အခန်း ၂၈၁ “ဒီတော့ ငါက ပြန်မရိုက်ရဘူးလား”
စံအိမ်၏ ၀င်ပေါက်က ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်လိုက်သကဲ့သို့ပင်ဖြစ်သည်။ ဂိတ်တံခါး၀မှ ၀င်လိုက်သည်နှင့် မြင်ကွင်းက ပြောင်းလဲသွားပြီး ကြီးမားလှသော စစ်မြေပြင်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် သံချပ်ကာ၀တ်စုံကို ၀တ်ဆင်ထားသော တပ်သားအမြောက်အများက ချွေးသံတရွှဲရွှဲနှင့် လေ့ကျင့်နေကြသည်ကို တွေ့လိုက်ရသည်။
“မင်းမြင်လား… ဒါက အနောက်ပိုင်းဆန်းကျယ်တပ်ရင်းရဲ့ စစ်လေ့ကျင့်ရေးကွင်းပဲ.. ဒီနေရာမှာလေ့ကျင့်နေတဲ့ ဘယ်သူမဆို အစစ်အမှန် တပ်ရင်းတစ်ခုကို ပို့ဆောင်ခြင်း ခံရလိမ့်မယ်…”
“ဒီနေရာကို ၀င်ရောက်ဖို့ဆိုရင်တော့ အရည်အချင်း ပြည့်မှီဖို့ လိုအပ်တယ်… လူအများစုကတော့ အောင်မြင်ဖို့ အခွင့်အလမ်း နည်းပါးတယ်..”
ပုဖန်၏ ရှေ့တွင် လက်နှစ်ဖက်ကို နောက်ပစ်၍ လျောက်နေသော ခေါင်းဆောင်လျိုက ရင်ကို ကော့ထားပြီး ဝံ့ကြွားစွာ ပြောလိုက်သည်။
ပုဖန်က ထိုကွင်းပြင်ထဲတွင် လေ့ကျင့်နေကြသော တပ်သားများကို ကြည့်လိုက်သည်။ ထိုတပ်သားများ၏ စွမ်းအင်အဆင့်များက တတိယအဆင့်များ သာ ဖြစ်ကြသည်။ ထိုသူများက အနောက်ပိုင်းဆန်းကျယ်တပ်၏ မရှိမဖြစ် စစ်သည်တော်များ ဖြစ်နေကြခြင်း ဖြစ်သည်။ သို့သော်လည်း ပုဖန်က ထိုအချက်များကို စိတ်မ၀င်စားပဲ သူ၏ ရည်ရွယ်ချက်ဖြစ်သော စားဖိုအဖွဲသို့ ၀င်ရောက်ရန်သာ တွေးတောနေလိုက်သည်။ သူက စနစ်ပေးအပ်ထားသော တာ၀န်ကို အမြန်ဆုံးလုပ်ဆောင်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့် ချက်ပြုတ်ရေးအပိုင်းအစပစ္စည်း နောက်ဆုံးတစ်ခုကို ရရှိရန်သာ တွေးနေလေသည်။
ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ပိုင်ဆိုင်ထားသော ပုဖန်က နတ်ဘုရားအဆင့် ချက်ပြုတ်ရေး ပစ္စည်းများက မည်မျှ အစွမ်းထက်ကြောင်း ကောင်းစွာ သိနေလေသည်။ ထို့ကြောင့်ပင် သူက ဒုတိယချက်ပြုတ်ရေး ပစ္စည်းကို အလွန်မျှော်လင့်နေခြင်းဖြစ်သည်။ ထိုပစ္စည်းက သူ၏ အချက်အပြုတ် စွမ်းရည်ကို ပိုမိုတိုးတက်လာစေပြီး ဟင်းလျာများ၏ အရည်သွေးကို တိုးတက်လာစေမည်ဖြစ်သည်။
ပုဖန်က သူ၏ အတွေးများထဲတွင် နစ်မြုတ်နေပြီး ခေါ်မကြားအော်မကြား ဖြစ်နေလေသည်။ ထိုအချိန်တွင် ခေါင်ေးဆာင်လျိုပြောလိုက်သော စကားများကို သူသတိမထားမိလိုက်ချေ။ သူက ခေါင်းဆောင်လျိုနောက်မှ အချိန်အတော်ကြာ လမ်းလျောက်၍ လိုက်ခဲ့ရသည်။ သူတို့နှစ်ယောက်က စစ်လေ့ကျင့်ရေး မြေပြင်ကို ကျော်ဖြတ်ပြီးနောက် စံအိမ်၏ အလွန်ဝေးကွာသော နေရာသို့ ရောက်ရှိလာကြသည်။
ထိုနေရာပတ်၀န်းကျင်တွင် ကျောက်တုံးကျောက်စများနှင့် ရှုပ်ထွေးနေသည်။ ခေါင်းဆောင်လျိုက သွားနေရာမှ ရပ်လိုက်ပြီး ပုဖန်ကို လှည့်စားလိုသော အကြည့်များနှင့် ကြည့်လိုက်သည်။
ပုဖန်က အံ့အားသင့်သွားသည်။
“ဒီလူက ဘာလို့ ရုတ်တရက် ရပ်လိုက်တာလဲ….”
ထို့နောက် ပုဖန်က လူသူကင်းမဲ့နေသော ကျောက်တုံးကျောက်စများ ပြန့်ကျဲနေသည့် နေရာကို အကဲခတ်လိုက်သည်။ ဤနေရာက တပ်သားသစ်များ စာရင်းပေးသွင်းသည့် နေရာမဟုတ်ကြောင်း ပုဖန်က သိလိုက်လေသည်။
“ဒီခေါင်းဆောင်လျိုက မကောင်းကြံစည်နေတာလား…”
ထိုအချိန်တွင် လေချွန်သံတစ်ချို့နှင့်အတူ ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။ ပုဖန်၏ နောက်တွင် ဆိုးသွမ်းပုံရသော လူငယ်များ ရောက်လာလေသည်။
“ဟေ့ခေါင်းဆောင်လျို… နောက်ထပ် အနောက်ပိုင်းဆန်းကျယ် စစ်တပ်ထဲကို ၀င်ချင်တဲ့ ငတုံးတစ်ယောက် ရလာတာလား… သူ့ကိုကြည့်ရတာတော့ တော်တော်လေး ကောင်းတာပဲ… ချမ်းသာတဲ့ မိသားစုက သခင်လေးတစ်ယောက်ပဲ ဖြစ်ရမယ်…”
“ဟမ့်… ချမ်းသာတဲ့ မိသားစုက ပျက်စီးနေတဲ့ သခင်လေးတွေက အကောင်းဆုံးပဲ သူတို့က ပိုက်ဆံများများရှိတယ်လေ…”
ထောင့်ပေါင်းစုံမှ တစ်ယောက်တစ်ပေါက် ပြောဆိုသံများနှင့်အတူ လေထုက တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလောက်အောင် တုန်ခါလာလေသာည်။
ပုဖန်၏ နောက်မှ လိုက်ပါလာသော ဝှိုက်တီက သူ၏ လက်ကိုမြှောက်၍ ခေါင်းပြောင်ပြောင်ကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူ၏ စက်ရုပ်မျက်၀န်းများက အနီရောက် တောက်ပလာသည်။
ခေါင်းဆောင်လျိုက နှုတ်ခမ်းများ တွန့်လိုက်ပြီး အေးဆေးတည်ငြိမ်နေသော ပုဖန်ကို မျက်၀န်းများ မှေးစင်း၍ ကြည့်လိုက်သည်။ ထို့နောက် သူက ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်ချလိုက်သည်။
“စစ်တပ်ထဲ ၀င်ဖို့က မခက်ခဲဘူး… ဒါပေမယ့်လဲ… မင်းရဲ့ အထူးအခွင့်အရေးတွေပေါ်ကို မှီခိုနေလို့မရဘူး… ငါတို့ရဲ့ အနောက်ပိုင်းဆန်းကျယ်စစ်တပ်က စစ်မှန်တဲ့ တပ်ဖွဲ့တစ်ခုပဲ မြို့တော်ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ အတွက် စစ်မြေပြင်မှာ တိုက်ခိုက်သတ်ဖြတ်ရတယ်.. မင်းလိုမျိုး ပျက်စီးလေလွင့်နေတဲ့ လူငယ်လေးတစ်ယောက်က အဲဒါတွေကို ဘယ်လိ်ုမှ သည်းခံနိုင်မှာမဟုတ်ဘူး.. ဒါက မင်းရဲ့ အကျိုးအတွက် ငါစဉ်းစားထားတာပဲ… ခေါင်းဆောင်လျိုက လှောင်ပြောင်လိုဟန်နှင့် ပြောလိုက်သည်။
“အခုငါတို့က မင်းရဲ့လုံခြုံရေးအတွက် စဉ်းစားထားတာ.. အဲတော့ မင်းမှာ ရှိတဲ့ ပိုက်ဆံတွေကို ထားခဲ့လိုက်… ပြီးရင် ငါတို့အားလုံးက မင်းကို ပျော်ပျော်ကြီး သွားခွင့်ပြုလိုက်မယ်…”
ခေါင်းဆောင်လျို၏ မျက်၀န်းထဲတွင် လှောင်ပြောင်လိုမှုများနှင့် ပြည့်နှက်နေပြီး ပုဖန်ကို မထီမဲ့မြင်ဟန်နှင့် ပြောလိုက်သည်။ သူက ပုဖန်ကဲ့သို့ နူးနူးညံ့ညံ့နှင့် ချမ်းသာသည့် လူများကိုမြင်တွေ့ဖူးသည်။ ထိုကဲ့သို့လူများကို လုယက်ခဲ့သည်မှာလည်း မနည်းတော့ချေ။ ထိုပျက်စီးနေသော ချမ်းသာသည့် ကလေးများက သွေးအစစ်ကိုပင် မမြင်ဘူးကြပေ။ သူတို့က စစ်တပ်ထဲတွင် ကြာရှည်စွာ မနေနိုင်ပဲ တပ်ထဲမှ အခြားသူများကိုပင် ဆွဲချသွားနိုင်လေသည်။ ထို့ကြောင့် ချမ်းသာသည့် လူငယ်များက စစ်ဆေးမှုကို မကြာခဏ ကျရှုံးနေပြီး ကန်ထုတ်နေရခြင်း ဖြစ်သည်။
သူတို့က စံအိမ်တံခါး၀မှ ဖြတ်ကျော်လာသည်နင့် ခေါင်းဆောင်လျို၏ လက်ထဲသို့ ကျဆင်းသွားကြသည်။ ခေါင်းဆောင်လျိုက ထိုသို့ လွယ်လွယ်ကူကူ ပစ်မှတ်များကို သနားငြှာတာခြင်းမ ရှိပဲ အလွယ်တကူ လွှတ်ပေးခြင်း မရှိခဲ့ပေ။
ပုဖန်က တုန်လှုပ်ထိတ်လန့်ခြင်း မရှိပေ။ သူ့ကို ကြမ်းတမ်းရိုင်းစိုင်းသော လူငယ်လေးများက ၀န်းရံထားသောလည်း သူ့အမူအယာက အေးဆေးတည်ငြိမ်နေဆဲပင် ဖြစ်သည်။ ထိုသို့ မယုံနိုင်စရာ အေးဆေးတည်ငြိမ်နေသောကြောင့် ခေါင်းဆောင်လျို၏ မျက်နှာပေါ်မှ မထီမဲ့မြင် အပြုံးများပင် ပျောက်ကွယ်သွားလေသည်။
ပုဖန်က နှဖူးကျောများ တွန့်ရှုတ်သည်အထိ မျက်မှောင်ကြုံ့လိုက်သည်။ သူ့ရှေ့တွင် ရှိနေသော တတိယအဆင့် တပ်သားများကို ရင်ဆိုင်ရချိန်တွင် စိတ်လှုပ်ရှားမှု အနည်းငယ်မျှပင် မရှိပေ။ သူ၏ လက်ရှိစွမ်းအင်အဆင့်အရ ထိုသူများ အားလုံးကို ဝှိုက်တီ၏ အကူအညီမပါပဲ ရိုက်နှက်နိုင်လေသည်။ သို့့သော်လည်း ပုဖန်က ခေါင်းဆောင်လျို၏ စွမ်းဆောင်နိုင်စွမ်းနှင့် စားဖိုဆောင်သို့ ၀င်ရောက်နိုင်ခြင်း ရှိမရှိကို သိလိုနေလေသည်။ ထိုသူက ခွင့်ပြုနိုင်ခြင်း မရှိပါက အခြားနည်းလမ်း ရှာရတော့မည်ဖြစ်သည်။ ထိုအရာက အလွန် စိတ်အနှောက်အယှက်ဖြစ်ဖွယ် ကောင်းလှပေသည်။
“မင်း… နားကန်းချင်ယောင်ဆောင်နေတာလား… ခေါင်းဆောင်လျိုပြောတာကိုမကြားဘူးလား… ပိုက်ဆံမြန်မြန်ထုတ်လိုက်တော့…” ခေါင်းပြောင်ပြောင်နှင့် လူငယ်၏ မျက်၀န်းများက ဒေါသကြောင့် စူးရှသွားသည်။ ထို့နောက် သူက ပုဖန်အနီးသို့ တိုးကပ်လာကာ အံကြိတ်၍ ပြောလိုက်သည်။
သို့သော်လည်း ပုဖန်က သူ့ကို တစ်ချက်မျှ ကြည့်လိုက်ပြီ လျစ်လျုရှုထားလိုက်သည်။ ထို့နောက် ခေါင်းဆောင်လျိုဘက်သို့လှည့်၍ တည်ငြိမ်စွာ မေးလိုက်သည်။
“မင်းက ငါ့ကို စစ်တပ်ထဲမှာ နေရာချထားပေးနိုင်လာ…”
ပုဖန်၏ စကားကြောင့် အနီးမှ လူငယ်များက ဝါးလုံးကွဲ ရယ်မောလိုက်ကြသည်။
ခေါင်းပြောင်ပြောင်နှင့် တပ်သားက ပုဖန်ကို ငတုံးတစ်ယောက်ပမာ ကြည့်လိုက်ပြီး အတောမသတ် ရယ်မောလိုက်သည်။
“ခေါင်းဆောင်လျို.. ဒီငအက တော်တော်ဒုံးဝေးတာပဲ.. ဒီလိုအခြေအနေဖြစ်နေတာတောင်… သူက စစ်တပ်ထဲ၀င်ဖို့ တွေးနေသေးတယ်…” ထိုသူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
ခေါင်းဆောင်လျိုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပုဖန်ကို ကြည့်လိုက်သည်။
“ဒါပေါ့ ငါတတ်နိုင်တယ်.. ဒါပေမယ့် ငါက ဘာလို့ လုပ်ပေးရမှာလဲ… မင်းလိုမျိုး အသုံးမကျတဲ့ လူငယ်တွေက စစ်တပ်ထဲမှာ ဘာအသုံး၀င်လို့လဲ…”
“ဒါဆို … မင်းပြောတဲ့အဓိပ္ပါယ်က မင်းမှာ အဲလိုစီစဉ်နိုင်စွမ်း ရှိတယ်ပေါ့…” ပုဖန်က ဆက်မေးလိုက်သည်။
“သေချာတာပေါ့.. ငါက ဌာနခွဲတစ်ခုရဲ့ ခေါင်းဆောင်ပဲလေ… ဒီလိုစီစဉ်ပေးတယ်ဆိုတာ… နေစမ်းပါဦး… ဒါတွေမေးတော့ရော မင်းအတွက်ဘာအကျိုးရှိလို့လဲ… အခုပိုက်ဆံတွေ ထုတ်ထားခဲ့ပြီး သွားတော့…” ခေါင်းဆောင်လျိုက ဒေါသထွက်စွာနှင့် လက်ကို ဝှေ့ရမ်း၍ ပြောလိုက်သည်။
ခေါင်းပြောင်ပြောင်နှင့် စစ်သားက လက်သီးကို တင်းတင်းဆုတ်လိုက်ရာ အရိုးကျိုးသံ တစ်ဖျောက်ဖျောက်ပင် ထွက်ပေါ်လာလေသည်။
“ကောင်စုတ်လေး… မင်းငါတို့စကားကို လိမ်လိမ်မာမာနဲ့ နားထောင်လိုက်… ငါက မင်းလိုမျိုး ဖြူဖတ်ဖြုရော်မျက်နှာနဲ့ မိန်းမလျာတွေကို အများကြီး တွေ့ဖူးတယ်.. ပိုက်ဆံတွေထားခဲ့ပြီး သွားလိုက်တော့… ဒီလိုမှ မဟုတ်ဘူးဆိုရင်…”
“ဒီလိုမှ မဟုတ်ဘူးဆိုရင် ဘာဖြစ်လဲ…” ပုဖန်က ခေါင်းပြောင်ပြေ့ာင်နှင့် စစ်သားကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။
“ဒီလိုမှ မဟုတ်ဘူးဆိုရင် မင်းငါ့လက်သီးကိုမြည်းကြည့်လိုက်ပေါ့…”
ခေါင်းပြောင်ပြောင်နှင့် စစ်သားက လူအများ ဝိုင်နေသည့် ကြားတွင်ပင် သူ့ကို ပြန်စိုက်ကြည့်နိုင်မည်ဟု မထက်မှတ်ထားခဲ့ချေ။
“အဆင်အခြင်မဲ့တဲ့ ငတုံးကောင်…ဟမ့်…”
ခေါင်းပြောင်ပြောင်နှင့် စစ်သားက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပုဖန်၏ မျက်နှာကို လက်သီးနှင့် ထိုးလိုက်သည်။ သူ၏ အမုန်းဆုံးအရာက သူ့ထက်ပို၍ ချောမောသော ဖြုဖျော့ဖျော့နှင့် မျက်နှာပိုင်ရှင်များပင် ဖြစ်သည်။
ဘန်း…
သို့သော်လည်း သူ၏ လက်သီးက တားဆီးပိတ်ဆို့ခြင်း ခံလိုက်ရသည်ကို ခံစားလိုက်ရပြီး ခေါင်းပြောင်ပြောင်နှင့် လူ၏ မျက်နှာက တောင့်တင်းသွားလေသည်။ သူ၏ လက်သီးကို နွေးထွေးသည့် လက်ချောင်းရှည်လေးများက ဆုတ်ကိုင်ထားသည်ကို မြင်လိုက်ရပြီး အနားမှ လူများက ကျောရိုးများပင် စိမ့်တက်သွားလေသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… သူငယ်ချင်းကျန်းရဲ့ ကျင့်ကြံမှုအဆင့်က တတိယအဆင့်လေ… ဒီအစစ်အမှန် စွမ်းအင် အရိပ်အယောင်တောင် မရှိတဲ့ လှလှပပ လူငယ်လေးက ဘယ်လိုဖြစ်လို့ ဖမ်းနိုင်တာလဲ…
ခေါင်ဆောင်လျို၏ နှလုံးသားက နစ်မြုတ်သွားလေသည်။ သူက ထိုအချင်းအရာနှင့် ပတ်သတ်၍ မကောင်းသော ခံစားချက်များကိုခံစားမိနေလေသည်။
ဂျွတ်…
ပုဖန်၏ အမူအယာက အေးဆေးတည်ငြိမ်နေဆဲပင် ဖြစ်သည်။ သူက အားအနည်းငယ်ပင် မစိုက်ရပဲ ခေါင်းပြောင်ပြောင်နှင့် လူငယ်၏ လက်ကို ချိုးချေလိုက်သည်။ ထို့နောက် သူ၏ လက်ကို လွှတ်လိုက်ရာ ထိုသူက နာကျင်စွာနှင့် အော်ဟစ်မြည်တမ်းနေလေသည်။
ဘန်း…
ပုဖန်က ထိုသူ၏ ရင်ဘက်ကို ဆောင့်ကန်လိုက်ရာ ထိုသူက လေထဲသို့ မီတာအနည်းငယ်မျှ လွင့်ထွက်သွားပြီး ခေါင်းဆောင်လျို၏ ရှေ့သို့ ကျသွားလေသည်။
ခေါင်းပြောင်ပြောင်နှင့် လူက မြေပြင်ပေးတွင် လူးလိမ့်နေလေသည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းမျာမှ သွေးများ စီးကျလာပြီး ခန္ဒာကိုယ်ပေါ်တွင် ဒဏ်ရာများ ရနေလေသည်။ အခြားသူများက ဒေါသထွက်သွားကြသည်။ အစစ်အမှန် စွမ်းအင် အရိပ်အယောင်ပင် မရှိသော မိန်းမလျှာနှင့်တူသည့် တစ်စုံတစ်ယောက်က သူတို့ကို ပြန်လည်တိုက်ခိုက်နေလေသည်။ ထိုအချက်က သူတို့ကို မထီမဲ့မြင် ပြုလိုက်လုပ်ခြင်းပင် ဖြစ်သည်။
“မင်းကို ဘယ်သူက ပြန်တိုက်ခိုက်လို့လဲ… သေပေတော့…”
ပုဖန်က ထိုရယ်စရာကောင်းလှသော စကားကြောင့် တခဏမျှ ကြောင်အသွားပြီး သဘောတကျ ပြုံးလိုက်မိသည်။
“ငါ့ကိုယ်ငါ ကာကွယ်ဖို့တောင် ပြန်မတိုက်ခိုက်ရဘူး.. ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာလဲ.. ဒီလူတွေရဲ့ နည်းလမ်းက ကျိုးကြောင်းမညီညွှတ်ဘူး…”
ထို့နောက် ပုဖန်က တစ်ဖက်သို့ လှည့်လိုက်ပြီး သူ့ကို ပြောသော လူငယ်ကို ထိထိမိမိ ကန်လိုက်လေသည်။
ခေါင်းဆောင်လျို၏ မျက်နှာအမူအယာက အေးခဲသွားသည်။ ပုဖန်၏ ခြေကန်ချက်ကို ကြည့်ခြင်းအားဖြင့် ထိုပျော့ဖတ်ဖတ် လူငယ်က စနစ်တကျ လေ့ကျင့်ထားခြင်း ဖြစ်နိုင်လေသည်။ သို့သော် သူစကားမပြောရသေးခင်မှာပင် သူ့လူများက ပုဖန်ရှိရာသို့ ဒေါသတကြီး ပြေး၀င်သွားကြသည်။ ထို့နောက် ထိုလူငယ်ဆီမှ လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားတစ်ရပ် ထွက်ပေါ်လာလေသည်။
“ဒီအရှိန်အဝါက…”
ဘုန်း….
ဖိအားအောက်တွင် ခေါင်းဆောင်လျိုပင် လဲကျသွားလေသည်။ ထိုဖိအားကြောင့် ခေါင်းဆောင်လျို၏ မျက်နှာက ဖြူဖျော့နေပြီး သူ၏ သတ္တိများပင် ပျောက်ဆုံးသွားလေသည်။ ကြီးမားလှသော စွမ်းအင်များက အလွန်ကြောက်စရာ ကောင်းလှပြီး သူတို့အားလုံးပေါင်း.၏ အင်အားထက်ပင် စွမ်းအားကြီးနေလေသည်။
“ငါတို့ရှေ့က လူကဘယ်သူလဲ.. ဒီလိုသန်မာတဲ့ လူက ဘာလို့ စစ်တပ်ထဲကို ၀င်ချင်တာလဲ.. ဒါက ဘယ်လိုဟာသမျိုးလဲ…”
ပုဖန်က အဆင့်ခြောက်အင်ပါယာတစ်ယောက်၏ ဖိအားများကို ထုတ်လွှင့်လိုက်ခြင်း ဖြစ်သည်။ သူ့တွင် တိုက်ခိုက်ရေး စွမ်းရည်များ မရှိသော်လည်း သူထုတ်လွှတ်လိုက်သော ဖိအားများက ပြင်းထန်လှသည်။
“ဝှိုက်တီ… သူတို့အားလုံးကို အ၀တ်ချွတ်လိုက်ပြီး ပစ်ထုတ်လိုက်… ခေါင်းဆောင်လျိုဆိုတဲ့ တစ်ယောက်ကို ထားခဲ့.. ငါသူ့ကို မေးစရာရှိတယ်…” ပုဖန်က ဝှိုက်တီကို ညွှန်ကြားလိုက်သည်။
၀ှိုက်တီ၏ မျက်၀န်းများက အနီရောက် တောက်ပသွားပြီး လေထုထဲတွင် လျင်မြန်စွာ လှုပ်ရှာသွားသည်။ လေထုထဲတွင် အော်ဟစ်ငိုကြွေးသံများ ထွက်ပေါ်လာကာ တစ်ယောက်ပြီးတစ်ယောက် လေ့ကျင့်ရေးကွင်းထဲ ကျသွားကြလေသည်။
ကိုယ်တုံးလုံးဖြစ်နေသော ထိုသူများက သူတို့ခန္ဒာကိုယ်အောက်ပိုင်းမှ အေးစက်မှုကို ခံစားလိုက်ရသည်။ သူတို့က အလျင်အမြန် ထရပ်လိုက်ကြပြီး သူတို့၏ ကိုယ်ပိုင်နေရာကို အုပ်ကိုင်လိုက်ကြကာ ပြေးထွက်သွားလေသည်။ သူတို့၏ ဝှိုက်တီကို ကြည့်သည့် အကြည့်များထဲတွင် ကြောက်ရွံ့မှုများ ပြည့်နက်နေလေသည်။
လက်တစ်ဖက်ကျိုးနေသော လူငယ်က ပို၍ပင် သနားစရာ ကောင်းနေလေသည်။ သူက သူ၏ ဖွားဖက်တော်ကို လက်တစ်ဖက်နှင့် အုပ်ကိုင်ပြီးမြန်မြန်ဆန်ဆန် ထွက်ခွာသွားလေသည်။ နောက်တွင် ကျန်ခဲ့သော ခေါင်းဆာင်လျိုက ချက်ချင်းပင် ဒူးထောက်ချလိုက်လေသည်။ သူ၏ မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့တုန်လှုပ်မှုများနှင့် ပြည့်နှက်နေလေသည်။
“စီ… စီနီယာ… ငါမင်းကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ်…”
ခေါင်းဆောင်လျိုက ငိုချတော့မယောင် ဖြစ်နေလေသည်။ ယခင်က တွေ့ခဲဖူးသော ချမ်းသာသည့် လူငယ်လေးများက သူ့ရှေ့မှ လူငယ်လေးကဲ့သို့ စွမ်းအားမရှိကြလေသည်။ ထိုသို့သော စွမ်းရည်များနှင့်လူငယ်လေးက စစ်တပ်ထဲ၀င်ရန် သူတို့ကို လာရှာနေခြင်းက သူတို့ကို ဆော့ကစားလို၍ ဖြစ်န်ိုင်လေသည်။
ပုဖန်က သူ၏ အရှိန်အဝါများကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းဆောင်လျိုရှိရာသို့ လျောက်လာလိုက်သည်။ သူက မြေပြင်ပေါ်တွင် ဒူးထောက်နေသော ခေါင်းဆောင်လျိုကို ကြည့်၍ ပြောလိုက်သည်။
“ခုဏက ငါ့ကို စစ်တပ်ထဲ၀င်ဖို့ ကူညီပေးမယ်လို့ ပြေတယ်မဟုတ်လား… အဲတော့ မင်းခုဏက ကျူးလွန်ခဲ့တာကို ပြန်ချေပနိုင်ဖို့ ငါ့ကို တပ်ထဲ၀င်ဖို့ ကူညီပေး…”
ခေါင်းဆောင်လျို၏ စိတ်ထဲတွင် တုန်လှုပ်နေသော်လည်း သူ၏ ရင်ဘက်ကို ပုတ်၍ ကတိပေးလိုက်သည်။ ထိုလူငယ်လေးကဲ့သို့ သန်မာသော စစ်သည်တော်များကို စစ်တပ်က အမြဲလိုလို ကြိုဆိုနေလေသည်။ ပုဖန်ကဲ့သို့ သန်မာသော စစ်သည်တော်တစ်ယောက်ကို စစ်တပ်အတွင်း ပို့ဆောင်လိုက်ခြင်းဖြင့် သူပင် ဆုလာဒ်များ ရနိုင်လေသည်။
သို့သော်လည်း ပုဖန်၏ နောက်ဆက်တွဲစကားကြောင့် ခေါင်းဆောင်လျို၏ ခန္ဒာကိုယ်က တောင့်တင်းသွားပြီး သူ၏ ပါးစပ်က ယင်ကောင်၀င်ဥနိုင်လောက်အောင် ဟောင်းလောင်းပွင့်သွားလေသည်။
“ကောင်းပြီ.. ငါ့ကို အနောက်ပိုင်းဆန်းကျယ်တပ်ရင်းရဲ့ ချက်ပြုတ်ရေးအဖွဲမှာ နေရာချထားပေးဖို့ မမေ့နဲ့ ငါက တပ်ခွဲတစ်ခုမှာ စားဖိုမှုးဖြစ်ချင်တာ..နားလည်လား…” ပုဖန်က တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။