အပိုင်း ၂၆၉
Viewers 62k

အခန်း 269 နဂါးအသည်း ရေခဲချောင်း


ပုဖန်ပြင်ဆင်မည့် ဟင်းပွဲအသစ်ကို အသစ်စက်စက် ဟင်းပွဲဟူ၍ ပြောမရပေ။ အဘယ်ကြောင့်ဆိုသော် ထိုဟင်းပွဲက သူ၏ မှတ်ဥာဏ်ထဲတွင် အမြဲလိုလို ရှိနေခဲ့ပြီး ချက်ပြုတ်ရန်အတွက် လိုအပ်သော ရှာလကာရည် မရှိသောကြောင့် မချက်ရခြင်းသာ ဖြစ်သည်။ ထိုဟင်းပွဲက ရှာလကာရည်ပေါ်တွင်သာ မူတည်နေပြီး ကောင်းမွန်သည့် ရှာလကာရည်ကိုသာ သုံးလိုက်သည်နှင့် ထိုဟင်းပွဲက ပို၍ ကောင်းမွန်လာမည်ဖြစ်သည်။ 


ပုဖန်က ရှစ်မျိုး စိတ်ဝိဥာဉ်သစ်သီး ရှာလကာရည်ကို ဂရုတစိုက် ယူဆောင်လာပြီး မီးဖိုချောင်ထဲသို့ ၀င်သွားလေသည်။ အငွေ့တလူလူ ထွက်နေသော မီးဖိုခုံအသေးနှစ်ခုအနီးမှ ပုဖန်၏ မီးဖိုခုံက သန့်ရှင်းသပ်ရပ်နေလေသည်။


ပုဖန်က ရှာလကာရည်ကို မီးဖိုခုံပေါ်တင်ထားလိုက်ပြီး လက်ကို နွေဦးစမ်းရည်နှင့် ဆေးကြောလိုက်သည်။ ထို့နောက် သန့်စင်ခြောက်သွေ့သွားအောင် သုတ်လိုက်ပြီး မီးဖိုရှိရာသို့ လျောက်သွားလိုက်သည်။


ထို့နောက် ရေခဲသေတ္တာကို ဖွင့်လိုက်ရာ အေးမြသော လေများ ထွက်လာလေသည်။ ထိုလေများထဲတွင် စိတ်ဝိဥာဉ်စွမ်းအင်များလည်း ပါ၀င်နေလေသည်။ 


“စနစ်… နဂါးအသည်းချောင်း လုပ်တဲ့နေရာမှာ သုံးတဲ့ ပစ္စည်းက တကယ့် နဂါးအသည်းကနေ ရတာလား…” ပုဖန်က စနစ်ကို မေးလိုက်သည်။


ပုဖန်က နဂါးအသည်ချောင်း ဟင်းပွဲကို စနစ်မှ ဆုအဖြစ် ရရှိခဲ့စဉ်ကပင် ချက်ပြုတ်လိုခဲ့သည်။ သို့သော်လည်း စနစ်မှ နဂါးအသည်းတစ်ခုကိုသာ ထောက်ပံ့ပေးထားသောကြောင့် ပုဖန်က ယခုထက်တိုင် မချက်ပြုတ်နိုင်ခြင်း ဖြစ်သည်။ ထိုဟင်းပွဲတွင် အရေးကြီးသော ပါ၀င်ပစ္စည်းဖြစ်သည့် ရှာလကာရည်ကို သူကိုယ်တိုင် ပြုလုပ်ရန် သို့မဟုတ် ရှာဖွေရန် လိုအပ်နေလေသည်။ ကောင်းမွန်သော ရှာလကာရည်တစ်ခု ရရှိရန်အတွက် နှစ်ပေါင်းများစွာ လိုအပ်လေသည်။


ပုဖန်က ထိုသက်တမ်းရင့် ရှာလကာရည် ထုတ်လုပ်ရင်းနှင့် အချိန်မဖြုန်းလိုခဲ့ပေ။ ၀၀ဖိုင့်ဖိုင့် အဖိုးအို၏ ရှစ်မျိုးစိတ်ဝိဥာဉ်သစ်သီးရှာလကာရည်ကို ပြုလုပ်ရန်ပင် ဆယ်စုနှစ်တစ်ခုမျှ လိုအပ်လေသည်။ ထိုလုပ်ငန်းစဉ်အတွင်းတွင်လည်း ရှာလကာရည် စည်ပိုင်းများကို သီးသန့်ခွဲထားရလေသည်။ ထို့အပြင် နှစ်စဉ်နှစ်တိုင်းလည်း စည်ပိုင်းတစ်ခုစီမှ ရှာလကာရည်များကို လဲလှယ်ပေးရန် လိုအပ်လေသည်။ ထိုဖြစ်စဉ်များတွင် အမှားမရှိစေရန်လည်း အလွန်ဂရုစိုက်ရလေသည်။


ထုတ်လုပ်ရန် အလွန်တရာ ခက်ခဲသောကြောင့်ပင် ရှစ်မျိုးစိတ်ဝိဥာဉ်သစ်သီး ရှာလကာရည်က ပို၍ တန်ဖိုးကြီးနေရခြင်း ဖြစ်သည်။ ပုဖန်က စိတ်ကျေနပ်စွာနှင့် ရှစ်မျိုးစိတ်ဝိဥာဉ်သစ်သီး ရှာလကာရည်နှင့် ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။ 


“စနစ်က ထောက်ပံ့ပေးထားတဲ့ အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲအသည်းက အေးခဲပိုင်နက် နဂါးဆီကနေ ရရှိတယ်… အဲဒီအသည်းထဲမှာပါတဲ့ နဂါးစွမ်းအင်တွေနဲ့ စိတ်ဝိဥာဉ်စွမ်းအင်တွေကို ပျောက်ပျက်မသွားအောင် ထိန်းသိမ်းထားလို့ အခု့ပဲ ဖြတ်ထုတ်ထားသလို ဖြစ်နေလိမ့်မယ်…” စနစ်က ရှင်းပြလိုက်သည်။


“ရေခဲပြင်နဂါး…” ပုဖန်က မျက်ခုံးပင့်လိုက်မိသည်။


“အစစ်အမှန် နဂါးသာ ဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ…”  


“စနစ်… ငါ့ကိုပိုပြီး အဆင့်မြင့်တဲ့ ပစ္စည်းကို ထောက်ပံ့ပေးနိုင်လား… အစစ်အမှန်နဂါးအသည်းလိုလေ…” ပုဖန်က မေးလိုက်သည်။


စနစ်က အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပုဖန်ကို ပြန်ပြောလိုက်သည်။


“အစစ်အမှန် နဂါးနဲတွေက အဆင့်ကိုးနဲ့ အထက်တွေပဲ ရှိပါတယ်.. သင့်ရဲ့ လက်ရှိစွမ်းအင်အဆင့်က နိမ့်နေလို့ အစစ်အမှန် နဂါးအသည်းကိုမရ နိုင်သေးပါဘူး…တခြားနဂါးဒအသည်းကိုပဲ သုံးဖို့ အကြံပေးပါတယ်…”


“အဆင့်ရှစ် နက်ရှိုင်းပင်လယ်လွှမ်းမိုးခြင်း နဂါးအသည်း… လဲလှယ်ရန်တန်ဖိုး သလင်းကျောက် ၁၃၀၀၀ အဆင့်ရှစ် ရေခဲမီးတောက်နတ်ဆိုးနဂါးအသည်း… လဲလှယ်တန်ဖိုး သလင်းကျောက် ၁၅၀၀၀…”


ပုဖန်က စနစ်မှ ဖော်ပြထားသော နဂါးအသည်းများ၏ လဲလှယ်ရန် တန်ဖိုးများကို ကြည့်လိုက်ပြီး လျှာပင် ကိုက်လိုက်မိသည်။ ထို့နောက် သူက ခေါင်းခါရမ်းလိုက်ပြီး ထိုနဂါးအသည်းများကို မလဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။


စနစ်က အဆင့်ကိုးအဆင့်မြင့်အဆင့် ရေခဲနဂါးအသည်းကို ထောက်ပံ့ပေးနိုင်သော်လည်း ပုဖန်၏ စွမ်းအင်အဆင့်က အလွန်နိမ့်ကျနေလေသည်။ ထို့ကြောင့် သူက ထိုအဆင့်မြင့်အသည်းကို လဲလှယ်နိုင်ရန် အရည်အချင်း မရှိသေးပေ။


ပုဖန်က အအေးခန်းထဲမှ ရေခဲသလင်းကျောက်နှင့် စည်းခတ်ထားသော နဂါးအသည်းကို ထုတ်ယူလိုက်သည်။ နဂါးအသည်းပေါ်တွင် ထူးခြားဆန်းကျယ်လှသော သွေးကြောငယ်များ ရှိနေလေသည်။ ရေခဲသလင်းကျောက်နှင့် စည်းခတ်ထားသောကြောင့် အသည်းက ပယင်းရောင် စိုလက်၍ လှပနေလေသည်။ သူက ရေခဲစည်းကို ချက်ချင်း ဖျက်စီးလိုက်ခြင်း မရှိပဲ ဘေးတွင် ချထားလိုက်သည်။


ထိုအချိန်တွင် မီးဖိုခန်းထဲမှ အပူချိန်က ရုတ်တရက် ထိုးကျလာသည်ကို ခံစားလိုက်ရသည်။ ပုဖန်က စနစ်၏ သိုလှောင်နေရာမှ အဆင့်ငါး စိတ်ဝိဥာဉ်သစ်သီးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုအသီးက ကြွပ်ရွနုဖတ်နေပြီး ကြော်ထားသော မြေပဲခွဲတစ်ခုနှင့်ပင် တူနေလေသည်။ ပုဖန်၏ လက်မှ အစိမ်းရောင် မီးခိုးငွေ့များ ထွက်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး ထွက်ပေါ်လာလေသည်။ 


“ခရက်…” 


အသီး၏ အပြင်ဘက် အခွံမာကို ခွဲချေလိုက်ပြီး အသားကို ထုတ်ယူလိုက်သည်။ သူ့လက်ထဲမှ မီးဖိုချောင်သုံးဓါးကို ကျွမ်းကျင်စွာ လှည့်လိုက်ပြီး သစ်သီးကို ပိုင်းဖြတ်လိုက်သည်။ ထို့နောက် ပုဖန်က မီးစမွှေးလိုက်ပြီး သစ်သီးဖတ်များကို ထည့်လိုက်လေသည်။ အမွှေးအကြိုင်တချို ပေါင်းထည့်လိုက်ပြီးနောက် သင့်ပျံ့ချိုမြိန်လှသော မွှေးရနံ့များ ထွက်ပေါ်လာလေသည်။ သစ်သီးဖတ်များ ကျက်သွားပြီးနောက် ပုဖန်က ပန်းကန်လုံးအကြီး တစ်ခုထဲသို့ ထည့်ထားလိုက်သည်။


ကြော်ပြီးသည့်နောက် သစ်သီးဖတ်လေးများက စိန်ပွင့်ငယ်လေးများကဲ့သို့ ကြည်လင်တောက်ပနေပြီး တစ်ခုခြင်းစီမှ တောက်ပလှသော အလင်းရောင်များ ထုတ်လွှင့်နေလေသည်။ ပုဖန်က သစ်သီးဖတ်များကို ပြင်ဆင်လိုက်ပြီးနောက် ရေခဲသလင်းကျောက်ထဲတွင် စည်းခတ်ထားသော နဂါးအသည်းကို ကောက်ယူလိုက်သည်။


ထို့နောက် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးနှင့် ရေခဲသလင်းကျောက်၏ အလယ်ဗဟိုမှ ပိုင်းချလိုက်သည်။ ရေခဲသလင်းကျောက်၏ အလယ်ဗဟိုမှ အက်ကြောင်းများ စတင် အက်ကွဲလာလေသည်။ပုဖန်က ချက်ချင်းပင် သူ၏ လက်ကို အစစ်အမှန် စွမ်းအင်များနှင့် ဖုံးလွှမ်းလိုက်ပြီး ရေခဲသလင်းကျောက်ပေါ် တင်လိုက်လေသည်။ အေးစက်လှသော စွမ်းအင်များက လက်ဖဝါးထဲသို့ စိမ့်၀င်လာပြီး သူ၏ ခန္ဒာကိုယ်က တုန်ယင်လာလေသည်။


“ခရက်…”


ပြင်းထန်လှသော အစစ်အမှန် စွမ်းအင်များကြောင့် အက်ကြောင်းထင်နေသော ရေခဲသလင်းကျောက်က ကွဲကြေသွားလေသည်။ ရေခဲအားလုံး ကွဲကြေသွားပြီးနောက် သူ့လက်ထဲတွင် နဂါးအသည်းတစ်ခုသာ ကျန်နေတော့လေသည်။ နဂါးအသည်းမှ စွဲမက်ဖွယ် ရနံ့အချို့ ထွက်ပေါ်နေလေသည်။ ထိုရနံ့က နဂါးအသည်းတစ်ခုမှာသာ ပိုင်ဆိုင်သည့် အထူးရနံ့ပင် ဖြစ်သည်။


လက်ဆေးဇလုံအရွယ်အစားရှိသော နဂါးအသည်းက အတော်လေးသေးငယ်နေလေသည်။ ပုဖန်က လက်ထဲမှ ဓါးကို ဝှေ့ရမ်းလိုက်ပြီး နဂါးအသည်းကို အနေတော် ဖြတ်တောက်လိုက်သည်။ ထို့နောက် အပိုင်းသေးသေးလေးများ ဖြစ်အောင် လှီးထားလိုက်သည်။ နဂါးအရိုးဓါးက အလွန်ထက်မြတ်လှသောကြောင့် နဂါးအသည်းကို အလွယ်တကူ ဖြတ်တောက်နိုင်လေသည်။ အကယ်၍ အခြားဓါးသာ ဖြစ်ပါက အချိန်ကြာမြင့်စွာ အေးခဲထားသော နဂါးအသည်းကို ဖြတ်တောက်ရန် ခက်ခဲပေလိမ့်မည်။


ပုဖန်က ကျန်ရှိနေသော နဂါးအသည်းများကို လက်သီးဆုတ်အရွယ်မျှ ဖြတ်တောက်ထားလိုက်သည်။ အရွယ်အစားက သေးငယ်သွားသော်လည်း သွေးကြောများနှင့် စိတ်ဝိဥာဉ်စွမ်းအင်များ များစွာ ပါ၀င်နေပြီါ် ယခင်အတိုင်း ကြောက်စရာကောင်းနေဆဲပင် ဖြစ်သည်။


ပုဖန်က ကြည်လင်လှသော ရေခဲသလင်းကျောက်ကို ယူလိုက်ပြီး လက်ထဲမှ ဓါးကို ဝှေ့ရမ်း၍ ရေခဲချောင်းအဖြစ် ထွင်းထုလိုက်သည်။ သူ၏ လက်ရှိအဆင့်အရ ထိုအရာကို ပြုလုပ်ရန် မခက်ခဲလှပေ။ ပုဖန်က ဟင်းပွဲ၏ နောက်တစ်ဆင့်ကို မပြုလုပ်မီမှာပင် ရေခဲချောင်းထဲသို့ နဂါးအသည်း သုံးပုံတစ်ပုံကို သိပ်ထည့်ထားလိုက်သည်။


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို အသုံးပြုလိုက်ပြီး အသည်း၏ သွေးကြောများတလျောက်ကို အပေါက်ငယ်လေးများအဖြစ် ဖောက်လိုက်သည်။ ထို့နောက် အလယ်တွင် နေရာလွတ်ထား၍ အသည်းများကို ပတ်ပတ်လည်တွင် နေရာချထားလိုက်သည်။ ပုဖန်က ၀၀ဖိုင့်ဖိုင့် အဖိုးအိုပေးလိုက်သော ရှစ်မျိုးစိတ်ဝိဥာဉ်သစ်သီး ရှာလကာရည်ကို ယူလိုက်လေသည်။


ပုဖန်က သစ်သီးရှာလကာရည်ကို အသည်း၏ အက်ကြောင်းများနှင့် အပေါက်ငယ်လေးများထဲသို့ တဖြည်းဖြည်းချင်း လောင်းထည့်လိုက်သည်။ နဂါးအသည်း၏ စွမ်းအင်များကြောင့် ရှာလကာရည်များ မအေးခဲသွားစေ၇န် အစစ်အမှန် စွမ်းအင်များနှင့် ဖုံးကာထားလိုက်သည်။ အက်ကြောင်းများနှင့် အပေါက်ငယ်လေးများထဲတွင် ရှာလကာရည်များ ပြည့်သွားပြီးနောက် ပုဖန်က အသင့်ဖြတ်တောက်ထားသော အသည်းစလေးများနှင့် ပိတ်ဆို့လိုက်သည်။


အပြင်ဘက်မှ ကြည့်လိုက်လျင် နဂါးအသည်းက ပုံမှန်အတိုင်းဖြစ်နေပြီး အတွင်းတွင် ရှာလကာရည်များ ပြည့်နေလေသည်။ သို့သော်လည်း နဂါးအသည်းချောင်း ပြင်ဆင်မှုက မပြီးဆုံးသေးပေ။ ပုဖန်က နဂါးအသည်းကို ယူလိုက်ပြီး စိတ်ပွင့်များကဲ့သို့ လင်းလက်နေသော ကြော်ထားသည့် သစ်သီးဖတ်လေးများကို ထည့်သွင်းလိုက်သည်။ လင်းလက်နေသော သစ်သီးဖတ်လေးများက ပို၍ တောက်ပလာသကဲ့သို့ ထင်ရလေသည်။ 


ထိုအရာက အနုပညာ လက်ရာတစ်ခုကဲ့သို့ လှပနေလေရာ မြင်သူတိုင်းက အံ့အားသင့်သွားနိုင်လေသည်။ ပုဖန်ကိုယ်တိုင်ပင် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားလေသည်။ ထိုအရာက အလွန်တရာ လှပလှပေသည်။ သူက ရေခဲနှင့် ပြုလုပ်ထားသော အဖုံးတစ်ခုပို ယူ၍ ပန်းကန်ပြားထဲတွင် ပြင်ဆင်ထားသော နဂါးအသည်းများကို ဖုံးအုပ်လိုက်သည်။ 


သိပ်သည်းအေးစက်လှသော အငွေ့အသက်များက ပတ်၀န်းကျင်သို့ ပြန့်နှံ့သွာေးလသည်။ နောက်ဆုံးတွင် နဂါးအသည်းချောင်း ဟင်းပွဲက ပြီးပြည့်စုံသွားပြီဖြစ်သည်။ နဂါးအသည်းချောင်း ဟင်းပွဲ၏ ပြင်ဆင်မှုကအခြားဟင်းပွဲများထက် ပို၍ ခက်ခဲလှလေသည်။ ထိုအရာကို ဟင်းပွဲတစ်ခုဟုပင် မခေါ်ဆိုသင့်ပဲ အချိုပွဲတစ်ခုဟုပင် ခေါ်ဆိုရပေမည်။ 


ပါ၀င်ပစ္စည်းများက တန်ဖိုးရှိလှပြီး ပြင်ဆင်သည့် နည်းလမ်းများက ခက်ခဲရှုပ်ထွေးသောကြောင့် အစစ်အမှန် စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းက မြင့်မားရန် လိုအပ်လေသည်။ ဓါးထိန်းချုပ်မှုနှင့် ဖြတ်တောက်ခြင်း နည်းပညာတွင် ကျွမ်းကျင်ရန် မလိုအပ်သော်လည်း အခြားလိုအပ်ချက်များက များပြားလှပေသည်။ ရှောင်ရှောင်လုံနှင့် ယုဖူတို့က ထိုဟင်းပွဲကို ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။


ပုဖန်က ရေခဲဖုံးနှင့် ကာထားသော ကြွေပန်းကန်ပြားကို မယူလိုက်ပြီး စားသောက်ခန်းထဲသို့ လျောက်သွားလိုက်သည်။ စားသောက်ခန်းထဲမှ တောက်ပနေသော အလင်းရောင်များက ပုဖန်ပေါ်သို့ ဖြာကျနေရာ ရေခဲအဖုံးက အလင်းရောင်များ ပို၍ တောက်ပလာလေသည်။


ယခုလက်ရှိအချိန်တွင် ပုဖန်၏ လက်ထဲမှ ဟင်းပွဲအသစ်က ဆိုင်ထဲမှ စားသုံးသူများကို ဆွဲဆောင်နေလေသည်။ သူတို့အားလုံးက ခေါင်းမော့ကြည့်လိုက်ပြီး အာမေဋိတ်သံများ ထွက်ပေါ်လာကြလေသည်။ 


ရှောင်ရှောင်လုံနှင့် ယုဖူကလည်း ပိုင်ရှင်ပု၏ ဟင်းပွဲအသစ်ကို သိချင်စိတ် ပြင်းပြစွာနှင့် လည်ပင်းဆန့်ကြည့်နေကြလေသည်။ 


သူ၏ ဟင်းပွဲအသစ်က အားလုံးကိ အံ့အားသင့်စေပြီး ဆွဲဆောင်နိုင်ရုံသာ မဟုတ်ပဲ သူတို့အားလုံးကို ထိတ်လန့်အောင် လုပ်နိုင်စွမ်း ရှိနေလေသည်။


၀၀ဖိုင့်ဖိုင့် အဖိုးအိုက ပို၍ သိချင်စိတ် ပြင်းပြနေလေသည်။ သူက စားဖိုမှုးတစ်ယောက်ဖြစ်ပြီး သူ၏ အဆင့်ပ မာစတာအဆင့်ထက် မနိမ့်ကျပေ။ ရီဇီလင်း ပြန်လာပြီးနောက် ပိုင်ရှင်ပု၏ အချက်အပြုတ်စွမ်းရည်က သူ့ထက်သာသည်ဟု မပြောခဲ့လျင် မိုင်ပေါင်းများစွာကို ဖြတ်ကျော်၍ လာရောက်လိမ့်မည်မဟုတ်ပေ။ အင်ပါယာက တောင်ပိုင်းနယ်စပ် မြို့တော်နင့် ယှဉ်လိုက်လျင် သေးငယ်သည့် နေရာလေးတစ်ခုသာ ဖြစ်သည်။


အဖိုးအိုက သူ၏ မျက်၀န်းများကို မှေးစင်း၍ ပုဖန်လက်ထဲမှ ဟင်းပွဲကို စိုက်ကြည့်လိုက်သည်။ သူ၏ မြင်ကွင်းထဲတွင် ဟင်းပွဲကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်နှင့် သူ၏ မျက်ခုံးများကို ပင့်တင်လိုက်မိလေသည်။ 


“ဒါက ရေခဲတုံးလား…” အဖိုးအိုက စိတ်ရှုပ်ထွေးစွာနှင့် တီးတိုးရေရွတ်လိုက်မိသည်။


ပုဖန်က အဖိုးအိုရှိရာသို့ တည့်တည့်လျောက်လာလိုက်ပြီး ဟင်းပွဲကို စားပွဲပေါ်သို့ ချထားလိုက်သည်။ ထို့နောက် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ 


“ဒါက ငါ့ရဲ့ ဟင်းပွဲအသစ်… နဂါးအသည်းချောင်းပါ… မြည်းကြည့်ပါဦး…”


ပုဖန်က ထိုသို့ ပြောပြီးသည်နှင့် ရေခံအဖုံးကို သူ၏ လက်ချောင်းလေးများနှင့် ထိုလိုက်လေသည်။


“နဂါးအသည်းချောင်းပြုလုပ်သည့် လုပ်ငန်းစဉ်…”


၁ သစ်သီးကို လှီးဖြတ်၍ သစ်သီးဖတ်လေးများဖြစ်အောင် ပြုလုပ်ပါ…


၂ ကျောက်မျက်ရတနာများကဲ့သို့ တောက်ပလာစေရန် သစ်သီးကို ကြော်ပါ..


၃ ရေခဲတုံးထဲမှ နဂါးအသည်းကို ထုတ်ယူပါ…


၄ ရေခဲစွမ်းအင်များကို စုပ်ယူပါ…


၅ နဂါးအသည်း၏ အပြင်ဘက်ကို အကောင်းဆုံးအပိုင်းအဖြစ် ကျန်ရှိနေအောင် ပြုလုပ်ပါ…


၆ ရေခဲတုံးကို ရေခဲချောင်းအဖြစ် ပြုလုပ်ပါ…


၇ ရေခဲချောင်းထဲသို့ နဂါးအသည်း ထည့်သွင်းပါ..


၈ နဂါးအသည်း၏ သွေးကြောများတလျောက် အပေါက်ငယ်လေးများဖြစ်အောင် ပြုလုပ်ပါ…


၉ ထိုအပေါက်ငယ်များအတွင်း သစ်သီးရှာလကာရည်များ ဖြည့်လိုက်ပြီး အေးခဲမသွားစေရန် အစစ်အမှန် စွမ်းအင်များနှင့် ဖုံးအုပ်ကာကွယ်ပါ…


၁၀ လှီးဖြတ်ထားသော နဂါးအသည်း အပိုင်းလေးများနှင့် အပေါက်များကို ဖုံးအုပ်ပြုပြင်ပါ…


၁၁ နဂါးအသည်းထဲသို့ ကြော်ထားသော သစ်သီးဖတ်လေးများကို နှစ်မြုတ်ပါ…


၁၂ အေးခဲနေစေရန်အတွက် ရေခဲအဖုံးနှင့် ဖုံးအုပ်ပါ…


အဆုံးသတ်ရလာဒ်အနေနှင့် ပတ္တမြားအရောင်ကဲ့သို့ တောက်ပပြီး အတွင်းသားက နူးညံ့နေကာ အပြင်ပိုင်းက ကြွပ်ရွလှသော နဂါးအသည်းရေခဲချောင်း ရရှိလာပြီဖြစ်သည်။