နောက်ဆုံးတွင် ဖူယွီကျွင်းက ဖူရှန့်ကျွင်းကို ဖမ်းမိခဲ့သည်။ သူတို့၏သခင်နှင့် စိတ်ဓာတ်ပါဆုံးရှုံးသွားသော စစ်သားအများစုက အညံ့ခံလိုက်ကြလေသည်။
ထို့ကြောင့် ဤပြင်းထန်သည့်အခြေအနေများက လေးလံသည့် လိုက်ကာစအောက်သို့ ရောက်ရှိသွားခဲ့သည်။
ပြန့်ကျဲနေသော မီးတောက်များနှင့် မီးခိုများကြားတွင် တော်ဝင်နန်းတော်အရှေ့ပိုင်းက ပြားပြားဝပ်ဖျက်ဆီးခံလိုက်ရသည်။
အလောင်းကောင်များလည်း နေရာအနှံ့ ပျံ့နှံ့နေသဖြင့် တွေ့ရမြင်ရသည်မှာ အကျည်းတန်လွန်းလှသည်။
မြို့တော်တွင်းမှ မြို့သူမြို့သားများလည်း ထွက်ပြေးကုန်ကြသဖြင့် သရဲမြို့တော်ကြီးနှင့်ပင်တူနေသည်။ ထို့အပြင် တိုက်ပွဲကြောင့် အိမ်ခြေ ငါးဆယ်ရာခိုင်နှုန်းခန့် ပျက်စီးသွားသဖြင့် လေထုအခြေအနေက မှေးမှိန်ပျက်စီးကာ စိတ်ပျက်ဖွယ်ရာဖြစ်နေသည်။
ဖူယွီကျွင်းက ရှေ့တန်းကို တည့်တည့်ဝင်သွားခဲ့ပြီး သူ၏ ပြိုင်ဘက်ကင်းသိုင်းပညာဖြင့် ဖူရှန့်ကျွင်းကိုဖမ်းဆီးနိုင်ခဲ့သဖြင့် ရန်သူစစ်တပ်က လက်နက်ချပြီး တိုက်ပွဲတွင် အောင်မြင်ခဲ့သည်။
ဒါပေမယ့်လည်း မြို့ရဲ့အခုအခြေအရဆို အောင်နိုင်ပြီးတာတောင်မှ ဘယ်သူကပျော်ရွှင်နိုင်ဦးမှာလဲ ...
လင်းရှောင်၏ တည်ငြိမ်သောမျက်လုံးများက ကြောက်မက်ဖွယ် အလောင်းကောင်များကို ကြည့်နေသည်။ သူက ဂရုတစိုက်ဖြင့် ၎င်းတို့ကိုဖြတ်သွားပြီး အထုပ်ငယ်လေးကိုကိုင်ကာ ဖူယွီကျွင်း၏ရှေ့ကိုရောက်လာသည်။
ဖူယွီကျွင်း၏ ခန္ဓာကိုယ်က ဒဏ်ရာများဖြင့်ပြည့်နေပြီး ပတ်တီးအထပ်ထပ်စီးထားသော်လည်း သွေးများစိမ့်ထွက်နေသေးသည်။ သူက နာကျင်မှုများကို မခံစားရသကဲ့သို့ မြို့ကိုစိုးရိမ်တကြီးဖြင့်ကြည့်သည်။ တွန့်ချိုးနေသောမျက်လုံးများကြောင့် သူအလွန်စိတ်ပူနေကြောင်း သိနိုင်သည်။
လင်းရှောင်က သက်ပြင်းကိုတီးတိုးချလိုက်ပြီး ဖူယွီကျွင်း၏ပခုံးကိုပုတ်လိုက်သည်။
ဖူယွီကျွင်း အသိစိတ်ပြန်ကပ်သွားပြီး လင်းရှောင်ကို လှည့်ကြည့်လိုက်သည်။
လက်ရှိတွင် လင်းရှောင်၏မျက်နှာက ပြာမှုန်များ ဖုန်များဖြင့် ဖုံးလွှမ်းနေပြီး ဆံပင်များလည်း ဖရိုဖရဲဖြစ်ကာ သူ့အင်္ကျီများလည်း ဆုတ်ပြဲနေသည်။ သူက အလွန် မောပန်းနွမ်းနယ်နေပုံရသော်လည်း သူ၏အမူအယာက အလွန်ရှင်းလင်းနေသေးကာ အကြည့်များက အသက်ဝင်လွန်းနေသည်။ ဖူယွီကျွင်း ရင်ထဲနူးညံ့သွားပြီး ဖုန်မှုန့်များကို လက်ဖြင့်ဖယ်ပေးလိုက်သည်။
လင်းရှောင်က သူ့လက်ထဲမှအထုပ်ကို ဖူယွီကျွင်းကို ပြန်အပ်လိုက်သည်။
" အရှင့်သားကလွဲပြီး ဒီလိုမျိုးအရာကို လုံခြုံအောင် ထိန်းသိမ်းနိုင်တဲ့လူ မရှိပါဘူး ..."
ဖူယွီကျွင်းက အထုပ်ထဲမှပစ္စည်းများကိုကြည့်လိုက်ပြီး လင်းရှောင်ပြန်ပေးသည်ကို မငြင်းပဲယူလိုက်ကာ ဝတ်ရုံလက်ရှည်ထဲ ထည့်ထားလိုက်သည်။
ထိုပစ္စည်းများ သူ့လက်ထဲတွင် မရှိတော့သည်ကိုမြင်မှ လင်းရှောင်စိတ်အေးလက်အေးဖြင့် သက်ပြင်းချနိုင်သည်။
ဖူယွီကျွင်းမြင်သည့်အခါ အနည်းငယ်ပြုံးလိုက်ပြီး လင်းရှောင်ကို သူ့ဘက်ကိုဆွဲယူလိုက်သည်။
" ဒီတစ်ကြိမ် မင်းသာမရှိရင် ဖူယွီကျွင်းဆိုတဲ့လူလည်း ရှိနေတော့မှာမဟုတ်ဘူး ..."
ဖူယွီကျွင်းက ချစ်ခင်မြတ်နိုးခြင်းများပြည့်နေသောမျက်လုံးဖြင့် ရိုးသားစွာပြောလိုက်သည်။
လင်းရှောင်အစက တွန်းထုတ်ချင်သော်လည်း သူ၏အကြည့်များကြောင့် ငြိမ်သက်သွားသည်။
အသက်ဖြည်းဖြည်းရှုကာ ခေါင်းခါလိုက်သည်။
" အရှင့်သားလည်း အရင်က ကျွန်တော်မျိုးကို ကူညီခဲ့တာပဲ ... ဒီလို ညီအစ်ကိုကောင်းတစ်ယောက်ကို ဆိုးဝါးတာတွေ မဖြစ်စေချင်ဘူး ..."
" ညီအစ္ကိုတဲ့လား ..."
ဖူယွီကျွင်းက မျက်ခုံးပင့်ပြီး လင်းရှောင်ကို ကြည့်နေသည်။
လင်းရှောင်က အခိုင်အမာ ခေါင်းငြိမ့်ပြလိုက်သည်။ ထိုပုံစံက ဖူယွီကျွင်းအား သူတို့နှစ်ယောက်က ကမ္ဘာပေါ်တွင် အရင်းနှီးဆုံးညီအစ်ကိုများဟု ပြောနေသည်သာဖြစ်ပြီး တခြားမည်သည့်အဓိပ္ပါယ်မှ မပါဝင်ပေ။
ဖူယွီကျွင်းက သဘောကျစွာရယ်လိုက်ပြီး ခါးထောက်ကာ သူ့ကိုကျီစယ်လိုက်သည်။
" မင်းသိလား ကိုယ်တို့ရှောင်တိုင်းပြည်မှာ သွေးသားတော်စပ်မှုက အရမ်းအရေးကြီးတယ် ... ခင်ပွန်းနဲ့ ဇနီးအချင်းချင်းတောင် ညီအစ်ကိုလို့ သုံးနှုန်းကြတာမျိုးရှိတယ် ..."
လင်းရှောင် မျက်လုံးများပြူးကျယ်ပြီး အံ့အားသင့်သွားသည်။ သူ၏စိတ်ရှုပ်သွားသော အမူအယာလေးက အသည်းယားစရာကောင်းသဖြင့် ဖူယွီကျွင်းက သူ့ကို ထပ်မံစနောက်ချင်လာသည်။
" ကိုယ်အရမ်းဝမ်းသာတာပဲ ... နောက်ဆုံးတော့ မင်းက ကိုယ်တို့နှစ်ယောက်က လင်မယားဆိုတာ ဝန်ခံလိုက်ပြီပေါ့ ..."
“……” လင်းရှောင် မျက်မှောင်ကြုတ်ကာ ခွန်းတုံ့ပြန်ချင်သော်လည်း တစ်ဖက်လူ၏ မျက်နှာမှ ရွှတ်နောက်နောက်အမူအယာကြောင့် အခြေအနေက ပုံမှန်ကဲ့သို့ ဖြစ်သွားသည်ဟု ခံစားရသဖြင့် သူ ရေးကြီးခွင်ကျယ် မလုပ်နေတော့ပေ။ ဖူယွီကျွင်း၏ ဝမ်းနည်းသွားသော အမူအရာကို သူမမြင်လိုပေ။
ပျော်နိုင်တုန်း ပျော်ထားရတာ အကောင်းဆုံးပါပဲ ...
ထို့ကြောင့် လင်းရှောင်က နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ဘာမှပြန်မပြောတော့ပေ။
လင်းရှောင်၏ အမူအယာကိုကြည့်ရုံဖြင့် သူ၏အတွေးများကို ဖူယွီကျွင်း အလိုလိုသိသွားသည်။ လင်းရှောင်က သူ့အတွက် ပူပန်ပေးနေသောကြောင့် စိတ်လှုပ်ရှားသွားပြီး သူ့ကိုဘေးအန္တရာယ်အတွင်းမှ ကယ်တင်ခဲ့သူက ဤအမျိုးသားလေးဖြစ်နေသောကြောင့် ကျေးဇူးတင်နေမိသည်။
လက်နောက်ပစ်လျက် အတွေးထဲ နစ်မျောသွားမိသည်။
ဒီလိုအခြေအနေမှာတောင် သူ့အတွက် တွေးပေးနေတဲ့လူမျိုးကို သူ့ဆန္ဒမပါတဲ့ကိစ္စကို ဘယ်လို အတင်းအကျပ်လုပ်ခိုင်းရက်မှာလဲ ...
ဖူယွီကျွင်း၏စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ခိုင်မာစွာချလိုက်ပြီး လင်းရှောင်၏အနားမှဖြတ်သွားကာ ပြောလိုက်သည်။
" မင်း ကိုယ့်ကိ လက်မထပ်ချင်ဘူးဆိုရင် ... မင်းဘက်က ပွင့်ပွင့်လင်းလင်းနဲ့ သဘောတူလာမယ့်အချိန်ထိ စောင့်ပါ့မယ် ..."
သူပြောပြီးသည်နှင့် အဝေးကိုထွက်သွားသည်။ သူ၏ဆုံးဖြတ်ချက်ကို နောင်တရနေမိမည်ကို စိုးရိမ်သဖြင့် အမြန်ထွက်သွားပြီး လင်းရှောင်ကိုပင် လှည့်မကြည့်တော့ပေ။
ဖူယွီကျွင်းက သူ့ကိုလွယ်လွယ်ကူကူ လက်လွှတ်ပေးမည်ဟု မထင်ထားသဖြင့် လင်းရှောင် အံ့ဩကာ ဝမ်းမြောက်သွားမိသည်။
တစ်ဖက်သို့လှည့်ကာ ဖူယွီကျွင်း၏နောက်ကို ပြေးလိုက်လာသည်။ သူ အလွန်အမင်းပျော်ရွှင်နေပြီး ပြောလိုက်သည်။
" အဲ့ဒါ တကယ်ပြောတာလား အရှင့်သား ... ဒါဆို ကျွန်တော်မျိုးကို ဒါလေး ပြောခွင့်ပြုပါဦး ... အရှင့်သား ကျွန်တော်မျိုးကို စောင့်မနေသင့်ဘူး ... အရှင့်သားအတွက် အကောင်းဆုံးအရာက မိန်းကလေးတစ်ယောက်နဲ့ မြန်မြန်လက်ဆက်ပြီး ကလေးတစ်ယောက်မွေးတာပဲ ... အဲ့လိုနည်းနဲ့မှ ရှောင်တိုင်းပြည်တော်ဝင်မိသားစုက ပြန်ရှင်သန်လာမှာ ... ကျွန်တော်မျိုးဆိုရင် ..."
ဖူယွီကျွင်း၏ စိမ်းကားသောအကြည့်များကြောင့် လင်းရှောင် ပြောလက်စ စကားများကို ဆက်မပြောရဲတော့ပေ။
ဖူယွီကျွင်း၏ မျက်နှာက တဖြည်းဖြည်း မည်းနက်လာသဖြင့် လင်းရှောင်က ခြောက်ကပ်စွာရယ်လိုက်ပြီး နောက်သို့ နှစ်လှမ်းဆုတ်ကာ စိတ်ချရသော အကွာအဝေးတွင် နေလိုက်သည်။
ဖူယွီကျွင်းက ကြည့်နေပြီး အေးစက်စွာပြုံးပြလိုက်သည်။
" မင်း အရမ်းကြောက်နေရင်လည်း ဘာလို့ ဒါတွေကို ပြောနေသေးလဲ ..."
" ကျွန်တော်မျိုး အဲ့လိုပြောမှ အရှင့်သား စောင့်မနေရတော့မှာလေ ..."
လင်းရှောင် သတိထားပြီးပြန်ဖြေလိုက်သည်။
ဖူယွီကျွင်းက အေးစက်စွာရယ်ပြီး လင်းရှောင်ကို နှောင့်ယှက်လိုက်သည်။
" မင်း အဲ့လိုဆက်လုပ်နေမယ်ဆို ခုနတုန်းက ကိုယ့်ရဲ့စကားတွေကို မပြောခဲ့ဘူးလို့သဘောထားပြီး နန်းတော်ကို ချက်ချင်းသွားပြီ တော်ဝင်မင်္ဂလာပွဲ ကျင်းပလိုက်မယ် ..."
“……” လင်းရှောင် ပါးစပ်ပိတ်ထားပြီး ဘာစကားမှ မပြောရဲတော့ပေ။ ယခုအခါတွင် ရှောင်တိုင်းပြည်က တော်ဝင်မင်္ဂလာပွဲတစ်ခုကျင်းပရန် မဖြစ်နိုင်သေးသော်လည်း ဖူယွီကျွင်း၏ အမူအယာက လင်းရှောင်ကို အနည်းငယ် ကြောက်ရွံ့လာစေသည်။ ဖူယွီကျွင်း၏ စကားများ ပြန်ရုတ်သိမ်းလိုက်မည်ကို သူကြောက်လာသည်။
ဖူယွီကျွင်းကြည့်နေလျက် ရင်ထဲတွင် နာကျင်လာသည်။
သူနဲ့လက်ထပ်ဖို့ ဒီလောက်တောင် စိတ်မပါဘူးလား ...
ဖူယွီကျွင်း စိတ်ဓာတ်ကျသွားသဖြင့် တစ်ဖက်ကိုလှည့်ကာ လင်းရှောင်စီးလာခဲ့သော မြင်းလှည့်ဘက်ကို လျှောက်သွားပြီး ဤကိစ္စမှ အာရုံပြောင်းလိုက်သည်။
အချို့ပစ္စည်းများက မရှိတော့သော်လည်း ဝါးပိုက်အချို့က အတွင်းထဲတွင် ရှိနေဆဲဖြစ်သည့်အတွက် စစ်သားများက စောင့်ကြပ်နေကြသည်။
အနားကပ်သွားသည့်အခါ တစ်စုံတစ်ခုပါဝင်သည့် နောက်ထပ်အိတ်တစ်အိတ်ရှိသည်ကို ဖူယွီကျွင်းတစ်ယောက်သာ သတိထားမိလိုက်သည်။
ယမ်းမှုန်းနှင့်ဆိုင်သော ပစ္စည်းများဟုထင်ပြီး သူအာရုံမစိုက်လိုက်မိပေ။
အနားမှ ဝါးပိုက်တစ်ခုကို ကောက်ယူလိုက်ပြီး ထူးခြားချက်များကို သိရှိလိုသဖြင့် ဂရုတစိုက်ဖြင့် စစ်ဆေးကြည့်နေသည်။
ထိုအချိန်လင်းရှောင်ကလည်း သူ့အနားကရောက်လာသည်။ ဖူယွီကျွင်းက ဝါးပိုက်များကို စူးစမ်းနေသဖြင့် မနေနိုင်ပဲ ပြောလိုက်သည်။
" အရှင့်သား ဒီပစ္စည်းရဲ့ တီထွင်နိုင်စွမ်းကို မမြင်နိုင်ဘူးမလား ..."
လင်းရှောင်၏ ဝမ်းပန်းတသာပုံစံကြောင့် ဖူယွီကျွင်းမယုံမကြည်ဖြစ်ကာ မျက်ခုံးပင့်လိုက်သည်။
အတွင်းအားကိုသုံး၍ ဝါးပိုက်ကို နှစ်ခြမ်းခွဲလိုက်သည်။
“……” ထိုမြင်ကွင်းကြောင့် လင်းရှောင် ရှုံ့မဲ့သွားသည်။ ၎င်းက ရိုးရှင်း၍ ကြမ်းတမ်းသော နည်းလမ်းတစ်ခုပင်။
ဖူယွီကျွင်း ခေါင်းငုံ့၍ လက်ထဲမှ ဝါးပိုက်နှစ်ခြမ်းကို ကြည့်လိုက်သည်။ ထို့နောက် ပိုက်အတွင်းတွင် နောက်ထပ် အချောင်းတစ်ချောင်း ရှိနေသေးပြီး ၎င်းတို့နှစ်ခုကို ပေါင်းစပ်ထားသည်ကို မြင်လိုက်ရသည်။
အတွင်းမှ ဝါးချောင်းထဲတွင် အဖြူရောင်အမှုန့်ထည့်ထားသည့် အလွှာတစ်ခုရှိသည်။ ဖူယွီကျွင်း ထိုအမှုန့်များကို လက်မဖြင့် ဖိကြည့်ပြီး အနံ့ခံလိုက်သည်။ သူမျက်မှောင်ကြုတ်ပြီး လင်းရှောင်ကိုကြည့်လိုက်သည်။
" သတိမေ့ဆေးမှုန့်တွေလား ..."
လင်းရှောင် ခေါင်းမော့၍ နှာခေါင်းကို ညွှန်ပြကာ ဖူယွီကျွင်းကို "ဟမ့်" ဟု နှစ်ကြိမ်ခန့် အသံပြုလိုက်သည်။ ထိုအပြုအမူက ဖူယွီကျွင်း၏မေးခွန်းကို ဖြေဆိုခြင်းဟု သတ်မှတ်နိုင်သည်။
ဖူယွီကျွင်းက မျက်ခုံးပင့်လိုက်ပြီး အတွင်းမှ ဝါးချောင်းကိုပါ ခွဲထုတ်ချင်နေသည့်ပုံပင်။ လင်းရှောင် မြင်သည့်အခါ ထိတ်ထိတ်ပြာပြာဖြင့် တားမြစ်လိုက်သည်။
" မလုပ်နဲ့ မလုပ်နဲ့ မလုပ်နဲ့ ....ဒီဟာရဲ့ အတွင်းထဲက အမှုန့်က သတိမေ့ဆေးမှုန့်ထက်ပိုပြီး အန္တရာယ်များတယ် ... အရှင့်သားရဲ့ ခွန်အားကိုသုံးပြီး ဝါးချောင်းကိုမှားပြီး မီးရှို့မိသွားရင် ပေါက်ကွဲမှုရဲ့ အကျိုးဆက်က ပိုပြီးပြင်းထန်လာလိမ့်မယ် ..."
လင်းရှောင်က ဖူယွီကျွင်း၏လက်ထဲမှ ဝါးချောင်းကို ဂရုတစိုက်ယူပြီး ပြောလိုက်သည်။
" အရှင့်သား ဘာသိချင်တာလဲမေးပါ ကျွန်တော်မျိုးဖြေပါ့မယ် ..."
" ဒီဟာထဲမှာ ..."
ဖူယွီကျွင်းက မေးရန်ပြင်လိုက်သည်။
လင်းရှောင်က ဖြတ်ပြောလိုက်သည်။
" ရှောင်ဖုန်းကို ဒီဟာလုပ်နည်း ပေးထားပါတယ် ... သူ့ကိုသွားမေးကြည့်ပါ ..."
လင်းရှောင်၏စကားဆုံးသည်နှင့် ရှောင်ဖုန်းက စာရွက်တစ်ရွက်ယူလာပြီး ဖူယွီကျွင်းကို တလေးတစားဖြင့် ပေးလိုက်သည်။
" မင်းက ကိုယ့်လက်ထဲကို ဒီနည်းစနစ်ကို ဒီလောက် လွယ်လွယ်နဲ့ ထည့်ပေးတယ်ပေါ့ ..."
ဒီစာရွက်ကိုရတဲ့ ဘယ်တိုင်းပြည်မဆို လင်းရှောင်ကို နန်းတွင်းမှာ ရာထူးကြီးပေးမှာသေချာတယ် ... ဒါတောင်မှ သူ့ကို ဘာမှမတောင်းဆိုပဲ ဒီတိုင်းပေးလိုက်တယ်ပေါ့ ...
လင်းရှောင်က ဖူယွီကျွင်း၏အတွေးကို နားလည်သည်။ ယမ်းမှုန့်ကို ဤကမ္ဘာနှင့် ပထမဆုံးအကြိမ် စတင်မိတ်ဆက်ပေးခြင်းဖြစ်၍ ၎င်းက အလွန်အဖိုးတန်လှသည်။ အကယ်၍ အမှန်တိုင်းပြောရမည်ဆိုလျှင် ယမ်းမှုန့်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည့်အတွက် လင်းရှောင်ကိုယ်တိုင်ပင် ကံကောင်းသည်ဟု ခံစားမိသည်။
သူ့တွင် ပြုလုပ်နည်းအတွက် အသိပညာကို ပိုင်ဆိုင်ထားသော်လည်း ယခင်ဘဝက မရှိခဲ့သည့် ကံကောင်းမှုကြောင့်သာ ယခုအခါတွင် အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
အကယ်၍ ကံကောင်းလာပါက စိတ်ထဲတွင် သူစမ်းသပ်ကြည့်ချင်သည့် ခေတ်မီလက်နက်များစွာရှိသေးသည်။ ထိုအတွေးများကြောင့် လင်းရှောင်၏မျက်လုံးများ တောက်ပလာသည်။ ဤကဲ့သို့ ယမ်းမှုန့်ပါဝင်သည့် ဝါးပိုက်များဖြင့်ယှဉ်ပါက ပို၍အန္တရာယ်များပြီး ဖျက်ဆီးအားပြင်းသည့်လက်နက်များ သူ့စိတ်ထဲတွင် ရှိသေးသည်။
ထို့အပြင် ဤဝါးပိုက်များကို ဖူယွီကျွင်းထံ လက်လွှဲပေးရန် တွေးထားပြီးပြီဖြစ်သည်။ သူပြုလုပ်ထားသည့် လက်နက်များကို ဖွက်ထားရန် မဖြစ်နိုင်ကြောင်း ရှင်းလင်းစွာသိသောကြောင့် ဖူယွီကျွင်းမေးမည့်အချိန်ကို စောင့်နေခြင်းဖြစ်သည်။ ထို့နောက်မှ ၎င်းကိုပေးလိုက်ရန် စီစဉ်ထားပြီး ညီအစ်ကိုချင်း ချစ်ခင်ရင်းနှီးမှုကို ပြသရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ထို့အပြင် သူ၏အချိန်ကြာမြှင့်စွာလေ့လာဆန်းစစ်မှုများအရ ဖူယွီကျွင်းက တိုက်ခိုက်ရခြင်းကို ရူးသွပ်သူမဟုတ်ကြောင်း သိရှိခဲ့သည်။
ထပ်မံဖြည့်စွက်ပြောရလျှင် ယခုလက်ရှိ ရှောင်တိုင်းပြည်၏ လက်ရှိအခြေအနေက တခြားတိုင်းပြည်များ အချိန်မရွေးလာရောက်ကျူးကျော်နိုင်သည့် အနေအထားတွင်ရှိနေသည်။ ထိုအချိန်အတောအတွင်းကို အခွင့်ကောင်းယူကာ လက်နက်များထုတ်လုပ်ထားပါက အနည်းဆုံး မိမိပိုင်နက်ကို ကာကွယ်ရန် အကူအညီပေးနိုင်မည်ဖြစ်သည်။
ဒါက အကောင်းဆုံး ရွေးချယ်မှုပဲ ...
လင်းရှောင်က ထိုအတွေးများထဲ နစ်မြုပ်နေစဉ်မှာပင် ဖူယွီကျွင်းသည်လည်း လင်းရှောင်က သူ၏ ပျက်စီးနေသောရှောင်တိုင်းပြည်အတွက်တွေးတောပေးနေသည်ကို ခံစားမိသောကြောင့် စိတ်ထဲတွင် ကြည်နူးနေမိပြန်သည်။ လင်းရှောင်အပေါ် သူ့အချစ်များက တိုးပွားလာပြန်သည်။
" ကိုယ် မင်းကို စိတ်မပျက်စေရပါဘူး ..."
ဖူယွီကျွင်းက သူ့ကိုယ်သူ အခိုင်အမာပြောဆိုလိုက် သည့်ပုံပင်။
လင်းရှောင်က သူပြောလိုက်သည်ကို ရှင်းလင်းစွာ မကြားလိုက်ရသဖြင့် အနားကပ်လာပြီး သင်္ကာမကင်းဖြင့် မေးလိုက်သည်။
" အရှင့်သား ဘာပြောလိုက်တာလဲ ... ကျွန်တော်မျိုး မကြားရဘူး ..."
လင်းရှောင် သူ့နားရောက်လာသည့်အခါမှ ဖူယွီကျွင်း စိတ်နှင့်လူနှင့်ကပ်သွားပြီး မျက်နှာလည်း ပူနွေးလာသည်။ ထို့ကြောင့် စကားလမ်းကြောင်းလွှဲလိုက်သည်။
" အစ်ကိုတော်ရဲ့ အပြုအမူတွေကိုကြည့်ပြီး တစ်ယောက်ယောက်က သူ့ကိုထိန်းချုပ်နေတယ်လို့ မတွေးပဲ မနေနိုင်ဘူး ..."
လင်းရှောင်၏စိတ်ထဲတွင် မူဧကရာဇ်၏ မျက်နှာကိုမြင်ယောင်လိုက်မိသည်။ သူ ခေါင်းကုတ်ပြီး မြင်းလှည်းကို မှီလိုက်သည်။
" အရှင့်သား ထင်နေတဲ့လူက ကျွန်တော်ထင်နေတဲ့လူ ဖြစ်လောက်တယ် ..."
" မင်းရောပဲလား ..."
ဖူယွီကျွင်းက လင်းရှောင်ကို အံ့ဩတကြီးဖြင့် ကြည့်နေသည်။
လင်းရှောင်က တစ်စုံတစ်ခုကို အမှတ်ရသွားပြီး မြင်းလှည်းပေါ်တက်လိုက်သည်။
" ကျွန်တော်မျိုးတို့ မေးလို့ရတဲ့လူတစ်ယောက် ဒီမှာရှိတယ် ..."