အခန်း ၂၇၂ “ဆိုင်ရှင် သေဖို့ထွက်လာခဲ့…”
နွေဦးရာသီသို့ ကျရောက်လာပြီဖြစ်သောကြောင့် အင်ပါယာမြို့တော်တစ်ဝိုက်တွင် နွေဦးမိုးဖွဲလေးများ ကျဆင်းနေလေသည်။ အင်ပါယာမြို့တော် ၀န်းကျင်က တိတ်ဆိတ်ပြီး ငြမ်သက်အေးချမ်းနေလေသည်။ အင်ပါယာမြို့တော်က ကျယ်ပြောလှသော လယ်ကွင်းများ၏ အဆုံးတွင် တည်ရှိပြီး ရိုးရှင်းသော ရှေးဟောင်းမြို့တော်တစ်မြို့ ဖြစ်သည်။
မြို့တော်၏ အပြင်ဘက်တွင် စိမ်းလန်းစိုပြေနေပြီး အ၀င်လမ်းတစ်ဖက်တစ်ချက်မှ သစ်ပင် ပန်းမန်များ၏ မွှေးပျံ့လှသော ရနံ့များလည်း ပျံ့လွင့်နေလေသည်။ အင်ပါယာ၏ အလွှာပေါင်းစုံမှ လူပေါင်းစုံကလည်း အ၀င်လမ်း တစ်လျောက် သွားလာလှုပ်ရှားနေကြလေသည်။ အင်ပါယာ တစ်ခုလုံး၏ စီးပွားရေး ပေါင်းစုံရာ ဒေသဖြစ်သောကြောင့် လူအများက လာရောက်နေကြခြင်း ဖြစ်သည်။
ကွာဝေးသော တစ်နေရာရှိ ကောင်းကင်ထက်တွင် အနက်ရောင်အစက်အပျောက်လေးတစ်ခု ပေါ်ထွက်လာပြီး တဖြည်းဖြည်း ကြီးမားလာလေသည်။ ထိုအနက်ရောက် အစက်အပျောက်လေးက အလွန်လျင်မြန်သော အရှိန်အဟုန်နှင့် မြို့့တော်ဆီသို့ ရွေ့လျားလာနေလေသည်။ သူ၏ အရှိန်က အလွန်လျင်မြန်လှသောကြောင့် လျပ်စီးတန်းတစ်ခုဟုပင်ထင်နေရလေသည်။
အချိန်အနည်းငယ်အတွင်းတွင် အင်ပါယာ မြို့တော်၏ လမ်းပေါ်မှ လူများက ကောင်းကင်ကို အနက်ရောင်ပဝါနှင့် ဖုံးကွယ်လာသည်ဟု ခံစားလိုက်ကြရပြီး စိတ်မသက်မသာ ဖြစ်သွားကြလေသည်။ မြေယာများ အားလုံးကို အနက်ရောင်စွမ်းအင်များ ဖုံးလွှမ်းထားသည်ကို ခံစားခဲ့ရဖူးသောကြောင့် ရင်းနှီးကျွမ်း၀င်နေကြလေသည်။
သူတို့က စိတ်ရှုပ်ထွေးစွာနှင့် ခေါင်းမော့ကြည့်ပြီး သူတို့အထက်မှ အရာကို တွေ့လိုက်ရသောကြောင့် ကြောက်ရွံ့ထိတ်လန့်စွနှင့် မြေပေါ်သို့ ခွေလဲကျသွားကြလေသည်။ လူအများစုက စတင်၍ ငိုကြွေးကြလေသည်။သူတို့၏ အထက်တွင် အနက်ရောင်တိမ်တိုက်များ မရှိပဲ ထိတ်လန့်ဖွယ်ကောင်းသော ဧရာမ စိတ်ဝိဥာဉ်သားရဲတစ်ကောင် ရှိနေလေသည်။ ထိုသားရဲက တောင်ပံဖြန့်ထားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားလေသည်။
ထိုသားရဲဆီမှ ပြင်းထန်လှသော ဖိအားများကြောင့် သူတို့၏ နှလုံးသားများပင် ခုန်ပေါက်နေသည်ဟု ခံစားနေကြရသည်။
“ဒါက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ…”
အ၀င်လမ်းမပေါ်မှ လူများအားလုံးက ကြောက်ရွံ့ ထိတ်လန့်စွာနှင့် မြေပြင်ပေါ်တွင် ပြားပြား၀ပ်နေပြီး သတိအနေအထားနှင့် ရှိနေကြလေသည်။ သူတို့က ထိုမကောင်းဆိုးဝါးကြီးကို ဒေါသထွက်အောင် လုပ်မိခြင်းဖြင့် အဆုံးမသတ်လိုကြချေ။
ဘမ်း…
ကြီးမားလှသော သားရဲကြီးက မြို့့တံခါးအနီးသို့ ဆင်းသက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းလှသော လေပြင်းများ တိုက်ခတ်သွားလေသည်။ ထိုသားရဲ၏ တောင်ပံများက တောင်သေးသေးလေး တစ်ခုစာမျှ ကြီးမားလှသောကြောင့် မြို့စောင့်စစ်သားများပင် ထိတ်လန့်သွားကြလေသည်။
စိတ်ဝိဥာဉ်သားရဲကြီးက ရေလွှမ်းမိုးခြင်း နဂါးဖြစ်ပြီး သူ၏ ခန္ဒာကိုယ်ပေါ်မှ အကြေးခွံများက စိုစွတ်နေကာ တောက်ပလှသော အလင်းရောင်များ ထုတ်လွှတ်နေလေသည်။ ထိုနဂါးကြီးက သူ၏ အတောင်ပံကို အသာခတ်လိုက်ရာ နောက်ထပ်လေပြင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
ဂရား…
နဂါးကြီးက ကြက်သေသေနေသော မြို့စောင့်တပ်သားများကို ကြည့်လိုက်၏။ နဂါး၏ ဟိန်းဟောက်သံက နားကွဲမတက် ကျယ်လောင်လှသောကြောင့် လူအားလုံးက သူတို့၏ နားများကို ပိတ်ထားလိုက်ကြသည်။
ထိုနဂါး၏ ကျောပေါ်တွင် လူတစ်ယောက် ရှိနေလေသည်။ ထိုသူ၏ ခန္ဒာကိုယ်က ကြွက်သားများနှင့် ပြည့်နှက်နေပြီး တောင်ကုန်းငယ်တစ်ခုအလားပင် ထင်ရလေသည်။ ထိုသူ၏ အကြည့်များက အေးစက်စူးရှနေကာ သူ့ခေါင်းပေါ်မှ ဆံပင်များက မိုးပေါ်သို့ ထောင်နေသည်။
“လေအလင်းအင်ပါယာရဲ့ မြို့တော်… ဟမ့်… ငါ့ညီငယ်လေးကို သတ်ရဲတယ် ဘယ်သူ့ကိုမဆို ငါ … ရှားယုက အဲဒီအတွက် ပြန်ပေးဆပ်ခိုင်းမယ်…”
ထိုသူ၏ အကြည့်များက စူးရှတောက်ပနေပြီး မြို့တော်တစ်ခုလုံးကို ထွင်းဖောက်ကြည့်နေသကဲ့သို့ ထင်ရလေသည်။ သူက ရေလွှမ်းမိုးနဂါး၏ ခေါင်းကို ပုတ်လိုက်ပြီး ဂိတ်တံခါးရှေ့သို့ ဆင်းသက်လိုက်လေသည်။ ထို့နောက် ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီး နဂါးကြီးကို သိမ်းဆည်းလိုက်လေသည်။ ကြောက်စရာကောင်းလှသော ထိုသူက ခေါင်းမော့ရင်ကော့၍ မြို့ထဲသို့ ခြေလှမ်းကျဲကြီးများနှင့် လျောက်၀င်လာလေသည်။
လမ်းတွင်ရှိနေသော အစောင့်တပ်သားက တားဆီးလိုက်သော်လည်း ရိုက်ချက်တစ်ချက်မျှနှင့် အသတ်ခံလိုက်ရလေသည်။
“လေအလင်းအင်ပါယာ… ဖန်ဖန်ဆိုင်ငယ်လေးက ဘယ်မှာလဲ…” ရှားယုက အစောင့်ကို သတ်ပြီးနောက် သတ်ဖြတ်လိုသော အငွေ့အသတ်များကို ထုတ်လွှတ်လိုက်ပြီး ကြောက်ရွံ့တုန်လှုပ်နေကြသော အစောင့်များနှင့် အခြားသူများကို ကြည့်လိုက်လေသည်။
ထိတ်လန့်တုန်လှုပ်နေကြသော အစောင့်များက သူ၏ အကြည့်စူးစူးများကြောင့် ဆိုင်ငယ်လေး တည်ရှိရာသို့ ညွှန်ပြလိုက်ကြလေသည်။
လက်ရှိအချိန်တွင် ဖန်ဖန်ဆိုင်ငယ်လေးက အင်ပါယာမြို့တော်ထဲတွင် ထင်ရှားကျော်ကြားလှသောကြောင့် အစောင့်များက ဆိုင်ငယ်လေး၏ တည်နေရာကို သိရှိနေကြလေသည်။
ရှားယုက အေးစက်စွာနှင့် နှခေါင်းရှုံ့လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ဖန်ဖန်ဆိုင်ငယ်လေးရှိရာသို့ လျောက်သွားလိုက်သည်။
……
ပုဖန်က ထိုင်ခုံပေါ်တွင်ထိုင်၍ ခေါင်းစောင်းလိုက်ကာ ရှောင်ရှောင်လုံကို စိုက်ကြည့်နေလေသည်။ ကြီးမားလေးလံသော မီးဖိုချောင်သုံးဓါးကြီးကို ကိုင်ဆောင်အသုံးပြုနေသော ရှောင်ရှောင်လုံး၏ မျက်နှာက နီမြန်းနေသည်။
ယှဉ်ပြိုင်မှုရလာဒ်တွင် ပုဖန်မျှော်လင့်ထားသကဲ့သို့ပင် ရှောင်ရှောင်လုံက ရှုံးနိမ့်သွားလေသည်။ မနက်ခင်းတွင် ရှောင်ရှောင်လုံ ဆိုင်လာနောက်ကျသည်ကို ကြည့်၍ အခြားအချိန်များတွင်လည်း လက်လွှတ်စပယ် နေနေသည်ကို သိနိုင်လေသည်။ ယခုအချိန်တွင် သူက ကြီးမားလေးလံသော ဓါးကြီးနှင့် ရှောင်ရှောင်လုံကိုလေ့ကျင့်ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
“ကောင်းပြီ… ဒီနေ့နဲ့ မနက်ဖြန်.. တခြားဘာမှ လုပ်စရာမလိုဘူး… ဖြတ်တောက်ခြင်း နည်းပညာနံ့ အသားလွှာထွင်းထုခြင်း နည်းပညာတွေကိုပဲ လေ့ကျင့်ဖို့လိုတယ်.. ငါစိတ်မကျေမနပ်မခြင်း မရပ်ရဘူး…”
ပုဖန်က အေးဆေးစွာ ပြောလိုက်ပြီး ထွက်သွားလေသည်။ သူက ရှောင်ရှောင်လုံ၏ သနားစဖွယ် မျက်နှာကို ဂရုမစိုက်တော့ချေ။
ယုဖူက ရှောင်ရှောင်လုံကို စာနာသနားစွာ ကြည့်လိုက်လေသည်။ သူမက ပုဖန်၏ ကြီးမားလေးလံသော မီးဖိုချောင်သုံးဓါးကို အသုံးပြုရန် ကြိုးစားခဲ့ဖူးလေသည်။ ထိုစဉ်က ကြွအောင်ပင် မမနိုင်ခဲ့ပေ။
ရှောင်ရှောင်လုံက မကျေမနပ် ဖြစ်နိုင်သော်လည်း ဘာမှမတတ်နိုင်တော့ချေ။ ထိုဒုက္ခကို သူကိုယ်တိုင်ပင် ပြုလုက်ခဲ့သောကြောင့် ငိုနေရန်သာ တတ်နိုင်လေသည်။
ပုဖန် ဆိုင်ထဲသို့ ရောက်သည်နှင့် ဖက်တီးဂျင်တို့ လူစုနှင့် တက်ကြွနေသော ကွမ်းရှောင်ယီကို တွေ့လိုက်ရလေသည်။
“ပိုင်ရှင်ပု .. မင်္ဂလာပါ… မင်းကို မတွေ့ရတာတောင် တော်တော်ကြာနေပြီ…” ဖက်တီးဂျင်က ပုဖန်ကို တွေ့လိုက်သည်နှင့် တက်ကြွသွားပြီး နှစ်လိုဖွယ်ကောင်းစွာ ရယ်မောပြီး ပြောလိုက်သည်။
ဖက်တီးဂျင်တို့ ဆီမှအမှာစာရင်းများကို ကွမ်းရှောင်ယီက တက်ကြွစွာနှင့် မှတ်ထားလိုက်လေသည်။ ထို့နောက် ထိုစာရင်းများကို ပုဖန်ဆီသို့ ပေးလိုက်လေသည်။
ပုဖန်က ဖက်တီးဂျင်တို့ လူစုကို ပြန်လည်နှုတ်ဆက်လိုက်ပြီး ကွမ်းရှောင်ယီဆီမှ စာရင်းများကို ယူ၍ စတင်ချက်ပြုတ်ရန် မီးဖိုချောင်ရှိရာသို့ ပြန်သွားလိုက်လေသည်။
တခဏအတွင်းမှာပင် မီးဖိုချောင်ဘက်မှ သင်းပျံ့သော မွှေးရနံ့များ ဝေ့၀ဲထွက်ပေါ်လာလေသည်။ ပုဖန်ချက်ပြုတ်နေချိန်တွင် ယုဖူက အနီးတွင် တလေးတစား ရပ်နေပြီး ကြိုးစားသင်ယူနေလေသည်။ အခြားတစ်ဖက်တွင်မူ မကျေမနပ် ဖြစ်နေသော ရှောင်ရှောင်လုံက လက်နှစ်ဖက်နှင့် မီးဖိုချောင်သုံးဓါးကို ကိုင်ထားလေသည်။ ကြီးမားလေးလံသော ဓါးကို ကိုင်ထားရသောကြောင့် သူ၏ ဖြူဖျော့နေသော မျက်နှာက မျောက်ဖင်နီကဲ့သို့ နီရဲနေလေသည်။
ဆိုင်ငယ်လေး၏ ပုံမှန်စီးပွားရေးလုပ်ငန်းက စတင်လည်ပတ်နေလေသည်။ နဂါးအသည်း ရေခဲချောင်းကို
စားခဲ့သော ၀၀ဖိုင့်ဖိုင့် အဖိုးအိုလည်း ရောက်ရှိနေပြီဖြစ်သည်။ သူက နိုးထလာသည်နှင့် နဂါးအသည်း ရေခဲချောင်းကို စားသောက်လိုသောကြောင့် စောစီးစွာ ရောက်ရှိလာခြင်း ဖြစ်သည်။
ပုဖန်က ၀၀ဖိုင့်ဖိုင့် အဖိုးအိုက ဟင်းပွဲချပေးလိုက်လေသည်။ လှပလှသော ဟင်းပွဲက ဆိုင်အတွင်းမှ လူများအားလုံးကို ဆွဲဆောင်သွားလေသည်။
လမ်းကြားလေးဆီမှ ခြေသံတစ်ချို့ထွက်ပေါ်လာပြီးနောက် လူတစ်ယောက်က ဆိုင်ထဲသို့ ၀င်လာလေသည်။ ရိုးရှင်းသော အဖြူရောင်၀တ်ဆုံကို ၀တ်ဆင်ထားသည့် ဂျိချန်းရွဲ့၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်နေဟန်များ အတိုင်းသာ ပေါ်လွင်နေလေသည်။
“အာ… အရှင်မင်းကြီး…”
ကွမ်းရှောင်ယီက ဂျိချန်းရွဲ့ကို ဦးစွာ သတိပြုမိသွားပြီး အံ့အားသင့်သွားလေသည်။
“အရှင်မင်းကြီးက အလုပ်များတယ်မဟုတ်ဘူးလား… သူက ဘယ်လိုဖြစ်လို့ ဆိုင်မှာလာစားဖို့ အချိန်ရှိနေတာလဲ….”
ဂျိချန်းရွဲ့က ကွမ်းရှောင်ယီ၏ ခေါင်းကို အသာပုတ်၍ သက်ပြင်းချလိုက်ကာ ခုံလွတ်တစ်ခုတွင် ၀င်ထိုင်လိုက်သည်။
“ငါ့ကို အေးခဲကျောက်စိမ်း နှလုံးသားဝိုင်နဲံ့… ငါးခေါင်းတို့ဟူးစွပ်ပြုတ်တစ်ပွဲပေး…” ဂျိချန်းရွဲ့က ငြင်သာစွာ ပြောလိုက်သည်။ သူ၏ လက်ရှိအမူအယာက ကြီးမြန်လှသော ဧကရာဇ်တစ်ပါးနှင့် မတူပဲ စားကောင်းသောက်ဖွယ်များကို လာရောက်စားသောက်သော စားသုံးသူတစ်ယောက်နှင့်သာ တူနေလေသည်။
ကွမ်းရှောင်ယီက သူမှာသမျှကို မှတ်သားပြီးနောက် ပုဖန်ဆီသို့ ထွက်သွားလေသည်။
ဂျိချန်းရွဲ့၏ အမူအယာက အနည်းငယ် တွေဝေငေးမောသွားလေသည်။ စားသောက်ဆိုင်ငယ်လေး၏ လေထုက စိတ်ကျေနပ်စေပြီး ပို၍ သက်တောင့်သက်သာ ရှိစေလေသည်။ လက်ရှိအချိန်တွင် အင်ပါယာမြို့တော်က ပြသနာများနှင့် ရင်ဆိုင်နေရလေသည်။ နေ့စဉ်နေ့တိုင်းပင် အရေးကြီးသတင်းများ ပေးပို့နေသူများ ရှိနေပြီး သူ့အနေနှင့်အာရုံစိုက်နေရလေသည်။ သို့သော် ထိုသတင်းများတွင် ကောင်းသတင်းတစ်ခုမျှပင် မပါ၀င်ချေ။
မြို့များအားလုံးက စိတ်ဝိဥာဉ်သားရဲများ၏ ခြိမ်းခြောက်မှုကို ခံနေရပြီး လူများက ရုန့်ရင်းဆန်ခတ် ဖြစ်နေကြလေသည်။ အချို့မြို့များက အင်ပါယာမြို့တော်နှင့် အလှမ်းဝေးလှသောကြောင့် မြို့သို့ သိမ်းပိုင်ပြီး သူတို့ကိုယ်သူတို့ပင် ဘုရင်အဖြစ် ခံယူနေကြလေသည်။
ရက်အနည်းငယ်အတွင်းမှာပင် လေအလင်းအင်ပါယာက များပြားလှသော ပြသနာများကို ရင်ဆိုင်နေရသည်။ ထိုအချိန်တွင် လျန်ဖုသေဆုံးသော သတင်းက ရောက်ရှိလာရာ ဂျိချန်းရွဲ့၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်ခုလုံးက အလွန်ပင်ပန်းနွမ်းနယ်လေသည်။
တဏမျှ ကြာပြီးနောက် ပုဖန်က ဝိုင်အိုးတစ်လုံးကို ယူဆောင်လာပြီး ဂျိချန်းရွဲ့၏ ရှေ့တွင် ချပေးလိုက်ကာ ၀င်ထိုင်လိုက်သည်။ ထို့နောက် ပုဖန်က ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်လေသည်။
“မိန်းမစိုးခေါင်းဆောင်လျန်ဖု သေသွားပြီ…” ဂျိချန်းရွဲ့က ဖြေးဖြေးချင်း ပြောလိုက်ပြီး ဝိုင်ခွက်ကို မြှောက်လိုက်ကာ တစ်ရှိန်တိုး မော့သောက်လိုက်သည်။ ထို့နောက် ဝိုင်ခွက်ကို ပြန်ဖြည့်ထားလိုက်လေသည်။
ပုဖန်က တခဏမျှ ကြောင်အသွားလေသည်။
“မိန်းမစိုးခေါင်းဆောင်လျန်ဖု သေပြီ… လက်ညိုးနှင့် လက်ခလယ် နှစ်ချောင်းကို အမြဲပူးထားပြီးနေတတ်တဲ့ သူတော်စင်အဆင့် မိန်းမစိုးက သေသွားပြီလား…”
ထိုမိန်းမစိုး၏ စွမ်းအင်အဆင်က အားကောင်းလှသောကြောင့် အင်ပါယာမြို့တော်ကို အမြဲတစေ ကာကွယ်ပေးထားခဲ့လေသည်။ သူသာ သေဆုံးသွားပါက ဂျိချန်းရွဲ့နှင့် အင်ပါယာ တစ်ခုလုံးအတွက် ပြင်ထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်နိုင်ပေသည်။
ပုဖန်က က သေးငယ်သော စားသောက်ဆိုင်လေး၏ ပိုင်ရှင်အဖြစ် အင်ပါယာသို့ စရောက်လာစဉ်ကနှင့် မတူတော့ချေ။ သူ့အနေနှင့် တိုက်ကြီးတစ်ခုလုံး၏ ပြည်နယ်များကို နှံ့နှံ့စပ်စပ် မသိသေးသော်လည်း လေအလင်းအင်ပါယာနှင့် တောင်ပိုင်းနယ်နမိတ်၏ အကြောင်းများကို သိရှိလာပေသည်။ လေအလင်းအင်ပါယာက တောင်ပိုင်းနယ်နမိတ် တစ်ခုလုံးတွင် အင်အားအကြီးဆုံး မဟုတ်သောကြောင့် သူတော်စင်အဆင့် ကျွမ်းကျင်သူများက အင်ပါယာ၏ အရေးအကြီးဆုံး ဝှက်ဖဲများပင် ဖြစ်သည်။
ပုဖန်က ဂျိချန်းရွဲ့ကိုမည်သို့ နှစ်သိမ့်ပေးရမည်မှန်း မသိတော့ချေ။ ထိုမိန်းမစိုး သူ့ဆိုင်သို့ လာခဲ့စဉ်က အ၀တ်အစားများ ချွတ်၍ ပြန်လွှတ်ခဲ့သောလည်း ထိုသူက စိတ်၀င်စားဖွယ် ကောင်းသော လူတစ်ယောက်ဖြစ်သောကြောင့် အခြားတိုင်ခိုက်မှုများကို မလုပ်ခဲ့ပေ။
“ငါစိတ်မကောင်းပါဘူး…”
ပုဖန်က စိတ်ထိခိုက်ခံစားလိုက်ရလေသည်။ သူက ဝိုင်ကို သူ့အတွက် ငှဲ့လိုက်ပြီး ဂျိချန်းရွဲ့အတွက်လည်း ငှဲ့လိုက်လေသည်။ ထို့နောက် ဝိုင်ကို တရှိန်တိုး မော့သောက်လိုက်လေသည်။
ပုဖန်က ဝိုင်ခွက်ကို စားပွဲပေါ်ပြန်ချလိုက်ချိန်တွင် လမ်းကြားလေးဆီမှ လေတိုးသံတချို့နှင့် မြေတုန်ခါသံများကို ကြားလိုက်ရလေသည်။ အဝေးဆီမှ ပစ်လွှတ်လိုက်သော သံမဏိလှံတစ်ချောင်းက မြေပြင်ပေါ် စိုက်၀င်နေပြီး ပြင်ဆင်ထားသော လမ်းကြားလေး၏ ကြမ်းခင်းများကို ပျက်စီးသွားစေလေသည်။
စားသုံးသူများ အားလုံးက ကြောက်လန့်တကြားနှင့် ခုန်ထလိုက်ကြလေသည်။
ပုဖန်က အံ့အားသင့်သွားပြီး မျက်မှောင်ကြုံ့လိုက်ချိန်တွင် တစ်စုံတစ်ယောက်က လှံကိုမြေပြင်နှင့် ပွတ်ဆွဲလာသည့် အသံကို ကြားလိုက်ရလေသည်။
“ဒီဆိုင်ပိုင်ရှင်ဘယ်မှာလဲ… သူက ငါ့ညီကို သတ်ဖြတ်ရဲတယ်ဆိုတော့ ထွက်လာပြီး လာသေလိုက်…”
ထိုသူ၏ အေးစက်လှသော အသံက လေထဲတွင် တုန်ခါနေပြီး သတ်ဖြတ်ရန် ရည်ရွယ်ချက်နှင့် ဆိုင်ဆီသို့ လျောက်လာနေလေသည်။