အပိုင်း ၂၇၀
Viewers 52k

အခန်း ၂၇၀ နောက်ထပ် တစ်ချောင်း


ပုဖန်က ရေခဲအဖုံးကို အသာ တောက်လိုက်သည်နှင့် အက်ကွဲသော အသံဖျော့ဖျော့လေးများ ထွက်ပေါ်လာလေသည်။ ထို့နောက် ပုဖန်၏ အစစ်အမှန် စွမ်းအင်များက ရေခဲအဖုံးကို ဖုံးကာသွားလေသည်။


လူအားလုံး၏ အံ့အားတသင့် အကြည့်များအောက်တွင်ပင် ရေခဲအဖုံးက ပန်းပွင့်တစ်ပွင့် ပွင့်လန်းလာသကဲ့သို့ ပွင့်ချပ်များ ဖြစ်ပေါ်လာလေသည်။ ရေခဲအဖုံး၏ အောက်မှ အေးစက်လှသော မှိုပွင့်သဏ္ဍာန် တိမ်တိုက်များက မျက်နှာကြက်ထိအောင် ထိုးတက်သွားလေသည်။


ကြွေပန်းကန်ပြားမှ ထွက်ပေါ်လာသော အလင်းတန်းများက အားလုံး၏ အကြည့်များကို တောက်ပလာစေသည်။ သို့သော်လည်း သူတို့၏ မျှော်လင့်ချက်များက ပျောက်ဆုံးသွားလေသည်။ ဟင်းပွဲ၏ မွှေးရနံ့က တောက်ပနေသော အလင်းရောင်ကဲ့သို့ အားကောင်းသန်မာလှခြင်း မရှိပေ။ ဟင်းပွဲများကို ဆုံးဖြတ်ရာတွင် မွှေးရနံ့ကလည်း အရေးကြီးသော နေရာမှ ပါ၀င်နေလေသည်။


တောက်ပလှသော အလင်းတန်းများက တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားလေသည်။ ထိုအချိန်တွင် လူတိုင်းက မျက်မှောင်ကြုံ့၍ ပန်းကန်ပြားကို စိုက်ကြည့်လိုက်ကြသည်။ ရေခဲသလင်းကျောက်ဖုံး တဖြည်းဖြည်း ကွဲကြေသွားပြီးနောက် ပန်းကန်ပြား၏ အလယ်တွင် စိန်ပွင့်ကဲ့သို့ တောက်ပနေသော ရေခဲသလင်းကျောက်အတုံးလေးများကို တွေ့လိုက်ရသည်။


“ဒါ… ဒါက စားလို့ရော ရရဲ့လား…”


“ပိုင်ရှင်ပုက အမှားလုပ်မိတာလား… ဒါက အနုပညာလက်ရာတစ်ခုပဲလေ.. ဘယ်လိုလုပ် ဟင်းပွဲဖြစ်နိုင်မှာလည်း…”


“ဒါက အရမ်းလှတယ်.. ဒါပေမယ့် စားလို့ ရပါ့မလား…”


စားသုံးသူများက အလွန်စိတ်ရှုပ်ထွေးနေကြပြီး တစ်ယောက်ပြီးတစ်ယောက် သံသယ၀င်လာကြလေသည်။ ဟင်းပွဲက မွှေးရနံ့လည်း မရှိသည့်အပြင် စားလို့ရသည့် ပုံလည်းမရှိပေ။ သူတို့အားလုံးက ထိုကဲ့သို့သော ဟင်းပွဲမျိုးကို တစ်ကြိမ်မျှ မမြင်ဘူးသောကြောင့် ထိုသို့ ဖြစ်ရခြင်းမှာ မထူးဆန်းလှပေ။


ရှောင်ရှောင်လုံနှင့် ယုဖူတို့လည်း အံ့အားသင့်နေကြလေသည်။ ထိုကဲ့သို့သော ဟင်းပွဲမျိုးကို သူတို့အနေနှင့် မမြင်ဖူးကြပေ။


၀၀ဖိုင့်ဖိုင့် အဖိုးအို၏ မျက်နှာအမူအယာက အနည်းငယ် အံ့အားသင့်နေဟန် ပေါက်သွားသော်လည်း တခဏအတွင်းမှာပင် ပြန်လည်ပျောက်ကွယ်သွားလေသည်။ အဖိုးအိုက မျက်မှောင်ကြုံ့လိုက်ပြီး ရေခဲသလင်းကျောက်လေးများကို သေချာစွာ လေ့လာလိုက်သည်။ ထို့နောက် ခေါင်းမော့၍ ပုဖန်ကို ကြည့်လိုက်လေသည်။


“ပိုင်ရှင်ပု.. ဒါက ဘယ်လိုဟင်းပွဲအမျိုးအစားလဲ…”


၀၀ဖိုင့်ဖိုင့် အဖိုးအိုက အတွေ့အကြုံရှိသော စားဖိုမှုးတစ်ယောက် ဖြစ်သောကြောင့် ထူးခြားဆန်းပြားသည့် ဟင်းပွဲများကို မြင်တွေ့ဖူးလေသည်။ ထို့ကြောင့်သူက ကြီးကြီးမားမား အမူအယာမပျက်သွားခြင်း ဖြစ်သည်။ သို့သော်လည်း ထိုဟင်းပွဲကို အမျိုးအမည်း မခွဲခြားနိုင်သောကြောင့် ပုဖန်ကိုသာ တိုက်ရိုက်မေးရန် ဆုံးဖြတ်လိုက်လေသည်။


သို့သော်လည်း ပုဖန်က စကားပြန်မပြောပဲ နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေး၍ ပြုံးလိုက်လေသည်။ ထို့နောက် ရေခဲသလင်းကျောက်၏ ထိပ်ပိုင်းတွင် ပေါ်နေသော ရေခဲချောင်းလေးကို လက်ညိုးညွှန်ပြလိုက်သည်။


၀၀ဖိုင့်ဖိုင့် အဖိုးအိုက ပုဖန်၏ မျက်လုံးကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် ရေခဲချောင်းလေးကို ကောင်ယူလိုက်သည်။ ရေခဲချောင်းမှ အေးစိမ့်လှသော အငွေ့အသက်များက သူ့ဆီသို့ ရိုက်ခတ်လာသောကြောင့် မျက်နှာပေါ်မှ ကြွက်သားများပင် တုန်ခါသွားလေသည်။ မျှော်လင့်မထားစွာပင် ရေခဲချောင်းကို မလိုက်သည်နှင့် ရေခဲသလင်းကျောက်လေးက ပါလာလေသည်။


တစ်ကိုက်ကိုက်ကြည့်လိုက်… မင်းအံ့အားသင့်သွားရလိမ့်မယ်… ပုဖန်က ပြောလိုက်သည်။


“ဒါက တကယ်ပဲ စားလို့ရလို့လား…”


၀၀ဖိုင့်ဖိုင့် အဖိုးအိုက ထိုသို့ တွေးလိုက်ပြီး ပုဖန်ကို မယုံသင်္ကာဟန်နှင့် ကြည့်လိုက်လေသည်။ သို့သော်လည်း ပုဖန်၏ အမူအယာက အလွန်ပင် တည်ငြိမ်နေသောကြောင့် သူက ရေခဲချောင်း၏ ထောင့်စွန်းဘက်ကို ခပ်သေးသေး ကိုက်လိုက်လေသည်။


“အိုး…”


တစ်ကိုက်ကိုက်လိုက်သည်နှင့် ၀၀ဖိုင့်ဖိုင့် အဖိုးအို၏ မျက်၀န်းများက ပြူးကျယ်သွားပြီး အကြည့်များက စူးရှထက်မြတ်လာလေသည်။ သူ၏ မျက်နှာထက်တွင်လည်း မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်လာလေသည်။


ရှောင်ရှောင်လုံနှင့် တခြားသူများကလည်း တုန်လှုပ်ခြောက်ခြားသွားကြလေသည်။


“အဲ.. အဲဒီမှာ ထူးဆန်းတာ တစ်ခုခုများ ရှိနေလို့လား…”


အဖိုးအို၏ မျက်၀န်းထဲမှ အံ့အားသင့်မှုများ ပျောက်ကွယ်သွားပြီး သူက ရေခဲချောင်းကို ပို၍ ဖိကိုက်လိုက်သည်။ ရေခဲချောင်းက သူမျှော်လင့်ထားသကဲ့သို့ အေးစက်မှုကို မခံစားလိုက်ရပေ။ ရေခဲချောင်း အပေါ်ယံ မျက်နှာပြင် သလင်းကျောက်လေးများက ရေခဲများ မဟုတ်ပေ။


“ဂျွတ်… ဂျွတ်…”


အဖိုးအိုက ရေခဲချောင်း၏ အပေါ်ယံမျက်နှာပြင်ကို စတင်၍ ဝါးစားလိုက်သည်။ သူဝါးလိုက်သည်နင့် ကြွပ်ရွလှသော သစ်သီးဖတ်လေးများကို ကိုက်ဝါးနေသံများ ထွက်ပေါ်လာလေသည်။


ထိုအချိန်တွင် အဖိုးအို၏ အမူအယာက စိုးရိမ်သည့် အမူအယာ ဖြစ်လာလေသည်။ အပေါ်ယံမျက်နှာပြင်လွှာက ကြွပ်ရွသော သစ်သီးဖတ်လေးများဖြစ်ပြီး အလည်မှ ရွံ့ညွှန်ကဲ့သို့ နူးညံ့သော အရသာနှင့် သူရင်းနှီးနေသော အရသာများကို ခံစားနေရလေသည်။ ထိုအရာက ရှစ်မျိုးစိတ်ဝိဥာဉ်သစ်သီး ရှာလကာရည်ပင် ဖြစ်သည်။ စိန်ကဲ့သို့ အရာများက သစ်သီးဖတ်လေးများ ဖြစ်နေလေသည်။


“အိုး.. ဟုတ်တယ်… ဒါက အဆင့်ငါး စိန်သစ်သီ့းပဲ…”


ထိုသစ်သီးကို ကြော်လိုက်လျင် ရေခဲသလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပသွားလေသည်။ ထို့အပြင် ထိုအသီးကို စားလိုက်သည်နှင့် သူ့ထဲတွင် ပါ၀င်နေသော မွှေးရနံ့ကလည်း ထွက်ပေါ်လာလေသည်။


အဖိုးအိုက မျက်လုံးများ မှေးမှိတ်လိုက်ပြီး သူ၏ ပါးစပ်ထဲမှ သစ်သီး၏ မွှေးရနံ့များကို ခံစားနေလိုက်သည်။ ထိုသစ်သီးဖတ်များ၏ နူးညံ့လှသည့် အသားများက ရှစ်မျိုးစိတ်ဝိဥာဉ်သစ်သီး ရှာလကာရည်နှင့် ရောနှောနေသောကြောင့် အရသာက ချိုချဉ်အရသာ ဖြစ်နေလေသည်။


လက်ရှိအချိန်တွင် အဖိုးအို၏ စိတ်အခြေအနေက ထူးဆန်းသည့် အခြေအနေသို့ ကျရောက်နေလေသည်။ အဖိုးအိုက သူ့ပါးစပ်ထဲမှ စားစရာကို မျိုချလိုက်ချိန်တွင် သူ၏ မျက်လုံးရှေ့၌ အလင်းရောင်များ ဖြတ်သန်းလာသည်ဟု ခံစားလိုက်ရပြီး ကြက်သေသေသွားလေသည်။


ထိုအရာက သူ၏ ဗိုက်ထဲသို့ ကျဆင်းသွားသည်နှင့် နဂါးတစ်ကောင် ဟိန်းဟောက်လိုက်သံကို ကြားလိုက်ရပြီး ခန္ဒာကိုယ်က အပြင်းအထန် တုန်ခါသွားလေသည်။


“ဒါ.. ဒါက တကယ့် နဂါးအသည်းလား…”


အဖိုးအိုက ပုဖန်ကို ကြည့်၍ မယုံကြည်န်ိုင်ဟန်နှင့် မေးလိုက်လေသည်။ သူ၏ စိတ်ထဲတွင်လည်း အံ့အားသင့်မှုများနှင့် တုန်လှုပ်နေလေသည်။


ပုဖန်က အဖိုးအို၏ အံ့အားတသင့်အမေးကို ခေါင်းငြိမ့်၍ ပြန်ဖြေလိုက်သည်။


“ဒီအသည်းက အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲ ရေခဲပိုင်နက် လွှမ်းမိုးခြင်း နဂါးအသည်းပဲ.. အရသာက အစစ်အမှန် နဂါးအသည်းနဲ့ မယှဉ်နိုင်ပေမယ့် စိန်သစ်သီးကြော်နဲ့ တွဲဖက်စားသောက်လိုက်တဲ့အခါမှာ လုံး၀ကို ပြည့်စုံသွားတယ်.. ပြီးတော့လည်း မင်းရဲ့ ရှစ်မျိုး စိတ်ဝိဥာဉ်သစ်သီး ရှာလကာရည်ကိုပေါင်းထည့်ထားသေးတယ်… အဲဒါက ဒီဟင်းပွဲရဲ့ အသက်ပဲ…”


ပုဖန်က ဆက်ပြောလိုက်သည်။


“တကယ်လို့ ရှာလကာရည်သာ မရှိရင် ဒီဟင်းပွဲကို ငါချက်နိုင်မှာမဟုတ်ဘူး…”


အဖိုးအိုက သူ့ကိုယ်သူ ဂုဏ်ယူမိလိုက်ပြီး စိတ်အားထက်သန်စွာနှင့် ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် ရေခဲချောင်းကို စိတ်အားထက်သန်စွာနှင့် ကြည့်လိုက်ပြီး တစ်ကိုက်ပြီးတစ်ကိုက် စားသောက်လိုက်လေသည်။ မွှေးရနံံ့များက သူ၏ ခန္ဒာကိုယ်ထဲတွင် ပေါက်ကွဲထွက်လာပြီး စိတ်ကျေနပ်ဖွယ်ရာ ခံစားချက်ကြောင့် မျက်လုံးများပင် မှေးမှိတ်လိုက်မိသည်။ သူက တောင်ပံများ ဖြန့်၍ ပျံသန်းနေသော နဂါးကျောပေါ်တွင် ခြေချိတ်၍ ထိုင်နေရသည်ဟုပင် ခံစားနေရလေသည်။


“ခရက်…”


သူသတိမပြုလိုက်မိမှာပင် ရေခဲချောင်း၏ အပြင်သားအားလုံးကို စားသုံးလိုက်ပြီး အတွင်းမှ ရေခဲကို ကိုက်မိလိုက်သောကြောင့် ကွဲကြေသွားလေသည်။ အစစ်အမှန် စွမ်းအင်များ၏ ထောက်ပံ့မှု မရှိတော့သောကြောင့် ရေခဲချောင်းက တဖြည်းဖြည်း အရည်ပျော်သွားလေသည်။


“အရသာရှိတယ်… တကယ့်ကိုပဲ အရသာရှိလွန်းတယ်… ငါ… လူအိုကြီးရဲ့ ဘ၀တစ်လျောက်လုံးမှာ ဒီလိုအရသာရှိတာကို တစ်ခါမှ မစားခဲ့ဖူးဘူး.. ဒီ စားကောင်းသောက်ဖွယ်က ငါ့ရဲ့ သစ်သီးရှာလကာရည်နဲ့ တကယ်ကို လိုက်ဖက်ညီတယ်… ဟား… ဟား… ဟား…”


အဖိုးအိုက စတင်၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။


ဘေးတွင် ရှိနေသော လူများက စားကောင်းသောက်ဖွယ်ကို စားသောက်ပြီးနောက် စိတ်လှုပ်ရှားနေသော အဖိုးအို၏ အမူအယာကြောင့် မရိုးမရွ ဖြစ်လာကြလေသည်။


ရှောင်ရှောင်လုံနှင့် ယုဖူတို့ကလည်း အလွန်ပင် အံ့အားသင့်သွားကြပြီး ပုဖန်ကို ဂုဏ်ပြုလိုသော အကြည့်များနှင့် ကြည့်လိုက်ကြလေသည်။ သူက ပိုင်ရှင်ပုဟု ခေါ်ဆိုရင် အမှန်ပင် ထိုက်တန်လေသည်။


“ပိုင်ရှင်ပု… ငါ့အတွက် နောက်တစ်ချောင်း ထပ်လုပ်ပေးနိုင်မလား… ငါမင်းအတွက် သစ်သီးရှာလကာရည် ပေးပါ့မယ်…”


အဖိုးအိုက နှုတ်ခမ်းကို လျှာဖြင့် သပ်၍ ပြောလိုက်သည်။ သူက ရယ်မောရင်းနှင့် ပုဖန်ကို ကြည့်နေလေသည်။ ယခုလက်ရှိအခြေအနေကြောင့် ရီဇီလင်းက သူ့ကို မလိမ်သည်မှာ သေချာသွားပြီဖြစ်သည်။ ပိုင်ရှင်ပုက ငယ်ရွယ်လှသော်လည်း သူ၏ အချက်အပြုတ်စွမ်းရည်က မတိုင်းတာနိုင်သည့် အနေအထားတစ်ခုသို့ ရောက်ရှီနေလေသည်။ ထို့အပြင် နဂါးအသည်း ရေခဲချောင်းက အဖိုးအို၏ အတိတ်ကာလတစ်လျောက်လုံး စားခဲ့ဖူးသော အရသာများကို ကျော်လွန်သွားပြီး ထူးဆန်းသည့် အရသာမျိုးကို ပေးစွမ်းနေလေသည်။ ထို့အပြင် အရသာက စားပြီးရင်း စားချင်အောင် စွဲဆောင်နေလေသည်။


“ရတာပေါ့.. ဒါပေမယ့်.. အဲဒါအတွက် အဖိုးအခတော့ တောင်းရလိမ့်မယ်… တစ်ပွဲကို သလင်းကျောက်ရှစ်ရာ…”


ပုဖန်က အဖိုးအိုကို တစ်ချက်ကြည့်လိုက်ပြီး ထိုင်ခုံနောက်မှီကို မှီ၍ ပြောလိုက်သည်။


“မင်းက ငါးဟင်းပွဲတွေကိုမမြည်းကြည့်ရသေးခင်က အထင်သေးနေခဲ့တာလေ… ပြီးတော့ လည်း မောက်မာထောင်လွှားပြီး ကြွားဝါနေလိုက်သေးတယ်… အခုကျ ဘာလို့ ဆက်ပြီး မကြွားဝါတော့တာလည်း….” ပုဖန်က လက်ပိုက်လိုက်ပြီး အဖိုးအိုက မတုန်မလှုပ် စိုက်ကြည့်ကာ တွေးနေလေသည်။


အနားတွင် ရှိနေသော လူများအားလုံးက ပုဖန်ပြောလိုက်သော စျေးနှုန်းကြောင့် လေးအေးများပင် ရှူရှိုက်မိလေသည်။


“သလင်းကျောက်ရှစ်ရာ… ပိုင်ရှင်ပုက လူတွေကို လုယက်ဖို့ ကြိုးစားနေတာလား..ဒါက ဟင်းပွဲတစ်ပွဲပဲလေ…”


“ဒီဟင်းပွဲက တခြားဟင်းပွဲတေထက် ထူးခြားတယ်… ပြီးတော့ အစစ်အမှန် စွမ်းအင်တွေလဲပါတယ်.. ဟင်းပွဲရဲ့ အရသာကလည်း တော်တော်လေးကောင်းတယ်… နောက်ဆုံး ဟင်းပွဲကို ပြုလုက်ရတာလည်း တော်တော်လေး ခက်ခဲတယ်… ဒီတော့ ဒီစျေးနှုန်းက တန်ပါတယ်…” ပုဖန်က ပြန်ပြောလိုက်သည်။


အဖိုးအို၏ အမူအယာက အလွန်နာကျင်သွားပုံရလေသည်။ ပုဖန်၏ စကားများက မှန်ပေသည်။ သူ၏ အချက်အပြုတ် အဆင့်အတန်းအရ ထိုဟင်းပွဲက အလွန်တရာ ရှားပါးသည်ကို ပြောနိုင်လေသည်။ သူ၏ ခန္ဒာကိုယ်ထဲမှ အစစ်အမှန် စွမ်းအင်များကို ပို၍ လျင်မြန်စွာ လှည့်ပတ်လိုက်သည်ဖြစ်စေ သို့မဟုတ် ဟင်းပွဲ၏ စွမ်းအင်များကို မထိန်းချုပ်နိုင်သည်ဖြစ်စေ ထိုဟင်းပွဲက အရေးပါတော့မည်မဟုတ်ပေ။ ထိုသို့သော ကွာဟချက်များကို ပြုလုပ်နိုင်ခြင်းက အလွန်ချီးကြူးစရာ ကောင်းလှပေသည်။


ဟင်းပွဲတစ်ပွဲကို သလင်းကျောက်ရှစ်ရာ…


ထို့အပြင် သူက သစ်သီးရှာလကာရည်ကို ထောက်ပံ့ပေးရမည်ဖြစ်သည်။


“ကောင်းပြီလေ… ငါက ပိုင်ရှင်ပုရဲ့ လက်ရာကို ယုံကြည်ပါတယ်… ဒီမှာ သလင်းကျောက် ရှစ်ရာ.. ငါ့အတွက် နောက်တစ်ပွဲ ထပ်ချက်ပေးဖို့အတွက် ပိုင်ရှင်ပုကို ဒုက္ခပေးရတော့မယ်…


အဖိုးအိုက အံတင်းတင်ကြိတ်၍ သူ၏ အိတ်ထဲမှ သလင်းကျောက်ရှစ်ရာကို စားပွဲပေါ် တင်ပေးလိုက်သည်။ ထို့နောက် ပုဖန်ကို တောက်ပသော မျက်၀န်းများနှင့် စောင့်ကြည့်နေလေသည်။


ပုဖန်က သူ၏လက်ကို ဝှေ့ရမ်းလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် သလင်းကျောက်များကို တစ်ဖက်သို့ တွန်းလိုက်ပြီး ပြောလိုက်သည်။


“မင်းက နဂါးအသည်း ရေခဲချောင်းကို ထပ်စားချင်ရင် မနက်ဖြန်မှ ပြန်လာခဲ့… အိုး… မင်းရဲ့ သစ်သီးရှာလကာရည်ကို ထားခဲ့ဖို့လည်း မမေ့နဲ့ဦး…”


ထို့နောက် မီးဖိုချောင်ထဲသို့့ လှည့်၀င်သွားလိုက်လေသည်။


အဖိုးအိုက ကြောင်အသွားသော်လည်း စိတ်မဆိုးပဲ ရိုးရိုးစင်းစင် ပြုံးနေလေသည်။ သူက ပန်းကန်ပြားထဲသို့ သစ်သီးရှာလကာရည်အချို့ လောင်းထည့်လိုက်ပြီး မီးဖိုချောင်ထဲသို့ ယူသွားရန် ယုဖူကို ပြောလိုက်ပြီး ရှာလကာရည်ဘူးကို သိမ်းဆည်းကာ ဆိုင်ထဲမှ ထွက်ခွာသွားလေသည်။


“မနက်ဖြန်မှ လာခဲ့ဖို့ ပြောမှတော့ မနက်ဖြန်မှ လာရုံပေါ့…”


အဖိုးအိုက နဂါးအသည်း ရေခဲချောင်းကို အလွန်တရာ စိတ်၀င်စားသော်လည်း အလျင်လိုခြင်း မရှိပေ။ သူ၏ သစ်သီးရှာလကာရည်ကို ထိုသို့ အသုံးပြုနိုင်ခြင်းက သူ့စိတ်ကို အလွန်ပင် မရိုးမရွ ဖြစ်စေလေသည်။ ထို့ကြောင့် နောက်တစ်နေ့တွင် နဂါးအသည်း ရေခဲချောင်းကို ခံစားရင်း ပြုလုပ်သည့် နည်းစနစ်ကို ရှာဖွေရပေမည်။ သို့မှသာ သူပြန်သွားသည့်အချိန်တွင် ကြိုးစား၍ ချက်ပြုတ်နိုင်ပေမည်။ ထိုနည်းလမ်းနှင့် သူ၏ သစ်သီးရှာလကာရည်က တောက်ပလာမည်ဖြစ်သည်။


အဖိုအိုထွက်သွားပြီးနောက် ၀န်းရံနေကြသော စားသုံးသူများကလည်း အလျိုအလျို ထွက်သွားကြလေသည်။ ယနေ့အတွက် ဆိုင်ပိတ်ချိန်ရောက်ပြီဖြစ်သောကြောင့် ကွမ်းရှောင်ယီနှင့် ရှောင်ရှောင်လုံတို့ကလည်း ပုဖန်ကို နှုတ်ဆက်၍ ထွက်သွားကြလေသည်။


လူအားလုံးထွက်သွားပြီးနောက် ပုဖန်က ဆိုင်တံခါးများကို ပိတ်လိုက်လေသည်။


“စောစောအနားယူ… မနက်ဖြန်ကျရင် မင်းရဲ့ ဖြတ်တောက်ခြင်း နည်းပညာနဲ့ အသားလွှာထွင်းထုခြင်း နည်းပညာတွေကို စစ်ဆေးမယ်…”


ပုဖန်က လေ့ကျင့်ချက်ပြုတ်ရန် မီးဖိုခန်းထဲသို့ ၀င်ရန် ပြင်နေသော ယုဖူကို ပြော၍ သူ၏ အခန်းဆီသို့ တက်သွားလိုက်လေသည်။


“ပိုင်ရှင်ပုက မနက်ဖြန်ကျရင် ငါတို့ကို စစ်ဆေးမယ်…”


ယုဖူ၏ အမူအယာက ထူးဆန်းသွားလေသည်။


“ရှောင်ရှောင်လုံတော့ သေပြီပဲ… “