အပိုင်း ၂၇၆
Viewers 53k

အခန်း ၂၇၆ “ရှားယု၏ စိတ်ပျက်ခြင်း…”


ရေလွှမ်းမိုးနဂါးက ကျောက်တုံးကျောက်ခဲကဲ့သို့ မာကျောလှပြီး သူ၏ ကြီးမားလှသော နှာခေါင်းများက ဘလက်ကီကို တားဆီးထားလေသည်။ ကြီးမားလှသော နဂါးကြီးပေါ်မှ ဘလက်ကီက ယင်ကောင်တစ်ကောင်နှင့်ပင် ဆင်တူနေလေသည်။ နဂါးကြီး၏ မျက်လုံးကပင် သူ့အရွယ်အစားထက် ပို၍ ကြီးမားနေလေသည်။


ဝေါင်း….


သူ၏ နှာခေါင်းပေါက်ထဲမှ အေးစက်လှသောလေများ ထွက်ပေါ်လာသည်။ ထို့နောက် ရေလွှမ်းမိုးနဂါး၏ တောင်ပံများကို ဖြန့်ကားလိုက်ပြီး ခွန်အားများကို စုစည်းလိုက်ရာ သူ့ပေါ်မှ သေးငယ်လှသော ခွေးပေါက်စကို အမှုန့်ချေရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမည်မျှ ကြိုးစားစေကာမူ ခန္ဒာကိုယ်က ရွေ့လျားနိုင်ခြင်း မရှိပဲ သူ့ကိုယ်ပေါ်သို့ ကောင်းကင်ကြီးတစ်ခုလုံး ပိနေသကဲ့သို့ ထင်ရလေသည်။


“ဆူညံနေတာပဲ….”


နဂါးဟိန်းသံကြောင့် ဘလက်ကီက ဒေါသထွက်သွားလေသည်။ ထိုနဂါး၏ ဟိန်းဟောက်သံက သူ၏ နားထဲတွင် အဆက်မပြတ် ဆူညံနေလေသည်။


“ဒီအိမ်မြှောင်ကတော့… အဲဒီ အသံက နားကန်းစေနိုင်တယ်ဆိုတာကို မသိဘူးလား…”


ထို့နောက် ဘလက်ကီက နဂါး၏ ခန္ဒာကိုယ်ကို နောက်သို့ ပြန်ဆုတ်သွားစေရန် သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။ သူ၏ လက်ဖဝါးက တဖြည်းဖြည်း နဂါးခေါင်းအရွယ်အစားမျှ ကြီးမားလာလေသည်။ ချက်ချင်းဆိုသလိုပင် ကြောက်စရာကောင်းလှသော ဖိအားတစ်ခုက ရေလွှမ်းမိုးနဂါးကို ဖုံးအုပ်သွားလေသည်။ ထိုဖိအားကြောင့် နဂါး၏ ခန္ဒာကိုယ်က တုန်ခါသွားလေသည်။


မိမိကိုယ်ကိုယ် အထူးခြားဆုံး ဖြစ်တည်မှုဟု ခံယူထားသော ရေလွှမ်းမိုးနဂါးက ထိုဖိအားကြောင့် တုန်လှုပ်သွားလေသည်။ ထို့နောက် ခွေးလက်က လေဟာနယ်ကို ဖြတ်သန်းလာပြီး ရေလွှမ်းမိုးနဂါး၏ ခေါင်းကို မြေပြင်ပေါ်သို့ ဖိကပ်သွားစေလေသည်။


ဆူညံလှသော တုန်ခါသံက အင်ပါယာမြို့တော် တစ်ခုလုံးကို ပြန့်လွင့်သွားလေသည်။


ဂရား….


နာကျင်မူးဝေသွားသော ရေလွှမ်းမိုးနဂါးက ပြိုကျပျက်စီးနေသော လမ်းခင်းအုတ်များကြားမှ သူ၏ခေါင်းကို ပြန်မြှောက်လိုက်ကာ မခံမရပ်နိုင်စွာနှင့် ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်လေသည်။


ဘန်း…


ဘလက်ကီ လက်နှင့်သာ စကားပြောလိုက်သည်။ သူက ရေလွှမ်းမိုးနဂါး၏ ခေါင်းကို ပြင်းထန်စွာ ထပ်မံရိုက်နှက်လိုက်သည်။ ထို့နောက် လေထဲသို့ ခုန်တက်လိုက်ပြီး ရေလွှမ်းမိုးနဂါး၏ ဦးခေါင်းထက်တွင် မထီမဲ့မြင်ဟန်နှင့် လျောက်သွားလိုက်သည်။


၀ှစ်… ရွှပ်…


၀ှိုက်တီက ရှားယု၏ နောက်ကျောကို ဓါးဖြင့် ပိုင်းချလိုက်သည်။ ကြီးမားလှသော အင်အားတစ်ရပ်က ရှားယုကို တွန်းကန်လိုက်သကဲ့သို့ လွင့်စင်သွားပြီး နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားလေသည်။


၀ှိုက်တီ၏ ခရမ်းရောင် မျက်၀န်းများက မြေပြင်ပေါ်မှ ကျောက်တုံးပုံများကြားသို့ ရောက်ရှိသွားသည်။


အပျက်အစီးပုံများကြားမှ ရှားယုက ထွက်ပေါ်လာပြီး မောပန်းစွာ အသက်ရှူလိုက်သည်။ သူ၏ ခန္ဒာကိုယ်ကလည်းတုန်ခါနေလေသည်။ သူ့ဘ၀တစ်လျောက်တွင် ပထမဆုံးအကြိမ်အဖြစ် နာနာကျင်ကျင် ခံစားဖူးခြင်း ဖြစ်သည်။ သူက တိုင်ရွန်ရှိရာသို့ ကြည့်လိုက်ပြီးနောက် သူ၏ မျက်၀န်းများ ပြူးကျယ်သွားလေသည်။ ထိုနေရာမှ ပြင်းထန်လှသော စွမ်းအင်များ ထွက်ပေါ်လာနေသောကြောင့် တိုင်ရွန်က ဆိုင်ငယ်လေးကို သုတ်သင်ပြီးပြီဟု ထင်ခဲ့့မိလေသည်။


သို့သော် သူ၏ မြင်ကွင်းထဲတွင် သူ့ထက်အားမနည်းသော နဂါးတိုင်ရွန်က မြေပြင်ပေါ်တွင် မလှုပ်နိုင်လောက်အောင် အရိုက်ခံထားရသည်ကို တွေ့လိုက်ရလေသည်။


“ဒါ… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”


ရှားယုက အံ့အားတသင့်နှင့် မြည်တမ်းလိုက်မိသည်။ အင်အားကြီးမားသည့် သားရဲများကိုပင် ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိသော အဆင့်ရှစ် သားရဲ ရေလွှမ်းမိုးနဂါး တိုင်ရွန်က ၀မ်းနည်းဖွယ်ရာ ပုံရိပ်အဖြစ် ပြောင်းလဲသွားလေသည်။


ရှားယု၏ စိတ်ထဲတွင် သူနှင့် ရင်းနှီးကျွမ်း၀င်မှု မရှိသော စိုးရိမ်ပူပန်မှုများကို ခံစားလိုက်ရသည်။ ထိုသူများက ဆိုင်ငယ်လေးတွင် အဆင့်မြင့်သားရဲတစ်ကောင်သာ ရှိသည်ဟု ပြောလိုက်လေသည်။ ထို့အပြင် ထိုသားရဲကို ထိမ်းသိမ်းထားနိုင်ရန်အတွက် သူ၏ ခွန်အားအကုန်ကို သုံးစွဲထားခဲ့သည်။ သို့သော် တိုင်ရွန်ဘက်တွင် မည်သို့သော အခြေအနေများ ဖြစ်သွားသည်ကို တွေးနေမိလေသည်။


၀ှိုက်တီ၏ ခရမ်းရောင် မျက်၀န်းများက လှုပ်ခတ်သွားပြီး သူ၏ ဓါးလက်ကို လွှဲရမ်းလိုက်ပြီး ရှားယုဆီသို့ ချိန်ရွယ်လိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်က လှုပ်ရှားသွားလေသည်။


ရှားယုက လက်သီးတင်းတင်းဆုတ်လိုက်ပြီး အံကြိတ်ကာ တွေးလိုက်မိသည်။


“ညီအကိုတိုင်ရွန်တောင် မယှဉ်နိုင်ဘူးဆိုတော့… ဒီမှာ နောက်ထပ် အဆင့်မြင့် သားရဲတစ်ကောင်ရှိနေတာပဲ ဖြစ်ရမယ်… ဒီဆိုင်ငယ်လေးရဲက မူလဇစ်မြစ်က ဘာလဲ…”


သူတွေးလိုက်ပြီးနောက် လှံရှည်တစ်ချောင်နှင့် ဝှိုက်တီ၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ သူက ဝှိုက်တီနှင့် အချိန်ကြာမြင့်စွာ ဆက်လက်မတိုက်ခိုက်နိုင်တော့ကြောင်း သိနေလေသည်။ ထို့ကြောင့် လှံရှည်များစွာကို ထုတ်လိုက်ပြီး ဟာရီကိန်းမုန်တိုင်းကဲ့သို့ ဖန်တီးလိုက်ကာ ဝှိုက်တီကို နောက်ဆုတ်သွားစေရန် ဖိအားပေးလိုက်သည်။


ထို့နောက် ရှားယုက အဆောင်ကို ထုတ်ယူလိုက်ပြီး တိုင်ရွန်ရှိရာဘက်သို့ လှည့်လိုက်သည်။ သူ့ညီအကို၏ ဆိုးဝါးစွာ အရိုက်ခံထားရသော မြင်ကွင်းကြောင့် သူ့ကို သားရဲထိန်းချုပ်အဆောင်ထဲသို့ ပြန်ထည့်ရမည်ကို သိနေလေသည်။ ထိုသို့ မဟုတ်ပါက သူ့ညီအကိုတဖြစ်လဲ ရေလွှမ်းမိုးခြင်းနဂါးက သေဆုံးသွားတော့မည်ဖြစ်သည်။ အဆင့်ရှစ် ထိပ်ဆုံးအဆင့် ရေလွှမ်းမိုးခြင်း နဂါးများက အလွန်ပင် တန်ဖိုးရှိလှပေသည်။


ဘလက်ကီက ရိုင်းစိုင်းကြမ်းတမ်းသော ရေလွှမ်းမိုးခြင်း နဂါး၏ ခေါင်းထက်တွင် မော်ကြွားစွာ မတ်တပ်ရပ်နေသည်။ သူက ရုတ်တရက် စိတ်ဝိဥာဉ်စွမ်းအင် အတက်အကျ လှိုင်းများကို ခံစားမိလိုက်ပြီး ရေလွှမ်းမိုးခြင်းနဂါးကို တစ်စုံတစ်ခုက စုပ်ယူနေသည်ကို ခံစားလိုက်ရသေလည်။


ဟမ့်….


ဘလက်ကီက အဆောင်ကို ကိုင်ထားသော ရှားယုဘက်သို့ လှည့်လိုက်ပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူ၏ နောက်ခြေနှင့် ရေလွှမ်းမိုးနဂါး၏ ခေါင်းကို အညှာအတာမဲ့စွာ နင်းချလိုက်သည်။


ဘတ်… ခရက်…


ရှားယု၏ အမူအယာက ဖြူဖျော့သွားသည်။ သူ၏ ဦးခေါင်းထက်မှ နာကျင်မှုက ပြန့်နှံ့လာလေသည်။ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာပြီး နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရလေသည်။ တစ်ချိန်တည်းမှာပင် ဝှိုက်တီ၏ ဓါးချက်က ကျောပေါ်သို့ ကျရောက်လာလေသည်။ ဒုတိယမြောက် ဓါးချက်မှ သွေးများ စိမ့်ထွက်လာပြီး နေရာအနှံ့သို့ ပြန့်ကျဲသွားလေသည်။ ရှားယု၏ လက်ထဲမှ အဆောင်ကလည်း တဖြည်းဖြည်းခြင်း အက်ကွဲလာသောကြောင့် နာကျင်ကြေကွဲစွာနှင့် အော်ဟစ်လိုက်မိသည်။


ထိုအချိန်တွင် ရှားယုက ထိတ်လန့်ကြောက်ရွံ့ရသည့် ခံစားချက်မျိုးကို ခံစားလိုက်ရလေသည်။ ထို့နောက် သူ၏ ညီအကိုတိုင်ရွန်ရှိရာသို့ ကြည့်လိုက်ရာ ရေလွှမ်းမိုခြင်း နဂါး၏ ကိုယ်ပေါ်တွင် ပေါ့ပေါ့ပါးပါး အမူအယာနှင့် လမ်းလျောက်နေသော ခွေးတစ်ကောင်ကို တွေ့လိုက်ရလေသည်။ သူက တုန်လှုပ်သွားပြီး ဆဲရေးလိုက်လေသည်။


“ချီးပဲ… ဒါက ဘယ်လိုခွေးမျိုးလဲ…”


ရေလွှမ်းမိုးခြင်းနဂါး၏ ဦးခေါင်းက အကောင်းအတိုင်းသာ ရှိနေသေးသော်လည်း အသက်ဓါတ်များက ကွယ်ပျောက်သွားပြီဖြစ်သည်။


ဘလက်ကီ၏ ခြေဆောင့်ချက်ကြောင့် သားရဲထိန်းချုပ်အဆောင်က ပျက်ဆီးသွားပြီဖြစ်သည်။ ရေလွှမ်းမိုးနဂါး၏ အစိတ်အပိုင်း အစီအရင်တစ်ခုဖြစ်သော အဆောင်က ရွံ့ညွှန်များအဖြစ် ပြောင်းလဲသွားလေသည်။ ပုဖန်အတွက်သာ မဟုတ်ပါက ဘလက်ကီက ရေလွှမ်းမိုးနဂါး၏ ခန္ဒာကိုယ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။


ဘလက်ကီက နှာခေါင်းရှုံ့လိုက်သည်။ နဂါးမျိုးဆက် အိမ်မြှောင်ကြီးများကို သူက စိတ်၀င်စားခြင်း မရှိပေ။ ထိုအိမ်မြှောင်ကြီးက သူ့ရှေ့တွင် မော်မော်ကြွားကြွားလာလုပ်နေသောကြောင့် ဘလက်ကီက သနားညှာတာခြင်းမရှိပဲ သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။


ရှားယု၏ ခြေဆုံးခေါင်းဆုံးတုန်ခါနေပြီး သူ့စိတ်ထဲတွင် နာကျင်နေလေသည်။ မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်းတွင် သူ၏ ရာထူးအဆင့်အတန်း ခိုင်မာနေစေရန် ရေလွှမ်းမိုးနဂါးကို အားထားနေရသည်။ ရေလွှမ်းမိုးနဂါးသာ မရှိတော့ပါက သူ၏ အဆင့်အတန်းက ကျဆင်းသွားမည်ဖြစ်သည်။


သေစမ်း.. သေစမ်း…


တောင်တစ်တောင်ကဲ့သို့ သန်မာလှသော ရှားယု၏ ခန္ဒာကိုယ်က တုန်ယင်နေပြီး သူ့စိတ်ထဲ၌လည်း တုန်လှုပ်ခြောက်ခြားနေကာ မျက်၀န်းထဲတွင် ပြင်းထန်သော နောင်တများနှင့် ပြည့်နှက်နေလေသည်။


ထို့နောက် လေထုထဲတွင် ရှည်လျားလှသော လေတိုးသံတစ်ခု ထွက်ပေါ်လာပြီး ဝှိုက်တီဆီသို့ ပျံသန်းသွားကာ အားအပြည့်ထည့်လိုက်ပြီး ထိုးနှက်တိုက်ခိုက်လိုက်သည်။ ထို့နောက် ရှားယုက အသက်မဲ့နေသော နဂါးဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး လေထဲသို့ ပျံသန်းလိုက်ကာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားလိုက်သည်။


စားသောက်ဆိုင်ငယ်လေး၏ အင်အားကို သူလျော့တွက်ခဲ့မိကြောင်း ကောင်းကောင်း သဘောပေါက်သွားလေသည်။ သံမဏိစက်ရုပ်နှင့် ရင်ဆိုင်လိုက်ပြီးနောက် သူ့တွင် ယုံကြည်မှုများ မရှိတော့ပဲ ကူရာမဲ့မှုသာ ခံစားနေရလေသည်။ သူ၏ တိုက်ခိုက်မှုများက သံမဏိစက်ရုပ်ကို အနည်းငယ်မျှပင် မထိခိုက်နိုင်ကြောင်း တွေ့ရှိခဲ့လေသည်။ အဆုံးသတ်တွင် သူက ရယ်စရာကောင်းလှပေသည်။


ရွှပ်… ရွှပ်…


လေတိုးသံနှစ်ခုနှင့်အတူ သူ၏ နောက်ကျောသို့ ဓါးပျံနှစ်လက် စိုက်၀င်သွားလေသည်။ ရှားယုက သွေးအန်လိုက်ရပြီး သူ့နောက်ကျောမှဓါးပျံနှစ်လက်ကို ဆွဲနှုတ်လိုက်သည်။ ဆွဲနှုတ်လိုက်သည်နှင့် သူ့နောက်ကျောတွင် သွေးများ ပြည့်နှက်လာလေသည်။ ထို့နောက် သူက ဒေါသတကြီးနှင့် ဓါးပျံနှစ်လက်ကို ပြန်ပစ်ထုတ်လိုက်ပြီး လှံရှည်ကို ဆင့်ခေါ်လိုက်သည်။ လှံရှည်က တောက်လောင်နေသော မြှားတစ်စင်းကဲ့သို့ ဝှိုက်တီရှိရာသို့ တိုး၀င်သွားလေသည်။


ဘန်း…


မြေပြင်မှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဖုန်မှုန့်များ မြင့်တက်လာလေသည်။


ဘလက်ကီက လေထုထဲတွင် လွတ်မြောက်ရန် ကြိုးစားနေသော ရှားယုကို တစ်ချက်ကြည့်လိုက်သည်။ ထိုသူက သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သောကြောင့် တိုက်ခိုက်ရန် မစဉ်းစားတော့ချေ။ ထိုသူလွတ်မြောက်သွားလျင်ပင် နဂါးအသားက ကျန်ခဲ့မည်သာ ဖြစ်သည်။ သို့သော် သူခေါင်းလှည့်လိုက်ချိန်တွင် ရှားယု၏အရူးတစ်ယောက်ပမာ ရယ်သံက ကောင်းကင်ထက်တွင် ပြန့်နှံ့သွားလေသည်။


ကြည်လင်တောက်ပလှသော ကျောက်စိမ်းအဆောင်ပြားတစ်ခုက ကောင်းကင်ဆီမှ ဆိုင်ငယ်လေးဆီသို့ ပျံသန်းလာလေသည်။ ထိုအဆောင်ပြားပေါ်တွင် စွမ်းအင်အတက်အကျ လှိုင်းများ ပြန့်နှံနေပြီး အစီအရင်တစ်ခု ဖြစ်လာလေသည်။ ထိုအစီအရင်ထဲတွင် ရှိနေသော စွမ်းအင်များက ဆိုင်ငယ်လေးကို ဖျက်ဆီရန် တိုး၀င်လာလေသည်။


ခန္ဒာကိုယ်တစ်ခုလုံး သွေးများ ဖုံးလွှမ်းနေသော ရှားယုက ကျောက်စိမ်းအစီအရင်နှင့် သေဆုံးနေသော ရေလွှမ်းမိုးနဂါးကို ကြေကွဲစွာ တစ်ချက်ကြည့်လိုက်သည်။


“မင်းကို ငါက မနှိမ်နင်းနိုင်မှတော့ ဖောက်ခွဲပြီး အားလုံးကို သတ်ပစ်မယ်… ဒီ ပုန်းကွယ်နဂါးဘုရင်ခန်းမရဲ့ ကျောက်စိမ်အစီအရင်ကို တန်ခိုးရှင်အဆင့်တစ်ယောက်က ပြုလုပ်ထားတာ… သေလိုက်ကြတော့… မင်းက ငါ့ညီနဲ့ ငါ့နဂါးကို သတ်ပစ်မှတော့ မင်းပါ လိုက်သေလိုက်တော့…. ဟားဟား…ဟား…”


ရှားယုက အစီအရင်ကို ပစ်လွှတ်ပြီးနောက် တွန့်ဆုတ်မနေတော့ပဲ အင်ပါယာမြို့တော်၏ အပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားလေသည်။ မကြာခင်မှာပင် ထိုမြို့က အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားမည်ကို သူသိနေလေသည်။ ထိုအစီအရင်ကို တန်ခိုးရှင်အဆင့်တစ်ယောက်က ပြုလုပ်ထားရာ ထိုအစီအရင်က အိမ်မက်ဆိုးတစ်ခုပမာ ဖြစ်လာတော့မည်ဖြစ်သည်။


…….


အင်ပါယာမြို့တော်၏ အပြင်ဘက် ကျယ်ပြန့်လှသော လယ်ကွင်းပြင်များတွင် ဂျိတစ်ချောင်းရှိပြီး အကြေးခွံများ ဖုံးလွှမ်းနေသော သားရဲများ ရှိနေလေသည်။ ထိုသားရဲများက လျပ်စီးကဲ့သို့ လျင်မြန်လှသော အရှိန်များနှင့် အဝါရောင်လှိုင်းများကို ဖန်တီးနေလေသည်။ ထိုအဝါရောင်လှိုင်းများက သူတို့ဆီမှ အခိုးအငေ့များ ဖြစ်သည်ကို တွေ့နိုင်လေသည်။


သူတို့က ခေါင်းတလားနှင့် လှေင်အိမ်ကို နောက်တွင်ဆွဲလာခြင်း ဖြစ်သည်။ ထိုဂျိတစ်ချောင်း သားရဲကောင်ကို စီးနင်းလာသော ကျွမ်းကျင်သူများက အနက်ရောင်၀တ်ဆုံကို ၀တ်ဆင်ထားကြသည်။ သူတို့၏ ဦးတည်ရာက အင်ပါယာမြို့တော်ပင် ဖြစ်သည်။


ကောင်းကင်ယံထက်တွင် မီးတောက်ငှက်တစ်ကောင် ရှိနေပြီး ထိုငှက်၏ ခန္ဒာကိုယ်ပေါ်တွင် မီးတောက်များ ဖုံးလွှမ်းနေကာ ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သည်။ ထိုငှက်အော်သံကြောင့် ငှက်ပေါ်တွင် ထိုင်နေသော အဖိုးအိုက အနှောက်အယှက်ဖြစ်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ ရထားလုံးများကို ဆွဲလာသည့် ဂျိတစ်ချောင်း စိတ်ဝိဥာဉ်သားရဲများကို တွေ့လိုက်ရသည်။ အဖိုးအိုက မျက်မှောင်ကြုံ့လိုက်မိသည်။


ရုတ်တရက် အရှိန်နှင့် သွားနေသော အုပ်စုကတဖြည်းဖြည်းရပ်တန့်သွားသည်။ ရထားလုံးတစ်စီး၏ ကုလားကာက ပွင့်ဟသွားပြီး လူတစ်ယောက် ထွက်လာလေသည်။ ထိုသူက မီးတောက်ငှက်ကို မော့ကြည့်လိုက်သည်။


၀၀ဖိုင့်ဖိုင့် အဖိုးအို၏ အမူအယာက သံသယများနှင့် ပြည့်နှက်လာသည်။


“ဆရာကြီး နောက်ထပ် နေ့တစ်၀က်လောက်သွားရင် အင်ပါယာမြို့တော်ကို ရောက်နိုင်လား…” အနက်ရောင်၀တ်ဆုံ ၀တ်ထားသော ကျွမ်းကျင်သူက တစ်လေးတစ်စားနှင့် ပြောလိုက်သည်။


ရထားလုံးထိပ်တွင် ရပ်နေသော ကျွမ်းကျင်သူက ကောင်းကင်ထက်မှ မီးတောက်ငှက်ကို ကြည့်နေလိုက်သည်။


“ကြည်လင်ကောင်းကင်ဘုရား တောင်စဉ်တစ်ထောင်တောင်တန်းက ကျွမ်းကျင်သူ… ဒီလိုမျိုး မြန်မြန်ဆန်ဆန် တွေ့ဆုံရမယ်လို့ မထင်မိဘူး…. ရှုရဂိုဏ်းရဲက အစီအစဉ်တွေက ပေါက်ကြားသွားပြီလား.. ဒါလဲ မဖြစ်နိုင်ဘူး… ဒီအခြေအနေက တိုက်ဆိုင်တာပဲ ဖြစ်မယ်…”


“ငါတို့ ခရီးဆက်ကြစို့… ဘုရင်ခံယုရဲ့ အမိန့်အရ ဒီမိန်းမစိုးရဲ့ ရုပ်အလောင်းကို အင်ပါယာမြို့တော်ကို ပြန်ပို့ရမယ်… ငါတို့က လေအလင်းအင်ပါယာရဲ့ ရတနာကို သူတို့ဆီ ပြန်ပို့ဖို့ လိုအပ်တယ်…”