အခန်း ၂၇၃ “ဒေါသနတ်ဆိုးခန်းမ၏ အကြီးအကဲ ရှားယု”
ကြီးမားလှသော လှုပ်ခတ်မှုက အဖက်ဖက်သို့ ပြန့်နှံ့သွားလေသည်။ ဆိုင်၏ ရှေ့တွင်လည်း ထိုသူက ဒေါသတကြီး အော်ဟစ်နေလေသည်။
ပုဖန်က တခဏမျှ ကြောင်တောင်တောင် ဖြစ်သွားလေသည်။
“ဒါ… ဒါက ဆိုင်ကို တစ်ယောက်ယောက် ပြသနာ လာရှာနေတာလား… အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်ပီးသွားတာတောင် ဆိုင်ကို ပြသနာ လာရှာရဲတဲ့သူ ရှိသေးတယ်ပေါ့…”
ဂျိချန်းရွဲ့ကလည်း အံ့အားသင့်သွားလေသည်။
ဆိုင်ထဲမှ လူများအားလုံးကလည်း ကြောင်အနေကြလေသည်။ စားသုံးသူများ အားလုံးက ဆိုင်ငယ်လေး၏ ကြောက်စရာကောင်းပုံကို သိရှိကြလေသည်။ မကြာသေးခင် အချိန်ကပင် ပြန်လည်ပြင်ဆင်ပြီးသော လမ်းကြားလေးပေါ်တွင် ရူးသွပ်မိုက်မဲသူတို့၏ သွေးများ ဖုံးလွှမ်းခဲ့ဖူးသည်။ ထို့ကြောင့် ဆိုင်ငယ်လေးကို မည်သူကမျှ လာရောက် ပြသနာ ရှာတော့မည်မဟုတ်ဟု ယုံကြည်ထားကြသော်လည်း တစ်စုံတစ်ယောက်က ရောက်ရှိလာပြီဖြစ်သည်။
ပုဖန်က ထိုင်ခုံမှ ထရပ်လိုက်ပြီး တံခါးပေါက်သို့ လျောက်သွားကာ အပြင်သို့ ကြည့်လိုက်လေသည်။ သိပ်သည်းလှသော မီးခိုးလုံးများ၏ နောက်ကွယ်မှ တောင်ကုန်းတစ်ခုကဲ့သို့ သော လူတစ်ယောက်၏ အသွင်သဏ္ဍာန်က ပေါ်ထွက်လာခဲ့သည်။
ပုဖန်က ထိုပုံရိပ်ကို စိုက်ကြည့်လိုက်ပြီး ရင်းနှီးကျွမ်း၀င်နေသည်ဟု ခံစားမိလေသည်။ ယခင်က ဝှိုက်တီသတ်ဖြတ်လိုက်သော လူများထဲတွင် ထိုသူနှင့် ဆင်တူသော လူတစ်ယောက် ပါနေသည်ဟု ခံစားမိလိုက်သည်။
လမ်းကြားလေးထဲမှ မီးခိုးလုံးများ ပျောက်ကွယ်သွားပြီးနောက် သံမဏိလှံရှည်ကို ကိုင်ဆောင်ထားသော လူတစ်ယောက် ထွက်ပေါ်လာလေသည်။ ထိုသူက တံခါး၀တွင် ရပ်နေသော ပုဖန်ကို မြင်လိုက်သောအခါ ဟန်လုပ်၍ ပြုံးလိုက်ပြီး လက်ထဲမှ လှံရှည်နှင့် ညွှန်လိုက်သည်။
“မင်းက ဆိုင်ရှင်လား…. ဒီတော့ ငါ့ညီကို သတ်လိုက်တာ… မင်းပေါ့….”
ပုဖန်ကို မေးလိုက်သော သူ၏ အသံက ကြည်လင်ပြတ်သားနေပြီး ခြိမ်းခြောက်နိုင်စွမ်း အပြည့်ရှိနေလေသည်။ ထိုသူ့ဆီမှ ပြင်းထန်လှသော လေပြင်းတစ်ခုက ဆိုင်သို့ တိုက်ခတ်လာသော်လည်း ဆိုင်က စနစ်၏ ကာကွယ်မှုအောက်တွင် ရှိနေသောကြောင့် ပုဖန်ဆီသို့ မရောက်မီမှာပင် ပျောက်ကွယ်သွားလေသည်။
ပြင်းထန်လှသော ဖိအားကြောင့် ပုဖန်၏ စိတ်ထဲတွင် တုန်လှုပ်သွားလေသည်။ သူ၏ရှေ့မှလူ ထုတ်ဖော်လိုက်သော ခွန်အားအရ ယခင်က ကြုံတွေ့ခဲ့ဖူးသော ကျွမ်းကျင်သူများထက် ပို၍ သန်မာပေသည်။ စစ်နတ်ဘုရားတစ်ပါးပင် ထိုသူကို မှီနိုင်လိမ့်မည်မဟုတ်ပေ။
ရှားယုကလည်း ကြောင်အသွားလေသည်။ ပုဖန်က သူ၏ ဖိအားအောက်တွင် အေးဆေးတည်ငြိမ်နိုင်မည်ဟု သူမျှော်လင့်ထားခြင်းမရှိခဲ့ပေ။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
သူက အဆင့်မြင့်အဆင့်သို့ မရောက်သေးသော်လည်း တစ်၀က်တစ်ပျက် အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ၏ အစစ်အမှန် စွမ်းအင် ကျင့်ကြံမှုက အဆင့်မြင့်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့ပြီး သူ၏ ခန္ဒာကိုယ်ကိုလည်း လေ့ကျင့်ထားလေသည်။ မြေရိုင်းလွင်ပြင်ဒေသထဲမှ မွန်းစတားကြီးများနှင့်ပင် တန်းတူ ယှဉ်ပြိုင်နိုင်ပြီဖြစ်သည်။ သူ၏ ရှေ့မှ လူငယ်က အင်ပါယာအဆင့်မျှသာ ရှိသေးသည်။
“အင်ပါယာအဆင့်…”
အင်ပါယာအဆင့်တစ်ယောက်ကို သတ်ရန်မှာ သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသည်ထက်ပင် လွယ်ကူနေလေသည်။
“မင်းရဲ့ ညီက ဘယ်သူလဲ…” ပုဖန်က သူ့ရှေ့မှလူကို ခပ်တည်တည်နှင့်မေးလိုက်သည်။
ရှားယုက ပုဖန်၏ အလေးမထားဟန်ကြောင့် ဒေါသထွက်သွားလေသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ မြေပြင်က အက်ကွဲသွားလေသည်။
“ငါ့ညီက မင်းကြောင့် သေသွားရတာတောင် သူဘယ်သူလဲ မင်းမသိဘူးပေါ့…”
ဆိုင်၏ ထောင့်တွင် အိပ်နေသော ဘလက်ကီက မပျော်မရွှင် အမူအယာနှင့် ထိုသူကို လှမ်းကြည့်လိုက်သည်။
ကြီးမားလှသော ဝှိုက်တီက ပုဖန်နောက်သို့ ရောက်ရှိနေပြီး အနီရောင် မျက်၀န်းများနှင့် ရှားယုကို စိုက်ကြည့်နေလေသည်။
ဂျိချန်းရွဲ့က ထိုင်ခုံမှ ထရပ်လိုက်သည်။ အခြားစားသုံးသူများကလည်း တောင့်တင်းနေကြလေသည်။
“ဟမ့်… မင်းက ဆိုင်ပြင်ထွက်မလာဘူးဆိုတော့ ငါက မင်းဆိုင်ကို ဖျက်စီးလိုက်ရတော့မှာပေါ့ …. မင်းဘယ်လိုစီးပွားရေးဆက်လုပ်မလဲဆိုတာ ကြည့်ရသေးတာပေါ့….”
ရှားယုက အေးစက်စက် ပြောလိုက်ပြီး ဆယ်မီတာအမြင့် လေထဲသို့ ခုန်တက်လိုက်လေသည်။ ထို့နောက် လက်ကို မြှောက်လိုက်ပြီး သူ၏ဒျန်တန်ထဲမှ အစစ်အမှန် စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ ကောင်းကင်ထက်တွင် ပြည့်နှက်လာသော စွမ်းအင်များက လက်ဖဝါးပုံသဏ္ဍာန်တစ်ခု ဖြစ်ပေါ်လာပြီး ထိုလက်ဖဝါးပေါ်တွင် ထူးခြားဆန်းကျယ်သော သင်္ကေတများ ပြည့်နှက်နေလေသည်။
ဆိုင်ထဲမှ လူများအားလုံး ထိတ်လန့်သွားကြလေသည်။ သူတို့က ထိုမြင်ကွင်းမျိုးကို တစ်ကြိမ်မျှင် မမြင်ဘူးခဲ့ချေ။
“ကောင်ကင်မှ အစစ်အမှန် စွမ်းအင် စုဆောင်းခြင်း….”
ထိုကဲ့သို့သော တိုက်ကွက်မျိုးကို သူတော်စင်အဆင့်တစ်ယောက်အနေနှင့် မထုတ်လွှတ်နိုင်ချေ။ သူတို့ရှေ့မှ ထိုသူက စစိနတ်ဘုရားတစ်ပါး ဖြစ်နိုင်လေသည်။
“ဘုရားရေ… အဲဒါ စစ်နတ်ဘုရားပဲ…”
ပုဖန်က အေးဆေးတည်ငြိမ်စွာနှင့် ကောင်းကင်ထက်မှ ရှားယုကို စိုက်ကြည့်နေလေသည်။ ထိုသူက ပုဖန်ကို အထင်အမြင် သေးစွာနှင့် ကောင်းကင်ထက်မှ လှောင်ပြောင်နေဟန် ရလေသည်။ သူက ဆိုင်ငယ်လေးကိူ အလွယ်တကူ ဖျက်စီးနိုင်မည်ဟု ယုံကြည်နေလေသည်။
ရှားယုက ဆိုင်ငယ်လေးတွင် အဆင့်မြင့် သားရဲတစ်ကောင် ရှိနေသည်ကို သိထားလေသည်။ သို့သော်လည်း သူက အဆင့်မြင့်သားရဲများကို စိန်ခေါ်ရဲလေသည်။ မြေရိုင်းလွင်ပြင်ဒေသ ဘုရားကျောင်းများထဲတွင် ဒေါသနတ်ဆိုးခန်းမမှ အကြီးအကဲများက ကြောက်ရွံ့့မှု ကင်းကြပြီး မိုက်ရူးရဲဆန်ကြသည်။
ပြင်ထန်လှသော ဖိအားကြောင့် ဆိုင်ထဲမှ လူများအားလုံးက တုန်ယင်နေကြပြီး စိ်ုးရိမ်ပူပန်နေကြသည်။ ကောင်းကင်တွင် ရှိနေသော အစစ်အမှန် စွမ်းအားများက သူတို့အားလုံးကို ဖျက်စီးပစ်တော့မည်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဂျိချန်းရွဲ့က ထိတ်လန့်နေသော်လည်း ဧကရာဇ်တစ်ပါး ဖြစ်သောကြောင့် ဟန်ဆောင်တည်ငြိမ်နေလေသည်။ သို့သော်လည်း သူ၏ မျက်၀န်းထဲတွင် စိုးရိမ်ပူပန်မှုများကို တွေ့န်ိုင်ပေသည်။
“ဒီ… ဒီလူက တကယ့်ကို ကျွမ်းကျင်သူ အစစ်အမှန်ပဲ… ဒီလိုလူမျိူးသာ အင်ပါယာကို ကာကွယ်ပေးထားမယ်ဆိုရင် ငါတို့မှာ စိုးရိမ်ပူပန်စရာ ရှိတော့မှာ မဟုတ်ဘူး…”
ဂျိချန်းရွဲ့က အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ ထိုသို့ သန်မာသော လူတစ်ယောက် သူဘက်တွင် ရှိနေရန် တောင့်တမိလေသည်. အတိတ်အချိန်များက သူတော်စင်အဆင့်ကို အသန်မာဆုံးဟု မှတ်ယူခဲ့သည်။ သို့သော်လည်း ပုဖန်နှင့် အခြားကျွမ်းကျင်သူများကို တွေ့ရှိပြီးနောက် သူက ကောင်းစွာ နားလည်သွားခဲ့သည်။ သူ၏ စိတ်ကူးများက ကမ္ဘာကြီးထဲတွင် နိမ့်ကျလွန်းပေသည်။ အစစ်အမှန် ကျွမ်းကျင်သူများက သူ၏ စိတ်ကူးနိုင်စွမ်းထက်ပင် ကျော်လွန်နေလေသည်။
“ရန်သူဆီမှ သတ်ဖြတ်ခြင်း အငွေ့အသက်ကို တွေ့ရှိပါတယ်… ခရမ်းရောင် မျက်လုံးကို ဖွင့်လှစ်လိုက်ပါပြီ….”
ဘုန်း….ဘုန်း….
ကြီးမားလှသော လက်ဝါးကြီး က ဆိုင်ငယ်လေးကို ဖျက်စီးရန် ရည်ရွယ်ချက်နှင့် ဆိုင်ငယ်လေးကို တိုက်ခိုက်လိုက်သည်။
ဘလက်ကီက ဖြည်းညင်းစွာ ထရပ်လိုက်သည်။ သူက အလွန်အမင်း ဒေါသထွက်နေလေသည်။
“ဘာကြောင့် ကြုံရာကျပမ်း တစိမ်းလူတွေက ဒီမှာလာပြီး သေဖို့ တောင်းဆိုနေတာလဲ.. ဘာကြောင့် သူတို့က ဒီခွေးကို ၀က်နံရိုးချိုချဉ်ကြော် ကောင်းကောင်း မစားနေစေတာလဲ…”
သို့သော် ဘလက်ကီပင် မလှုပ်ရှားရသေးခင်အချိန်မှာပင် လျပ်စီးကဲ့သို့ လျင်မြန်လှသောအဖြူရောင် အရိပ်တစ်ခုက ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။
ပြင်ထန်သောတုန်ခါမှုများ ဖြစ်ပေါ်လာခဲ့သည်။ ရှားယု၏ မျက်နှာပေါ်မှ ကြွက်သားများက တုန်ခါသွားပြီး သူ၏ အကြည့်များက အေးစက်သွားလေသည်။ ဆိုင်ငယ်လေးထဲတွင် လူများစွာ ရှိနေပြီး ပတ်၀န်းကျင်တွင် နေထိုင်သော လူများစွာလည်း ရှိနေလေသည်။ သို့သော် သူက ထိုသူများကို ဂရုမစိုက်ပဲ သူ၏ ညီငယ်နှင့် အတူတကွ မြှုတ်နှံရန် တွေးထားခဲ့သည်။
သို့သော်လည်း ဆိုင်ငယ်လေးကို တိုက်ခိုက်လိုက်ချိန်တွင် ထူးဆန်းလှသော အားတစ်ခုက သူတိုက်ခိုက်လိုက်သော နေရာတစ်ခုလုံးကို ပိတ်ဆို့ကာကွယ်ထားသည်ကို ခံစားလိုက်ရသည်။ သူ အစစ်အမှန် စွမ်းအင်လက်ဝါးက တဖြည်းဖြည်း အားနည်းလာလေသည်။
“အဆင့်မြင့်သားရဲကြီး ပါ၀င်လာတာလား...”
“လာစမ်းပါ… အဆင့်မြင့်သားရဲက ဘယ်လောက်သန်မာလဲဆိုတာကို… သိရအောင်… ဟား… ဟား… ဟား…”
ရှားယုက ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်ပြီး ရယ်မောလိုက်သည်။ ထိုသားရဲက သူ၏ ညီကို သတ်လိုက်ခြင်းဖြစ်ကြောင်း သေချာနေလေသည်။ ဆိုင်ပိုင်ရှင်က အင်ပါယာ အဆင့်သာ ဖြစ်သေးသောကြောင့် စစ်နတ်ဘုရားတစ်ပါး ဖြစ်သော သူ၏ ညီကို သတ်ဖြတ်နိုင်မည်မဟုတ်ပေ။
အစစ်အမှန် စွမ်းအင် လက်ဝါးက လေထဲတွင် လွင့်ပြယ်ပျောက်ကွယ်သွားပြီး လေပြင်းများ တိုက်ခတ်လာလေသည်။
ရှားယု၏ မျက်၀န်းထဲတွင် သူ့ဆီသို့ ဦးတည်လာသော ခရမ်းရောင် ပုံရိပ်တစ်ခုကို တွေ့့လိုက်ရသည်။ သူက လှံရှည်ကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်လိုက်ပြီး ခရမ်းရောင် ပုံရိပ်ကို တိုက်ခိုက်လိုက်လေသည်။ လှံရှည်၏ အမြန်နှုန်းက အံ့အားသင့်စရာ ကောင်းလှပေသည်။
……
အင်ပါယာ မြို့တော်၏ အပြင်ဘက်တွင် ရှန့်မုက လက်နှစ်ဖက်ကို နောက်ပစ်၍ အင်ပါယာမြို့တော်ရှိရာသို့ လက်နှစ်ဖက် နောက်ပစ်၍ လှမ်းမျှော်ကြည့်နေလေသည်။ သူ၏ နောက်တွင်လည်း ဒေါသနတ်ဆိုး ခန်းမမှ လူနှစ်ယောက် ရှိနေလေသည်။ သူက အင်ပါယာ မြို့တော်ကို အနည်ငယ် ကြောက်ရွံ့နေသော်လည်း ဖျက်စီးခံရမည်ကို မြင်လိုနေလေသည်။ အကြီးအကဲ ရှားယုက စတင်တိုက်ခိုက်နေပြီဖြစ်သည်။ ဆိုင်ငယ်လေး၏ နောက်တွင် အဆင့်မြင့်သားရဲ ရှိနေလျင်ပင် ဖျက်ဆီးခံရမည်သာ ဖြစ်သည်။
ဒေါသနတ်ဆိုးခန်းမ၏ အကြီးအကဲက တန်ခိုးရှင်အဆင့် ခန္ဒာကိုယ်ကို ရရှိခဲ့ပြီး ဖြစ်သောကြောင့် ဆိုင်ငယ်လေးတစ်ဆိုင်ကို ဖျက်စီးရန်မှာ အလွန်လွယ်ကူနေလေသည်။
ဒင်း…
ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာသောကြောင့် ရှန့်မုက မျက်လုံးမှာ မှေးကျဉ်း၍ ကောင်းကင်ထက်သို့ ကြည့်လိုက်ရာ မီးတောက်များ တောက်လောင်၍ ပျံဝဲတက်လာသော ငှက်တစ်ကောင်ကို တွေ့လိုက်ရလေသည်။ မီးတောက်ငှက်၏ ကျောပေါ်တွင် ၀၀ဖိုင့်ဖိုင့် လူတစ်ယောက် ထိုင်နေလေသည်။ မီးတောက်ငှက်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ အော်ရာများကြောင့် ရှန့်မုက စိတ်မသက်မသာ ဖြစ်သွားလေသည်။
“လေအလင်းအင်ပါယာရဲ့ အင်ပါယာ မြို့တော်မှာ ဘယ်လိုဖြစ်ပြီး ဒီလိုအရာတွေရှိနေတာလဲ…”
ထို၀၀ဖိုင့်ဖိုင့် အဖိုးအိုက ဖန်ဖန်ဆိုင်ငယ်လေးတွင် နဂါးအသည်းရေခဲချောင်းကို စားသောက်လာခဲ့သော အဖိုးအိုဖြစ်သည်။
“ဖန်ဖန် ဆိုင်ငယ်လေးမှာ အဆင့်မြင့်သားရဲတစ်ကောင် ရှိနေတယ်မဟုတ်လား… အဲတော့ ဆိုင်ကို လွယ်လွယ်ကူကူ ဖျက်စီးလို့ ရမှာ မဟုတ်ဘူး…”
၀၀ဖိုင့်ဖိုင့် အဖိုးအိုက အနည်းငယ် ရယ်မောလိုက်ပြီး သူ၏ ရှစ်မျိုးစိတ်ဝိဥာဉ်သစ်သီး ရှာလကာရည်ကို တစ်ငုံသောက်လိုက်သည်။
“အင်း… ဒီအရသာက နဂါးအသည်းနဲ့ တွဲဖက်လိုက်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမွန်လာခဲ့မယ်… အဲဒီတော့ ငါအရင်ဆုံး တောင်စဉ်တစ်ထောင်တောင်တန်းကို သွားပြီး ရေလွှမ်းမိုးခြင်း နဂါးကိုကြိုးစားပြီး ဖမ်းရမယ်… အောင်မြင်သွားရင်တော့ မျှော်စင်မှာ ရှိတဲ့ အရူးအိုကြီးတွေကို ရောင်းချပြီးတော့ ငါ့ရဲက အနာဂတ်အတွက် ကောင်းအောင် ပြုလုပ်ရမယ်…”
၀၀ဖိုင့်ဖိုင့် အဖိုးအို၏ နတ်ဆိုးတစ်ယောက်ပမာ ရယ်မောလိုက်သံက လေထုထဲတွင် ပြန့်နှံပသွားလေသည်။
အင်ပါယာ မြို့တော်အတွင်းမှ ကျယ်လောင်လှသော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မြို့တော့်တစ်ခုလုံးပင် တုန်ခါနေလေသည်။