အပိုင်း ၂၇၅
Viewers 62k

အခန်း ၂၇၅ “နဂါးအသားနဲ့ လုပ်ထားတဲ့ နံရိုးချိုချဉ်ကြော်က အရသာအရှိဆုံးပဲ…”


ရေလွှမ်းမိုးနဂါးက နဂါးစစ်စစ် မဟုတ်သော်လည်း သူ၏ သွေးကြောထဲတွင် နဂါးသွေးများ စီးဆင်းနေသောကြောင့် စိတ်ဝိဥာဉ်သားရဲများထဲတွင် မြင့်မားသော အဆင့်အတန်း ရှိသည်။ အနက်ရောင်အကြေးခွံများမှ အလင်းရောင်များ ထုတ်လွှင့်နေပြီး သူ၏ တောင်ပံကို ခတ်လိုက်ရာ လေပြင်းများ တိုက်ခတ်လာလေသည်။ ထို့နောက် သူ၏ ပါးစပ်ကို ဖွင့်လိုက်ပြီး နားကွဲစေလောက်သော ဟိန်းဟောက်သံများ ထွက်ပေါ်လာလေသည်။


ရေလွှမ်းမိုးနဂါး၏ သွင်ပြင်က ကြီးမားလှသော တောင်ပံပါသည့် ကင်းလ်ိပ်လျောတစ်ကောင်နှင့် တူနေလေသည်။ ထိုရေလွှမ်းမိုးနဂါးနှင့် နဂါးအစစ်တို့ ကြားတွင် ကြီးမားလှသော ကွဲပြားချက်များ ရှိသော်လည်း သားရဲများကြားတွင် မြင့်မားသော အဆင့်အတန်းနှင့် ရပ်တည်နေနိုင်လေသည်။


ထိုနဂါး၏ နားကွဲလောက်စေသော ဟိန်းဟောက်သံက အင်ပါယာ မြို့တော်တစ်ခုလုံးကို ပြန့်နှံ့သွားပြီး မြေပြင်ပင် တုန်ခါသွားလေသည်။ 


အင်ပါယာ မြို့တော်ထဲမှ ပြည်သူပြည်သားများက ကြီးမားလှသော နဂါးကြီးကို မော့ကြည့်ပြီး ထိတ်လန့်ကြောက်ရွံ့နေကြသည်။ သူတို့အတွက် ထိုမွန်းစတားကြီးက ကပ်ဘေးတစ်ခုပင် ဖြစ်သည်။


ပုဖန်က ကောင်းကင်ပေါ်မှ ဧရာမ နဂါးကြီးကို မော့ကြည့်လိုက်ပြီး သူ၏ မျက်၀န်းများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာလေသည်။ သူမမျှော်လင့်ထားစွာပင် ထိုဧရာမ အိမ်မြှောင်ကြီးက ရေလွှမ်းမိုးနဂါး ဖြစ်နေလေသည်။ ထိုရေလွှမ်းမိုးနဂါး၏ အသည်းက အလွန်အရသာ ရှိသည်ဟု ပြောကြလေသည်။


ရှားယုက ဆိုင်ကို စိတ်အားထက်သန်စွာနှင့် ကြည့်လိုက်ပြီးနောက် သူ့လက်ထဲမှ လှံရှည်နှင့် ဝှိုက်တီကို ညွှန်၍ ပြောလိုက်သည်။


“ညီအကို တိုင်ရွန်… ဒီဆိုင်ကို ဖျက်ဆီးလိုက်…”


ထို့နောက် သူက ဝှိုက်တီကို စူးရှစွာ ကြည့်လိုက်ပြီး သူ့လက်ထဲမှ လှံရှည်ကို အားပြင်းစွာ ပစ်ထုတ်လိုက်လေသည်။ စူးရှကျယ်လောင်သော လေတိုးသံတစ်ခုနှင့်အတူ လှံရှည်က လေထုကို ထိုးခွဲ၍ ပြေးထွက်လာပြီး အောက်မှ မြေပြင်များပင် အက်ကွဲသွားလေသည်။


ဒင်…. 


ကျယ်လောင်သော အသံလှိုင်းတစ်ခုက ပတ်၀န်းကျင်သို့ ပြန့်နှံ့သွားလေသည်။ အရှိန်အဟုန်နှင့် ပျံသန်းလာသော လှံရှည်က ဝှိုက်တီ ရိုက်ထုတ်လိုက်မှုကြောင့် လာရာလမ်းအတိုင်း ပြန်လှည့်သွားပြီး ရှားယု၏ လက်ထဲပြန်ရောက်သွားသည်။ 


ရှားယုက လက်မှ အားအင်များကို စုစည်းလိုက်ပြီး လှံရှည်ကို ဝှိုက်တီရှိရာသို့ နောက်တစ်ကြိမ် ပစ်လွှတ်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက် ပုံရိပ်များက ေ၀၀ါးသွားပြီး မြေပြင်ပေါ်တွင် နောက်တစ်ကြိမ် တိုက်ခိုက်ကြလေသည်။


အချိန်ကြာလာသည်နှင့်အမျှ ရှားယု၏ အခြေအနေက ပိုမိုဆိုးဝါးလာသည်ကို ကြည့်ရှုနေသူများ အားလုံးက သတိပြုမိလိုက်ကြသည်။ သူက လူသားတစ်ယောက်ပင် ရှိသောကြောင့် သူ၏ အမြင့်မားဆုံး တိုက်ခိုက်ရေးစွမ်းရည်ကို ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူက ရေလွှမ်းမိုးနဂါးကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။


ရေလွှမ်းမိုးနဂါး၏ ခြိမ်းခြောက်နိုင်သော အော်ရာများအောက်တွင် သူ၏ အခြေအနေက ပိုမိုကောင်းမွန်လာပြီး သူ၏ ညီအကို တိုင်ရွန်၏ ပြင်းထန်လှသော စွမ်းအားများအောက်တွင် ဆိုင်ငယ်လေးက ဖျက်ဆီးခံရမည်ဖြစ်သည်။ 


ထိုအကြောင်းအရာကို တွေးလိုက်မိသည်နှင့် ရှားယုက သဘောကျ နှစ်သက်သွားပြီး အတောမသတ်နိုင်အောင် ရယ်မောလိုက်လေသည်။ထို့နောက် သူ၏ လှုပ်ရှားမှုများက သွက်လက်လာလေသည်။ သို့သော်လည်း ဆိုင်ထဲမှာ ရှိနေသော လူများ၏ အမူအယာကြောင့် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိလာလေသည်။ 


ဆိုင်ထဲမှ ပုဖန်နှင့် အခြားသူများက ထိတ်လန့်တုန်လှုပ်နေခြင်း မရှိကြပေ။ သူတို့က အဆင့်ရှစ် ရေလွှမ်းမိုးနဂါး၏ အော်ရာများအောက်တွင် ဖိအားအနည်းငယ်ကို ခံစားနေရသော်လည်း သူတို့၏ မျက်၀န်းထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ရှိမနေပဲ ထူးဆန်းသည့် အကြည့်များသာ ရှိနေလေသည်။


ရေလွှမ်းမိုးနဂါးက ကြီးမားလှသော မျက်၀န်းများနှင့် ဆိုင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အဆင့်ရှစ် စိတ်ဝိဥာဉ်သားရဲတစ်ကောင်အနေနှင့် ဥာဏ်အလင်းအနည်းငယ် ရရှိနေပြီ ဖြစ်သောကြောင့် သူက ရှားယု၏ တွဲဖက်အဖြစ် ကောင်းစွာ နားလည်နေလေသည်။ အဆင့်ရှစ် သားရဲတစ်ကောင်အနေနှင့် ဆိုင်ငယ်လေးတစ်ဆိုင်ကို ဖျက်ဆီးရခြင်းက လွယ်ကူလှပေသည်။ သူ့ကို တောင်တစ်တောင်ကို ရွေ့ခိုင်းလျှင်ပင်ခက်ခဲနေဦးမည်ဖြစ်သည်။ 


ရေလွှမ်းမိုးနဂါးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အသံလှိုင်းများနှင့် ဆိုင်ကို ဖိနှိပ်လိုက်လေသည်။ သူ၏ ပါးစပ်မှ အနီရောင် မီးတောက်အငွေ့များ ထွက်လာလေသည်။ နဂါးမျိုးနွယ်နှင့် ပတ်သတ်သည့် စိတ်ဝိဥာဉ်သားရဲများက နဂါးများ၏ စွမ်းရည်များကို ဆက်ခံရရှိထားကြသည်။ မီးတောက်များကို ဆိုင်ရှိရာသို့ မှုတ်ထုတ်လိုက်ပြီးသည်နှင့် ရေလွှမ်းမိုးနဂါး၏ မျက်၀န်းများထဲတွင် ရက်စက်သည့် အငွေ့အသက်များ ထွက်ပေါ်လာလေသည်။


မီးတောက်များက သူ၏ လမ်းကြောင်းပေါ်မှ အရာအားလုံးကို လောင်ကြွမ်းတော့မည်ဟု ထင်ရလေသည်။


ပြင်းထန်အားကောင်းလှသည့် စွမ်းအင်များကြောင့် ဆိုင်ထဲမှ လူများအားလုံးက တည်ငြိမ်မှုကို ဆက်မထိန်းထားနိုင်တော့ပဲ အများစုက ကြမ်းပြင်ပေါ်သို့ ပြိုကျသွားကြသည်။ 


ဧကရာဇ် ဂျိချန်းရွဲ့က တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်သော်လည်း သူ၏ မျက်နှာပေါ်တွင် သွေးရောင်မရှိတော့ပဲ လူသေတစ်ယောက်ကဲ့သို့ ဖြူဖျော့နေလေသည်။ သူ၏ မျက်၀န်းထဲတွင်လည်း မီးတောက်များသာ ပြည့်နှက်နေပြီး သူ့ကိုယ်သူ အားနည်းလှသည်ဟု ထင်မြင်မိလေသည်။ 


ဂျိချန်းရွဲ့က အကူအညီမဲ့ခဲ့သည့် အချိန်များစွာကိုပြန်လည်အမှတ်ရသွားသည်။ ယခင်ဧကရာဇ်မင်း၏ အသုဘအခမ်းအနားတွင် ပြသနာဖြစ်စေခဲ့သော ကျောက်မူရှန်နှင့် ငါးလမ်းကြောင်း သိမြင်မှု သစ်သီးအတွက် ရောက်လာခဲ့ကြသော သူတော်စင်အဆင့် စစ်နတ်ဘုရားအဆင့်များကို မြင်လိုက်ပြီးနောက် ကမ္ဘာကြီး၏ သန်မာမှုကိုရှင်းရှင်းလင်းလင်း သိမြင်လာလေသည်။ သူ၏ လက်ရှိသန်မာမှုက အလွန်အားနည်းလှပြီး ပြသနာများကို ဖြေရှင်းနိုင်သော စွမ်းအားလည်း မရှိသေးချေ။


ပြင်းထန်လှသော နဂါးမီးတောက်များက ဆိုင်ပတ်ပတ်လည်မှ အိမ်များကို ပျက်ဆီးသွားစေလေသည်။ 


“မိုက်မဲလိုက်တဲ့ အိမ်မြှောင်ကောင်… ဒီခွေးဘုရင်ဆီကို တံတွေးလာမထွေးနဲ့ အခုချက်ချင်း ပြန်မျိုလိုက်စမ်း…”


နဂါးမီးတောက်များက ဆိုင်သို့ ရောက်ခါနီးမှာပင် စိတ်မသက်မသာ ဖြစ်နေသည့် အသံနှင့် အမျိုးသားတစ်ယောက်၏ အသံက ထွက်ပေါ်လာလေသည်။ ဆိုင်၏ ရှေ့တွင် ရပ်နေသော သေငယ်သည့် အနက်ရောင်ခွေးကြီးက ရှေ့သို့ လှမ်းလိုက်သည်။ သူပါးစပ်ဟလိုက်သည်နှင့် နားကွဲလောက်သော အသံတစ်ခုနှင့်အတူ ပြင်းထန်လှသော စွမ်းအင်များ ထွက်ပေါ်လာလေသည်။


ဆိုင်ငယ်လေးထဲမှ ပုဖန်၏ နောက်ကျောတွင် ပုန်းကွယ်နေသော ကွမ်းရှောင်ယီက စိတ်လှုပ်ရှားနေသော မျက်နှာအမူအယာနှင့် ဘလက်ကီကို ကြည့်နေလေသည်။


“နောက်ဆုံးတော့ ဘလက်ကီက တိုက်ခိုက်တော့မှာပေါ့…”


ဘလက်ကီ၏ ဟောင်သံက အင်အားပြည့်ဝြပီး ကျယ်လောင်လှသောလည်း ရေလွှမ်းမိုးနဂါး၏ ဟိန်းဟောက်သံနှင့် ယှဉ်လိုက်လျင် ရယ်စရာကောင်းနေလေသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာပင် အံံအားသင့်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေပြီး မြေပြင်ကို ဖျက်စီးနိုင်လောက်သည့် နဂါးဟိန်းသံက ရပ်တန့်သွားလေသည်။ ရိုးရှင်းလှသော ဟောင်သံကြောင့် ထိုစွမ်းအင်များက နဂါးရှိရာသို့ ပြန်လှည့်သွားလေသည်။


သူ၏ ကိုယ်ပိုင်စွမ်းအများကြောင့် အပြင်းအထန် ထိခိုက်သွားသောရေလွှမ်းမိုးနဂါးက တောင်ပံများကို ကြမ်းတမ်းစွာ ခတ်လိုက်ပြီး မသက်မသာနှင့် ဟိန်းဟောက်လိုက်လေသည်။ 


ချက်ချင်းထွက်ပေါ်လာသော လှောင်ပြောင်ရယ်မောသံတစ်ခုက ထွက်ပေါ်လာလေသည်။ 


လေထဲတွင် မီးခိုးညှော်နံ့များနှင့် အသားကင်ရနံ့များ ထွက်ပေါ်လာလေသည်။ 


နဂါးမီးတောက်များ ပျောက်ကွယ်သွားပြီးနောက် ကြီးမားလှသော ရေလွှမ်းမိုးနဂါး၏ ပုံရိပ်က ပြန်ပေါ်လာလေသည်။ နဂါးကြီး၏ မျက်၀န်းများက နီရဲနေပြီး သူ၏ ဦးခေါင်းတစ်ခုလုံးက အကင်ခံထားရလေသည်။ သူ့ခန္ဒာကိုယ်ပေါ်မှ အကြေးခွံများကလည်း ပြုတ်ကျသည်အထိ အကင်ခံထားရလေသည်။


“ကိုယ်ပိုင်စွမ်းအင်တွေနဲ့ ပြန်လောင်ကျွမ်းခံရခြင်း… ဒါကဘယ်လိုတောင် ကြီးမားတဲ့ အရှက်ကွဲမှုမျိုးလဲ… အဲဒီသေသင့်တဲ့လူသားတွေက ဒီနဂါးသခင်ကို လှောင်ပြောင်နေတာလား… သူတို့သေရမယ်… သေကိုသေရမယ်…”


အလွန်အမင်း ဒေါသထွက်လာသော ရေလွှမ်းမိုးနဂါးက သူ့နောက်ကျောမှ တောင်ပံတစ်စုံကို ကြမ်းတမ်းစွာ ခတ်လိုက်ပြီး ဆိုင်ရှိရာသို့ ဦးတည်လိုက်သည်။ သူ၏ နဂါးမီးတောက်များက ထိုဆိုင်ကို မဖျက်ဆီးနိုင်လျင် သူကိုယ်တိုင် ဖျက်ဆီးရမည်ဖြစ်သည်။ တောင်တစ်တောင်ကဲ့သို့ အရွယ်အစား ကြီးမားလှသော ရေလွှမ်းမိုး နဂါးက ဆိုင်တစ်ဆိုင်ကို မဆိုထားနှင့် တောင်တစ်တောင်ကိုပင် ဖျက်ဆီးနိုင်လေသည်။


အခြားတစ်ဖက်တွင် ရှားယုနှင့် ဝှိုက်တီတို့ ပြင်းထန်စွာ တိုက်ခိုက်နေကြသောကြောင့် မီးပွားလေးများက နေရာအနှံ့ လွင့်စင်နေလေသည်။ လူတိုင်း၏ နားထဲတွင်လည်း ကြမ်းတမ်းလှသော တုန်ခါသံများကို အဆက်မပြတ် ကြားနေရလေသည်။ သူတို့နှစ်ယောက်နှင့် ယှဉ်လိုက်လျင် အရှိန်အဟုန်နှင့် လာနေသော ရေလွှမ်းမိုးနဂါးက ပို၍ ဖိနှိပ်နိုင်စွမ်းရှိပြီး ကြောက်မက်ဖွယ် ကောင်းနေလေသည်။


ဂရား…


လေပြင်းတစ်ခုကဲ့သို့ ပြင်းထန်လှသော ဟိန်းဟောက်သံတစ်ခုနှင့်အတူ ရေလွှမ်းမိုးနဂါးက မြေပြင်ပေါ်သို့ ဆင်းသက်လာလေသည်။


“ဖျက်ဆီးပစ်ရမယ်…..”


ရေလွှမ်းမိုးနဂါး၏ ရုပ်ဆိုးလှသော မျက်နှာက ပိုမိုနီးကပ်လာသည်နှင့် သူ၏ ခေါင်းပေါ်မှ အသားကင်ရနံ့များကို အားလုံးက ရှူရှိုက်မိလိုက်ကြသည်။ စားသုံးသူများ အားလုံး၏ စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်လာပြီး သူတို့၏ နှလုံးသားများပင် ပါးစပ်မှ ထွက်ကျလာတော့မယောင် ခံစားနေရကာ ယောင်ယမ်း၍ မျက်လုံးများ မှိတ်ထားကြလေသည်။ သို့သော် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက် မည်သည့်သက်ရောက်မှုမျှ မခံစားရသည်ကို ခံစားလိုက်ကြရသည်။


ဂရုမစိုက်စွာပင် တံခါးဘောင်ကို မှီထားသော ပုဖန်၏ ဆံနွယ်များက တဖျပ်ဖျပ် လွင့်ခါနေလေသည်။ 


“သူ့ရဲ့အလောင်းကို မပျက်စီးစေနဲ့… အဆင့်ရှစ်နဂါးရဲ့ အသည်းက တော်တော်လေး တန်ဖိုးရှိတယ်… ပြီးတော့ သူ့ရဲ့အသားလည်း တော်တော်လေး အရသာရှိလိမ့်မယ်…” ပုဖန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။


ထိုစကားကို ကြားလိုက်ရသော လူများက ထိတ်လန့်အံ့အားသင့်သွားက ခေါင်းမော့ကြည့်လိုက်ကြပြီး မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် မျက်လုံးပြူးသွားကြလေသည်။


ကြီးမားလှသော ရေလွှမ်းမိုးနဂါးက နေရာမှ လုံး၀မရွေ့လျားနိုင်ပဲ ဖြစ်နေလေသည်။ ထိုနဂါး၏ ကြီးမားလှသော ဦးခေါင်းထက်တွင် သေးငယ်သော ပုံရိပ်တစ်ခု ရှိနေပြီး အရွယ်အစားကြီးမားလှသည့် နဂါးခန္ဒာကိုယ်ပေါ်တွင် အစက်ပျောက်လေးတစ်ခုပမာ ဖြစ်နေလေသည်။ 


လေထဲတွင် မျောလွင့်နေသော ဘလက်ကီက သူ၏ လက်လေးများကို ကြီးမားလှသော ရေလွှမ်းမိုးနဂါး၏ မျက်နှာပေါ်တွင် တင်လိုက်ပြီး စိတ်လှုပ်ရှားစွာနှင့် ကြည့်နေလေသည်။ 


“နဂါးအသည်းကို ဘယ်သူက ဂရုစိုက်လို့လဲ… နဂါးနံရိုးနဲ့ လုပ်ထားတဲ့ နံရိုးကြော်က အရသာအရှိဆုံးဆိုတာ အသိသာကြီးကို….”