အပိုင်း ၂၇၈
Viewers 53k

အခန်း ၂၇၈ “အင်ပါယာမြို့တော်မှ ဆူပူအုံကြွမှုများ…”


ညအချိန် ကျရောက်လာပြီ ဖြစ်သောကြောင့် စည်ကားသိုက်မြိုက်နေသာ အင်ပါယာမြို့က တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ကောင်းကင်ယံတွင် ချိတ်ဆွဲနေသော လခြမ်းကွေးလေးနှစ်ခုမှ အလင်းရောင်များက မြို့တော်တစ်ခုလုံးကို ပိုးပဝါပါးနှင့် လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေလေသည်။


အေးမြသော လရောင်အောက်တွင် အင်ပါယာမြို့တော်၏ လမ်းမတစ်ခုက အုတ်ကျိုးများနှင့် ပြည့်နှက်နေပြီး ရှုပ်ပွနေလေသည်။ ထိုနေရာတစ်ဝှိုက်တွင် လူများ မရှိတော့ပဲ အလုပ်သမားနှစ်ယောက်သာ လမ်းခင်းကျောက်များကို ပြန်လည်ပြုပြင်နေလေသည်။


ဖန်ဖန်ဆိုင်ငယ်လေး၏ မီးဖိုချောင်ထဲတွင် ပုဖန်က လက်ထဲမှ မီးဖိုချောင်သုံးဓါးကို လှည့်လိုက်ပြီး နဂါးအသားကို ပိုင်းဖြတ်လိုက်သည်။ ထို့နောက် မီးအပူရှိန်ကို မြှင့်၍ အပူပေးလိုက်သည်။ သူ၏ ခန္ဒာကိုယ်ထဲမှ အစစ်အမှန် စွမ်းအင်များကို အသုံးပြု၍ နဂါး၏ နံရိုးကို ၀က်နံရိုးချိုချဉ်ကြော်ကဲ့သို့ ချက်ပြုတ်လိုက်သည်။ ထိုအသားက အဆင့်ရှစ်အသားဖြစ်ပြီး အစစ်အမှန် စွမ်းအင်များ၏ ပံ့ပိုးမှုကြောင့် ပိုမိုနူးညံ့လာကာ အရသာက မယုံနိုင်စရာ ကောင်းလောက်အောင်ပင် ကောင်းမွန်နေလေသည်။


ဘလက်ကီက အိုးထဲမှ ပုဖန်ခပ်ယူလိုက်သော နဂါးနံရိုးချိုချဉ်ကြော်၏ မွှေးပျံ့လှသော ရနံ့ကြောင့် လျှာတန်းလန်း ထုတ်လိုက်လေသည်။


“နဂါးအသား… ဒါက တော်တော်အရသာရှိမယ့် ပုံပဲ….”


ပုဖန်က အသားတစ်ဖက်ကို ယူ၍ မြည်းကြည့်လိုက်သည်။ ယစ်မူးဖွယ်ကောင်းလှသော အရသာက သူ၏ လျှာပေါ်တွင် စွဲထင်ကျန်ခဲ့လေသည်။ နဂါးအသားက မယုံနိုင်စရာ ကောင်းလောက်အောင် နူးညံ့စိုအိနေလေသည်။ ထို့နောက် ပုဖန်က နဂါးနံရိုးချိုချဉ်ကြော်ကို တစ်ညလုံးမအိပ်ပဲ စိတ်အားထက်သန်စွာ စောင့်နေသော ဘလက်ကီ၏ ရှေ့သို့ ချပေးလိုက်သည်။


ဘလက်ကီက ပျော်ရွှင်သွားဟန်နှင့် စားသောက်လိုက်ပြီး အစားအသောက်ထဲ နစ်မြုတ်သွားလေသည်။ သတ္တဝါကြီး၏ အသားက ပုဖန်၏ အချက်အပြုတ်စွမ်းရည်အောက်တွင် ပို၍ အရသာရှိလာပေသည်။


ပုဖန်က နံရိုးချိုချဉ်ကြော်ကို လောဘတစ်ကြီး စားသောက်နေသော ဘလက်ကီကို ကြည့်၍ ပြုံးလိုက်လေသည်။ ထိုခဏမှာပင် အဆင့်ရှစ် နဂါးအသည်းနှင့် နဂါးအသည်းရေခဲချောင်း ပြုလုပ်ရန် သစ်သီးရှာလကာရည် မရှိသောကြောင့် ကံဆိုးသည်ဟု ခံစားလိုက်ရလေသည်။ ထိုစားကောင်းသောက်ဖွယ်က သစ်သီးရှာလကာရည် ကောင်းကောင်းပေါ်တွင် မူတည်နေသောကြောင့် ရှာလကာရည် မရှိပါက ပျက်စီးသွားနိုင်လေသည်။


ပုဖန်က သူ၏ကိုယ်ပိုင် သစ်သီးရှာလကာရည် ထုတ်လုပ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ထိုအချက်က အနာဂတ်တွင် ပြုလုပ်ရနိုင်သည့် တာ၀န်တစ်ခုလည်း ဖြစ်နိုင်လေသည်။ ထို့နောက် ပုဖန်က ဟင်းပွဲတစ်ချို့ကို လေ့ကျင့်ချက်ပြုတ်လိုက်ပြီး အခန်းဆီသို့ သွား၍ အိပ်စက်အနားယူရန် ပြင်ဆင်လိုက်သည်။ ကောင်းမွန်သော အခြေအနေကို ထိမ်းသိမ်းထားနိုင်ရန် ကောင်းစွာ အိပ်စက်အနားယူရပေမည်။ သို့မှသာ ချက်ပြုတ်ရာတွင် ပြည့်ပြည့်၀၀ အာရုံစိုက်နိုင်ပေလိမ့်မည်။


မကြာခင်မှာပင် ပုဖန်၏ အခန်းဆီမှ ဟောက်သံများ ထွက်ပေါ်လာလေသည်။


……


လေအလင်းအင်ပါယာ… အင်ပါယာ မြို့တော်၏ အဓိကခန်းမထဲတွင် လေအလင်းအင်ပါယာ၏ ၀န်ကြီးများက တိုင်းရေးပြည်ရေး အခြေအနေများကို ဆွေးနွေးနေကြသည်။ လက်ရှိအချိန်တွင် တိုင်းပြည်က လှုပ်ခတ်နေသောကြောင့် ၀န်ကြီးများက စိုးရိမ်ပူပန်နေကြသည်။ သူတို့က လေအလင်းအင်ပါယာ၏ အာဏာပိုင်များ ဖြစ်သောကြောင့် တိုင်းပြည်အခြေအနေကို နားလည်ကြလေသည်။ ပြည်နယ်ကြီး ခုနစ်ခုလုံး၏ မြို့တော်များတွင် သားရဲများ ဖျက်ဆီးတိုက်ခိုက်နေသောကြောင့် သေကြေပျက်ဆီးနေကြလေသည်။


အချိန်တိုလေးအတွင်းမှာပင် အင်ပါယာက ဗရမ်းဗတာ အခြေအနေဖြစ်သွားလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားကြချေ။ ဤလူများအတွက် ထိုအခြေအနေက စိတ်ကူး၍ပင် မရနိုင်သော အခြေအနေမျိုးပင် ဖြစ်သည်။ ဂျိချန်းရွဲ့က စွမ်းဆောင်ရည်ရှိပြီး နိုင်ငံရေး အခြေအနေများကို ကောင်းစွာ ညွှန်ကြားနိုင်သောကြောင့်သာ အခြေမနေကို ထိမ်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။


ရှောင်မိသားစု၏ သားအဖနှစ်ယောက်က သူတို့အနီးတွင် ငြင်းခုန်နေကြသည်များကို လျစ်လျူရှုထားလိုက်ပြီး ခန်းမထဲတွင် မျက်စိမှိတ်၍ ထိုင်နေကြလေသည်။


ခန်းမ၏ အထက်ပိုင်းတွင် ထိုင်နေသော ဂျိချန်းရွဲ့က မျက်မှောင်ကြုံ့၍ နဖူးကို ပွတ်သပ်လိုက်မိသည်။ အောက်တွင်ရှိနေသော ၀န်ကြီးများ၏ ငြင်းခုန်နေမှုများကို ကြည့်၍ စိတ်မသက်သာစွာ သက်ပြင်းချလိုက်မိသည်။


ရုတ်တရက်….


ဒုန်း…


လေးလံသော အရာတစ်ခု ပြုတ်ကျသံက ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ ထို့နောက် မိန်းမစိုးငယ်တစ်ယောက်က ခန်းမထဲသို့ အူယားဖားယား ပြေး၀င်လာလေသည်။


“အရှင်…. အရှင်မင်းကြီး အပြင်မှာ တစ်စုံတစ်ယောက်က အခေါင်းတစ်ခုကို သယ်လာပြီး အရှင်မင်းကြီးကို တွေ့ခွင့်တောင်းနေပါတယ်….” မိန်းမစိုးငယ်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ အထင်းသာ ပေါ်လွင်နေပြီး တုန်တုန်လှုပ်လှုပ်နှင့် လျောက်တင်လိုက်လေသည်။


နန်းတော်ထဲကို ခေါင်းတလား သယ်ဆောင်လာသော တစ်စုံတစ်ယောက်… ထိုသူက…..


ဂျိချန်းရွဲ့က ကျောက မတ်ခနဲ ဖြစ်သွားပြီး ရှောင်သားအဖ၏ မျက်လုံးများက ပွင့်ဟလာကြသည်။


ခန်းမအပြင်ဘက်မှ လေထုက မှိုင်းညို့နေလေသည်။ ပြင်းထန်ကျယ်လောင်လှသော ခြေသံတစ်ခုနှင့်အတူ လူတစ်စုက ခန်းမထဲသို့ ၀င်ရောက်လာလေသည်။ ထိုသူများက နက်မှောင်နေသော ခေါင်းတလားတစ်ခုကို သယ်ဆောင်လာလေသည်။


ခန်းမထဲတွင် အေးစက်စက် လေပြင်းတစ်ခု ရုတ်တရက် တိုင်ခတ်လာလေသည်။


တီးတိုးပြောဆိုနေကြသော ၀န်ကြီးများက တိတ်ဆိတ်သွားပြီး အသက်ပင် ရဲရဲမရှူရဲကြပဲ ဖြစ်နေကြသည်။


အနက်ရောင်၀တ်စုံများကို ၀တ်ဆင်ထားပြီး မျက်နှာကာပါသော ဝါးဦးထုတ်ပို ၀တ်ဆင်ထားသော လူရိပ်များက ခန်းမထဲသို့ ၀င်ရောက်လာကြသည်။ ခန်းမထဲမှ လူများ၏ စူးစမ်းနေသော အကြည့်များအောက်တွင် ထိုသူများက ခန်းမအလယ်သို့ လျောက်၀င်လာပြီး ခေါင်းတလားကို ပစ်ချလိုက်သည်။


ကျယ်လောင်သော အသံတစ်ခုက ခန်းမထဲတွင် ပဲ့တင်ထပ်ထွက်ပေါ်လာလေသည်။


“ဘုရင်ခံယုရဲ့ အမိန့်အရ ခေါင်းတလားကို လာပို့ပါတယ်…”


ထိုလူစုထံမှ ကြမ်းရှရှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုလေးယောက်က ခန်းမ၏ ထိပ်တွင် ထိုင်နေသော ဂျိချန်းရွဲ့ကို လက်သီးဆုတ်၍ အရိုအသေ ပြုလိုက်သည်။ ထို့နောက် ခန်းမထဲမှ ပြန်လှည့်ထွက်သွားကြသည်။


“ဒါက သက်သက်မဲ့ မျက်နှာပြောင်တိုက်တာ… ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်လဲ…”


ရှောင်မန်က ဒေါသကြောင့် သူ၏ မျက်၀န်းထဲတွင် အလင်းတန်းများပင် ဖြစ်ပေါ်လုနီးပါး ဖြစ်နေပြီး ခုံကို ပြင်းထန်စွာ ရိုက်နှက်လိုက်လေသည်။ ထို့နောက် ခန်းမထဲမှ ထွက်သွားသော အနက်ရောင်၀တ် လူလေးယောက်နောက်သို့ လိုက်သွားလေသည်။ သူ့နောက်မှ နန်းတော်အစောင့်များက ထပ်ကြပ်မကွာ လိုက်သွားကြသည်။


ဂျိချန်းရွဲ့က ကျူးကျော်လာသူများ၏ နောက်သို့ လိုက်သွားသော ရှောင်မန့်ကို ဂရုမစိုက်မိပဲ ပလ္လင်ထက်မှ ဆင်းသက်လာပြီး ခံစားချက်မဲ့နေသော မျက်နှာအမူအယာနှင့် ခေါင်းတလားအနီးသို့ တိုးကပ်လာလေသည်။


ရှောင်ယုက အခေါင်းထဲတွင် ပုန်းအောင်းနေသော အန္တရာယ်များ၏ ရန်မှ ဂျိချန်းရွဲ့ကို ကာကွယ်ရန် ရှေ့သို့ တက်လာလိုက်သည်။ သို့သော် အခေါင်းထဲတွင် မည်သည့် လျို့ဝှက်ချက်မျှ ရှိမနေပဲ သာမာန်အခေါင်းတစ်ခုသာ ဖြစ်နေလေသည်။


ခန်းမထဲမှ လူများက ခေါင်းတလားထဲမှ ရုပ်အလောင်းကို သတိပြုမိသွားပြီးနောက် အက်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။


ခေါင်းတလားထဲတွင် တိတ်ဆိတ်စွာ လဲလျောင်းနေသည့် ခန္ဒာကိုယ်က ဒဏ်ရာအပြင်းအထန် ရထားပြီး သွေးများ ဖုံးလွှမ်းနေသော လျန်ဖုပင် ဖြစ်သည်။ ယခင်အချိန်များက လျို့ဝှက်ဆန်းကျယ်လှသော သူတော်စင်အဆင့် တစ်ယောက်က ယခုအခါ အေးစက်တောင့်ခဲနေသော အလောင်းတစ်လောင်း ဖြစ်နေလေသည်။


ရှောင်ယုက သူ၏ လျှာကို ကိုက်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့တွင် ဂျိချန်းရွဲ့ကို နှစ်သိမ့်နိုင်သည့် စကားလုံးမရှိချေ။


သူတို့ သံသယရှိသည့်အတိုင်းပင် ထိုအရာများကို လုပ်ဆောင်သူက ဘုရင်ခံယုပင် ဖြစ်နေလေသည်။ မိန်းမစိုးခေါင်းဆောင် လျန်ဖု၏ သေဆုံးရခြင်းက ဂျိချန်းယု၏ ကြိုးကိုင်မှုကြောင့်ပင် ဖြစ်နိုင်လေသည်။


မကြာခင်အချိန်အတွင်းတွင် ရှောင်မန် ပြန်ရောက်လာလေသည်။ သူ၏ မျက်နှာက တင်းမာနေပြီး ချွေးများသီးနေလေသည်။ သူက ထိုသူလေးယောက်ကို မှီသွားချိန်တွင် ထိုသူလေးယောက်ကို အလွယ်တကူ ရိုက်နှက်၍ မရကြောင်း သတိပြုမိလိုက်သည်။ ထို့အပြင် ထိုသူများက သူ့ကို ပြန်လည်တိုက်ခိုက်ရန် စိတ်မ၀င်စားပဲ ထွက်ပြေးသွားသောကြောင့် ရွေးချယ်စရာမရှိပဲ ပြန်လာခဲ့ရသည်။ ရှောင်မန်က လျန်ဖု၏ ရုပ်အလောင်းကို ကြည့်၍ သက်ပြင်းတစ်ချက်ကို လေးပင်စွာ ချလိုက်သည်။


“မိန်းမစိုးခေါင်းဆောင်လျန်ရဲ့ ရုပ်အလောင်းကို ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်လိုက်ကြ…”


ခန်းမထဲတွင် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် မိန်းမစိုးခေါင်းဆောင် လျန်ဖု၏ ရုပ်အလောင်းကို ကောင်းမွန်စွာ သင်္ဂြိုလ်ရန် အမိန့်ပေးလိုက်သော ဂျိချန်းရွဲ့၏ အသံက ထွက်ပေါ်လာသည်။


ဘုန်း…. ဘန်း…


မိုးချုန်းသကဲ့သို့ ကျယ်လောင်လှသော အသံတစ်ခုက အဓိကခန်းမကိုပင် တုန်ခါသွားစေသည်။


ခန်းမထဲမှ လူများက ထိတ်လန့်ကြောက်ရွံ့စွာနှင့် အပြင်ဘက်သို့ ထွက်လာကြသည်။


အလွန်ပင်ပန်းနွမ်းနယ်နေသော အစောင့်များက ဂျိချန်းရွဲ့့ကို ဦးညွှတ်လိုက်ကြသည်။


“အရှင်မင်းကြီး နိုင်ငံတော် ဘဏ္ဍာတိုက် လူယက်စီးနင်းခံလိုက်ရပါတယ်….”


ပြောလိုက်သော အစောင့်၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ခါနေသည်။ နိုင်ငံဘဏ္ဍာတိုက် လုယက်ခံလိုက်ရခြင်းက မတွေးဝံ့နိုင်သော အခြေအနေတစ်ရပ်ဖြစ်သည်။ ဘဏ္ဍာတိုက်တွင် မရေမတွက်နိုင်သော အစောင့်များ ရှိနေလေသည်။ ထိုအချိန်တွင် လုယက်ခံလိုက်ရခြင်းက နိုင်ငံတော်၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေလေသည်။


ထိုသတင်းက ဂျိချန်းရွဲ့၏ မျက်နှာကို သွေးဆုတ်ဖြူရော်သွားစေသည်။ လက်ရှိအချိန်တွင် နိုင်ငံတော်ဘဏ္ဍာတိုက်က နိုင်ငံ၏ ကျောရိုးပင် ဖြစ်သည်။ ထိုကဲ့သို့သော ဆုံးရှုံးမှုကို သူတို့ တောင့်မခံနိုင်ပေ။


အစောင့်များစွာ စောင့်ကြပ်နေသည့်ကြားမှပင် ဘဏ္ဍာတိုက်က အပေါက်ကြီးတစ်ပေါက် ပေါက်နေပြီး တံခါး၀ကလည်း တွန့်လိမ်နေလေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော လူများအားလုံးက ကြောက်ရွံ့စွာနှင့် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်မ်ိကြသည်။


တခဏအကြာတွင် ဂျိချန်းရွဲ့က ဘဏ္ဍာတိုက်ထဲမှ ပြန်ထွက်လာပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


“အရှင်မင်းကြီး ဘဏ္ဍာတိုက်ထဲမှ ဘာတွေ ပျောက်နေလဲ…” ရှောင်မန်က မျက်ခုံးနှစ်ဖက်ကို စုကြုံ့၍ ပြောလိုက်သည်။


“ငွေကြေးတွေကတော့ မပျောက်ပါဘူး… ဒါပေမယ့် ပစ္စည်းတစ်ခုတော့ ပျောက်နေတယ်….”


စိတ်သက်သာရာ ရနေသော ဂျိချန်းရွဲ့က ရှောင်မန့်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ဆက်ပြောလိုက်သည်။


“ဝိဥာဉ်နှုတ် မှော်ဓာတ်လုံး ပျောက်နေတယ်….”


“ဟမ်…. ဝိဥာဉ်နှုတ် မှော်ဓာတ်လုံး… အဲဒီတစ်ခုက ကျောက်မူရှန်ကြောင့် ပျောက်သွားပြီ မဟုတ်ဘူးလား….” ရှောင်မန်က ဇဝေဇ၀ါနှင့် ပြန်မေးလိုက်သည်။


“ဟုတ်တယ်… အဲဒါကို ထောက်ရှုလိုက်ရင် ခိုးယူသွားတဲ့ လူတွေက ဂိုဏ်းအဖွဲ့တွေပဲ ဖြစ်ရမယ်… ဘယ်လိုပဲဖြစ်ဖြစ် ဝိဥာဉ်နှုတ် မှော်ဓာတ်လုံးက ဂိုဏ်းတွေက ပစ္စည်းပဲလေ….”


ဂျိချန်းရွဲ့၏ မျက်နှာအမူအယာက ပျက်နေလေသည်။ အခြားသူများက နိုင်ငံတော် ဘဏ္ဍာတိုက်ကို အလွယ်တကူ ၀င်ရောက်စီးနင်းနိုင်ခြင်းက လေအလင်းအင်ပါယာ၏ ဂုဏ်ပုဒ်ကို ချနင်းလိုက်ခြင်းပင် ဖြစ်သည်။ ထို့အပြင် ယခုအကြိမ် ဘဏ္ဍာတိုက်ကို စီးနင်းကြသူများ၏ စွမ်းအင်အင့်က ခြိမ်းခြာက်နိုင်စွမ်း ရှိနေလေသည်။


“ဝိဥာဉ်နှုတ် မှော်ဓာတ်လုံးက နတ်ဘုရားတစ်ပိုင်းအဆင့် လက်နှက်ပဲ… ဒီတော့ အဲသတင်းကို ဘယ်လိုလုပ်ကြမလဲ … အကြံရှိလား….” ရှောင်မန်က မျက်ဝန်းများ မှေးစင်း၍ တွေးတောနေလိုက်သည်။


…..


အင်ပါယာမြို့တော်၏ တည်းခိုခန်းတစ်ခုထဲတွင် မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေသည့် ရှရဂိုဏ်း၏ အရှင်သခင်က လက်သီးဆုတ်အရွယ် မှော်ဓာတ်လုံးတစ်ခုကို မြောက်ပင့် ကစားနေသည်။ ဓာတ်လုံး၏ စွမ်းအင်လှိုင်းများက ချောမွေ့နေပြီး မျက်နှာပြင်ပေါ်တွက် အနုစိတ်လှသော လျို့ဝှက်ဆန်းကျယ်သည့် မျဉ်းကြောင်းများ ရေးဆွဲထားသည်။


“ဝိဥာဉ်နှုတ် မှော်ဓာတ်လုံး…. နောက်ဆုံးတော့ ငါ့လက်ထဲ ပြန်ရောက်လာပြီပေါ့…” အရှင်သခင်က ရယ်မောလိုက်ရာ သူ့မျက်နှာပေါ်မှ ကြွက်သာများပင် တုန်ခါသွားလေသည်။


အင်ပါယာမြို့တော်၏ လမ်းမထက်တွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသောကြောင့် မြိုကစောင့်တပ်များက နိုးနိုးကြားကြား စောင့်ကြပ်နေကြရသည်။


ရှရဂိုဏ်း၏ အရှင်သခင်က သူ၏ အိတ်ကပ်ထဲမှ အဆောင်ပြားတစ်ခုကို ဂရုတစိုက်နှင့် ထုတ်ယူ၍ ချိုးချေလိုက်ရာ အတွင်းမှ ဝိဥာဉ်စွမ်းအင်များနှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ သူက ထိုစိတ်ဝိဥာဉ်ကို အထင်အမြင်သေးဟန်နှင့် ကြည့်လိုက်ပြီးနောက် ဝိဥာဉ်နှုတ်မှော်ဓာတ်လုံးထဲသို့ စုတ်ယူလိုက်သည်။


ရှားယု၏ စိတ်ဝိဥာဉ်က ထိတ်လန့်တုန်လှုပ်သွားပြီး မှော်ဓာတ်လုံးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။


ရှားယု၏ စိတ်ဝိဥာဉ်ကို စုပ်ယူလိုက်ပြီးနောက် စွမ်းအင်လုံး၏ အပေါ်မှ ပုံစံငယ်လေးများက ရောင်ပြန်ဟပ်လာပြီး အတွင်းထဲတွင် တောက်ပသော အနက်ရောင် အလင်းတန်းများ လှည့်ပတ်နေလေသည်။


“ဝိဥာဉ်နှုတ်မှော်ဓာတ်လုံးကို အသက်သွင်းဖို့အတွက် တစ်မြို့လုံးကိုတောင် သတ်ဖြတ်ရမယ်လို့ ငါထင်ထားတာ… ဒါပေမယ့်… တန်ခိုးရှင်တပိုင်းအဆင့် လူတစ်ယောက်ရဲ့ ဝိဥာဉ်ကို တွေ့ရမယ်လို့ ဘယ်သူက ထင်ထားမှာလဲ…. သူက တန်ခိုးရှင်အဆင့်တစ်ယောက် မဟုတ်တာတောင်မှ ဝိဥာဉ်နှုတ်မှော်ဓာတ်လုံးကို အသက်ပြန်ဝင်လာဖို့ လုံလောက်နေတယ်…” အရှင်သခင်က မျက်လုံးကို မှေးစင်းလိုက်ပြီး ကြောက်စရာကောင်းစွာ ပြုံးလိုက်သည်။


“နောက်ဆုံးတော့ ငါတို့ ရှရဂိုဏ်း ပြန်လည်ထွန်းတောက်လာမယ့် အချိန်ကို ပြန်ရောက်လာခဲ့ပြီ….”


…….


နောက်နှစ်ပတ်အကြာတွင် အင်ပါယာမြို့တော်အတွင်းမှ လူများက စိုးရိမ်တကြီး ဖြစ်နေကြလေသည်။ သို့သော်လည်း ထိုအချက်များက ဖန်ဖန်ဆိုင်ငယ်လေးပေါ်တွင် သက်ရောက်မှု မရှိပေ။ ပုဖန်က နေ့တိုင်းလိုလို ဆိုင်ဖွင့်ခဲ့ပြီး ယုဖူနှင့် ရှောင်ရှောင်လုံတို့၏ အချက်အပြုတ်စွမ်းရည်များကို စိစစ် ကွတ်ကဲနေခဲ့သည်။


အနားယူချိန်တိုင်းတွင် ပုဖန်က ဆိုင်ရှေ့မှ ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်နေလေ့ရှိပြီး ကောင်းကင်ကို ကြည့်ကာ တစ်ရေးတစ်မော ကြည့်နေလေ့ရှိသည်။


လဝက်အတောအတွင်းမှာပင် အင်ပါယာမြို့တော်က ဗရမ်းဗတာ အခြေအနေများ ဖြစ်ပေါ်လာလေသည်။ ဂျိချန်းရွဲ့၏ အမိန့်အရ ကျူးကျော်ဝင်ရောက်လာသူများကို နေရာအနှံ့ခြေမှုန်းတိုက်ခိုက်နေကြသည်။ သို့သော်လည်း ထိုသူများက အင်ပါယာ၏ ဒေသတော်တော်များများကို ထိန်းချုပ်ထားပြီး ဖြစ်သည်။ ထိုအချက်က ဧကရာဇ် တစ်ပါးအတွက် နာကျင်ဖွယ်ရာ အဖြစ်အပျက်များပင် ဖြစ်သည်။ သူက ရှောင်မန့်ကို စစ်မြေပြင်သို့ စေလွှတ်လိုက်ပြီး တပ်များကို ပို့ဆောင်လိုက်ရကာမြို့တော်ကို ကာကွယ်ရန်အတွက် ရှောင်ယုကို နောက်တွင် ထားခဲ့ရသည်။


လေအလင်းအင်ပါယာ၏ ပြသနာများ ဖြစ်ပေါ်နေသည့် ကာလအတွင်းတွင် မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်းမှ လူများအားလုံး ဆုတ်ခွာသွားကြသည်။ ထိုသူတို့၏ လေအလင်းအင်ပါယာသို့ လာသည့်ခရီးတွင် သူတို့၏ အကြီးအကဲတစ်ယောက်ကို ဆုံးရှုံးလိုက်ရသောကြောင့် သူတို့၏ စိတ်အခြေအနေက လေအလင်းအင်ပါယာ၏ ဧကရာဇ်ထက် ပိုမကောင်းနိုင်ပေ။


ထို့အပြင် မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်း၏ အကြီးအကဲခေါင်းဆောင်တစ်ယောက် သေဆုံးသွားခြင်းက သူတို့အကြားမှ အခြေအနေများကို ရှုပ်ထွေးသွားစေလေသည်။


ထိုသို့ အခြေအနေ ဆိုးဝါးနေသော ကာလတွင်ပင် ပုဖန်က ဆိုင်ရှေ့တွင် သက်တောင့်သက်သာ အိပ်ပျော်နေလေသည်။ ရုတ်တရက် စနစ်မှ တာဝန်တစ်ခု ပေးအပ်လာသောကြောင့် ပုဖန်က လန့်နိုးလာလေသည်။


တာဝန်အပီးသတ်ချိန်တွင် ရရှိမည့် ဆုက ပုဖန်၏ တည်ငြိမ်နေသော စိတ်ကိုပင် လှုပ်ရှားသွားစေလေသည်။