အပိုင်း ၂၈၀
Viewers 62k

အခန်း ၂၈၀ “ပိုင်ရှင်ပု စစ်တပ်နှင့် ဆက်သွယ်ခြင်း”


အနောက်တိုင်းဆန်းကျယ်မြို့တော်က လေအလင်းအင်ပါယာ၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး ရှည်လျားသော သမိုင်းကြောင်းများနှင့် ရှေးဟောင်းမြို့တစ်မြို့ ဖြစ်သည်။ မင်းဆက်ပေါင်းများစွာ ပျက်ဆီးခဲ့သော်လည်း ကျန်ရစ်ခဲ့သော မြို့တစ်မြို့ဖြစ်သည်။ 


ထိုမြို့ကြီးက အရှေ့မြောက်ဖက် အဆုံးအစမဲ့ မျက်ခင်းပြင်ဒေသတွင် တည်ရှိပြီး လေအလင်းအင်ပါယာ မြောက်ပိုင်းတွင် အကြီးဆုံးမြို့တစ်မြို့လဲ ဖြစ်သည်။ အနောက်မြောက်ဘက်တွင် တောင်စဉ်တစ်ထောင် တောင်တန်းများ ကာရံထားပြီး အားကောင်းသန်မာသော စစ်တပ်တစ်တပ်ကို ပိုင်ဆိုင်ထားသည်။


အနောက်တိုင်းဆန်းကျယ်မြို့တော်၏ အပြင်ဘက် ရှေ့ဟောင်းလမ်းမထက်တွင် လေပြင်းများ တိုက်ခတ်လာပြီး ဖုန်တထောင်းထောင်းထလာလေသည်။ တိုက်ခတ်နေသော လေပြင်းများကြားတွင် အဝါရောင် အစက်အပြောက်လေးများ ပေါ်ထွက်လာပြီး ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။ ထိုနှစ်ယောက်ထဲမှ တစ်ယေယက်၏ မျက်၀န်းများက အနီရောက် တောက်ပနေလေသည်။ 


အဟွတ်… အဟွတ်… 


ပုဖန်က သူ၏ နှာခေါင်းနှင့် ပါးစပ်ကို လက်တစ်ဖက်နှင့် ကာ၍ ချောင်းဆိုးလိုက်ပြီး အနီးမှ ဖုန်မှုန့်များကို အခြားလက်တစ်ဖက်နှင့် ရမ်းခါလိုက်သည်။


“ဒီပတ်၀န်းကျင်က တော်တော်ကောင်းတာပဲ…” ပုဖန်က မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။ 


အချိန်တော်တော်ကြာ လမ်းလျောက်ပြီးနောက် သူတို့အနှီးတွင် ဖုန်မှုန်းများပို၍ များပြားလာသည်။ အနီရောင် တောက်ပနေသော မျက်၀န်းများနှင့် ဝှိုက်တီက ပုဖန်နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။ 


ပုဖန်က ဝှိုက်တီ၏ ဗိုက်ကို လက်နှင့် ပုတ်လိုက်ပြီး ခေါင်းမော့လိုက်ကာ သူတို့ရှေ့မှ ကြီးမားလှသော မြို့တော်ကြီးကို လှမ်းကြည့်လိုက်သည်။ သမိုင်းကြောင်း ရှည်လျားလှပြီး ခန့်ညားထည်ဝါလှသော မြို့တော်ကြီးက ပုဖန်ကို အသက်ရှူကြပ်စေလောက်သော ခံစားချက်များကို ပေးစွမ်းနေလေသည်။ 


ပုဖန်၏ မျက်၀န်းများက တောက်ပနေလေသည်။ ယခုခရီးစဉ်၏ ရည်ရွယ်ချက်က အနောက်တိုင်းဆန်းကျယ်မြို့တော်၏ အင်အားကြီးမားလှသော စစ်တပ်သို့ ၀င်ရောက်၍ တပ်စားဖိုမှုးတစ်ယောက် ဖြစ်လာရန်ဖြစ်သည်။ 


လူတစ်ယောက်နှင့် စက်ရုပ်တစ်ရုပ်က ကျယ်ပြန့်လှသော လွင်ပြင်ကို ဖြတ်သန်းပြီး မြို့တံခါး၀သို့ ရောက်လာကြသည်။ မြို့တံခါး၀က အင်ပါယာ မြို့တော်ကဲ့သို့ မြင့်မားလှသည်။ တံခါး၀တွင် မြောက်များလှသော အစောင့်စစ်သည်များ စောင့်ကြပ်နေကြသည်။ ထိုစစ်သည်တော်များက အင်ပါယာမြို့တော်မှ စစ်သည်တော်များနှင့် ကွဲပြားခြားနားလှသည်။ သူတို့၏ မျက်၀န်းများထဲတွင် အင်ပါယာ မြို့့တော်မှ စစ်သည်တော်များတွင် မရှိသည်။ စူးရှထက်မြမှုများကို ခံစားမိလေသည်။


အနောက်မြောက်ပိုင်း ဒေသမှ လူများက ပို၍ ရဲရင့်ကြသည်။ ထို့ကြောင့် စစ်သားများက ပို၍ရဲ့ရင့်သော သဘာ၀ရှိပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်များက မြင့်မားကြခြင်း ဖြစ်သည်။ 


ပုဖန်က ကြာမြင့်စွာ လမ်းလျောက်ခဲ့ရသောကြောင့် ဖုန်မှုန့်များ ကပ်ညိနေပြီး ပင်ပန်းနွမ်းနယ်နေလေသည်။ သူနှင့် ဝှိုက်တီက အခြားခရီးသွားများနှင့် အတူ အနောက်ပိုင်းဆန်းကျယ်မြို့ထဲသို့ ၀င်လာလိုက်ကြသည်။


ပုဖန်က မြို့ထဲရောက်သည်နှင့် ဤနေရာမှ ဒေသဆိုင်ရာ ယဉ်ကျေးမှုများနှင့် ရင်းနှီးကျွမ်း၀င်စေရန် စတင်လုပ်ဆောင်လိုက်သည်။ သူက စစ်တပ်ထဲ၀င်၍ စားဖိုမှုးတစ်ယောက် ဖြစ်လာမည်မှာ မဖြစ်နိုင်သောကြောင့် တည်းခိုခန်းတစ်ခုရှာ၍ ငှားရမ်းလိုက်သည်။ သူက လူစိမ်းတစ်ယောက်သာ ဖြစ်သောကြောင့် တစ်ရက်နှင့် နေ့တစ်ပိုင်းခန့် မြို့ထဲတွင် လှည့်လည်သွားလာနေလိုက်သည်။


ပုဖန်က ဤနေရာမှ အစားအသောက် အနည်းငယ်ကို မြည်းစမ်းစားသောက်ပြီး ဖြစ်သည်။ အနောက်တိုင်းဆန်းကျယ်မြို့တော်မှ အစားအသောက်များက တောင်ပိုင်းမြို့တော်ကဲ့သို့ ဆန်းကျယ်ခြင်း မရှိပေ။ စားသောက်ဖွယ်ရာများက ဂျုံနှင့် ပြုလုပ်ထားသည့် မုန့်များသာ ဖြစ်ပြီး ရိုးစင်းစွာ ပြင်ဆင်ထားသော အကင်များကိုလည်း တွေ့ရသည်။ ပုဖန်က ထိုစားစရာများကို မြည်းစမ်းပြီးနောက် ကွဲပြားခြားနားမှုကို တွေ့ရှိခဲ့သည်။


သို့သော်လည်း သူ၏ အစားအသောက် မှတ်စုထဲတွင် မှတ်တမ်းတင်နိုင်သော တန်ဖိုးရှိစားသောက်ဖွယ်ရာကို မတွေ့ရသောကြောင့် အလွန် နှမျောနေလေသည်။ ပုဖန်က ပတ်၀န်းကျင်တစ်ဝှိုက်မှ အစားအသောက်များကို မမြည်းစမ်းရသေးကြောင်း သိသော်လည်း သူ့တွင် ထိုစားစရာများကို ရှာဖွေစားသောက်ရန် အချိန်မရှိတော့ပေ။ သူက စစ်တပ်နှင့် ဆက်သွယ်ရန် ပြင်ဆင်ရတော့မည်ဖြစ်သည်။ 


ပုဖန်က စည်ကားလှသော စားသောက်ဆိုင်တစ်ခု၏ ပြတင်းပေါက်အနီးတွင် ထိုင်ကာ လှပသော မြို့တွင်းရှုခင်းများကို ကြည့်၍ စားကောင်းသောက်ဖွယ်များကို စားသောက်နေသည်။ မြို့ထဲတွင် လှံရှည်များ ကိုင်ဆောင်ထားသော စစ်သည်တော်များက အချိန်ပြည့် လှည့်လည်နေသည်ကို တွေ့ရသောကြောင့် မြို့တော်က လုံခြုံမှုရှိသည်ဟု ဆိုနိုင်လေသည်။


ပုဖန်က စားပွဲထိုးတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။ ထို့နောက် ရွှေဒင်္ဂါးတစ်ပြားကို ခြေထောက်မသန်သော စားပွဲထိုး၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။


“ဆရာ ဒါက အရမ်းများလွန်းတယ်…”


စားပွဲထိုးက လက်ထဲမှ ရွှေဒင်္ဂါးကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။ 


ထမင်းတစ်နပ်စာအတွက် ရွှေဒင်္ဂါးတစ်ပြား… ထိုလူငယ်လေးက အလွန်ချမ်းသာလှပေသည်။


“ဒါက ထမင်းတစ်နပ်စာအတွက် မင်းကို ပေးတာမဟုတ်ဘူး… ငါ့မှာ မင်းကို မေးစရာ တစ်ချို့ရှိတယ်…” ပုဖန်က စားပွဲထိုးကို ပြန်ပြောလိုက်သည်။


စားပွဲထိုး၏ မျက်၀န်းများက တောက်ပသွားသည်။ ထို့နောက် ရင်ကော့၍ သူ့ရင်ဘက်ကို တဘုန်းဘုန်းထုကာ ပြန်ပြောလိုက်သည်။


“ဆရာကြီး… ဒါဆိုရင် သိချင်တာကို မေးပါ… ငါသိသလောက် ပြန်ပြောပြပါ့မယ်…”


ပုဖန်က တခဏမှ တိတ်ဆိတ်သွားပြီးနောက် စားပွဲထိုးကို သေချာစွာကြည့်၍ မေးလိုက်သည်။ 


“အနောက်ပိုင်း ဆန်းကျယ်မြို့တော်မှာ တပ်ဖွဲ့ဘယ်နှစ်ခုရှိလဲ…”


စားပွဲထိုးက ပုဖန်မေးခွန်းကြောင့် တခဏမျှ ကြောင်အသွားပြီး မျက်မှောင်ကြုံ့၍ ပြန်ဖြေလိုက်သည်။


“ဆရာကြီး… ငါတို့ အနောက်ပိုင်းဆန်းကျယ်မြို့တော်မှာ စစ်တပ်တစ်တပ်ပဲ ရှိတယ်.. ဒီမှာရှိတဲ့ ယောက်ျားအားလုံးက အနောက်ပိုင်းဆန်းကျယ်မြို့တော်ရဲ့ စစ်တပ်ထဲကို ၀င်ရောက်လိုကြတယ်…”


“အနောက်မြောက်ပိုင်းမှာ ရှိတဲ့ ယောက်ျားတိုင်းက စစ်တပ်ထဲကို ၀င်ရောက်လိုတယ်… အဲဒီစစ်တပ်က မင်းပြောသလောက်ကောင်းလို့လား…”


“ရိုးရိုးသားသားပြောရမယ်ဆိုရင်… ငါလည်း အနောက်ပိုင်းဆန်းကျယ်စစ်တပ်က စစ်သားတစ်ယောက်ပဲ.. တစ်ခါက တိုက်ပွဲတစ်ခုမှာ ငါ့ရဲ့ ခြေထောက်က အကြောသေသွားလို့ ဒီစားသောက်ဆိုင်လေးမှာ စားပွဲထိုးလာလုပ်နေတာပဲ….” စားပွဲထိုးက သူ၏ မသန်မစွမ်း ဖြစ်နေသော ခြေထောက်ကို ပုတ်လိုက်ပြီး ဆက်ပြောလိုက်သည်။


“တကယ်လို့ ငါက မသန်မစွမ်း မဖြစ်နေဘူးဆိုရင် ငါ့ရဲ့ သွေးတစ်စက်ပဲ ကျန်တဲ့ အချိန်ထိ စစ်တပ်ထဲမှာပဲ ရှိနေမှာပဲ… အခု အနောက်ပိုင်းဆန်းကျယ်မြို့က အကြပ်အတည်းထဲကို ကျရောက်နေတယ်လို့ ငါကြားခဲ့ရတယ်… စစ်ပွဲတေ ပြန်စတင်လာပြီ… ငါ့ရဲ့ ရဲဘော်ရဲဘက်တွေ ဘယ်လောက်များများ စစ်မြေပြင်မှာ ကျဆုံးသွားပြီဆိုတာ ဘယ်သူသိမှာလဲ…”


စားပွဲထိုး၏ မျက်နှာပေါ်တွင် ၀မ်းနည်းမှုနှင့် စိတ်ပျက်ကြေကွဲမှုများ ပြည့်နှက်နေသည်။ 


ပုဖန်က တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုက်သည်။ ထိုကိစ္စများနှင့် ပတ်သတ်၍ သူက ရင်းနှီးမှုမရှိပေ။ စားပွဲထိုးက စစ်သားတစ်ယောက် ဖြစ်ခဲ့သောကြောင့် ခံစားချက်များ ပြည့်နှက်နေခြင်းက သဘာ၀ပင် ဖြစ်သည်။ အနောက်ပိုင်းဆန်းကျယ်စစ်တပ် ထိုအသံကို ကြားရသည်ကပင် စိတ်လှုပ်ရှားဖွယ်ကောင်းလှလေသည်။


“မင်းငါ့ကို စစ်တပ်နဲ့ ပတ်သတ်တာတွေ ပိုပြီးတော့ ပြောပြနိုင်မလား…” ပုဖန်က စားပွဲထိုးကို ဆက်မေးလိုက်သည်။


“ဒါပေါ့… ရပါတယ်.. အနောက်ပိုင်းဆန်းကျယ်မြို့တော်ရဲ့ စစ်တပ်အကြောင်းကို မသိတဲ့သူမရှိဘူး… ဘာလို့လဲဆိုတော့… အဲဒါက ငါတို့ မြို့တော်ကို အဓိက ကာကွယ်စောင့်ရှောက်ပေးနေတဲ့ အင်အားစုဖြစ်နေလို့ပဲ… ငါတို့ မြို့တော်ရဲ့ ပထဝီအနေအထားအရ.. တစ်ခါတစ်ရံဆိုရင် တောင်စဉ်တစ်ထောင် တောင်တန်းက ထွက်လာတဲ့ နတ်ဆိုးတွေကို တွေ့ရလေ့ရှိတယ်.. အဲဒီ နတ်ဆိုးသားရဲတွေက ပြည်သူလူထုတွေကို မထိခိုက်နိုင်အောင် သူတို့တွေက ရင်ဆိုင်သတ်ဖြတ်လေ့ရှိတယ်….”


“ပြီးတော့… အနောက်ပိုင်းဆန်းကျယ်မြို့့တော်ရဲ့ စစ်သေနာပတိချုပ်က မြို့အရှင်ရဲ့ သားအရင်းပဲ.. စစ်သူကြီး ခုံးရွှမ်ရဲ့ သိုင်းအဆင့်က မယုံနိုင်စရာကောင်းတယ်.. ပြောကြတာတော့… မကြာသေးခင်ကပဲ သူတော်စင်အဆင့်ကို ချိုးဖျက်နိုင်ပြီး အနောက်ပိုင်းဆန်းကျယ်မြို့တော်ရဲ့ အသန်မာဆုံးစစ်သည်ဖြစ်လာခဲ့တယ်.. သူသာ ဒီမှာရှိနေရင် ငါတို့ မြို့တော်ကို ဘယ်သူမှ လွှမ်းမိုးနိုင်မှာ မဟုတ်တော့ဘူး…”


“ဒါက ချဲ့ကားပြောဆိုနေတာမဟုတ်ဘူးနော်… တကယ်လို့ ငါတို့ အနောက်ပိုင်း ဆန်းကျယ်မြို့က အင်ပါယာ စစ်တပ်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင် နည်းနည်းလေးမှ အားနည်းနေမှာ မဟုတ်ဘူး….”


စားပွဲထိုးက အဆက်မပြတ် ပြောဆိုနေသည်။ သူက အနောက်ပိုင်းဆန်းကျယ်စစ်တပ်နှင့် အလွန်ရင်းနှီးပုံရပြီး ထိုအရာအတွက်လည်း ဂုဏ်ယူဝံ့ကြွားနေပုံရလေသည်။ ထိုအကြောင်းအရာများကို ပြောနေချိန်၌ သူ့ကိုယ်သူပင် မသိလိုက်ပဲ ဂုဏ်ယူစွာနှင့် ရင်ဘက်ကို ပုတ်လေ့ရှိသည်။ ပုဖန်က ဂရုတစ်စိုက်နားထောင်နေလိုက်ပြီး တစ်ခါတစ်ရံ ခေါင်းငြိမ့်လိုက်မိသည်။


“ဒါက နောက်ဆုံးမေးခွန်းပဲ.. တကယ်လို့ ငါက အနောက်ပိုင်းဆန်းကျယ်စစ်တပ်ကို ၀င်ရောက်ချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ…”


“ဘယ်လို… ဆရာက အနောက်ပိုင်းဆန်းကျယ် စစ်တပ်ထဲကို ၀င်ချင်တယ်…”


စားပွဲထိုး၏ မျက်၀န်းများ ပြူးကျယ်လာပြီး ပုဖန်ကို အံ့အားသင့်ဟန်နှင့် စိုက်ကြည့်လိုက်သည်။ ချမ်းသာသော မိသားစုမှ လာပြီး သန့်ရှင်းစင်ကျယ်သော အ၀တ်အစားများနှင့် နူးညံ့သိမ်မွေ့ပြီး မိန်းမလျာနှင့် တူသော ထိုလူငယ်လေးက အဘယ်ကြောင့် စစ်တပ်ထဲ ၀င်လိုသည်ကို တွေးနေမိသည်။ 


ပုဖန်က နှုတ်ခမ်းကို လျှာနှင့် သပ်လိုက်ပြီး သူ၏ အိတ်ထဲမှ ရွှေဒင်္ဂါးနောက်တစ်ပြားကို ထုတ်ယူလိုက်သည်။ 


“ငါက အနောက်ပိုင်းဆန်းကျယ်စစ်တပ်ထဲကို ၀င်ချင်တယ်ဆိုတာ… ငါ့ကိုယ်ငါ သန်မာအောင် လေ့ကျင့်ချင်လို့ပဲ….”


ရွှေဒင်္ဂါး တစ်ပြားကို မြင်လိုက်ရသောအခါ စားပွဲထိုး၏ မျက်၀န်းများက တောက်ပလာလေသည်။ သူက ရွှေပြားကို အလျင်အမြန် သိမ်းယူလိုက်ပြီး ရင်ဘက်ကို ပုဖန်၍ ပုဖန်ကို အာမခံလိုက်သည်။


“ဆရာက ငါ့ကို ယုံကြည်တယ်ဆိုမှတော့ ငါက နည်းလမ်းရှာရမှာပေါ့… စစ်တပ်ထဲ၀င်ဖို့က သိပ်မခက်ပါဘူး…စစ်ပွဲတွေ ရှိနေသရွေ့တော့ စစ်တပ်က တပ်သားသစ်တွေ စုဆောင်းနေမှာပဲ… ဒါပေမယ့် အနောက်ပိုင်းဆန်းကျယ်စစ်တပ်ကို ၀င်ခွင့်ရဖို့ကတော့ သိပ်မလွယ်ဘူး… ဒီမှာ ငါနဲ့ သိတဲ့ တပ်သားတစ်ချို့ ရှိနေတယ်.. မနက်ဖြန်ကျရင် မင်းကို သူတို့ဆီခေါ်သွားပြီး စကားကောင်း ပြေားပေးမယ်…”


“ဒီလိုဆိုရင်တော့ သူတို့က မင်းရဲ့ ပျော့ညံ့မှု တချို့ကို သင်ပြပေးမှာပေါ့…”


ပုဖန်က စားပွဲထိုး၏ စကားကြောင့် မဲ့လိုက်မိသော်လည်း ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်သည်။


စားပွဲထိုးက သဘောကျစွာနှင့် သူ၏ ခေါင်းကို တစ်ချက်ပွတ်လိုက်သည်။ ထို့နောက် မသန်စွမ်းသော ခြေထောက်ကို လှုပ်ရမ်း၍ လိမ်ဖယ်လိမ်ဖယ်နှင့် ထွက်ခွာသွားလေသည်။


နောက်တစ်နေ့တွင် ပုဖန်က စားသောက်ဆိုင်ဆီသို့ ပြန်လာလိုက်ရာ ဆိုင်၏ အပေါက်၀တွင် သူ့ကို စောင့်နေသော စားပွဲထိုးကို တွေ့လိုက်ရသည်။ 


“ရောက်လာပြီလား… ဆရာ.. သွားကြစို့.. ငါအခု နေ့တစ်၀က်ခွင့်ယူထားတယ်ဆိုတော့ မင်းကို အဲနေရာကို လိုက်ပို့ဖို့ အချိန်လုံလောက်ပါတယ်… ဒါနဲ့ ငါ့ကို အားနိုလို့ ခေါ်လို့ရတယ်…”


ပုဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး အားနို၏ နောက်မှ လိုက်ပါသွားလေသည်။ သူတို့နှစ်ဦးက အနောက်ပိုင်းဆန်းကျယ်မြို့တော် လမ်းမပေါ်တွင် လျောက်လှမ်းသွားကြလေသည်။


မြို့တော်က ကျယ်ပြောလှသော်လည်း တပ်၏ လူသစ်စုဆောင်းသည့် နေရာက သူတို့နှင့် မဝေးလှပေ။ ထို့ကြောင့် သူတို့က လမ်းလျောက်သွား၇န် ဆုံးဖြတ်လိုက်ကြသည်။ တစ်နာရီခန့် လျောက်သွားလိုက်ပြီးနောက် အားနိုပြောသည့် နေရာသို့ ရောက်လာကြသည်။


လူသစ်စုဆောင်းသည့် နေရာက ကြီးမားလှသော အဆောက်အဦးတစ်ခုထဲတွင် ဖြစ်သည်။ ထိုနေရာတွင် လူပေါင်းများစွာ တန်းစီနေကြလေသည်။


“ဆရာ… မင်းတွေ့တယ်မဟုတ်လား… လူတိုင်းက စစ်တပ်ထဲကို ၀င်ချင်နေတယ်ဆိုတာ… ဒါပေမယ့် သူတို့ထဲက ကိုးဆယ့်ကိုး ရာခိုင်နှုန်းလောက်က တပ်ငယ်လေးတစ်ခုမှာပဲ နေရာချထားပေးခြင်း ခံရတာ… အင်း… တကယ့် အစစ်အမှန် အနောက်ပိုင်းဆန်းကျယ်စစ်တပ်ထဲကို ၀င်နိုင်ဖို့ဆိုတာ.. တော်တော်လေးခက်ခဲပါတယ်…”


“ငါမင်းအတွက် သွားမေးလိုက်ဦးမယ်.. ဒါပေမယ့်.. ငါဘာကိုမှ အာမမခံဘူးနော်..” အားနိုက ပြောဆိုလိုက်ပြီး စစ်သားအုပ်စုရှိရာသို့ လျောက်သွားလိုက်သည်။


ပုဖန်က အားနို၏ လှုပ်ရှားမှုများကို ကြည့်၍ ထိုနေရာနှင့် ရင်းနှီးကျွမ်း၀င်မှုရှိကြောင်း သိနိုင်လေသည်။ ယခုအချိန်တွင် အားနိုက သံချပ်ကာ၀တ် စစ်သားတစ်ယောက်နှင့် စကားပြောနေလေသည်။ ထို့နောက် ထိုစစ်သားကို သူ့ဆီသို့ ခေါ်ဆောင်လာလေသည်။


ထိုစစ်သားက လွှမ်းမိုးမှု အနည်းငယ် ရှိနေလေသည်။ ထိုသူက လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေလေသည်။ အားနိုက သူ၏ ဘေးတွင် ရပ်နေပြီး ပြောလိုက်သည်။ 


“ခေါင်းဆောင်လျို … ဒါက ငါပြောတဲ့ လူငယ်လေးပါ… သူက အနောက်ပိုင်းဆန်းကျယ်စစ်တပ်ကို ၀င်ချင်တယ်.. အဲဒါ…”


“သူက အနောက်ပိုင်းဆန်းကျယ်စစ်တပ်ကို ၀င်ချင်တယ်ပေါ့… ဟမ့်.. ငါတို့ဆီကို မ၀င်ချင်တဲ့သူ ဘယ်သူများ ရှိလို့လဲ… ပြီးတော့.. ငါက ဘာကြောင့် သူ့ကို ၀င်ခွင့်ပြုရမှာလဲ…”


ခေါင်းဆောင်လျိုက သူ၏ရှေ့မှ လူငယ်လေးနှင့် စက်ရုပ်ကို တစ်ချက်ကြည့်လိုက်ပြီး အားနိုဘက်သို့ လှည့်၍ မေးလိုက်သည်။


ပုဖန်က မျက်မှောင်ကြုံ့လိုက်သည်။


“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ…”


“လူငယ်လေး… မင်းက အနောက်ပိုင်းဆန်းကျယ်မြို့တော်ကို၀င်ချင်တာလား.. ဒါပေါ့.. နည်းလမ်းတစ်ချို့တော့ ရှိပါတယ်…ဒါပေမယ့် မင်းရဲ့ ရိုးသားမှု တစ်ချို့ကိုတော့ ပြသဖို့ လိုမယ်…” ခေါင်းဆောင်လျိုက အေးစက်စက်ရယ်မော၍ ပြောလိုက်သည်။


အားနို၏ မျက်၀န်းများက တောက်ပသွားသည်။ သူက ထိုကိစ္စအတွက် ခေါင်းဆောင်လျိုကို ရွှေဒင်္ဂါးတစ်ပြား ပေးထားပြီးဖြစ်သည်။


ပုဖန်က အားနို၏ အမူအယာကို ကြည့်၍ နောက်ကွယ်မှ အကြောင်းအရာကို သဘောပေါက်သွားလေသည်။ ထိုသူက သူ့ကို ယုံလွယ်သူဟု ထင်မှတ်ပြီး နှပ်ချရန် ကြံစည်နေလေသည်။ ထိုသူက ရွှေဒင်္ဂါးကို ရပြီးနောက် သူ၏ ကတိကို မေ့လိုက်ပြီး နောက်ထပ်ဇာတ်လမ်းတစ်ပုဒ် ဖန်တီးလိုက်ခြင်း ဖြစ်သည်။


သို့သော်လည်း ပုဖန်က ထိုအတွက် စိတ်အနှောက်အယှက် မဖြစ်ပဲ ပြန်ပြောလိုက်သည်။ 


“အစီအစဉ်ကိုပဲ သေချာအောင် လုပ်ပါဦး…ပိုက်ဆံက အရေးမကြီးပါဘူး…”


ပုဖန်က ပြောလိုက်ပြီးနောက် အိတ်ထဲမှ ရွှေဒင်္ဂါးအချို့ကို ထုတ်ယူလိုက်ပြီး လက်ထဲတွင် ကစား၍ ပြောလိုက်သည်။ တောက်ပသည့် ဒင်္ဂါးပြား၏ အရောင်က ခေါင်းဆောင်လျိုနှင့် အားနိုတို့ကို စွဲဆောင်သွားလေသည်။ သူတို့ မျက်နှာပေါ်မှ အပြုံးများက တောက်ပလာလေသည်။


သူတို့က ရွှေဒင်္ဂါးပြားများကို ဖမ်းယူရန် ရည်ရွယ်ချက်နှင့် လက်များကို ဆန့်တန်းလိုက်ကြသည်။ သို့သော်လည်း ပုဖန်လက်ထဲမှ အလွယ်တကူ လုယူနိုင်ခြင်း မရှိကြချေ။ 


“ပြသနာ မဟုတ်ပါဘူး… ပြသနာမဟုတ်ပါဘူး… ဒီအနောက်ပိုင်းဆန်းကျယ်စစ်တပ်ထဲ ၀င်ချင်တယ်ဆို့ရင် ငါနဲ့ ဆွေးနွေးရမှာပဲလေ…”


“အားနို… မင်းအခု ပြန်နိုင်ပြီ.. ဒီက သခင်လေးက ငါ့နောက်ကို လိုက်ခဲ့ပါ…” ခေါင်းဆောင်လျိုက လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး အားနိုကို ပြန်ရန် ညွှန်ကြားလိုက်ကာ ပုဖန်ကို စံအိမ်ဆီသို့ ခေါ်သွားလိုက်သည်။ 


အားနိုက မည်သည့်အရာကိုမျှ သံသယ၀င်ခြင်း မရှိပေ။ ခေါင်းဆောင်လျိုနှင့် သူက စစ်မြေပြင်တွင် အတူတကွ တိုက်ပွဲ၀င်ခဲ့ကြသည့် ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။ ခေါင်းဆောင်လျိုက လောဘကြီးသော်လည်း သူတို့ကြားမှ ရဲဘော်ရဲဘက် စိတ်ဓာတ်များ ကျန်ရှိနေဆဲပင် ဖြစ်သည်။ သူက ထိုသခင်လေးအတွက် အဆင်ပြေအောင် စီစဉ်ပေးမည်ဖြစ်ကြောင်း သူသိနေလေသည်။ 


ထို့ကြောင့် သူက ပုဖန်ကို နှုတ်ဆက်လိုက်ပြီး လိမ်ဖယ်လိမ်ဖယ်နှင့် ပြန်ထွက်သွားလိုက်သည်။ သို့သော် သူခေါင်းလှည့်လိုက်ချိန်တွင် ခေါင်းဆောင်လျို၏ မျက်၀န်းများ မှေးကျဉ်းသွားသည်ကို သတိပြုမိလိုက်လေသည်။ ခေါင်းဆောင်လျို၏ မျက်နှာတွင် လှောင်ပြောင်သရော်လိုဟန်များ စွန်းထင်းနေလေသည်။