အပိုင်း ၆၅
Viewers 12k

လင်းရှောင်က မြင်းလှည်းပေါ်မှ အထုပ်ကြီးကို မလာပြီး ဖူယွီကျွင်းရှေ့တွင် ဖွင့်ပြလိုက်သည်။ ထိုနေရာတွင် ဝါးပိုက်များမရှိပဲ သက်ရှိထင်ရှားရှိနေသေးသည့် နူးညံ့လှပသော မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။
သူမ၏ပုံပန်းသွင်ပြင်က အသက်ရှုမှားလောက်အောင်လှပသော်လည်း သူမကို အဝတ်ထူထူဖြင့်ပတ်ထားပြီး ခြေလက်များကို ကြိုးချည်ထားသည်။ သူမကို ဖူယွီကျွင်းသိသည်။
ဒါ သူ့ဆီက ထွက်ပြေးသွားတဲ့ ဟုန်ယဲ့ပဲ ...
ဟုန်ယဲ့က ရုတ်တရက်မြင်လိုက်ရသည့်အလင်းရောင်ကြောင့် မျက်လုံးများမှေးစင်းထားမိပြီး ထို့နောက် ရှေ့တွင်ရပ်နေသည့် ဖူယွီကျွင်းနှင့် လင်းရှောင်ကို မြင်လိုက်ရသည်။
ဟုန်ယဲ့ မျက်လုံးများ ပြုတ်ကျမတတ်ဖြစ်သည်အထိ လန့်သွားသည်။
ဒီနှစ်ယောက်က ဆုံတောင်ဆုံသွားပြီလား ...
လင်းရှောင်က သခင့်ရဲ့အကြံကို အောင်အောင်မြင်မြင် ဖျက်ဆီးပစ်လိုက်တာလား ...
သခင့်ကိုရော ဘယ်လိုလုပ်မလဲ ...
သူမမျှော်လင့်ထားသည့်လူကို တွေ့လိုတွေ့ငြားဖြင့် ဟုန်ယဲ့က ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေသည်။ ထိုလူ့ကို မတွေ့သည့်အခါ သူမ ပြောစရာစကားများပျောက်ရှသွားသည်။
သခင့်ရဲ့ အစီအစဉ်တွေ ကျရှုံးကုန်တာများလား ...
မဖြစ်နိုင်ဘူး ... သူမ သခင် ကျရှုံးဖို့က လုံးဝမဖြစ်နိုင်ဘူး ...
သူမသခင်ကျရှုံးမယ်ဆိုတာ စိတ်ထဲ တွေးကြည့်လို့ကို မရတာ ...
ဟုန်ယဲ့ နှတ်ခမ်းများကို တင်းတင်းစေ့ထားသည်။ ထိုအချိန် လင်းရှောင်က သူမနားတွင်ဆို့ထားသည်များကို ဖယ်ပေးလိုက်သဖြင့် ပတ်ဝန်းကျင်မှအသံများကု ကြားနိုင်သွားသည်။ ဤနေရာတစ်ဝိုက်က အလွန်ဆူညံနေပြီး အသံအများစုက စစ်သားများ၏ မချတင်ကဲ နာကျင်မှုကြောင့် ငိုကြွေးသံများဖြစ်သည်။
စစ်ပွဲက ပြီးသွားပြီပဲ ...
ဒါပေမဲ့ သူမသခင်ကိုလည်း ဘယ်မှာမှ ရှာမတွေ့ဘူး ...
ဘာတွေဖြစ်ကုန်တာလဲ ...
အန်းယာ သူမကို ပြောထားသည်နှင့် ယခုအခြေအနေက လုံးဝကွဲပြားနေသည်။ သခင်က ဖူရှန့်ကျွင်းကို ပုန်ကန်ရန် သွေးထိုးလှုံ့ဆော်ခဲ့သဖြင့် ဖူယွီကျွင်းကို သူကိုယ်တိုင်သတ်လိမ့်မည်ဟု ပြောခဲ့သည်။ ထို့အပြင် ဖူရှန့်ကျွင်းက မူတိုင်းပြည်ကို အညံ့ခံခဲ့၍ ရှောင်တိုင်းပြည်သည်လည်း သူတို့လက်အောက်ခံဖြစ်သွားလိမ့်မည်။
ဒါပေမဲ့ အခု အနိုင်ရသွားတာ ဖူယွီကျွင်းဖြစ်နေတယ် ...
ဒါဆို သခင့်ရဲ့ အကြံအစည်တွေက ...
" မင်းကိုကြည့်ရတာ မှင်သက် မိန်းမောနေသလိုပဲ ... မင်းထင်ထားတာနဲ့ ကွဲပြားနေလို့လား ..."
ဖူယွီကျွင်းက လက်ဦးမှုရယူ၍ ဦးစွာစကားပြောလိုက်ပြီး သူ၏အကြည့်များထဲတွင် ထေ့ငေါ့မှုများဖြင့်ပြည့်နေသည်။
သူမမျက်နှာက သုန်မှုန်လျက် အတွေးများကို သိုဝှက်ထားကာ ပြန်မဖြေပေ။ သူမ လွယ်ကူစွာထွက်ပြေးနိုင်သော်လည်း ဤနေရာတွင်နေပြီး သတင်းအချက်အလက်များ ရရှိအောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
ဟုန်ယဲ့၏ သဘောထားကြောင့် ဖူယွီကျွင်းက အေးစက်စွာသရော်လိုက်သည်။
" မင်းရဲ့ တည်ငြိမ်နေတဲ့ မျက်နှာဖုံးကိုခွာချဖို့ ငါ့မှာ နည်းလမ်းတွေ မရေမတွက်နိုင်အောင်ရှိတယ် ... မင်း ငါ့ကို အားလုံးပြောပြလိုက် မဟုတ်ရင်တော့ ..."
" သတင်းပို့ပါတယ် ..."
ဖူယွီကျွင်း၏ညှိနှိုင်းနေမှုကို ထိတ်ထိတ်ပြာပြာ အသံတစ်ခုက ကြားဝင်နှောင့်ယှက်လိုက်သည်။
အသံကျယ်ကျယ်ဖြင့် အော်လိုက်သူကို လူသုံးယောက်က တစ်ချိန်တည်းလှည့်ကြည့်လိုက်သည့်အခါ ခြေလျင်စစ်သားတစ်ယောက် ဖြစ်သည်ကို မြင်လိုက်ရသည်။ ထိုစစ်သား၏မျက်နှာက သေလုမျောပါး ဖြူဖျော့နေပြီး ချွေးစေးများပြန်နေသည်။ သူက တစ်စုံတစ်ခုကို အကြီးအကျယ် ကြောက်လန့်နေပုံရပြီး ခြေထောက်များလည်း ပျော့ခွေနေသည့်ပုံပေါ်ကာ ဖူယွီကျွင်းကို မြင်မြင်ချင်း ဒူးထောက်လိုက်သည်။
သူက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
" အရှင့်သား မူတိုင်းပြည်ရဲ့စစ်တပ်ကြီးက မြို့တော်တံခါးဝနားကို ရောက်နေပါပြီ ..."
" ဘာ ..."
ဖူယွီကျွင်း မျက်လုံးများပြူးကျယ်ကာ နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့်ပင် ဆုတ်သွားသည်။
ပုန်ကန်ဖို့ စီစဉ်နေချိန်က ဖူရှန့်ကျွင်းက နယ်နိမိတ်ကိုစောင့်ကြပ်နေသည့် စစ်သားများကိုပါ တိတ်တဆိတ် ခေါ်ဆောင်လာသဖြင့် မြို့တော်၏ပတ်ဝန်းကျင်မှ ဂိတ်တံခါးများက တိုက်ခိုက်ရာတွင် အကာအကွယ်မဲ့ကုန်ကြသည်။ ၎င်းက မူတိုင်းပြည်ကို တံခါးပေါက်မှဝင်လာရန် ဖိတ်ခေါ်သကဲ့သည်နှင့် အလားသဏ္ဍာန်တူနေသည်။
ယခုအခိုက်အတန့်တွင် မူတိုင်းပြည်စစ်တပ်ကြီးက ၎င်းတို့၏နယ်စပ်တွင် ဖိအားများပေးနေသည့်အတွက် ရှောင်တိုင်းပြည်ကို အဆုံးစွန်ထိ တွန်းပို့နေသည်။
ဒီလို ပြီးပြည့်စုံလွန်းတဲ့အချိန်မှာ သူ့အစ်ကိုတော်ကို သွေးထိုးလှုံ့ဆော်ခဲ့တာ ရက်စက်ယုတ်မာတဲ့ မူဧကရာဇ်ကလွဲရင် တခြားလူမဖြစ်နိုင်ဘူး ...
ဖူယွီကျွင်း သဘောပေါက်သွားသည့်အခါ ရူးနှမ်းစွာရယ်လိုက်သည်။ နာကျင်မှုကြောင့် မျက်လုံးများမှိတ်ကာ တုန်ယင်စွာမေးလိုက်သည်။
" စစ်သည်အင်အား ဘယ်လောက်ရှိလဲ ခန့်မှန်းနိုင်လား ..."
ခြေလျင်စစ်သားက အံကြိတ်၍ဖြေလိုက်သည်။
" အ ... အိမ်ရှေ့စံမင်းသားထက် မနည်းပါဘူး အရှင့်သား ..."
ထို စကားကိုကြားသည့်အခါ ဖူယွီကျွင်း အံ့ဩသွားပြီး နောက်ထပ်မေးလိုက်သည်။
" ငါတို့ဘက္ကေရာ ..."
" ဒဏ်ရာရသူတွေက ငါးဆယ်ရာခိုင်နှုန်းလောက်ရှိပါတယ် ... လက်နက်ချတဲ့စစ်သားတွေပါပေါင်းလိုက်ရင်တောင် ကျွန်တော်မျိုးတို့ စစ်အင်အားက ရန်သူရဲ့ တစ်ဝက်တောင် မရှိပါဘူး ..."
" ကျိုင်းကောင်က ပုစဉ်းကိုလိုက်ဖမ်းနေတော့ နောက်ကငှက်ကို သတိမထားမိလိုက်တာပဲ ဟမ် ..."
ဖူယွီကျွင်း ခါးသီးစွာပြုံးလိုက်သည်။
မူတိုင်းပြည်ဧကရာဇ်က သေချာတွက်ချက်ပြီး စစ်တုရင်ရုပ်တွေကို နေရာတကျ စီထားတာပဲ ... သူ့နောက်ထပ်အကွက်ရွှေ့မှာက ရှောင်တိုင်းပြည်တစ်ခုလုံးကို အမြစ်ဖြုတ်ပစ်ဖို့ ဖြစ်နိုင်တယ် ...
လက်သီးကိုတင်းတင်းဆုပ်ပြီး မြင်းလှည်းကို ထိုးလိုက်ကာ သူ၏အမုန်းတရားများကို ပောက်ခွဲလိုက်သည်။
ဟုန်ယဲ့ ကြားသည့်အခါ သူမနှုတ်ခမ်းများကွေးညွတ်သွားသည်။
သခင်က ကျရှုံးဖို့ဆိုတာ သေချာပေါက် မဖြစ်နိုင်ဘူးလေ ...
သူမသခင်က ဤတစ်ကြိမ်တွင် နောက်ထပ်အစီအစဉ်တစ်ခုသာ ရေးဆွဲလိုက်ရပုံပေါ်သည်။
မူလအစီအစဉ်ကို လင်းရှောင်လက်နဲ့ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်တာပဲလေ ...
သူမသခင်က လင်းရှောင်က်ို မျက်နှာ‌သာပေးနေရသည့် အကြောင်းအရင်းမှာထိုလူက အရည်အချင်းကောင်းများပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်လိမ့်မည်။
ဟုန်ယဲ့ မျက်လုံးမှိတ်ထားလိုက်သည်။ လင်းရှောင်က သူမထင်သကဲ့သို့ မရိုးရှင်းပေ။
သူ့ရဲ့စွမ်းရည်နဲ့ အရည်အချင်းတွေက်ု ဒီကမ္ဘာပေါ်က ဘယ်အရာကမှ လိုက်မမှီနိုင်ဘူး ...
သူမတောင်မှ သူ့အဆင့်လောက်ကို မရောက်နိုင်ဘူး ...
လင်းရှောင် လက်ရှိအခြေအနေများကိုတွေးလျက် မျက်မှောင်ကြုတ်နေမိသည်။ ရှောင်တိုင်းပြည်က သူတို့၏ကံကြမ္မာကို တွန်းလှန်ရန် မဖြစ်နိုင်တော့သည့်ပုံပင်။
မူတိုင်းပြည် တပ်မကြီးများက ရှောင်တိုင်းပြည်ထက် အင်အားကြီးသည့်အပြင် ဧကရာဇ်ကိုယ်တိုင်က စစ်ပွဲကို ဦးဆောင်လာသဖြင့် သူတို့၏စိတ်ဓာတ်များက အမြင့်ဆုံးအခြေအနေတွင် ရောက်နေလိမ့်မည်။ ထို့အပြင် ရှောင်းတိုင်းပြည်တွင် ဒဏ်ရာရစစ်သည်များ အလွန်များပြားနေသည်။
သူသက်ပြင်းချလိုက်ပြီး ဖူယွီကျွင်းကို စိုးရိမ်တကြီးကြည့်နေသည်။
မူဧကရာဇ်က တကယ်ကို ရန်မစသင့်ဆုံးလူပဲ ...
ဖူယွီကျွင်းက နန်းတော်ကို တံခါးမရှိ ဓားမရှိဝင်ထွက်တယ် ... ပြီးတော့ အရှင်မင်းကြီးက ကွပ်မျက်ခိုင်းထားတဲ့ မိုရွှီကို ခေါ်ထုတ်သွားတယ် ပြီးတော့ သူ့ကိုပါ နန်းတော်က ထွက်ပြေးတဲ့နေရာမှာ ကူညီပေးသေးတယ် ... သူက မင်းကြီးရဲ့သည်းခံနိုင်စိတ်ကို အကြိမ်အတော်များများစမ်းသပ်ခဲ့တာပဲ ... မင်းကြီးက ခွင့်လွှတ်နိုင်ပါတော့မလား ...
ကံကောင်းပြီး မင်းကြီးလက်လှမ်းမမှီတဲ့ ရှောင်တိုင်းပြည်မှာ ဖူယွီကျွင်းနဲ့ ပုန်းအောင်းနေနိုင်မယ်လို့ ထင်ခဲ့မိတာ သူ ဘယ်လိုတောင် တုံးတာလဲ ... ဧကရာဇ်က သူ့မှာရှိသမျှအမုန်းတရားတွေကို ရိတ်သိမ်းပစ်တော့မယ် ...
သူ တကယ်ကို တုံးအခဲ့မိတာပဲ ...
ဖူယွီကျွင်းက သူ၏ဒေါသများကိုဖြေဖျောက်ရန် အချိန်အနည်းငယ်သာ လိုသည်။ ချက်ချင်း စိတ်အားထက်သန်မှုများ ပြန်ရရှိလာပြီး တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
" ရှိသမျှ လူအားလုံးကိုခေါ်ပြီး ငါနဲ့တူတူ နန်းတော်ကို လိုက်ခဲ့ကြ ... နန်းတော်မှာ အကာအကွယ်ယူပြီး သူတို့ကို တိုက်ခိုက်ကြမယ် ..."
" မှန်လှပါ ..."
ဖူယွီကျွင်း၏ ဆုံးဖြတ်ချက်ခိုင်မာမှုရဲ့ လွှမ်းမိုးခံလိုက်ရသည့်အတွက် ခြေလျင်စစ်သားလေးက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။
" မင်းသား ... မဖြစ်နိုင်တာကိုလုပ်ဖို့ ကြိုးပမ်းနေတာလား ..."
ရုတ်တရက် အေးစက်သောအသံတစ်ခု အနောက်ဘက်မှထွက်လာသည်။
အားလုံး တစ်ဖက်ကိုလှည့်ကြည့်ပြီး အံ့အားသင့်သွားကြသည်။ မည်သည့်နေရာမှ ရောက်လာမှန်း မသိသော ဝေါယာဉ်တစ်ခုက နန်းတော်အပေါက်ဝတွင် ရုတ်တရက် ပေါ်လာသည်။
ဝေါယာဉ်၏အထက်တွင် နေပူဒဏ်ကာကွယ်ထားသည့် ထီးတစ်ချောင်းပါရှိပြီး အလင်းဖောက်နိုင်သော လိုက်ကာစများ တွဲလောင်းကျနေသဖြင့် အတွင်းမှမြင်ကွင်းကို ဖုံးကွယ်ထားသည်။
ဝိုးတဝါးဖြစ်နေသော်လည်း အတွင်းမှလူက အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည်ကို မြင်နိုင်ကြသည်။
ဝေါယာဉ်ကို သန်မာသည့် မိန်းမသားလေးယောက်က ထမ်းထားခြင်းဖြစ်သည်။ သူတို့၏ ပုံပန်းသွင်ပြင်များကို အဝတ်စဖြင့် ဖုံးအုပ်ထားသော်လည်း သူတို့၏ ခန္ဓာကိုယ်အချိုးအစားများက ဟုန်ယဲ့နီးပါး ဆွဲဆောင်မှုရှိသည်။
သူတို့၏ ဝတ်စားဆင်ယင်ပုံကလည်း ဟုန်ယဲ့နှင့် ဆင်တူနီးပါးပင်။ ဝေါယာဉ်၏ရှေ့တွင် ဓားကိုင်ဆောင်ထားသည့် လေးနက်တည်ကြည်သော မျက်နှာထားဖြင့် လူတစ်ယောက်ရှိပြီး သူက ဝေါယာဉ်နှင့် အရှိန်ညှိကာ ဖြေးညှင်းစွာလျှောက်နေသည်။
လန့်သွားသည့် စစ်သားများက လက်နက်များကိုင်မြှောက်ထားကြကာ ဝေါယာဉ်၏လှုပ်ရှားမှုတိုင်းကို မမှိတ်မသုန် ကြည့်နေကြသည်။ ဖူယွီကျွင်း၏ အာရုံကလည်း ထိုဝေါယာဉ်ပေါ်ရောက်နေကာ လက်သီးတင်းတင်းဆုပ်ထားပြီး မျက်နှာတည်ထားမိသည်။
" မူတိုင်းပြည်ဧကရာဇ် မူချုံးရွှမ်ပဲ ..."
" ဒါဆို မင်းသား မှတ်မိတယ်ပေါ့ ..."
ဝေါယာဉ်က ဖူယွီကျွင်းနှင့် မလှမ်းမကမ်းတွင် ရပ်လိုက်သည်။
" ကျွန်တော် သေခါနီးဖြစ်ပြီး အိပ်ရာပေါ်လှဲနေရင်တောင် မမေ့နိုင်ဘူးလို့ထင်တယ် ..."
ဖူယွီကျွင်းက ခါးသီးစွာပြောလိုက်သည်။
ဖူယွီကျွင်းကို စကားဆက်မပြောတော့ပဲ ဧကရာဇ်၏ အကြည့်များက လင်းရှောင်ဘက်သို့ ရောက်လာသည်။ လင်းရှောင်က ဧကရာဇ်၏အကြည့်များကို ခံစားမိသဖြင့် တုန်ယင်ပြီး နောက်သို့ အနည်းငယ်ဆုတ်သွားသည်။
ဧကရာဇ်က မြင်သည့်အခါ မျက်လုံးပင့်လိုက်ပြီး မနူးညံ့သော်လည်း မချိုသာသည့်အသံဖြင့်ပြောလိုက်သည်။
" ကစားလို့ မဝသေးဘူးလား ဒီကိုလာ လင်းရှောင်..."
ဧကရာဇ်၏ အသံက မုန်းစရာကောင်းလောက်အောင်ပင် ချောမွေ့နေပြီး စိတ်တိုနေပုံလည်းမပေါ်သည့်အပြင် သူ့ကိုဖိအားပေးနေခြင်းလည်းမဟုတ်ပေ။ လင်းရှောင် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပြီး အံကြိတ်ထားမိသည်။ ကြောက်လန့်မှုကြောင့် ခေါင်းခါလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်။
ထိုအရာကိုမြင်သည့်အခါ ဖူယွီကျွင်းက လင်းရှောင်ကိုသူ့နောက်ကိုဆွဲခေါ်ပြီး ကာကွယ်ထားသည်။
ဧကရာဇ်က မကျေမနပ်ဖြစ်မှုကြောင့် မျက်လုံးများ မှေးကျဉ်းသွားပြီး ဖူယွီကျွင်းကို စူးစူးရဲရဲ ကြည့်နေသည်။
" ကိုယ်တော်တို့ အရင်ကပြောခဲ့တာကို မင်းသားမေ့သွားတာလား ..."
ယခင်က သူရရှိခဲ့သည့် စာတိုတစ်ခုကို အမှတ်ရသွားသဖြင့် ဖူယွီကျွင်း မျက်မှောင်ကြုတ်ပြီး လင်းရှောင်ကို နောက်တွင် ဖွက်ထားလိုက်သည်။
ဧကရာဇ်က ထိုမြင်ကွင်းကြောင့် အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။
" ကြည့်ရတာ မင်းသားက တကယ်မေ့သွားပုံပဲ ..."
" ကျွန်တော်မေ့သွားတော့ရော ဘာဖြစ်လဲ ... ဧကရာဇ်က ဒီနေရာကို တစ်ယောက်တည်းလာတာ စိတ်ကြီး မဝင်လွန်းဘူးလား ... ကျွန်တော်က ဒီနန်းတော်ရဲ့ အရှင်သခင် ဖြစ်နေတုန်းပဲနော် ..."
မူဧကရာဇ်ခေါ်လာသည်က လူငါးယောက်သာဖြစ်ပြီး ကျန်သည့်စစ်သားများက သူ့လူများပင်ဖြစ်သည်။ ထို့အပြင် ငါးယောက်ထဲမှ‌ လေးယောက်က ဝေါယာဉ်ကိုသယ်လာသည့်မိန်းကလေးများဖြစ်ပြီး ရှေ့တွင် ရပ်နေသည့် သက်တော်စောင့်တစ်ယောက်သာ ဓားကိုင်ဆောင်ထားသည်။
သူက အရမ်းကို ယုံကြည်ချက်ရှိနေတာလား ... ဒါမှမဟုတ် ဝတ်ရုံလက်ထဲမှာ လှည့်စားစရာ နောက်တစ်ခု ရှိနေတာများလား ...
ဖူယွီကျွင်း မျက်မှောင်ကြုတ်ပြီး ချင့်ချိန်စဉ်းစားနေသည်။ ထို့နောက် ဧကရာဇ်၏ သက်ပြင်းချလိုက်သံကို ကြားလိုက်ရသည်။ သက်ပြင်းရှည်ကြီးက နူးညံ့သော်လည်း ထိုနေရာတွင် ရှိနေသူတိုင်း ရှင်းလင်းစွာ ကြားလိုက်ရသည်။
မမျှော်လင့်ထားသည့် အတွင်းအားများနှင့် ဧကရာဇ်၏ သက်ပြင်းချသံကြောင့် ဖူယွီကျွင်း၏မျက်နှာတွင် ချွေးပြန်လာသည်။
ဧကရာဇ်က မတုန်မလှုပ်ဖြင့် ပြောလိုက်သည်။
" ကိုယ်တော့်က်ို နိုင်မယ်ထင်ရင် လုပ်လေ ..."
ဘယ်လိုတောင် စိတ်အားထက်သန်နေတဲ့ လေသံလဲ ...
ဖူယွီကျွင်း အံကြိတ်ထားသည်။
သူ့ကို မူဧကရာဇ်က ဘာမဟုတ်တဲ့ကောင်လိုမျိုး အထင်သေးလိုက်တာလား ...
ဖူယွီကျွင်း မျက်ခုံးပင့်ပြီး ဘေးမှ ရှောင်ဖုန်းကို အချက်ပြလိုက်သည်။ ရှောင်ဖုန်းက သဘောပေါက်သွားပြီး ပတ်ပတ်လည်မှ စစ်သားများအား ဧကရာဇ်ကို တိုက်ခိုက်ခိုင်းလိုက်သည်။
စစ်သားများက တစ်ချိန်တည်းမှာပင် ပြိုင်တူ ချီတက်လာကြသည်။
အန်းယာက ထိုမြင်ကွင်းကို အေးစက်စွာ သရော်လိုက်သည်။ သူ့နောက်မှဓားကို ဆွဲထုတ်လိုက်ချိန်တွင် ပတ်ပတ်လည်မှ စစ်သားများ မျက်စိတစ်မှိတ်အတွင်း လဲကျကုန်သည်။
ထိုအချိန် ရှောင်တိုင်းပြည်၏ ခုံရုံးရှိရာ အဆောက်အဦးထိပ်တွင် စစ်သားအရေအတွက် မြောက်များစွာ ထွက်ပေါ်လာပြီး လေးများဖြင့် ဖူယွီကျွင်းကို ချိန်ရွယ်ထားကြသည်။
" ဒါ ..."
ရှောင်ဖုန်း အံ့အားသင့်သွားသည်။
မူဧကရာဇ်တွင် တခြားအကြံတစ်ခုရှိကြောင်းသိလိုက်ရသည့်အခါ ဖူယွီကျွင်း၏မျက်နှာက သုန်မှုန်သွားသည်။
သူတို့ထဲတွင် သစ္စာဖောက်ရှိနေမည်ကို စိုးရိမ်သွားမိသည်။
မူဧကရာဇ်က ရှောင်တိုင်းပြည်ကို ကျားတစ်ကောင်က သားကောင်ကို နေ့တိုင်းစောင့်ကြည့်နေသကဲ့သို့ စောင့်ကြည့်နေသည်မှာ အချိန်ကြာမြှင့်ခဲ့ပြီဖြစ်သည်။
ဖူယွီကျွင်းက လင်းရှောင်၏လက်ကို တိတ်တဆိတ်ကိုင်ထားမိသည်။ ထို့ကြောင့် လင်းရှောင်၏စိတ်ထဲ မလုံမလဲဖြစ်သွားကာ ရုန်းကန်၍ ဖူယွီကျွင်း၏လက်ကို ဖယ်လိုက်သည်။
“……” ဖူယွီကျွင်း လင်းရှောင်ကို လှည့်ကြည့်လိုက်သည့်အခါ သူ၏ မနှစ်သက်မှုများကို မြင်တွေ့လိုက်ရသည်။ သို့သော်လည်း လင်းရှောင်၏ အကြည့်များက မူဧကရာဇ် ထံတွင်သာ ရှိနေသည်။
ဤစိတ်ရှုပ်ထွေးမှုများကြောင့် ဖူယွီကျွင်းနောက်ဆုံးတွင် တစ်စုံတစ်ခုကို သဘောပေါက်သွား‌သည်။ ဝမ်းနည်းနေသည့်အပြုံးတစ်ခုဖြင့် လင်းရှောင် နားကိုကပ်သွားသည်။
" ကြည့်ရတာ ဒီတစ်ခေါက်တော့ ကိုယ်ဘာမှ မတတ်နိုင်တော့ဘူးထင်တယ် ... အခြေအနေတွေကို အကောင်းဘက်ရောက်အောင် မင်းကိုယ်တိုင်လုပ်ဖို့ အခွင့်အရေးရှိသေးတယ် ... မင်းက အမြဲတမ်း ဉာဏ်ကောင်းခဲ့တာပဲ ... မင်းရဲ့အမှားတွေကို မူဧကရာဇ်ဆီမှာ သွားပြီးဝန်ခံလိုက်တော့ ..."