အပိုင်း ၂၇၉
Viewers 52k

အခန်း ၂၇၉ “တမူထူးခြားသော မစ်ရှင်…”


“ကြားဖြတ်မစ်ရှင်… သင်က အနောက်ပိုင်းဆန်းကျယ်မြို့တော်ကို သွားပြီး စစ်တပ်နဲ့ပူးပေါင်းပြီး တပ်စားဖိုမှုး လုပ်ရပါတယ်.. အဲဒီကာလထဲမှာ စနစ်ကို စိတ်ကျေနပ်စေနိုင်တဲ့ ဟင်းပွဲသုံးမျိုး ချက်ပြုတ်နိုင်ရပါမယ်… ဟင်းပွဲတွေကို ခရီးစဉ်မှာ ရရှိလာမည့် ပါ၀င်ပစ္စည်းများကိုသာ အသုံးပြုရပါမယ်…”


“ရရှိမည့်ဆု… အစစ်အမှန် စွမ်းအင်တိုးတက်မှု ၁၀% နတ်ဘုရားတစ်ပိုင်းအဆင့် ချက်ပြုတ်ရေးပစ္စည်းအပိုင်းအစတစ်ခု…”


“ဆန်းကျယ်သော ဤကမ္ဘာထဲတွင် ချက်ပြုတ်ခြင်း နတ်ဘုရားတစ်ပါးအဖြစ် ထိပ်ဆုံးတွင် ရပ်တည်လိုသူတစ်ယောက်အနေနှင့် ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေမှာတောင် ကောင်းမွန်တဲ့ စားကောင်းသောက်ဖွယ်တွေကို ချက်ပြုတ်နိုင်ရပါမယ်…. လူတစ်ယောက်ရဲ့ အချက်အပြုတ်စွမ်းရည် တိုးတက်မှုက ရပ်ဆိုင်းသွားမှာ မဟုတ်ပါဘူး… ကြိုးစားပါ… လူငယ်လေး…”


ဆိုင်ရှေ့့မှ ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်နေသော ပုဖန်၏ ခေါင်းထဲတွင် အချက်ပေးသံများ မြည်လာပြီး စနစ်၏ တည်ငြိမ်လေးနက်သော အသံက ထွက်ပေါ်လာလေသည်။ အိပ်ချင်စိတ်ပြင်းပြနေသော မျက်ခွံများကို အသည်းအသန် ဖွင့်ထားရသည့် ပုဖန်က တွေးလိုက်မိသည်။


“ဟမ်… ကြားဖြတ်မစ်ရှင်…”


ပုဖန်က ယခင်တာ၀န်ယူခဲ့ဖူးသော မစ်ရှင်များကို ပြန်တွေးမိလိုက်သည်။ ယခုအကြိမ်တွင် ပေးအပ်လာသော မစ်ရှင်ထဲတွင် ပါ၀င်သည့် အကြောင်းအရာများကြောင့် သူက ခုန်ထလုမတက် လန့်ဖြန့်သွားသည်။


“စစ်တပ်နဲ့ ဆက်သွယ်ပြီး သူတို့ရဲ့ စားဖိုမှုး လုပ်ပေးရမယ်…”


ပုဖန်၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်လာပြီး လွှတ်ခနဲ ရေရွတ်လိုက်မိသည်။ 


“ငါက စစ်တပ်နောက်ကို လိုက်ပြီး စစ်တပ် စားဖိုမှုးလုပ်ပေးရမယ်… စစ်တပ်နဲ့ ဆက်သွယ်ပြီးတော့ သူတို့အတွက် အစားအစာတွေ ချက်ပြုတ်ပေးဖို့ စနစ်က မစ်ရှင်ပေးတယ်….”


ပုဖန်က ထိုအစီအစဉ်ကို နှစ်သက်ခြင်းမရှိပေ။ စစ်တပ်စားဖိုမှုးတစ်ယောက်၏ တာ၀န်က မလွယ်ကူလှပေ။ စစ်တပ်နှင့် ဆက်သွယ်ပြီးသည်နှင့် နေရာတစ်ခုထဲတွင် မနေထိုင်နိုင်တော့ပဲ စစ်တပ်သွားရာနောက်သို့ လိုက်ပါရပေလိမ့်မည်။ အခန့်မသင့်လျင် စစ်မြေပြင်သို့ပင် ပို့ဆောင်ခြင်း ခံရနိုင်လေသည်။ ထို့ကြောင့် ပုဖန်က အလွန်တွန့်ဆုတ်နေလေသည်။


သူ့အနေနှင့်ဆိုပါက ချက်ပြုတ်ခြင်း နတ်ဘုရားနှင့် ထိုအလုပ်များက မည်သို့ ဆက်စပ်နေသည်ကို တွေးမရချေ။


“မီးဖိုချောင်ထဲမှာ ဟင်းလျှာတွေ ချက်ပြုတ်နေရုံနဲ့ လုံလောက်နေပြီ မဟုတ်ဘူးလား… ဘာကြောင့် ငါက စစ်တပ်နဲ့ ဆက်သွယ်ပြီး ကိုယ့်သေတွင်း ကိုယ်တူးရမှာလည်း…”


ပုဖန်၏ နှုတ်ခမ်းများက မဲ့ရွဲ့သွားလေသည်။ သို့သော်လည်း စနစ်ပေးမည့် ဆုက စွဲဆောင်အားကောင်းလှသည်။ 


“ငါ့ရဲ့ ကျင့်ကြခြင်းအဆင့်က ၁၀%တိုးလာမယ့်အပြင် နတ်ဘုရားအဆင့် ချက်ပြုတ်ရေး ပစ္စည်းအပိုင်းအစတစ်ခုလည်း ရဦးမယ်… ဒီဆုတွေက တော်တော် စွဲဆောင်နိုင်တာပဲ…”


ပုဖန်၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နက်နေလေသည်။ အစစ်အမှန်စွမ်းအင် ၁၀% တိုးတက်လာခြင်းက ပုဖန်၏ အချိန်များကို များစွာသက်သာသွားစေသည်။ ကျင့်ကြံမှုကို မြန်မြန်ဆန်ဆန် တိုးတက်လိုနေသော ပုဖန်အတွက် ထိုကမ်းလှမ်းချက်က စွဲဆောင်နိုင်လှပေသည်။ 


ထို့အပြင် နတ်ဘုရားအင့် ချက်ပြုတ်ရေးပစ္စည်း အပိုင်းအစက သူ၏ နှလုံးသားကို ယိမ်းယို်င်သွားစေလေသည်။ ယခုအချိန်တွင် သူက နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း အပိုင်းအစ နှစ်ခုကို စုဆောင်းထားခဲ့ပြီး နောက်တစ်ခုကို ရရှိရန် အဆင့်တက်ချိန်ထိ စောင့်ရမည်ဟု ထင်ခဲ့လေသည်။ သို့သော်လည်း မထင်မှတ်ထားစွာပင် တာ၀န်က ပေါ်ပေါက်လာလေသည်။


ပုဖန်က ထိုင်ခုံနောက်မှီကို မှီလိုက်ပြီး ကောင်းကင်ကို ဗလာအကြည့်များနှင့် ကြည့်၍ ချီတုန်ချတုံ စဉ်းစားနေလေသည်။


……


လမ်းကြားလေးဆီမှ ခြေသံတစ်ချို့ ထွက်ပေါ်လာပြီး ရှောင်ယန်ယုနှင့် ရှောင်ယုတို့ ၀င်ရောက်လာလေသည်။ တောင်ပိုင်းမြို့တော်တွင် အခြေအနေများ ပြန်လည်တည်ငြိမ်လာပြီးနောက် ရှောင်ယန်ယုက အင်ပါယာမြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်သည်။ 


တောင်ပိုင်းမြို့တော်ရှိ တိုက်ပွဲတွင် ရှောင်မိသားစုက အကျိုးအမြတ် မရခဲံသည့်အပြင် ဆုံးရှုံးမှုများပင် ရှိနေလေသည်။ သို့သော်လည်း ထိုအတိုင်းအတာက သူတို့သည်းခံနိုင်သည့် အတိုင်းအတာမျှသာ ရှိနေလေသည်။ တောင်ပိုင်းမြို့တော်၏ တိုက်ပွဲပြီးဆုံးသွားပြီးနောက် ရှောင်ယန်ယုက ရက်အနည်းငယ်မျှ နေထိုင်ပြီး အင်ပါယာမြို့တော်သို့ ချက်ချင်းပြန်လာခြင်း ဖြစ်သည်။


လက်ရှိအချိန်၌ လေအလင်းအင်ပါယာတစ်ခုလုံးက ဗရမ်းဗတာ အခြေအနေသို့ ကျရောက်နေပြီး နေရာအနှံ့ တိုက်ခိုက်မှုများ ဖြစ်နေသောကြောင့် ရှောင်မန်က သူမကို ပြန်ခေါ်လိုက်ခြင်း ဖြစ်သည်။ ရှောင်ယန်ယု မြို့တော်သို့ ပြန်ရောက်လာချိန်တွင် ရှောင်မန်က စစ်မြေပြင်သို့ ထွက်သွားပြီဖြစ်သည်။ 


“ပိုင်ရှင်ပု… ငါ့ကို အေးခဲကျောက်စိမ်း နှလုံးသားဝိုင် တစ်အိုးပေး…”


ရှောင်ယုက ဆိုင်ထဲရောက်သည်နှင့် ခုံတစ်လုံးတွင် ၀င်ထိုင်လိုက်ပြီး ဆိုင်ရှေ့ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော ပုဖန်ကို ကြည့်၍ လှမ်းပြောလိုက်သည်။ 


ရှောင်ယန်ယုကလည်း ကွမ်းရှောင်ယီထံတွင် ဟင်းပွဲနှစ်ခုမျှ မှာယူလိုက်သည်။


ပုဖန်က ခုံမှ ထရပ်၍ အကြောဆန့်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ ခြေလှမ်းနှစ်လှမ်းမျှ လှမ်းလိုက်သည်။ ထို့နောက် ရှောင်ယန်ယုနှင့် ရှောင်ယုကို ခေါင်းငြိမ့်ပြလိုက်ကာ မီးဖိုခန်းထဲ ၀င်သွားလိုက်သည်။ အထဲတွင် ရှောင်ရှောင်လုံနှင့် ယုဖူတို့က ချက်ပြုတ်နေကြသည်။ သူတို့၏ အချက်အပြုတ် စွမ်းရည်က ယခင်ကထက် တိုးတက်လာကြသည်။ သူတို့က ပုဖန်ကို မမှီသေးသောလည်း ပုဖန်လက်ခံနိုင်သည့် အနေအထားတစ်ခုသို့ ရောက်ရှိလာပြီဖြစ်သည်။


ပုဖန်က သူ၏ ဓါးကို ဆွဲထုတ်လိုက်ပြီး အာရုံစိုက်၍ ပါ၀င်ပစ္စည်းများကို စတင်ပြင်ဆင်လိုက်သည်။ သူ၏ ဓါးကိုင်စွမ်းရည်က ကျွမ်းကျင်ပိုင်နိုင်သည့် အဆင့်တစ်ခုသို့ ရောက်နေပြီဖြစ်သောကြောင့် ပါ၀င်ပစ္စည်းများ ပြင်ဆင်ချိန်တွင် ပို၍ လျှင်မြန်လာလေသည်။ ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာတွင် ကျွမ်းကျင်ပိုင်နိုင်မှု ပိုရှီလာပြီး အတားအဆီးတစ်ခုသို့ ရောက်ရှိနေသည်ဟု ခံစားမိနေသည်။


ထို့နောက် သူက မီးမြှင့်၍ အိုးကို အပူပေးလိုက်သည်။ သူ၏ လှုပ်ရှားမှုများက စမ်းရေစီးနေသကဲ့သို့ ညင်သာနေလေသည်။သူ၏ ကျွမ်းကျင်ပိုင်နိုင်မှုအောက်တွင် ဟင်းပွဲများက အလျင်အမြန် ချက်ပြုတ်ပြီးဆီးသွာလေသည်။ မီးဖိုချောင်ထဲမှ ထွက်ပေါ်လာသော သင်းပျံ့မွှေးကြိုင်သည့် ရနံ့များက ဆိုင်၏ လေထုကို ဖုံးလွှမ်းသွားလေသည်။


ချက်ပြုတ်ပြင်ဆင်ပြီးနောက် ပုဖန်က ဟင်းပွဲများကို ပြတင်းပေါက်ဘောင်ပေါ် တင်ပေးလိုက်ပြီး ကွမ်းရှောင်ယီကို လာသယ်ခိုင်းလိုက်သည်။ ထို့နောက် သူ၏ လက်များကို သန့်ရှင်းသပ်ရပ်အောင် သုတ်သင်လိုက်ပြီး အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ယူ၍ ထွက်လာလိုက်သည်။ သူက ဝိုင်အိုးက ရှောင်ယန်ယုနှင့် ရှောင်ယုတို့၏ စားပွဲပေါ်တွင်တင်ပေးလိုက်သည်။ 


ရှောင်ယုက ဝိုင်အိုးကိုအဖုံးဖွင့်လိုက်ပြီး ပျော်ရွှင်ဟန်နှင့် ငှဲ့လိုက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ 


ပုဖန်က ခုံတစ်ခုံကို ဆွဲ၍ ၀င်ထိုင်လိုက်ပြီးနောက် ထိုနှစ်ယောက်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။


ရှောင်မန်၏ စစ်ဆင်ရေးက အင်ပါယာမြို့တော်ကိုသတင်းကောင်းများစွာ သယ်ဆောင်လာခဲ့သည်။ သူက မြို့တော်မှ ထွက်ခွာသွားပြီးနောက်မြို့ပေါင်းများစွာမှ သူပုန်များကို သတ်ဖြတ်နှိမ်နင်းခဲ့သည်။ သတင်းဆိုးများကိုသာ အဆက်မပြတ် လက်ခံရရှိနေသော အင်ပါယာမြို့တော်က အကောင်းဘက်အခြေအနေသို့ အလျင်အမြန် ပြန်ရောက်လာလေသည်။ 


စိတ်ချရသည့် အခြေအနေသို့ ရောက်နေသော်လည်း အနားယူရန် အချိန်မဟုတ်သေးကြောင်း ဂျိချန်းရွဲ့က သိနေလေသည်။ ရှောင်မန်က ယခုအချိန်ထိတိုင်အောင် ဂျိချန်းယု၏ တပ်များနှင့် တွေ့ဆုံခဲ့ခြင်း မရှိသေးပေ။ ဂျိချန်းယုကို ထောက်ပံ့နေသူ၏ နောက်ခံက အလွန်ခိုင်မာသောကြောင့် သူ၏ တပ်များက မည်မျှ အင်အားကြီးမည်ကို ခန့်မှန်းမရနိုင်ပေ။


အကယ်၍ ရှောင်မန်သာ ရှုံးနိမ့်ခဲ့လျင် အင်ပါယာမြို့တော်က အမှန်တကယ် ခါးသီးမှုနှင့် ရင်ဆိုင်ရပြီး အလွန်ရုန်းကန်ရပေလိမ့်မည်။


ပုဖန်က ရှောင်ယုနှင့် အချိန်အတော်ကြာမျှ စကားစမြည်ပြောဆိုနေလေသည်။ သူက စစ်တပ်နှင့် ဆက်သွယ်၍ တပ်စားဖိုမှုးလုပ်ရန် ဆုံးဖြတ်ပြီး ဖြစ်သောကြောင့် စစ်တပ်နှင့် ပတ်သတ်သည့် ကိစ္စများကို သိရှိနားလည်ရန် လိုအပ်လေသည်။ 


ရှောင်ယုက စစ်တပ်တွင် အချိန်ကြာကြာ မနေဖူးသော်လည်း ပုဖန်ထက်ပို၍ ဗဟုသုတ များလေသည်။ သူတို့နှစ်ဦးက အကြောင်းအရာများစွာကို ပြောဆိုနေကြပြီး ပုဖန်က မေးခွန်းများမေး၍ ရှောင်ယုက ပြန်ဖြေနေလေသည်။ သို့ရာတွင် ယနေ့၌ ပုဖန်က တပ်နှင့်ပတ်သတ်သည့် ကိစ္စများကို မေးမြန်းနေသောကြောင့် ရှောင်ယုက ဇဝေဇ၀ါ ဖြစ်နေလေသည်။


စကားပြောပြီးချိန်တွင် ဝိုင်နှင့် ဟင်းပွဲများ ကုန်သွားပြီဖြစ်သောကြောင့် သူတို့နှစ်ဦးက ပုဖန်ကို နှုတ်ဆက်၍ ဆိုင်မှ ထွက်ခွာသွားကြသည်။ ထိုနေ့တစ်နေ့လုံး ဆိုင်တွင် စားသုံးသူများနှင့် ပြည့်နှက်နေလေသည်။ ဆိုင်ငယ်လေးက ကျော်ကြားနေပြီ ဖြစ်သောကြောင့် စီးပွားရေး ကောင်းမွန်လာလေသည်။ ထို့ကြောင့် ပုဖန်၏ ကျင့်ကြံမှု အဆင့်တက်ရန် ပိုမို နီးကပ်လာလေသည်။


နောက်ဆုံးတွင် ဆိုင်ပိတ်ချိန်ရောက်ရှိလာပြီဖြစ်သည်။ ရှောင်ရှောင်လုံနှင့် ကွမ်းရှောင်ယီတို့က ပုဖန်ကို နှုတ်ဆက်၍ ပြန်သွားကြပြီး ယုဖူကလည်း သူမအခန်းဆီသို့ သွား၍ အနားယူလိုက်လေသည်။ 


ညရောက်လာပြီ ဖြစ်သော်လည်း ဆိုင်ငယ်လေး၏ မီးဖိုဆောင်ထဲတွင် မီးများ လင်းထိန်နေလေသည်။ ပုဖန်က ရင်းနှီးကျွမ်း၀င်ပြီးသော ဟင်းပွဲများကို လေ့ကျင့်ချက်ပြုတ်နေလေသည်။ ရည်မှန်ချက်ကြီးမားသော စားဖိုမှုးတစ်ယောက်အနေနှင့် သူ့ဟင်းပွဲများ၏ အရည်အသွေါ်ကို ထိန်းသိမ်းထားနိုင်ရန် လေ့ကျင့်ချက်ပြုတ်ရလေသည်။ လေ့ကျင့်ချက်ပြုတ်ပြီးနောက် ပုဖန်က သူ၏ အခန်းသို့ ပြန်သွားလိုက်ပြီး ရေချိုးသန့်စင်လိုက်သည်။ ထို့နောက် သူ၏ ဆံပင်ရှည်များကို သုတ်နေရာမှ စနစ်ကို လှမ်းမေးလိုက်သည်။


“စနစ်… အနောက်ပိုင်းဆန်းကျယ်မြို့တော်ကို ငါဘယ်တော့သွားရမှာလဲ… ပီးတော့ စစ်တပ်နဲ့ ဘယ်လို ဆက်သွယ်ရမှာလဲ…”


“နောက်ထပ်နှစ်ရက်အတွင်းမှာ စနစ်ရဲ့ ပို့ဆောင်ရေး အစီအရင်က အသက်၀င်ပါလိမ့်မယ်… စစ်တပ်နဲ့ ဆက်သွယ်ရမှာတော့ သင့်ရဲ့ တာ၀န်ပါပဲ…”


ပုဖန်က မဲ့လိုက်မိသည်။ 


“တပ်ထဲ၀င်ဖို့ ငါကိုယ်တိုင် ကြိုးစားရမှာလား…”


ပထမဆုံးအနေနှင့် ထိုစနစ်က အားကိုး၍ မရကြောင်း သတိပြုမိလိုက်သည်။ ပုဖန်က ခေါင်းပူမတက် စဉ်းစားနေလေသည်။


“ငါက စစ်တပ်နဲ့ ဘယ်လို ဆက်သွယ်ရမလဲ… သူတို့ကရော ငါ့ကို ၀င်ခွင့်ပြုပါ့မလား… သူတို့က ငါ့ကို ဘယ်လိုလုပ် စစ်တပ်ထဲ ပေး၀င်မှာလဲ…”


ပုဖန်က အနောက်ပိုင်းဆန်းကျယ်မြို့တော်သို့ သွားရမည့် ခရီးက စိတ်ရှုပ်စရာ ပြသနာတစ်ခုဟု ရုတ်တရက် ခံစားလိုက်မိသည်။ မည်သို့ စဉ်းစားသော်လည်း အခြေမထွက်သောကြောင့် ပုဖန်က အိပ်ယာပေါ်တက်၍ နှစ်နစ်ခြိုက်ခြိုက် အိပ်လိုက်လေသည်။ ခေါင်းပေါက်မတက် တွေးတောနေခြင်းထက်စာလျင် အိပ်စက်ခြင်းက ပို၍ ကောင်းမွန်လေသည်။


မျက်စိတစ်မှိတ်အတွင်းပင် နှစ်ရက်က ကုန်ဆုံးသွားလေသည်။ ထိုအတောအတွင်းတွင် ဆိုင်၏ လုပ်ငန်းများက ပုံမှန်လည်ပတ်နေလေသည်။ 


ပုဖန်ကလည်း သူ၏ နေ့စဉ် အချက်အပြုတ် လေ့ကျင့်ခန်းများကို ပုံမှန် လုပ်ဆောင်နေလေသည်။


“အင်း… ဆိုင်ကနေ… နောက်ိထပ် ရက်နည်းနည်းလောက် ထွက်ခွာသွားရမယ်… ဒီတစ်ခါသွားရမှာက ငါ့ရဲ့ အချပ်အပြုတ် လေ့ကျင့်ခန်းအတွက်ပဲ.. ဘယ်အချိန် ပြန်ရောက်လာမယ်တော့ မပြောတတ်ဘူး.. ဆိုင်ရဲ့ လုပ်ငန်းဆောင်တာတွေ အားလုံးကိုတော့ မင်းတို့နှစ်ယောက်ကိုပဲ လွဲခဲ့ရတော့မယ်…”


ပုဖန်က မီးဖိုချောင်ထဲတွင် ရှောင်ရှောင်လုံနှင့် ယုဖူကို လေးလေးနက်နက် မှာကြားနေလေသည်။ 


“ငါပြန်လာရင် မင်းတို့ကို ဟင်းပွဲအသစ် သင်ပေးမယ်…”


ရှောင်ရှောင်လုံနှင့် ယုဖူတို့၏ မျက်၀န်းများက တောက်ပသွားသည်။ ရှောင်ရှောင်လုံက သူ့ရင်ဘက်ကို လက်နှင့် ပုတ်လိုက်ပြီး ဆိုင်ကို စောင့်ရှောက်မည့်အကြောင်းကို ရဲရဲဝံ့ဝံံ့ ကတိပေးလိုက်သည်။ ယုဖူကလည်း ပုဖန် စကားများကို နာခံမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။


ပုဖန်က ရှောင်ရှောင်လုံ၏ ပုခုံးကို ပုတ်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သံသယမကင်းဟန်နှင့် ပြန်ကြည့်လိုက်ပြီး ပြောလိုက်သည်။.


“အလုပ်ကို ကောင်းကောင်းကြိုးစားကောင်လေး… ငါပြန်လာရင် မင်းတို့ရဲ့ အချက်အပြုတ်စွမ်းရည် ဖြတ်တောက်ခြင်း နည်းပညာနဲ့ အသားလွှာထွင်းထုခြင်း နည်းစနစ်တွေကို စစ်ဆေးမယ်… ဘယ်သူပဲ ရှုံးရှုံး ပစ်ဒဏ်ခံရမယ်…”


ရှောင်ရှောင်လုံ၏ မျက်နှာက ငရဲကျခံရသည့်အလား မဲမှောင်သွားလေသည်။ သူက ထိုပစ်ဒဏ်ကို ကောင်းကောင်းခံစားဖူးလေသည်။ ယခုချက်ချင်းပင် သူ၏ နှလုံးသားထဲမှ တုန်ယင်မှုနှင့် လက်ကောက်၀တ်မှ ကိုက်ခဲမှုများကို ပြန်၍ သတိရသွားသည်။


ယုဖူက ရှောင်ရှောင်လုံ၏ အမူအယာကို ကြည့်၍ မထိန်းနိုင်စွာ ရယ်မောလိုက်သည်။


ပုဖန်က သူတို့ကို နှုတ်ဆက်စကား ပြောလိုက်ပြီးနောက် အခန်းဆီသို့ ပြန်လာလိုက်သည်။


“အစားအသောက်လမ်းညွှန်မြေပုံက ဒုတိယနေရာ .. အနောက်ပိုင်းဆန်းကျယ်မြို့တော် အသက်၀င်ပါပြီ…”


စနစ်၏ သတိပေးသံ ထွက်ပေါ်လာလေသည်။


ပုဖန်၏ စူးရှသော အမြင်အာရုံက လေထဲမှ အစက်အပျောက်လေးများကို သတိပြုမိလိုက်သည်။ ထိုအစက်အပျောက်လေးများက လေထဲတွင် စတက်လည်ပတ်နေပြီး ဆန်းကျယ်သော အစီအရင်တစ်ခုကို စတင်ရေးဆွဲနေလေသည်။


ပုဖန်က ထိုအစီအရင်ကို အကြိမ်များစွာ ဖြတ်သန်းသွားလာဖူးသောကြောင့် သာမာန်ပင် ဖြစ်နေလေသည်။


“အစားအသောက်လမ်းညွှန်မြေပုံပေါ်က ဒုတိယအမှတ်… ဒါဆိုတော့ အဲဒီမှာ ယာယီမစ်ရှင်တစ်ခု ရှိနေတာလား…”


ပုဖန်က တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။ 


ထိုအချိန်တွင် လေထဲမှ မှော်အစီအရင်က တဖြည်းဖြည်း အသက်၀င်လာလေသည်။ လေပြင်းများက ပုဖန်၏ ပုံရိပ်ကို ဖုံကွယ်သွားလေသည်။ ထို့နောက် လေပြင်းများက တခဏအတွင်း ပြန်လည်ပျောက်ကွယ်သွားလေသည်။ သို့သော် ပုဖန်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီဖြစ်သည်။