားကို ကယ်တင်ပေးမယ်ဆိုရင် ရှောင်တိုင်းပြည်ရဲ့ ကျေးဇူးရှင်ဖြစ်လာမှာပါ ... ရှောင်တိုင်းပြည်က လူအားလုံးက သခင်လေးကို ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမှာပါ ..."
လင်းရှောင်က ရှောင်ဖုန်း၏စကားများကြောင့် နိုးကြားလာပြီး စိတ်လှုပ်ရှားနေသော နှလုံးသားက တည်ငြိမ်သွားသည်။ ရှောင်ဖုန်းကိုထူပေးကာ သူပြောလိုက်သည်။
" ထပါ ... မင်းတကယ်ပဲ အဲ့လိုတွေးတယ်ဆိုရင် ငါ့ကိုယုံကြည်လိုက်ပါ ..."
လင်းရှောင်က ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သော်လည်း သူ့ရင်ထဲတွင် စိတ်လှုပ်ရှားနေဆဲဖြစ်သည်။
သူ၏မှတ်ဉာဏ်များအရ ယမ်းမှုန့်ထုတ်လုပ်နိုင်ရန် အသုံးပြု၍ရသော ပစ္စည်းများရှိသည်ကို သိထားသည်။
အရာအားလုံး ဤနေရာတွင်ရှိသည်။
လင်းရှောင်က သူ၏ခေတ်တွင် စပ်စုလိုမှုကြောင့် ကျင်းဟွာတက္ကသိုလ် စမ်းသပ်ခန်းတွင် ယမ်းမှုန့်ကို ခိုးကြောင်ခိုးဝှက် ပြုလုပ်၍ အောင်မြင်ခဲ့သော်လည်း ဤကမ္ဘာတွင် ယမ်းမှုန့်ကို တစ်ကြိမ်မှ မပြုလုပ်ခဲ့ဖူးပေ။
ထပ်မံဖြည့်စွက်၍ပြောရလျှင် ခေတ်မှီစမ်းသပ်ခန်းတွင် အသုံးပြုရမည့် ပစ္စည်းများက အဆင်သင့်သာဖြစ်သည်။ အကယ်၍ ယခုအချိန်တွင် လက်ထဲတွင်ရှိသော ပစ္စည်းများကို ရောနှောလိုက်ပါက ၎င်းတို့ထံတွင်လည်း အမျိုးအမည်မသိ အရာဝတ္ထုများပါဝင်နေ၍ တစ်စုံတစ်ခု မှားယွင်းသွားခဲ့လျှင် ...
လင်းရှောင် သက်ပြင်းချလိုက်သည်။ အန္တရာယ်များကြောင်းသိသော်လည်း ယခုချိန်၌ သူ့ထံတွင် တုန့်ဆိုင်းနေရန် အချိန်မရှိပေ။ ပြန်လည်မွေးဖွားခြင်းမှတစ်ဆင့် ရရှိခဲ့သော ရွှေလက်ချောင်းက မည်မျှထိရောက်သည်ကို စမ်းကြည့်မှသာ သိနိုင်မည်။
ထိုအတွေးဖြင့် လင်းရှောင် မတ်တပ်ရပ်လိုက်ပြီး မီးဖိုနေရာတွင် လိုအပ်သည့်ပစ္စည်းများရွှေ့ပေးရန် အားလုံးကို ညွှန်ကြားလိုက်သည်။
ဟုန်ယဲ့က အရာအားလုံးကို တိတ်တဆိတ်စစ်ဆေးနေပြီး တိတ်ဆိတ်စွာဖြင့် ခေါင်းငုံ့လိုက်သည်။ သူမ ယခုအခါတွင် ပြန်လည်လှုပ်ရှားနေနိုင်ပြီဖြစ်ပြီး ကြိုးများကလည်း သူမအတွက် ဘာမှမဟုတ်ပေ။ သူမက လင်းရှောင်ကို ဖမ်းခေါ်သွားပြီး ဧကရာဇ်၏အနားရောက်အောင် လုပ်နိုင်နေပြီဖြစ်သည်။
ဟုန်ယဲ့က သူမ၏ မှုန်ကုပ်ကုပ်အကြည့်ကို ဖုံးကွယ်ထားလိုက်သည်။ ဧကရာဇ်က လင်းရှောင်ကို အလွန် အလိုလိုက်သော်လည်း ထိုလူက ကြင်နာမှုကို တန်ဖိုးမထားခဲ့ပေ။ ထိုကြောင့် ဟုန်ယဲ့အလွန်စိတ်တိုပြီး မုန်းတီးလာသည်။
လင်းရှောင်ကို သင်ခန်းစာကောင်းကောင်းပေးလိုသော်လည်း ဧကရာဇ်က သူ့ကို အလွန်ချစ်မြတ်နိုးသဖြင့် သူမကိုယ်တိုင်တစ်ခုခု လုပ်လိုက်ပါက ဧကရာဇ်က သေချာပေါက် အပြစ်ပေးမည်ဖြစ်သည်။
ထို့ကြောင့် ဟုန်ယဲ့က လင်းရှောင်အပေါ် မနှစ်မြို့မှုကို ပွင့်ပွင့်လင်းလင်း မဖော်ပြရဲပေ။
သို့သော် ယခုအခါတွင် လင်းရှောင်က သူ့သေတွင်းသူတူးနေပြီဖြစ်၍ သူမ၏ ကြားဝင်နှောင့်ယှက်မှု မလိုအပ်တော့ပေ။
သူမက 'ကြိုးချည်ခံထားရပြီး လုပ်ကိုင်နိုင်စွမ်း လုံးဝကင်းမဲ့' နေသည်။
ဟုန်ယဲ့ ခေါင်းငုံ့ပြီး သူမမျက်နှာမှ အကြံအစည်များကို ဖုံးကွယ်ထားလိုက်သည်။
နေရာတိုင်းတွင် မီးများကို မြင်နေရပြီး မီးခိုးများ အဆက်မပြတ်ထွက်နေသည်။ ဧကရာဇ်၏နန်းတော်သို့ စစ်သည်အင်အားသုံးသိန်းက ဝင်ရောက်လာပြီဖြစ်ပြီး ဖူယွီကျွင်းက သူတို့ကို စစ်သည်ငါးသောင်းတည်းဖြင့် တစ်နေခင်းလုံး ခုခံနေရသည်။
မြင်းစီးစစ်သည်ငါးသောင်းတပ်ကြီးက မြောက်မြားစွာသော ရန်သူများကို သတ်ဖြတ်ခဲ့ပြီး အကျအဆုံးအနည်းငယ်သာရှိသေးသည်။ ဖူယွီကျွင်းက ဉာဏ်ကိုလွှာသုံး၍ ထောင်ခြောက်တစ်ခုပြီးတစ်ခု ဆင်ထားသည့်အတွက် ရန်သူများတစ်ယောက်ပြီးတစ်ယောက်ကျဆုံးကုန်သည်။
ဤသို့ဖြင့် တစ်နေ့ခင်းလုံး စစ်သည်များစွာကို သတ်ဖြတ်ခြင်းဖြင့် ကုန်ဆုံးသွားခဲ့သည်။
သို့ရာတွင် ဧကရာဇ်နန်းတော်မှ အပြင်သို့ လှမ်းကြည့်လိုက်ရာ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော တပ်ဖွဲ့ဝင်များနှင့် မြင်းစီးသူ အရေအတွက်မှာ ပိုများနေသည် ကို တွေ့လိုက်ရသည်။
သူ၏အစ်ကိုတော် ဖူရှန့်ကျွင်းက အခြားနေရာမှ တပ်ဖွဲ့များနှင့် မြင်းစစ်သည်များကို ထပ်မံရရှိခဲ့ပုံပင်။
တစ်ယောက်ယောက် လက်နက်ချလိုက်တာများလား ...
မဖြစ်နိုင်ဘူး သူရဲ့အစ်ကိုတော်က အမှောင်ထဲကနေ တခြားတိုင်းပြည်တစ်ခုရဲ့ တွန်းအားပေးခံနေရတာများလား ...
ဖူယွီကျွင်း၏မျက်နှာက မည်းနက်သွားသည်။ အကယ်၍ သူ၏အစ်ကိုတော်က သက်ဦးဆံပိုင်ဘုရင် ဖြစ်လိုပါက ဖူယွီကျွင်းက သူ့ကိုခွင့်မပြုရန် မဖြစ်နိုင်ပေ။ သို့ရာတွင် သူ၏အစ်ကိုတော်အကြောင်းကို သူကောင်းကောင်းသိသည်။
ရည်မှန်းချက်မရှိပဲ သောက်စားပျော်ပါးဖို့ပဲသိတဲ့ သူ့အစ်ကိုက ချက်ချင်းကြီး ပုန်ကန်ဖို့ ပြင်တယ်တဲ့လား ... တစ်ယောက်ယောက်က နောက်ကွယ်က ကြိုးကိုင်နေတာပဲဖြစ်မယ် ...
ပြီးတော့ အဲ့လူကလည်း တခြားတိုင်းပြည်ကလူပဲဖြစ်လိမ့်မယ် ...
ဖူယွီကျွင်း၏စိတ်ထဲတွင် မူဧကရာဇ်၏ပုံရိပ်က ရောင်ပြန်ဟပ်လာသဖြင့် လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ရှောင်တိုင်းပြည်က တခြားတိုင်းပြည်လက်ထဲ မကျစေရဘူး ... ဒီတစ်ကြိမ်တော့ သူ့အသက်သေမယ်ဆိုရင်တော် ဧကရာဇ်နန်းတော်ကို ကာကွယ်ပေးရမယ် ...
ဖူယွီကျွင်း အံကြိတ်ပြီး နောက်ကိုလှည့်ကြည့်လိုက်သည်။ သူ၏စစ်သားများက ခြေကုန်လက်ပမ်းကျနေပြီး နေရာအနှံ့တွင် လှဲလျောင်းနေသည်ကို မြင်လိုက်ရသည်။ သူတို့၏ ခံနိုင်ရည်ရှိမှုများက အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။
ထိုအချိန်တွင် နန်းတော်အပြင်ဘက်မှလူများက တက်ကြွနေကြကာ စိတ်ဓာတ်များကလည်း အမြင့်ဆုံးအခြေအနေကို ရောက်နေကြသည်။
အခြေအနေက ဒီလိုအခြေအနေနဲ့ ဘယ်လိုပြန်ပြီး တိုက်ခိုက်တော့မှာလဲ ...
သူ့စိတ်ထဲတွင် စိတ်ဓာတ်ကျလာသည်။
သူ ဒီလိုပဲ အရေးနိမ့်ရတော့မှာလား ...
ရုတ်တရက် ထွက်ပေါ်လာသော ဝုန်းခနဲ အသံကြီးက ဖူယွီကျွင်းကို ထိတ်လန့်သွားစေသည်။
နန်းတော်၏အပြင်ဘက်တွင် မြေပြင်တွင် တစ်စုံတစ်ခု ပေါက်ကွဲသွားပြီး ထိုအပေါက်မှ မီးခိုများထွက်လာသည်ကို မြင်လိုက်ရသည်။
ပြိုလဲသွားသော စစ်သားများက ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားသူများရှိသကဲ့သို့ ထိုတွင်းထဲမှ မူးမေ့လဲသွားစေသည့် မကောင်းဆိုးဝါး အင်အားအချို့ကြောင့် မြေပေါ်သို့ လွင့်ပျံသွားကြသည်။
မထင်မှတ်ဘဲ မြင်လိုက်ရသည့်အရာကို ထိတ်လန့်သွားကြကာ ဖူရှန့်ကျွင်း ၏စစ်တပ်တစ်စိတ်တစ်ပိုင်းက အလဲလဲအကွဲကွဲဖြစ်သွားပြီး စစ်သားများသည် ထိုတွင်းမှ ဝေးဝေးကို ခွာလိုက်ကြသည်။
ဖူယွီကျွင်း အံ့ဩသွားပြီး အောက်ဘက်မှမြင်ကွင်းကို အနီးကပ်ကြည့်လိုက်သည်။