အပိုင်း ၆၃
Viewers 12k

မကြာမီအချိန်၌ မြင်းလှည်းတစ်စီးက အဝေးမှလာနေသည်ကို မြင်လိုက်ရသည်။ ထိုမြင်းလှည်းက အပေါက်နားကို မသွားရဲသည့် တပ်ဆုတ်လာသောစစ်သည်များကို အခွင့်ကောင်းယူ၍ နန်းတော်ထဲ အလျင်စလိုဝင်လာသည်။
မြင်းလှည်းအတွင်းတွင် အစောင့်များ ကိုင်ဆောင်ထားသော ဓားရှည်များ ပတ်ပတ်လည်တွင် ဝါးပိုက်များ မြောက်မြားစွာ ရှိနေသည်။ မီးတိုင်ကိုင်ဆောင်ထားသော အစောင့်များက သူတို့၏မျက်နှာကို အုပ်ထားကြသည်။
ရှေ့တွင်ထိုင်နေသူနှစ်‌ယောက်အနက် တစ်ယောက်က မြင်းလှည်းမောင်းနေပြီး တစ်ယောက်က ဘေးတွင်သာထိုင်နေသည်။ ထိုလူနှစ်ယောက်လုံးလည်း မျက်နှာကို အုပ်ထားကြသည်။
ထိုပုံရိပ်များကို ရင်းနှီးနေသည်ဟု ဖူယွီကျွင်းခံစားလိုက်ရသည်။ သို့ရာတွင်သူနှင့်အလွန်ဝေးကွာနေသောကြောင့် ထိုလူများကို ရှင်းလင်းစွာ မမြင်ရပေ။
သူမြင်ရသော တစ်ခုတည်းသောအရာမှာ ထိုလူများက ဖူရှန့်ကျွင်း၏စစ်တပ်ကို စိတ်အားထက်သန်စွာ ချေမှုန်းပြီး အခြားအရာများကို ဂရုမစိုက်ဘဲ တော်ဝင်နန်းတော်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားခြင်းပင်ဖြစ်သည်။
ပေါက်ကွဲသွားသည့် နေရာကို ရွေးချယ်ကာ ဒုန်းဆိုင်းပြေးနေခဲ့သည်။ စစ်သည်များက ထိုနေရာကို မသွားရဲကြသဖြင့် ၎င်းတို့၏ အကြံအစည်က အလွန်အမျှော်အမြင်ရှိလှပေသည်။ သို့သော်လည်း မြေပြင်က မပြေပြစ်သောကြောင့်။မြင်းလှည်းရှေ့သို့ရွေ့လျားရန် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်နေသည်။
စစ်သည်များက အခြေအနေကိုသဘောပေါက်သွားပြီး မြင်းလှည်းပေါ်မှလူများကို စတင်တိုက်ခိုက်လာသည်။
ရန်သူစစ်သားများ၏ တိုက်ခိုက်မှုအောက်တွင် အခက်အခဲများနှင့် ရှေ့ကိုဒုန်းဆိုင်းပြေးနေရသည့် မြင်းလှည်းကိုကြည့်ပြီး ဖူယွီကျွင်း ချွေးစေးများပြန်လာသည်။ မြင်းလှည်းပေါ်မှ လူများကို ရန်သူစစ်သားများက ဝိုင်းဝန်းတိုက်ခိုက်ကြသဖြင့် ၎င်းတို့က ဖူရှန့်ကျွင်း၏စစ်တပ်မှဟုတ်ပုံမရပေ။
ထိုသူများက သူ့ဘက်မှဖြစ်နိုင်သည်။ သူတို့ချဉ်းကပ်လာသည့် ရည်ရွယ်ချက်က ရှင်းလင်းလှသည်။ ရန်သူစစ်တပ်ကိုဖြတ်ကျော်ပြီး နန်းတော်သို့ရောက်ရန်ဖြစ်သည်။
သူတို့က ဒီမြင်းလှည်းကိုမှီလိုပြီး နန်းတော်ထဲ အလျင်စလို ဝင်ချင်နေတာပေါ့ ...
စိတ်အားထက်သန်လွန်းနေတာပဲ ...
ဖူယွီကျွင်းက လှေကားလက်ရန်းကို တင်းတင်းကျပ်ကျပ်ဆုပ်ထားသဖြင့် လက်များပင် ဖြူဖွေးလာသည်။ လက်ရန်းတွင် ‌လက်ဗွေရာအနည်းငယ်ပင် ကျန်ခဲ့သည်။
ထိုနေရာတစ်ဝိုက်မှ စစ်သားများက မြင်းလှည်းပေါ်မှလူများကို ဝန်းရံထားကြသဖြင့် ဖူယွီကျွင်း ရင်တုန်သွားသည်။
လင်းရှောင်က မြင်းလှည်းမောင်းနေသော ရှောင်ဖုန်း၏ဘေးတွင် ထိုင်နေသည်။ စစ်သားများ၏ လှုပ်ရှားမှုကို မြင်သောအခါ ပတ်ပတ်လည်မှအစောင့်များကို ဝါးပိုက်တစ်ခုစီယူ၍ မီးညှိရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူတိုဆီသို့ နီးကပ်လာသည့် စစ်သားများထံ ပစ်လိုက်သည်။
ဝုန်း ...
ဝုန်း ...
ဝုန်း ...
အစောပိုင်းကကဲ့သို့ ပေါက်ကွဲသံများမြေပြင်ပေါ်တွင် ထွက်ပေါ်လာကာ ထိုနေရာမှ မီးခိုးများထွက်လာသည်။ မီးခိုးနှင့် ဖုန်မှုန့်များက မြင့်တက်လာသဖြင့် နံရံပေါ်တွင်ရပ်နေသည့် ဖူယွီကျွင်းက အောက်ဘက်မှ အခြေအနေများကို ခဏတာမမြင်ရတော့ပေ။
ဖုန်မှုန့်များ ရှင်းလင်းသွားသောအခါ အောက်ဘက်မှစစ်သားများက နေရာအနှံ့ပြန့်ကျဲကာ လှုပ်ရှားမှုမရှိပဲ လဲကျနေသည်။ သူတို့ သေသည် ရှင်သည်ကိုပင် မသိရချော။
မြင်းလှည်းပေါ်မှ လူများက ဆံချည်မျှင်တစ်မွေးမျှ မထိခိုက်ပဲ နန်းတော်သို့ ဦးတည်သွားကြသည်။
ဖူယွီကျွင်း၏ မျက်နှာက လုံးဝအံ့ဩနေပုံပေါ်သည်။ ထိုမြင်းလှည်းက အမှန်ပင် အံ့ဩစရာကောင်းသည့်အပြင် မြင်းလှည်းပေါ်မှ အစောင့်များပစ်လွှတ်လိုက်သည့်အရာများက ပို၍အံ့ဩဖွယ်ကောင်းလှသည်။
ဖူယွီကျွင်းက မြင်းလှည်းမောင်းသူနေရာမှ လူနှစ်ယောက်ကို ကြည့်လိုက်သည်။
တစ်ယောက်က မြင်းလှည်းမောင်းခြင်းတွင်သာ အာရုံစိုက်နေပြီး နောက်တစ်ယောက်က မကြာခဏနောက်သို့လှည့်ကာ တစ်ခုခုကို အော်ဟစ်နေပုံရသည်။ ထိုလူက ပတ်ဝန်းကျင်ကို အဆက်မပြတ် လေ့လာနေသည့်အတွက် ဤအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပုံရသည်။
ထိုလူက စိမ်းပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဤကဲ့သို့ အခြေအနေနှင့် ရှေ့မှစစ်တပ်ကြီးကို ရင်တိုင်နေရသော်လည်း အလွန်တည်ငြိမ်နေသည်။ ထိုလူ၏တည်ငြိမ်၍ အလျင်မလိုသောအမိန့်များကြောင့် အားလုံးကသူ့ကို နှလုံးသားထဲမှ လေးစားလာစေသည်။
ဖူယွီကျွင်း ထိုလူကို အကြိမ်အနည်းငယ်ကြည့်လိုက်သည်။ ထိုလူ၏ ယျေဘုယျအသွင်အပြင်က အနည်းငယ်ရင်းနှီးနေသည်ဟု ထင်ရသည်။
သူ့ကိုကြည့်ရတာ ...
ပုံရိပ်တစ်ခုကို စိတ်ထဲတွင် ပြေးမြင်မိသွား၍ ထိတ်လန့်မှုကြောင့် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။
ဒီလူက ... ရှောင်ဖုန်းကို ကာကွယ်ခိုင်းထားခဲ့တဲ့ လင်းရှောင်လား ...
ထိုအတွေးကြောင့် ဖူယွီကျွင်းကြောက်လန့်ပြီး ချွေးပြန်လာသည်။ ထိုလူက ခေါင်းဆောင်းကို ချွတ်ချလိုက်သည့်အခါ သူ၏နုနယ်လှပသော မျက်နှာလေးကို မြင်လိုက်ရသည်။ ၎င်းက သူ၏အပိုင်ဟု သတ်မှတ်ထားသောလူ၏ မျက်နှာလေးဖြစ်သည်။
ဖူယွီကျွင်း အံကြိတ်လိုက်သည်။ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များပေါ်လာပြီး လှေကားကို အမြန်နင်းကာ နန်းတော်တံခါးကြီးကို ဖွင့်လိုက်သည်။ သူ့လူများကိုပါ ခေါ်လာပြီး မြင်းလှည်းကို ဝိုင်းရံခိုင်းလိုက်သည်။
ဖူယွီကျွင်းက သူတို့အတွက်ခုခံပေးရန် လူလွှတ်ပေးလိုက်သည်ကို လင်းရှောင်မြင်သည့်အခါ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်မိသည်။ သူ၏ခြေထောက်များ ပျော့ခွေနေသည့်အတွက် မြင်းလှည်းပေါ်မှပင် မဆင်းနိုင်ပေ။ မြေပေါ်တွင် ခြေတစ်လှမ်းချလိုက်သည်ရှိသေးသော်လည်း အပြင်ဘက်မှအားတစ်ခုက သူ့ကို ရုတ်တရက်လှမ်းဆွဲလိုက်သည်။
ထိုအခါ ကျစ်လျစ်သောကြွက်သားများနှင့် ခန္ဓာကိုယ်တစ်ခုကို တိုက်မိပြီး နှာခေါင်းဝတွင် ယောက်ျားဆန်သောရနံ့များဖြင့် ပြည့်သွားသည်။
လင်းရှောင် မျက်ခုံးများတွန့်ချိုးပြီး တစ်ဖက်လူကို တွန်းလွှတ်လိုက်သည့်အခါ ဝမ်းနည်းနေသည့်မျက်နှာဖြင့် ဖူယွီကျွင်းကို မြင်လိုက်ရသည်။
ဖူယွီကျွင်း၏ မျက်နှာနှင့် အဝတ်အစားများတွင် ဖုန်များဖြင့်ပြည့်ပြီး သွေးစွန်းနေသည်။ အခြားလူများ၏သွေးလား ဖူယွီကျွင်း၏သွေးလားပင် လင်းရှောင်မခွဲခြားနိုင်တော့ပေ။
ယခုအခါ သူက လင်းရှောင်ကို ဒေါသများဖြင့်ပြည့်နေသော်လည်း အံ့အားသင့်နေသည့် အကြည့်ဖြင့် ကြည့်နေသည်။
" မင်း ဘာလို့ ဒီကိုလာတာလဲ ..."
ဖူယွီကျွင်းက ပူပန်နေသောမျက်နှာဖြင့် သူ့ကို ဆူပူလိုက်သည်။
လင်းရှောင်က သူ၏အမူအယာကြောင့် တုန်လှုပ်သွားပြီး စိတ်မသက်မသာဖြင့် ခေါင်းငုံ့ထားလိုက်သည်။
" ကျွန်တော်မျိုးက အရှင့်သားကို လာကယ်တာပါ ..."
" အဟွတ် ..."
" ထားပါတော့ ဒီလူတွေကို အနိုင်တိုက်ပြီးမှ စကားပြောကြမယ်လေ ..."
နီးကပ်လာသော စစ်တပ်ကြီးကြောင့် လင်းရှောင်က ဖူယွီကျွင်းကို ဖြတ်ပြောလိုက်သည်။
ကျန်ရှိနေသေးသည့် စစ်သား သုံးသောင်းနှစ်ထောင်က လင်းရှောင်နှင့် ဖူယွီကျွင်းကိုဝန်းရံပြီး ကာကွယ်ထားကာ တိုက်ခိုက်ရန်ပြင်နေသည်။အပြင်ဘက်တွင် ဖူရှန့်ကျွင်း၏ စစ်တပ်က ရှိနေဆဲဖြစ်သည်။
လူအရေအတွက်ကိုကြည့်ပါက ဖူရှန့်ကျွင်းက အသာစီးရနေသည်မှာ သိသာသည်။ ဖူယွီကျွင်းက အဆိုးဝါးဆုံးဖြစ်နိုင်ချေကို တွက်ဆထားပြီး လင်းရှောင်ကို မည်သို့ကာကွယ်ပေးရမည်ကိုသာ တွေးနေမိသည်။
လင်းရှောင်က မြင်းလှည်းပေါ် ရုတ်တရက် ပြန်တက်သွားသဖြင့် ဖူယွီကျွင်း လန့်သွားသည်။ သူ့ကိုပြန်ဆွဲကာ မေးလိုက်သည်။
" ဘာလုပ်မလို့လဲ ... မြင်းးလှည်းပေါ်တက်သွားရင် အဲ့ဘက်က လေးသည်တော်တွေက မင်းကို ပစ်မှတ်လုပ်လိုက်လိမ့်မယ် ..."
" အဆင်ပြေပါတယ် ..."
လင်းရှောင် သူ့ကိုခါလိုက်သည်။
" အရာအားလုံးမှာ စွန့်စားမှုဆိုတာ ရှိတာပဲ ... မင်းသားလုပ်ဖို့လိုတာက အဲ့လူတွေ ကျွန်တော်မျိုးနားကို ရောက်မလာဖို့ပဲ ... ကျန်တဲ့ကိစ္စကို လျှို့ဝှက်လက်နက်ပေါ် ‌မှီခိုရမှာပဲ ..."
လျှို့ဝှက်လက်နက်တဲ့လား ...
ဖူယွီကျွင်း သံသယဝင်နေသည်။ ရှောင်ဖုန်းက သူ၏မယုံကြည်မှုကို မြင်လိုက်သဖြင့် အနားကပ်လာပြီး သတင်းပို့လိုက်သည်။
" အရှင့်သား အဲ့ဒါက ယမ်းမှုန့်လို့ခေါ်တဲ့ လက်နက်မျိုးပါ ... သခင်လေးက အဲ့ဒီလက်နက်ကို ကိုယ်တိုင်တီထွင်ထားတာပါ ... ပြီးတော့ အဲ့ဒါက ဖျက်အားတော်တော်ပြင်းတယ် ... လူတစ်ယောက်တည်းနဲ့ အယောက်တစ်ရာလောက်ကို သတ်ပစ်နိုင်တယ် ..."
ရှောင်ဖုန်းက မြင်းလှည်းပေါ်မှ ဝါးပိုက်များကို ညွှန်ပြလိုက်သည်။ ဖူယွီကျွင်း၏အမြင်တွင် ၎င်းတို့က အံဩစရာကောင်းမနေပေ။
ဒါက ရှောင်ဖုန်းပြောသလောက် ဆန်းကြယ်တာလား ...
ဖူယွီကျွင်းက သံသယဝင်နေသဖြင့် ရှောင်ဖုန်းက ရှင်းပြလိုက်သည်။
" အရှင့်သား ဒီပစ္စည်းတွေကို အထင်မသေးပါနဲ့ ... သူတို့ကိုကြည့်ရတာ သာမန်ပဲဆိုပေမယ့် အရှင့်သားကြားလိုက်ရတဲ့ ပေါက်ကွဲသံကြီးက သူတို့ကို မီးညှိလိုက်လို့ဖြစ်လာတာပါ ..."
လင်းရှောင်က မြင်းလှည်းပေါ်တွင်ရပ်ကာ သူခေါ်လာသည့်လူများကို ညွှန်ကြားနေသည်ကိုကြည့်ပြီး ဖူယွီကျွင်း အံ့ဩနေသည်။ ပတ်ပတ်လည်မှလူများက ဒိုင်းများကို မြှောက်ထားပြီး အတွင်းမှလူများက ဝါးပိုက်များကို မီးရှို့ကာ လင်းရှောင်ညွှန်ပြသည့် နေရာများကို ပစ်နေသည်။
ဝုန်း ...
ဝါးပိုက်များကို ပစ်လိုက်တိုင်း ကျယ်လောင်သောအသံများက ချက်ချင်းထွက်ပေါ်လာသည်။
ထို့နောက် ရန်သူများ၏ နာကျင်စွာ ငိုကြွေးသံများအပြင် စစ်သားများ၏ ကျဆုံးသံများ ထိုနေရာအတွင်း ပဲ့တင်ထပ်လာသည်။
ဒီပစ္စည်းက အဲ့လောက်တောင် အားပြင်းတာလား ... ဒါကို အဲ့အစေခံလေး လုပ်ထားတာလား ...
ဒီအစေခံငယ်လေးက တကယ်အံ့ဩစရာကောင်းတာပဲ ...
ဖူယွီကျွင်းက လင်းရှောင်ကို ကြည့်လိုက်ရာ မြင်းလှည်းပေါ်တွင် ကြီးကျယ်ခမ်းနားစွာ ရပ်နေသည်ကို တွေ့လိုက်ရပြီး တိုက်ပွဲဝင်သူတိုင်းကို သတ္တိရှိရှိ ညွှန်ကြားနေသည်။
အစေခံငယ်လေး၏မျက်နှာက တည်ငြိမ်နေကာ လှုပ်ရှားမှုတိုင်းကလည်း အေးဆေးလွန်းလှသည်။ ဤတိုက်ပွဲ၏အောင်မြင်မှုက သူ့လက်ထဲတွင် ရှိနေသည့်ပုံစံဖြစ်နေသောကြောင့် စစ်သည်များ၏စိတ်ဓာတ်ကို မြှင့်တင်ပေးနေသကဲ့သို့ပင်။
ထို့ကြောင့် လူအားလုံးက သူ့ကို ရင်ထဲနှလုံးသားထဲမှ ယုံကြည်အားကိုးလာကြသည်။
ဖူယွီကျွင်းက သူ့ကိုကြည့်နေလျက် ရင်ထဲတဒိတ်ဒိတ်ခုန်လာပြီး မျက်လုံးထဲတွင် စွဲလန်းမှုများ ဖြစ်ပေါ်လာသည်။
ဟင်း ... ဒါက သူသဘောကျတဲ့ အစေခံငယ်လေးပေါ့ ~
ပုံမှန်နဲ့ အရမ်း ကွဲပြားနေတာပဲ ...
သူကသေရမှာကြောက်ပေမယ့် ဒီလို အ‌ရေးကြီးတဲ့အခြေအနေမှာတောင် ဘယ်သူ့ကိုမှ စွန့်ပစ်ပြီး ထွက်မပြေးသွားဘူး ...
သူက အရမ်းကြောက်တတ်ပေမယ့် အရေးကြီးတဲ့ အခိုက်အတန့်မှာ ကြီးကျယ်ခမ်းနားပြီး စိတ်အားထက်သန်သူတဲ့သူဆိုတာ သိသာထင်ရှားလွန်းတယ် ...
သူက အရမ်းအရည်အချင်းရှိပေမယ့် သူ့ကိုယ်သူ လူအုပ်ထဲမှာ အမြဲပုန်းနေတာပဲ
သူက တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပေမယ့် အထင်သေးလို့ မရတဲ့လူပဲ ...
ဖူယွီကျွင်းက ပုံမှန်အချိန်နှင့် ကွဲပြားနေသောလင်းရှောင်ကို ကံကောင်းစွာဖြင့် ရှာတွေ့ခဲ့မိသည်။
လင်းရှောင်၏ ညှို့ယူဖမ်းစားခြင်းကို ခံလိုက်ရသည့်အတွက် ပျော်ရွှင်နေမိသည်။
သူ့ဘဝတစ်လျှောက်လုံးတွင် ထိုကဲ့သို့ နှလုံးသားကို ရိုက်ခတ်နိုင်မည့်လူမျိုး ထပ်မရှိနိုင်တော့ဟု တွေးနေမိသည်။
လင်းရှောက်ဘက်မှလူများက ဝါးပိုက်များဖြင့် ပစ်နေကာ ဖူယွီကျွင်းဘက်မှလူများက ရန်သူများ ရှေ့ဆက်မတိုးလားအောင် ပိတ်ဆို့ထားသည်။ နောကိဆုံးတွင် အမိန့်ပေးနေသည့်လူက လင်းရှောင်ဖြစ်ကြောင်း တစ်စုံတစ်ယောက်က သတိထားမိသွားသည်။
သူတို့က လင်းရှောင်ကို ဦးစားပေးပစ်မှတ်အဖြစ်ပြောင်းလိုက်ပြီး လေးစစ်သည်တော်များက မြင်းလှည်းပေါ်မှ လင်းရှောင်ကို ချိန်ရွယ်ထားကြသည်။
ဖူရှန့်ကျွင်း၏ အမိန့်ပေးမှုကြောင့် ပုန်းကွယ်နေသော မြှားစစ်သည်တော်က မြှားတစ်စင်းကို လင်းရှောင်ဘက်သို့ ပစ်လိုက်သည်။
ဖူယွီကျွင်းက စူးရှသော မျက်လုံးများရှိ၍ မြှားကိုမြင်လိုက်ပြီး ခြုံခိုတိုက်လိုက်မှုမှ ဝေးသည့်နေရာကို ဆွဲလိုက်ကာ သူ၏အမူအယာက ထိုခဏတာတွက် မှုန်မှိုင်းသွားသည်။
လင်းရှောင် မျက်လုံးများပြူးကျယ်သွားပြီး ဖူယွီကျွင်းပေါ်ကို ကြောက်လန့်စွာ မှီထားပြီး ခြေထောက်များလည်း ပျော့ခွေလာသည်။
ဖန်ဆင်းရှင်ကိုတောင် မြင်ရလုနီးပါးဖြစ်သွားတယ် ...
ထိုမြင်ကွင်းကြောင့် ဖူယွီကျွင်း၏နှလုံးသားထဲတွင် နာကျင်သွားရသည်။ သူက နှစ်သိမ့်သည့်သဘောဖြင့် လင်းရှောင်၏ခေါင်းကို ပုတ်ပေးလိုက်ပြီး အဝေးမှ မီးနှင့် မီးခိုးများကိုကြည့်နေသည်။ ဖူယွီကျွင်း၏စိတ်ထဲတွင် အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
သူ အသက်ပြင်းပြင်းရှုပြီး လင်းရှောင်၏မျက်နှာတွင် အနမ်းတစ်ခုခြွေလိုက်သည်။ ထို့နောက် နားနားကိုကပ်၍ တီးတိုးပြောလိုက်သည်။
" တကယ်လို့ ကိုယ်ဒီနေရာမှာ ရှုံးနိမ့်ပြီးပျောက်ကွယ်သွားခဲ့မယ်ဆိုရင် ရှောင်တိုင်းပြည်ကို မင်းလက်ထဲအပ်ခဲ့မယ်နော် ..."
ထိုစကားကိုပြောလျက် ဖူယွီကျွင်းက တစ်နေရာမှ အထုပ်တစ်ခုကို ထုတ်ယူလိုက်ပြီး လင်းရှောင်၏လက်မောင်း နှစ်ဖက်ကို အမြန်ညှစ်လိုက်သည်။ ရှောင်ဖုန်းဆီမှ ဓားကိုဆွဲယူကာ လင်းရှောင်ကို သူ့ရှေ့တွင်ထားလိုက်ပြီး နောက်တစ်ကြိမ် သတိပေးလိုက်ပြန်သည်။
" သူ့ကို မင်းအသက်နဲ့လဲပြီးကာကွယ်ပါ သဘောပေါက်လား ..."
ဖူယွီကျွင်း၏ လေးနက်ပြီး တာဝန်ဝတ္တရားရှိသော အမူအယာကို မြင်လိုက်သောအခါ ရှောင်ဖုန်းက လင်းရှောင်ကို ဖမ်းဆုပ်လိုက်ပြီး သူ၏စိတ်ရှုပ်ထွေးမှုကို တွန်းထုတ်ပြီး သူနာခံလိုက်သည်။
" ကျွန်တော်မျိုး သဘောပေါက်ပါပြီ ..."
" နေဦး အရှင့်သားဘာလုပ်မလို့လဲ ..."
လင်းရှောင်က ကြောက်လန့်နေရာမှ စိတ်နှင့်လူပြန်ကပ်သွားပြီး ဖူယွီကျွင်းကို ကတိုက်ကရိုက်မေးလိုက်သည်။
ဖူယွီကျွင်း ပြုံးပြလိုက်သည့်အခါ သန့်စင်ဖြူဖွေးသောသွားများ ပေါ်လာသည်။ လင်းရှောင်ကို မူတိုင်းပြည်တွင် ပထမဆုံးတွေ့ခဲ့ရစဉ်က ကဲ့သို့ အထိန်းအကွပ်မဲ့သည့်အပြုံးနှင့်တူသည်။
" သူခိုးကိုဖမ်းဖို့ ဘုရင်ကို အရင်ဆုံးဖမ်းရမယ်ဆိုတဲ့ စကားပုံရှိတယ်လေ ..."
ထိုစကားများဖြင့် ဓားကိုဝှေ့ယမ်းပြီး ခုန်ထွက်သွားသည်။
သူခိုးကိုဖမ်းဖို့ ဘုရင်ကို အရင်ဆုံးဖမ်းရမယ်တဲ့လား ...
သူက ဖူရှန့်ကျွင်းကို သတ်တော့မှာလား ...
လင်းရှောင် အံ့အားသင့်သွားပြီး ရှေ့သို့ ခြေလှမ်းနှစ်လှမ်း အမြန်လှမ်းလိုက်ပြီး သူ့ကိုတားရန် ပြင်လိုက်သည်။
" နေဦး ဖူယွီကျွင်း ပြန်လာခဲ့ ... အဲ့ဒီ ယမ်းမှုန့်တွေကို သတိမေ့ဆေးတွေနဲ့ ရောထားတာ ... အဲ့ဒီကိုသွားရင် သတိလစ်သွားလိမ့်မယ် ..."
ဖူယွီကျွင်းက ထိုစကားများကိုကြားပြီး သူ့ကိုလှည့်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင် အရာအားလုံးကို ခံစားပြသနေသော်လည်း လင်းရှောင် တစ်စုံတစ်ခုကို ရှင်းလင်းသွားသည်။ ဖူယွီကျွင်းက နောက်ပြန်လှည့်လာမည်မဟုတ်ပေ။
သူက ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သည်။ ကံကောင်းသည်မှာ လင်းရှောင်ပြောလိုက်သည်ကို ကြားသွား၍ အနည်းဆုံး သတိမေ့ဆေးများကို ရှောင်ရှားနိုင်သည်ပင်။
လင်းရှောင်က သူပေးခဲ့သည့်အထုပ်တစ်ခုကို ကံကောင်းစွာဖြင့် ဖမ်းလိုက်နိုင်သည်။ ခေါင်းငုံ့၍ ကြည့်လ်ိုက်သည့်အခါ ၎င်းက ရှောင်တိုင်းပြည်ယခင်ဧကရာဇ်၏ အမိန့်ပြန်တမ်းနှင့်အတူ ကျောက်စိမ်းတံဆိပ်တော်ဖြစ်နေသည်ကို မြင်လိုက်ရသည်။
ဒီလောက် အရေးကြီးတဲ့ဟာကို ...
လင်းရှောင် သူ၏လက်များပူလောင်လာပြီး သူကိုင်ထားသည့်အရာပင် ပြုတ်ကျလုနီးပါးဖြစ်သွားသည်။ သို့သော် နောက်ဆုံးတွင် တိတ်တဆိတ်ဖြင့် သိမ်းထားလိုက်ရသည်။
‌ဒီဖူယွီကျွင်းက ဘာမှအားမကိုးရဘူး ... ဒီလ်ိုအရေးကြီးတာတွေကို သူ့ဆီပစ်ပေးခဲ့ရလား ...
သူကလည်း ဂရုမစိုက်နိုင်ဘူးလေ ...
လင်းရှောင် အံကြိတ်ထားပြီး မြင်းလှည်းပေါ်တက်လာသည်။ သူ အဝေးသို့ ခုန်ထွက်သွားသည့် ပုံရိပ်ကိုကြည့်လိုက်သည်။ အားလုံးကို ယမ်းမှုန့်များကို ထပ်ပစ်ရန် ညွှန်ကြားပေးနေသည်။ ဖူယွီကျွင်းသွားရန် လက်ဖောက်ပေးရမည်ဖြစ်သည်။
ဖူယွီကျွင်းရဲ့ ပြဿနာကို ကိုင်တွယ်မယ့်နည်းလမ်းက အကောင်းဆုံးနည်းလမ်းဆိုတာ သံသယဖြစ်စရာမလိုဘူး ...
ဧကရာဇ်က အမြင့်တစ်နေရာတွင်ထိုင်နေပြီး အောက်ဘက်မှ ဖြစ်ပျက်နေသမျှကို စောင့်ကြည့်နေသည်။ သူ၏အကြည့်က မြင်းလှည်းပေါ်ရပ်နေသည့် လင်းရှောင်ပေါ်သို့ရောက်သွားပြီး နှုတ်ခမ်းများ ကွေးညွတ်လိုက်သည်။
ဒီကုန်းကုန်းငယ်လေးက သူ့ကို လေးစားစရာအဆင့်တစ်ခု ထပ်ပေးခဲ့တာပဲ ...
ဒီလို အရည်အချင်း ရှိပုံနဲ့ဆိုရင်တော့ နန်းတော်က ထွက်ပြေးဖို့ကြိုးစားခဲ့ရတဲ့ အကြောင်းကို သူသဘောပေါက်နိုင်ပြီ ...
သေးနုပ်တဲ့ မောင်းမဆောင်ထဲ နေရတာက သူ့အဖို့ မှားယွင်းနေတာပဲ ...
မျှော်လင့်ထားတဲ့အတိုင်းပဲ သူ့ကိုက အထူးတတလည် ဆက်ဆံပေးမှရမယ်
ဧကရာဇ်က ချင့်ချိန်စဉ်းစားပြီးနောက် မတ်တပ်ရပ်လိုက်သည်။
သူ၏အမူအယာက မတည်မငြိမ်ဖြစ်နေသဖြင့် ဘေးမှအစောင့်များက ဒေါသထွက်နေသည်ဟု ထင်သွားကြသည်။ သူတို့ မဆိုင်းမတွဖြင့် ကြမ်းပြင်တွင်ဒူးထောက်ချကာ ခွင့်လွှတ်ရန် တောင်းပန်တော့သည်။
" အရှင်မင်းကြီး ကျေးဇူပြုပြီး စိတ်ငြိမ်ငြိမ်ထားတော်မူပါ ... စစ်သူကြီးလန်က မကြာခင်‌ပြန်ရောက်ပါတော့မယ်... ဒုတိယမင်းသားက ထွက်မပြေးနိုင်တော့ပါဘူး ..."
ဧကရာဇ်က သူ့နောက်မှ တော်ဝင်သက်တော်စောင့်ကို တစ်ချက်ကြည့်လိုက်သည်။ ဧကရာဇ်၏အတွေးကို မခန့်မှန်းသင့်ကြောင်းသတိပြုမိသွားသဖြင့် ‌သက်တော်စောင့်က ကြောက်လန့်မှုကြောင့် ဇောချွေးများပြန်လာသည်။ ခဏအကြာတွင် ဧကရာဇ်က "ဟမ့်" ဟုသော အသံပြုလိုက်ပြီး တစ်ဖက်သို့လှည့်သွားသည်။
" အောက်ဘက်ကို တစ်ချက်သွားကြည့်ကြတာပေါ့ ..."
" အမိန့်အတိုင်းပါ ..."
သက်တော်စောင့် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်ကာ အမိန့်ကို လိုက်နာလိုက်သည်။
ဧကရာဇ်က ဒေါသမထွက်သည့်အပြင် စိတ်ပျော်ရွှင်နေသည့်ပုံပင်။ သို့မဟုတ်ပါက ထိုသက်တော်စောင့်က စစ်သူကြီးလန်၏ ရောက်ရှိမှုကို အောင်ပွဲအနေဖြင့် မှတ်ယူထားသည်ကို ဧကရာဇ်က ခွင့်လွှတ်လိမ့်မည်မဟုတ်ပေ။ သူအမှားတစ်ခုခု ပြုလုပ်မိပါက သူ့ခေါင်းကို ဧကရာဇ်က ပိုင်ဆိုင်သွားလိမ့်မည်