အပိုင်း ၂၇၄
Viewers 53k

အခန်း ၂၇၄ “ဝှိုက်တီ၏ ပထမဆုံး ပြိုင်ဘက်…”


အင်ပါယာမြို့တော်၊ ရှောင်စံအိမ်တော်…


များပြားလှသော ဓါးရှည်သဏ္ဍာန် စွမ်းအင်များက အဆုံးအစမဲ့ ကျယ်ပြောလှသော ကောင်းကင်ကိုပင် ထိုးခွဲဖြတ်တောက်မယောင် ဖြစ်နေလေသည်။ ကြီးမားလှသော စိတ်ဝိဥာဉ်စွမ်းအင် ဓါးသဏ္ဍာန်က ရှောင်စံအိမ်တော်၏ အထက် လေထဲတွင် ဝေ့၀ဲနေပြီး များပြားလှသော အစစ်အမှန် စွမ်းအင်များက ထိုနေရာသို့ စုဝေးလာကာ ကြီးမားလှသော စိတ်ဝိဥာဉ်စွမ်းအင် ရေဝဲအဖြစ် ပြောင်းလဲသွားလေသည်။


စာဖတ်ခန်းထဲတွင် လျို့ဝှက်စာတစ်စောင်ကို အလေးအနက်ထား ဖတ်ရှုနေသော ရှောင်မန်၏ အမူအယာက ရုတ်တရက် ပြောင်းလဲသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက စာဖတ်ခန်းထဲမှ စံအိမ်တော်အလယ်သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ရှောင်မန်က ပျော်ရွှင်မှုများ ပြည့်နှက်နေသော အမူအယာနှင့် လျို့ဝှက်ခန်းကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားမှုများ အထင်းသားပေါ်လွင်နေလေသည်။


“ချိုးဖျက်သွားနိုင်ပြီလား…”


ရှည်လျားလှသော လေတိုးသံများ ထွက်ပေါ်လာပြီးနောက် ကောင်းကင်ကိုပင် ထက်ပိုင်းဖြတ်တော့မယောင် ထက်မြလှသော ဓါးစွမ်းအင်များက တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားကာ လျို့ဝှက်ခန်းက ပွင့်သွားလေသည်။ ထိုလျို့ဝှက်ခန်းထဲမှ အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။


ထိုသူက ထက်မြလှသော ဓါးရှည်တစ်ချောင်းနှင့် ဆင်တူနေလေသည်။ ရှောင်ယု၏ ပုံသဏ္ဍာန်က လုံးဝပြောင်းလဲသွားခဲ့သည်။သူက လေကိုပင် ဖြတ်တောက်ပစ်တော့မည့် ဓါးရှည်တစ်လက်နှင့် ဆင်တူနေပြီး သူ၏ မျက်၀န်းများကလည်း လမ်းတွင်ရှိနေသာ မည်သည့်အရာကိုမဆို ဖြတ်တောက်တော့မည်ကဲ့သို့ ထက်မြိစူးရှနေလေသည်။


“အဖေ… ကျွန်တော် အဆင့်ချိုးဖျက် တက်ရောက်နိုင်သွားပြီ…” ရှောင်ယုက သူ့ကို ပြုံး၍ ကြည့်နေသော ရှောင်မန့်ကို ပြောလိုက်သည်။


ရှောင်ယု၏ အက်ရှရှအသံက ရှောင်စံအိမ်တော်အတွင်း ပဲ့တင်ထပ်နေသည်။ ထို့နောက် လေတိုးသံတစ်ချက်နှင့်အတူ ထက်မြလှသော ဓါးတစ်ချောင်းက သူ့နောက်ကျောတွင် ထွက်ပေါ်လာသည်။ ရှောင်ယုက ရှောင်မန်ရှိရာသို့ လက်ညိုးညွှန်လိုက်လေသည်။


ရှောင်မန်က ကောင်းကင်ဘုံတွင် ရပ်နေရသကဲ့သို့ ဂုဏ်ယူဝံ့ကြွားစွာနှင့် ရယ်မောလိုက်သည်။ ထို့နောက် လက်သီးတွင် အစစ်အမှန် စွမ်းအင်များကို စုစည်းလိုက်ပြီး သူ့ဆီသို့ တိုး၀င်လာသော ရှောင်ယု၏ ဓါးစွမ်းအင်များကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ဓါးသမားတစ်ယောက်၏ ဓါးစွမ်းအင်များက အတုမရှိ စွမ်းအင်များနှင့် ပြည့်နှက်နေလေသည်။ ယခုအချိန်တွင် ရှောင်ယု၏ က သူတော်စင်အဆင့်တစ်ယောက် ဖြစ်လာလေပြီ။


သူတော်စင်အဆင့်နှစ်ယောက်နှင့် မိသားစု…


ရှောင်မိသားစု၏ ကံကြမာက အင်ပါယာ၏ ကံကြမာပင် ဖြစ်လာတော့မည်ဖြစ်သည်။


ဘုန်း….


သို့သော် ရှောင်ယုနှင့် ရှောင်မန်တို့၏ အပျော်များက ကြာကြာမခံလိုက်ပဲ မြို့တောအတွင်းမှ ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံများကြောင့် ထိတ်လန့်သွားကြသည်။ စွမ်းအင်များ ပြတ်တောက်သွားသကဲ့သို့ သူတို့နှစ်ယောက် အမူအယာများ ပြောင်းလဲသွားလေသည်။ အဖေနှင့် သား နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ ထိုစွမ်းအင်များ ပေါက်ကွဲရာ နေရာက ဖန်ဖန်ဆိုင်ငယ်လေး တည်ရှိရာ နေရာပင် ဖြစ်သည်။


“ပိုင်ရှင်ပုရဲ့ ဆိုင်…. ပိုင်ရှင်ပုက ပြသနာရှာနေပြန်ပြီလား…”


……


သံမဏိလှံရှည်က လေထုကို စုတ်ဖြဲတော့မည်ကဲ့သို့ တောက်ပနေလေသည်။ အနီရောင် တောက်ပနေသော လှံရှည်က ခံ့ညားထည်ဝါလှပြီး ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထိုလှံရှည်၏ တိုက်ခိုက်မှုအောက်တွင် သူတော်စင်အဆင့်တစ်ယောက်ပင် ခုခံနိုင်မည်မဟုတ်ပေ။ သို့သော် ခရမ်းရောင် အလင်းများက လေထုထဲတွင် ထွက်ပေါ်လာပြီး လှံရှည်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။


ဘုန်း….


ကျယ်လောင်လှသော အသံလှိုင်းများက ပဲ့တင်ထပ် ရိုက်ခတ်သွားလေသည်။ ထိုအသံများက လူတစ်ဦး၏ နားစည်များကိုပင် စုတ်ဖြဲပစ်လိုက်နိုင်သောကြောင့် စားသောက်ဆိုင်အတွင်းမှ စားသုံးသူများက ထိတ်လန့်စွာနှင့် သူတို့၏ နားများကို ဆုတ်ကိုင်ထားလိုက်ကြသည်။


၀ှိုက်တီ၏ ခရမ်းရောင်မျက်၀န်းများက အေးစက်တောက်ပနေလေသည်။ သူက လေထဲတွင် ကျွမ်းပစ်လိုက်ပြီး ဘောလုံးတစ်လုံးကဲ့ငို့ လှိမ့်လိုက်ကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် ကြောက်စရာကောင်းလှသော စွမ်းအင်များကိုထုတ်ဖော်လိုက်ကာ လေထဲသို့ ပြန်ခုန်တက်လိုက်လေသည်။ ထိုအချိန်တွင် သူ၏ စက်ရုပ်လက်က ကြီးမားလှသော ဓါးကြီးအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ ထိုအရာက အလွန်ကြောက်စရာ ကောင်းလှပေသည်။


ရှားယုကသန်မာလှသော သူ၏ လက်မောင်းအားကို အသုံးပြု၍ လေထဲတွင် လှည့်လည်နေသော လှံရှည်ကို ဆွဲယူလိုက်သည်။ သူ၏မျက်၀န်းများက အလင်းတန်းများ ထုတ်လွှင့်နေချိန်တွင် စွမ်းအင်များက နဂါးတစ်ကောင်ကဲ့သို့ သန်မာလှသည်။ သူက လှံရှည်ကို အမြှောက်ဆံတစ်ခုကဲ့သို့ ဝှိုက်တီဆီ ပစ်လွှတ်လိုက်သည်။ ထိုလှံ အရှိန်ကြောင့် လေထုပင် တုန်ခါသွားလေသည်။


ဘန်း…ဘန်း …. ဘန်း….


၀ှိုက်တီနှင့် ရှားယုတို့က လေထဲတွင် ထိပ်တိုက်တွေ့သွားကြသည်။


လူတစ်ယောက်နှင့် စက်ရုပ်တစ်ရုပ် သူတို့နှစ်ယောက်၏ ခန္ဒာကိုယ်များက အလွန်တရာ ကြီးမားလှသည်။ လှံရှည်နှင့် ဓါးတို့ကလည်း လေထဲတွင် အကြိမ်ပေါင်းများစွာ ထိခတ်နေပြီး မီးပွားများ လွင့်စင်ထွက်ပေါ်နေလေသည်။


ရှားယု၏ မျက်နှာကလည်း မုန်းတီးမှုများနှင့် တင်းမာနေလေသည်။ သူ၏ လှံရှည်က ရွာနေသော မိုးစက်များကဲ့သို့ မရပ်မနား ထိုးနှက်နေသည်။ ဝှိုက်တီ၏ စက်ရုပ်မျက်၀န်းထဲမှ ခရမ်းရောင် အလင်းများကလည်း ပို၍ ထူထပ်သိပ်သည်းလာလေသည်။


အောက်တွင် ရှိနေကြသော လူများ၏ စိတ်ထဲတွင် ဖိနှိပ်မှုများကို ခံစားလိုက်ရပြီး လေအေးများ ရှူသွင်းလိုက်ကြသည်။


“ဒါက ဘယ်လိုအဆင့်တွေရဲ့ တိုက်ပွဲလဲ…”


သူတို့က ထိုတိုက်ပွဲကို ကြည့်နေရုံနှင့်ပင် စိတ်နှလုံးထဲထိတိုင် ကြောက်ရွံ့ထိတ်လန့်လာပြီး မျက်နှာပေါ်တွင် အကြောက်တရာများက ထွက်ပေါ်နေလေသည်။


ပုဖန်က ဆိုင်တံခါးကို မှီ၍ တိုက်ပွဲကို ကြည့်နေလေသည်။ ထိုတိုက်ပွဲကို ကြည့်နေစဉ်တွင် သူ၏ မျက်၀န်းများက စိတ်လှုပ်ရှားမှုကြောင့် လင်းလက်တောက်ပနေလေသည်။


ဘလက်ကီက ပေါ့ပါးသော ခြေလှမ်းများနှင့် ဆိုင်၏ ၀န်းကျင်တွင် လျောက်နေလေသည်။ ထို့နောက် ကောင်းကင်ယံမှ တိုက်ပွဲကို စိတ်၀င်စားစွာနှင့် ကြည့်လိုက်လေသသည်။


“ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က တန်ခိုးရှင်အဆင့်ကို မရောက်သေးပေမယ့် သူ့ရဲ့ ခန္ဒာကိုယ်က တန်ခိုးရှင်အဆင့်ကို ရောက်ပြီးပြီ… သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တန်ခိုးရှင်အဆင့်အောက်ကို အားမနည်းနေဘူး…”


နောက်ဆုံးတွင်း သူ၏ ဆိုင်ငယ်လေးက ထိုသို့ သော လူတစ်ယောက်ကို ရန်စမိလိုက်ပြီဖြစ်သည်။


“အဲဒီတော့ရော ဘာဖြစ်သေးလဲ…”


ဘလက်ကီက ထိုအရာကိုစိတ်ထဲမထည့်တော့ဟန်နှင့် နှာခေါင်းရှုံ့လိုက်သည်။


ကျယ်လောင်လှသော ပဲ့တင်သံနှင့်အတူ ပုံရိပ်တစ်ခုက ကောင်းကင်ထက်မှ အရှိန်ပြင်းပြင်း ပြုတ်ကျလာလေသည်။ ထိုပုံရိပ်က အင်ပါယာမြို့တော်၏ အဓိကလမ်းမထက်သို့ ကျရောက်သွားပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းလှသော တွင်းပေါက်ကြီးတစ်ခု ဖြစ်သွားလေသည်။ ကံကောင်းထောက်မစွာနှင့် ထိုပုံရိပ် ကျသွားသည့် နေရာက ဆိုင်အနည်းငယ်သာ ရှိသော နေရာတစ်ခု ဖြစ်နေလေသည်။ ထို့အပြင် ထိုနေရာမှ လူများကအစောပိုင်းကပင် ဖယ်ခွာသွားကြပြီး ဖြစ်သည်။


လေထဲတွင် မီးခိုးငွေ့များနှင့် ဖုန်မှုန့်များ ပြည့်နှက်သွားလေသည်။ ခရမ်းရောင်မျက်၀န်းများနှင့် ဝှိုက်တီက ထိုအပျက်အစီးများကြားမှ ပြန်တက်လာခဲ့ပြီး ဝှိုက်တီ၏ ခရမ်းရောင် မျက်၀န်းများက ပို၍ လင်းလက်တောက်ပလာလေသည်။


ထူးခြားဆန်းကျယ်လှသော ခန္ဒာကိုယ်ပေါ်တွင် ဓါးဒဏ်ရာတစ်ခု ရှိနေသော ရှားယုက လေထဲတွင် ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေလေသည်။ သူ၏ မျက်နှာတွင်လည်း စိတ်လှုပ်ရှားများနှင့် ပြည့်နှက်နေလေသည်။


ရွပ်… ရွပ်…


အပျက်အစီးပုံများကြားမှ ဖြတ်တောက်သံနှစ်ချက် ကြားလိုက်ရပြီး အလွန်လျင်မြန်လှသော အရှိန်အဟုန်နှင့် ဓါးပျံနှစ်ခုက ရှားယုဆီသို့ ပျံသန်းလာလေသည်။


ရှားယု၏ မျက်၀န်းများက ကျဉ်းမြောင်းသွားလေသည်။


ဒင်… ဒင်း…


ရှားယုက သူ့လက်ထဲမှ လှံရှည်နှင့် ဓါးများကို ရိုက်ထုတ်လိုက်သည်။ သို့သော်လည်း ထိုဓါးများက လေထဲတွင် တစ်ပတ်မျှ ဝဲလည်သွားပြီး သူ့ဆီသို့ ပြန်လှည့်လာလေသည်။ ထိုဓါးပျံများမှ ကြောက်စရာကောင်းသော စွမ်းအင်များကြောင့် ရှားယုက သူ၏ခန္ဒာကိုယ်နှင့် ခုခံရန် မစဉ်းစားဝံ့ချေ။ ဓါးပျံများက သူ၏ ထူးခြားဆန်းကျယ်လှသော ခန္ဒာကိုယ်ကို အမှန်တကယ်ပင် ဖျက်စီးနိုင်လေသည်။


သူ၏ရှေ့တွင် ရှိနေသောအရာက အဆင့်မြင့်သားရဲ ဟုတ်မဟုတ် မသေချာသော်လည်း ထိုသူ၏ တိုက်ခိုက်ရေးစွမ်းရည်များက အားကောင်းလှပေသည်။ ထိုအရာမှ အစစ်အမှန် စွမ်းအင်များ ထွက်ပေါ်နေခြင်း မရှိသောလည်း အထင်သေးရဲခြင်း မရှိပေ။


“သေပေတော့ …”


ရှားယုက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဓါးပျံနှစ်ချောင်းကို ရိုက်ချက်တစ်ချက်နှင့် ပိတ်ဆို့၍ ဖယ်ရှားလိုက်သည်။ ထို့နောက် သူ၏ ခန္ဒာကိုယ်ကို အမြောက်ဆံတစ်ခုကဲ့သို့ မြေပြင်ပေါ်မှ ဝှိုက်တီပေါ်သို့ ထိုးချလိုက်လေသည်။ ထို့နောက် သူတို့နှစ်ယောက်က လက်နှက်မဲ့ စတင်တိုက်ခိုက်ကြလေသည်။


အင်ပါယာမြို့တော်၏ လမ်းမရှည်က အက်ကြောင်းများနှုင့် ပြည့်နှက်နေလေသည်။ အပေါ်ယံမြေလွှာက လုံး၀ပျက်စီးသွားပြီး ထိုနေရာမှ ကျောက်စရစ်များနှင့် သဲများ လွင့်ပျံနေလေသည်။ ထိုသဲကျောက်စရစ် မုန်တိုင်းကြောင့် ပတ်၀န်းကျင်ရှိ အိမ်များတွင် အပေါက်များ ဖြစ်ပေါ်လာလေသည်။


ရှားယုက အလွန်သန်မာလှသည်။ သူ၏ ခန္ဒာကိုယ်သက်သက်နှင့်ပင် တန်ခိုးရှင်အဆင့်ကို တိုက်ခိုက်နိုင်လေသည်။ မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်းတွင်ပင် သူ၏ အဆင့်အတန်းက နိမ့်ကျခြင်းမရှိပဲ ဒေါသနတ်ဆိုးခန်းမ၏ အကြီးအကဲ ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ ထိုခန်းမက ခန္ဒာကိုယ်ကျင့်ကြံခြင်းကို အလေးထား လေ့ကျင့်ကြသောကြောင့် သူ၏ ခန္ဒာကိုယ်စွမ်းရည်က မယုံနိင်စရာ သန်မာနေခြင်း ဖြစ်သည်။


၀ှိုက်တီက အစစ်အမှန်စွမ်းအင်များ ပိုင်ဆိုင်ထားခြင်း မရှိသော်လည်း စားသောက်ဆိုင်လေးကို စတင်ကာကွယ်ခဲ့သည့် အချိန်မှစ၍ မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို အ၀တ်ချွတ်၍ လွင့်ပစ်နိုင်ခဲ့သည်။ ယခုအကြိမ်က ပထမဆုံးအနေနှင့် ကြောက်စရာကောင်းလှသော ပြိုင်ဘက်နှင့် တွေ့ကြုံရပြီး အနီးကပ် တိုက်ခိုက်ဖူးခြင်းပင် ဖြစ်သည်။


ပုဖန်က အံ့အားတသင့် ဖြစ်နေလေသည်။ ဤပြသနာကောင်က အလွန်သန်မာပုံပေါ်လေသည်။ ဝှိုက်တီက သူ၏ တိုက်ခိုက်မှုစွမ်းရည်များကို အဆက်မပြတ်မြှင့်တင်နေသည်ကို သူတွေ့နေရလေသည်။ ထိုအချိန်မှာပင် ကျယ်လောင်လှသော အသံများ ထပ်မံထွက်ပေါ်လာပြီး ပုံရ်ိပ်နှစ်ခုက တစ်နေရာစီ ကွဲသွားကာ မြေပြင်ပေါ်တွင် ကြီးမားလှသော အက်ကြောင်းများကို ချန်ထားခဲ့လေသည်။


ရှားယုက အပြင်းအထန်ပင် အသက်လူရှူနေရပြီး သူ၏ ခန္ဒာကိုယ်ပေါ်တွင် ဓါးဒဏ်ရာများ ပြည့်နှက်နေကာ သွေးများ ဖုံးလွှမ်းနေလေသည်။


၀ှိုက်တီ၏ ခရမ်းရောင်မျက်၀န်းများကလည်း မယုံနိုင်စရာအမြန်နှုန်းနှင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေသည်။ ဝှိုက်တီ၏ ၀၀ဖိုင့်ဖိုင့် ခန္ဒာကိုယ်ပေါ်တွင် လက်သီးရာများနှင့် လှံရှည်ရာများ ပြည့်နှက်နေလေသည်။


ထိုအချင်းအရာကို ကြည့်ခြင်းဖြင့် တိုက်ပွဲက အလွန်ခက်ခဲကြောင်း သိသာနေသည်။ သို့သော်လည်း ရှားယုနှင့် ယှဉ်လိုက်လျင် ဝှိုက်တီက ကြီးမားလှသော အားသာချက်တစ်ခု ရှိနေလေသည်။ သူက ဘယ်သောအခါမျှ မောပန်းလိမ့်မည်မဟုတ်ပေ။ ရှားယုက မည်မျှပင် သန်မာစေကာမူ လူသားတစ်ယောက် ဖြစ်သောကြောင့် အချိန်ကြာလာသည်နှင့် မောပန်းနွမ်းနယ်လာပေလိမ့်မည်။


ထို့ကြောင့်ရှားယုက ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း တွေးလိုက်မိသည်။ ထိုသို့ မဟုတ်ပါက စက်ရုပ်၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ ရှားယုက လက်ထဲမှ အဆောင်ပြားကို ဖိနှိပ်လိုက်လေသည်။ ကောင်းကင်တွင် အလင်းတန်းများ ထွက်ပေါ်လာပြီး အလင်းတန်းများအလယ်မှ ကမ္ဘာမြေပင် တုန်လှုပ်သွားစေလောက်သော ကြီးမားလှသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။


ကောင်းကင်ဘုံထိတိုင်အောင် ပဲ့တင်ထပ်သွားသော ကျယ်လောင်လှသည့် နဂါးအော်သံက အင်ပါယာမြို့တော်တခွင် ပြန့်နှံ့သွားလေသည်။


ရေလွှမ်းမိုးနဂါး၏ ကြောက်မက်ဖွယ် ဖိအားကြောင့် အင်ပါယာမြို့တော်ထဲမှ လူများအားလုံး စိုးရိမ်ထိတ်လန့်သွားကြလေသည်။


“ဟားဟား… မင်းရဲက အရုပ်က တော်တော်သန်မာတာပဲ.. ငါက မင်းရဲ့ စားသောက်ဆိုင်ကို ဘာမှ မလုပ်နိုင်ဘူးဆိုတာကို ၀န်ခံပါတယ်… ဒါပေမယ့်… ငါဒါကို မေ့လိုက်မှာ မဟုတ်ဘူး… မင်းရဲ့ ဆိုင်မှာ တခြား ဘာဝှက်ဖဲတွေ ရှိသေးလဲ… ဟမ့်… တကယ်လို့ ငါ့ရဲ့ အကိုကြီး တိုင်ရွန်သာ မင်းဆိုင်ကို ဖျက်စီးခြင်တယ်ဆိုရင် သူက အလွယ်တကူ လုပ်ဆောင်နိုင်တယ်… ငါ့ရဲ့ ညီကို သတ်လိုက်တဲ့အတွက် မင်းရဲ့ ဘ၀နဲ့ ပြန်ပေးဆပ်ရမယ်….”


ရှားယုက လက်ထဲတွင် လှံရှည်ကို ဆုတ်ကိုင်ထားပြီး ရယ်မောလိုက်ကာ ဖိအားများကို ထုတ်လွှင့်လိုက်သည်။ သူ၏ မျက်၀န်းထဲတွင်လည်း မုန်းတီးရက်စက်မှုများနှင့် သူ့ကိုယ်သူ ယုံကြည်မှုများနှင့် ပြည့်နှက်နေလေသည်။ သူ့နောက်မှ ကောင်းကင်ယံထက်တွင် ရက်စက်ကြမ်းကြုတ်ပုံပေါ်သော အဆင့်ရှစ် စိတ်ဝိဥာဉ်သားရဲတစ်ကောင် ရှိနေလေသည်။ ထိုသားရဲက မြေရိုင်းလွင်ပြင်ဒေသမှ ရေလွှမ်းမိုးနဂါးပင် ဖြစ်သည်။