အခန်း ၂၈၂ “အိုးတစ်အိုးပဲ ရမလား… ထင်းပဲခွဲရမလား…”
တဟဲဒေသ ချွန်းဟိုင်မြို့တော်…
ထိုမြို့က လေအလင်းအင်ပါယာအတွင်းမှ ကြွယ်ဝသော မြို့တစ်မြို့ဖြစ်သည်။ စီးပွားရေး ကောင်းမွန်ပြီး လူဦးရေများပြားလှသောကြောင့် ထင်ရှားသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ ရှေးဟောင်းမြို့တော်ကြီး သုံးမြို့နှင့် မယှဉ်နိုင်သော်လည်း လေအလင်းအင်ပါယာထဲမှ ထူးခြားဆန်းကျယ်ပြီး ဂုဏ်သတင်းကျော်ဇောသည့် မြို့တစ်မြို့ ဖြစ်သည်။
သို့သော် ယနေ့တွင် ပုံမှန်တိုက်ခတ်နေကြ လေပြေများက လေပြင်းများအဖြစ် တိုက်ခတ်လာပြီး မြို့ထဲမှ လမ်းမီးတိုင်များကိုပင် ဖြိုချသွားလေသည်။ မြို့နေပြည်သူများ အားလုံးက သူတို့၏ အိမ်များအတွင်း ပုန်းအောင်းနေကြပြီး ထိတ်လန့်ကြောင့်ရွံ့နေကြသည်။ အချိန်ကြာမြင့်စွာ ရှိနေသော ချွန်းဟိုင်မြို့တံတိုင်းက အက်ကြောင်းများ ထလာလေသည်။ ထိုတံတိုင်းပေါ်မှ စစ်သားများ၏ အမူအယာက ပိုမိုဆိုးဝါးလာလေသည်။
မြို့တော်၏ အပြင်ဘက် တောင်တန်းနှင့် လွင်ပြင်များပေါ်၌ လေပြင်းများအကြား စစ်တပ်အလံများ တလူလူ လွင့်နေပြီးပြင်းထန်လှသော အော်ဟစ်သံများ ထွက်ပေးနေသည်။ စစ်မြေပြင်၌ လူများ သွေးများက ပြန့်ကျဲနေပြီး စိတ်အခြေအနေ ကစဉ့်ကလျား ဖြစ်စွာနှင့် တစ်ဖက်ကိုတစ်ဖက် တိုက်ခိုက်နေကြသည်။ စစ်တပ်သုံး ယူနီကွန်းပေါ်တွင် ထိုင်နေသော ဂျိချန်းယုက သူ့လက်ထဲမှ လှံရှည်ကို ဆုတ်ကိုင်လိုက်ပြီး အဆုတ်ကွဲမတက် အော်ဟစ်လိုက်သည်။
ထို့နောက် သူ့နောက်မှ တပ်သားများက ကြွေးကျော်လိုက်ကြပြီး ချွန်းဟိုင်မြို့သို့ ချီတက်သွားကြသည်။ သူတို့၏ အမူအယာများက အရာရာတိုင်းကို ဆုတ်ဖြဲတော့မည့် ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေကြလေသည်။ ယခုအချိန်၌ ချွန်းဟိုင်မြို့က ဂျိချန်းယု၏ တပ်အတွက် သားကောင်အဖြစ် ပြောင်းလဲသွားလေသည်။
ချွန်းဟိုင်မြို့၏ ကြီးမားလှသော ဂိတ်တံခါးက ပွင့်သွားပြီး သံချပ်ကာ၀တ်ထားသော စစ်သည်တော်များ ထွက်လာကြသည်။ သူတို့ကို ကြည့်လိုက်လျင် ဂျိချန်းယု၏ စစ်တပ်မှ တပ်သာများ၏ နှလုံးသားကို ထိုးဖောက်မည့် ထက်မြသည့် ဓါးတစ်စင်းအလား ထင်ရလေသည်။
နှစ်ဖက်စလုံးက ပြင်းထန်စွာ အော်ဟစ်မြည်ကြွေးလိုက်ကြသည်။ ထို့နောက် မြို့တံတိုင်းထက်မှ မြှားမိုးများ ရွာကျလာလေသည်။ စစ်ပွဲက စတင်လာပြီဖြစ်သည်။
ပထမဦးစွာ သတ္တုချင်း ရိုက်နှက်မိသည့် အသံများ ထွက်ပေါ်လာပြီး အော်ဟစ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။ လက်နှက်များ ထိခိုက်ရာမှ ထွက်ပေါ်လာသည့် အသံများ လဲပြိုကျနေသော ခန္ဒာကိုယ်များနှင့် စစ်ပွဲအတွင်းမှ လူများက ယခင်အခြေအနေနှင့် မတူပဲ ပြောင်းလဲသွားကြလေသည်။ သူတို့၏ ရက်စက်ကြမ်းကြုတ်လှသော သတ်ဖြတ်ချင်စိတ်က မိုးကောင်းကင်ထက်ရှိ တိမ်များထိပင် မြင့်တက်နေလေသည်။
စစ်သည်တော်များ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားကြပြီး သွေးကန်များပင် ဖြစ်လာကြသည်။ သို့သော် မျက်၀န်းများ နီရဲနေသော စစ်သည်တော်များက ထိုအချင်းအရာကို ဂရုမစိုက်ပဲ ဆက်လက်တိုက်ခိုက်နေကြသည်။ ဒါက စစ်ပွဲသာ ဖြစ်သည်။
ထိုနေရာတွင် အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသော လူတစ်ယောက် က ခြေချိတ်၍ ထိုင်နေလေသည်။ ပြင်းထန်လှသော လေပြင်းများက မြေပြင်ပေါ်မှ သတ်ဖြတ်ခြင်း အငွေ့အသက်များနှင့် သွေးရနံ့များကို သယ်ဆောင်လာခဲ့သည်။ ထိုသူကမျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ အစစ်အမှန် စွမ်းအင်အရောင်က သူ့လက်ထဲတွင် တင်းတင်းဆုတ်ကိုင်ထားသော မီးခိုးရောင် ပုလဲအရောင်နှင့် ရောနှော၍ လေထဲတွင် ပြန့်နှံ့နေလေသည်။
ပုလဲက သိသာထင်ရှားသည့် အလင်းရောင်များ ထုတ်လွှတ်နေလေသည်။ ပုလဲ၏ မျက်နှာပြင်ပေါ်မှ အစီအရင်များက ပိုမိုကောင်းမွန်လာပြီး အလင်းရောင်များ ပိုမိုထွက်ပေါ်လာလေသည်။ ထိုပုလဲ ၏ ဆွဲဆောင်မှု အားတစ်ရပ်က စစ်မြေပြင်မှ လွင့်ပျံလာသော အရာများကို စုပ်ယူလိုက်သည်။ စစ်မြေပြင်တွင် ကျဆုံးခဲ့သော စစ်သည်တော်များ၏ဝိဥာဉ်များ သတ်ဖြတ်လိုစိတ်များ ပါ၀င်နေသည်။ ထိုအရာများက ရောနှောပေါင်းစပ်သွားပြီး ပုလဲထဲသို့ ၀င်ရောက်သွားကြလေသည်။
သူ၏ လက်ထဲမှ ဝိဥာဉ်နှုတ်မှော်ဓာတ်လုံး၏ စွမ်းအင်များက တိုးပွားလာပြီး ကြောက်မက်ဖွယ်ရာ အရာတစ်ခု ဖြစ်လာလေသည်။ အရှင်သခင်က သူ့မျက်စိရှေ့တွင်ပင် အလင်းရောင်များ တောက်ပလာသည့် မှော်ဓာတ်လုံးကို ကြည့်ပြီး အလင်းရောင်များ တောက်ပလာလေသည်။
…
နောက်ဆုံးတွင် တပ်ဖွဲ့ခေါင်းဆောင်လျိုက ပုဖန်ကို တပ်ထဲ၀င်ရန် စီစဉ်ပေးလိုက်ရသည်။ သို့သော်လည်း ပြေားထားသည့် ကတိစကားနှင့် မတူပဲ သူစေလွှတ်လိုက်သည့် စစ်တပ်က အနောက်ပိုင်းဆန်းကျယ် စစ်တပ်၏ လက်ရွေးစင်တပ်ဖွဲ့မဟုတ်ပေ။
“စီနီယာ.. ဒီတစ်ခုက နည်းနည်း နိမ့်ကျတဲ့ တတိယတပ်ဖွဲ့ပါ… ငါ့လိုနိမ့်ကျတဲ့ သူက တစ်စိမ်းတစ်ယောက်ကို လက်ရွေးစင်တပ်ဖွဲ့ထဲကို တိုက်ရိုက် ပို့ဆောင်နိုင်စွမ်း မရှိဘူးဆိုတာ မင်းသိမှာပါ…”
ခေါင်းဆောင်လျိုက ခန္ဒာကိုယ်ကို အနည်းငယ် ကွေးညွှတ်၍ ပြောလိုက်သည်။သူက ထိုလူငယ်လေးကို ထိတ်လန့်ကြောက်ရွံ့နေလေသည်။ ထိုလူငယ်က သာမာန်လူငယ်လေးမဟုတ်ချေ။ သူ့ဆီမှာဖိအားများက အလွန်ကြောက်စရာ ကောင်းလှသည်။
ထိုဖိအားက … ထိုအကြောင်းကို တွေးလိုက်သည်နှင့် သူ၏ နောက်ကျောတွင် ချွေးများ စိမ့်ထွက်လာသည်။
“အနောက်ပိုင်းဆန်းကျယ်စစ်တပ်ရဲ့ တတိယမြောက် တပ်ဖွဲ့… အနောက်ပိုင်းဆန်းကျယ်မြို့တော်မှာ တပ်တစ်တပ်ပဲ ရှိတယ်လို့ မင်းပြောခဲ့တယ် မဟုတ်ဘူးလား…” ပုဖန်က ခေါင်းဆောင်လျိုကို ကြည့်၍ သံသယမကင်းဟန်နှင့် မေးလိုက်သည်။
“အနောက်ပိုင်းဆန်းကျယ်မြို့တော်မှာ တပ်တစ်တပ်ပဲ ရှိပေမယ့်… တပ်စုသုံးခုနဲ့ ဖွဲ့စည်းထားတယ်… ပထမဆုံးတပ်ဖွဲ့က ထိပ်တန်းလက်ရွေးစင်တပ်ဖွဲ့ ဒုတိယတပ်ဖွဲ့က အဓိက အင်အားစု… တတိယတပ်ဖွဲ့ကတော့ အခုရောက်နေတဲ့ တပ်ဖွဲ့ပဲ…” ခေါင်းဆောင်လျို၏ စကားအဆုံးသတ်ခါနီးတွင် သူ၏ အမူအယာက ကသိကအောင့် ပုံစံသို့ ပြောင်းလဲသွားသည်။
ပုဖန်က သူ၏ မျက်နှာအမူအယာကို ကြည့်၍ တွေးလိုက်မိသည်။ သူရောက်နေသည့် တပ်ဖွဲ့က အနောက်ပိုင်းဆန်းကျယ် စစ်တပ်၏ အဆိုးဝါးဆုံး အင်အားစု ဖြစ်နိုင်လေသည်။ သို့သော်လည်း ပုဖန်က ထိုအရာနှင့် ပတ်သတ်၍ စိတ်ပျက်ခြင်း မရှိပေ။ သူ၏ ရည်ရွယ်ချက်က စစ်တပ်ထဲ ၀င်ရောက်နိုင်ရန်သာ ဖြစ်သည်။ သို့မှသာ စနစ်ပေးအပ်ထားသော တာန်၀န်များကို ပြီးဆုံးအောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ မည်သည့်တပ်ဖွဲ့တွင် စာရင်းသွင်းသည်ကို သူဂရုမစိုက်ပေ။
“စီနီယာ… ဒီတတိယတပ်ဖွဲ့က နိမ့်ကျတယ်ဆိုပေမယ့်… အနောက်ပိုင်းဆန်းကျယ်စစ်တပ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ…ဒါနဲ့… စီနီယာ့လိုမျိုး စွမ်းအားကြီးမားတဲ့ ကျွမ်းကျင်သူတစ်ယောက်က အနောက်တ့ခါးက ၀င်ဖို့ လိုအပ်လို့လား… စီနီယာက ငါတို့စစ်သူကြီးကို တိုက်ရိုက်သွားရှာနိုင်တယ်လေ… အဲဒီနည်းလမ်းက ပိုမကောင်းဘူးလား…” ခေါင်းဆောင်လျိုက သူ၏ စိတ်ထဲမှ သံသယများကို မထိန်းချုပ်နိုင်ပဲ ထုတ်မေးလိုက်သည်။
ပုဖန်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လူတစ်ယောက်က ပို၍ ကောင်းမွန်သော နေရာအတွက် စစ်သူကြီး ခုံးရွှမ်ကို တိုက်ရိုက်သွားရှာနိုင်ပေသည်။ ထို့အပြင် ထိုသူက စစ်တပ်၏ ချက်ပြုတ်ရေးနေရာတွင်သာ တာ၀န်ထမ်းဆောင်မည်ဟု ပြောခဲ့သည်။ ထိုနေရာက စားဖိုမှုးများအတွက်သာ ဖြစ်သည်။ ထိုကဲ့သို့ ကျွမ်းကျင်သူက တပ်၏ ပထမနေရာတွင်ပင် လုပ်ဆောင်နိုင်လေသည်။
ပုဖန်က ခေါင်းဆောင်လျို၏ လက်ထဲမှ အမှတ်တံဆိတ်ကို ယူလိုက်ပြီး ခပ်တည်တည်ကြည့်၍ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး…. ငါက စစ်တပ်ရဲ့ စားဖိုမှုးအတွေ့အကြုံကို ရယူချင်တဲ့ စားဖိုမှုးတစ်ယောက်ပါပဲ… တကယ်လို့ငါသာအင်ပါယာကို အလုပ်အကြွေးပြုဖို့အတွက် တပ်ထဲ၀င်ချင်တာဆိုရင် ဧကရာဇ်ကိုပဲ တိုက်ရိုက်သွားရှာလိုက်မှာပေါ့…”
“ငါအဲလိုမလုပ်ချင်ဘူး… ငါက စစ်တပ်စားဖိုမှုးအဖြစ် အတွေ့အကြုံရပြီး ငါ့ရဲ့ အချက်အပြုတ် စွမ်းရည် တိုးတက်လာတာနဲ့ ဒီက ထွက်ခွာသွားမှာ… အနောက်ပိုင်းဆန်းကျယ်စစ်တပ်ကို ထိခိုက်အောင် ငါလုပ်မှာ မဟုတ်ဘူး…”
သူက ပြောပြီးသည်နှင့် ကြောင်အနေသော ခေါင်းဆောင်လျိုကို ဂရုမစိုက်တော့ပဲ တတိယတပ်ဖွဲ့၏ လူသစ်စုဆောင်းသည့် နေရာသို့ လျောက်သွားလိုက်သည်။
ခေါင်းဆောင်လျိုက ပုဖန်၏ ပုံရိပ်ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်ပြီး မျက်နှာတစ်ချက် မဲ့လိုက်သည်။ ထို့နောက် အချိန်အနည်းငယ်မျှ စဉ်းစားလိုက်ပြီး တတိယတပ်ဖွဲ့၏ စစ်သူကြီးကို ရှာဖွေရန် ထွက်သွားလိုက်သည်။
ပုဖန်၏ အစစ်အမှန် စွမ်းအင်အဆင့်က မည်မျှသန်မာသည်ကို သူမသိသော်လည်း ထိုသို့ ကြောက်စရာကောင်းလှသည့် လူတစ်ယောက် တပ်တွင်းသိုပ ၀င်ရောက်လာသည်ကို သတင်းပို့ရန် လိုပေသည်။ မည်သို့ပင်ဖြစ်စေ သူက အနောက်တိုင်းဆန်းကျယ်စစ်တပ်မှ တပ်သားတစ်ယောက်သာ ဖြစ်သည်။
မမျှော်လင့်ထားစွာပင် တတိယအဖွဲ့၏ အုပ်ချုပ်သူ စစ်သူကြီးက ထိုအကြောင်းအရာကို ဂရုစိုက်ပုံမရပေ။ ပုဖန်က အလွန်စွမ်းအားကြီးသည့် လူတစ်ယောက်ဖြစ်ကြောင်း ခေါင်းဆောင်လျိုက ပြောဆိုလိုက်သော်လည်း စစ်သူကြီး၏ မျက်နှာထက်တွင် အနည်းငယ် နှမျောတသသည့် အမူအယာတစ်ခုသာ ပေါ်ထွက်လာလေသည်။
“မင်းပြောသလိုသာဆိုရင် ဒီလူငယ်လေးက သူတော်စင်အဆင့် ဖြစ်နိုင်တယ်ပေါ့… မင်းတို့လို သေသေချာချာ လေ့ကျင့်မထားတာတောင်… မင်းတို့ကို လက်ညိုးတစ်ချောင်းနဲ့ ဖြေရှင်းနိုင်တယ်ဆိုပါတော့…”
“သန်မာတဲ့ သူတော်စင်အဆင့်တစ်ယောက်က စစ်တပ်ရဲ့ ချက်ပြုတ်ရေးအဖွဲ့ကို ၀င်လာတာတော့ နှမြောဖို့ကောင်းတယ်… သူ့ကို တစ်ယောက်ယောက် စောင့်ကြည့်ထားလိုက်…”
“နောက်ရက်အနည်းငယ်ကျရင် ငါတို့တပ်ဖွဲ့က စုံစမ်းစစ်ဆေးဖို့အတွက် စစ်သူကြီး ခုံးရွှမ်နောက်ကို လိုက်ဖို့ ရှိတယ်.. မင်းရဲ့ လက်အောက်က တပ်သားတွေကို သေသေချာချာ ပြင်ဆင်ထားလိုက်… ပြီးတော့ ငါတို့ လူတွေ အားလုံးအတွက် ချက်ပြုတ်ပြင်ဆင်ထားလိုက်….”
တတိယအဖွဲ့၏ အုပ်ချုပ်သူ စစ်သူကြီး ကျူးယူးက အမိန့်ပေးလိုက်ပြီး ခေါင်းဆောင်လျိုကို မောင်းထုတ်လိုက်သည်။
ခေါင်းဆောင်လျို၏ မျက်နှာက နှီရဲနေလေသည်။ သူ၏အစီအရင်ခံစာက ထိုသို့ လျစ်လျူရှုခံလိုက်ရမည်ဟု မျှော်လင့်မထားခဲ့ချေ။
…..
“မင်းက ငါတို့ တတိယတပ်ဖွဲ့ရဲ့ ချက်ပြုတ်ရေးအဖွဲ့ထဲကို ၀င်ချင်တယ်…”
လူကြီးတစ်ယောက်က ပုဖန်၏ လက်ထဲမှ တံဆိတ်ပြားကို ကြည့်လိုက်ပြီး အံံအားသင့်သွားသည်။ ထို့နောက် သူက ပုဖန်ကို မယုံသင်္ကာဟန်နှင့် ကြည့်လိုက်သည်။ တပ်၏ ချက်ပြုတ်ရေးအဖွဲ့မှ စားဖိုမှုးတစ်ယောက်က တပ်သားများထက် သက်သာသည်ဟု မဆိုလိုပေ။ သူတို့၏ အလုပ်တာ၀န်များက သာမန်စစ်သားများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
စစ်ကြောင်းချီတက်နေချိန်တွင် သူတို့က လေးလံလှသော သံမဏိအိုးများကို သယ်ဆောင်ရပြီး စစ်တပ် ရိက္ခာများကိုစောင့်ရှောက်ရလေသည်။ ထို့အပြင် ရိက္ခာများကို ပစ်မှတ်ထား လုယူလိုသည့် ရန်သူများကို သူတို့ကိုယ်တိုင် တိုက်ခိုက်ရသည်။ ထို့ကြောင့် လူအနည်းစုကသာ တပ်ချက်ပြုတ်ရေးသို့ ၀င်ရောက်လိုခြင်း ဖြစ်သည်။ အထူးသဖြင့် ပုဖန်ကဲ့သို့သိမ်မွေ့ပျော့ပြောင်းလှသော သခင်လေးများက ချက်ပြုတ်ရေးအဖွဲ့သို့ မ၀င်ရောက်လိုကြချေ။ တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုလူငယ်လေးက ချမ်းသာသည့် သခင်လေးတစ်ယောက် ဖြစ်ကြောင်း ပြောနိုင်လေသည်။
သို့သော်လည်း ပုဖန်က အလေးအနက် ခေါင်းငြိမ့်ပြလိုက်သောကြောင့် လူကြီးက ရွေးချယ်စရာ မရှိပဲ သူ၏လျောက်လွှာကို လက်ခံလိုက်သည်။ ပုဖန်က ချက်ပြုတ်ရေးအဖွဲ့သို့ ၀င်ရောက်ရသည့် ရည်ရွယ်ချက်ကို သူက သံသယ၀င်နေသော်လည်း ပုဖန်၏ လျောက်လွှာကိုတော့ အတည်ပြုပေးလိုက်သည်။
သူတောင်းစာက ချေးများ၍ မရဆိုသည့်အတိုင်းပင် တပ်၏ ချက်ပြုတ်ရေးအဖွဲ့က ချက်ပြုတ်ပေးမည့် လူများ လိုအပ်နေလေသည်။ အထူးသဖြင့် တတိယတပ်၏ ချက်ပြုတ်ရေးအဖွဲ့တွင် ဖြစ်သည်။
ပုဖန်က ထိုလူကြီးနောက်မှ စစ်စခန်းသို့ လိုက်သွားလိုက်သည်။ထိုစခန်းက ကြီးမားသည်ဟု မဆိုနိုင်ပေ။ ပုဖန် ယခင်မြင်ခဲ့ဘူးသော စစ်စခန်းများထက် ရှုပ်ထွေးပြီး သေးငယ်နေလေသည်။ ထိုလူကြီးက စခန်းထဲရောက်သည်နှင့် ကြီးမားလှသောဒယ်အိုးတစ်လုံးကို မယူလိုက်ပြီး ယောက်ချိုဇွန်းနှင့် ခေါက်လိုက်သည်။
ကလောင်… ကလောင်…
တန်းလျားထဲမှ စစ်ယူနီဖောင်း ၀တ်ထားပြီး ခါးစည်းကို ၀တ်ဆင်ထားကြသော တပ်သားများ အလျင်အမြန် ထွက်လာကြသည်။ ထိုအဖွဲ့ထဲတွင် အလွန်ငယ်ရွယ်သူများနှင့် အလွန်အသက်ကြီးသူများ ပါ၀င်နေသည်။ သန်မာဖျက်လက်ပြီး ငယ်ရွယ်သော လူလတ်ပိုင်းဟူ၍ တစ်ယောက်ပင် မရှိပေ။ သူတို့အားလုံးက ခန့်မှန်းခြေ ရာဂဏန်းမျှ ရှိမည်ဟု ပုဖန် ခန့်မှန်းလိုက်သည်။
“တစ်ရာ….”
ထိုသည်က များသည်ဟုထင်ရသော်လည်း ပုံမှန်သာ ဖြစ်သည်။ သူတို့က တပ်သားထောင်ပေါင်းများစွာအတွက် ချက်ပြုတ်ပြင်ဆင်ပေးနေကြသူများ ဖြစ်ကြသည်။
“အဖိုးကြီးကျန်း… သေမလို့ အိုးကို တီးနေတာလား… မင်းက ဒီတိုင်းပဲ ပြောလိုက်လို့ မရဘူးလား… မင်းက အမြဲတမ်း အဲဒီ ဒယ်အိုးကို ရိုက်နေတာ… နောက်ကျရင် ဒါမှမဟုတ် ခဏနေရင် ငါအဲဒီအိုးကို ချိုးပြစ်မယ်…”
စစ်တန်းလျားပေါက်၀မှာ ကျယ်လောင်သော အသံနှင့်အတူ ပုံရိပ်များ ထွက်ပေါ်လာလေသည်။
“ဟေ့.. တပ်စုခေါင်းဆောင်.. ဒီမှာ ငါတို့ တပ်ဖွဲ့ထဲကိုလူသစ်၀င်လာတယ်.. အနည်းဆုံးတော့ ငါတို့က သူ့့ကို ကြိုဆိုပွဲလုပ်ပေးရမယ်… ဟုတ်တယ်မလား…” အဖိုးကြီးကျန်းက အိုးကို ဆက်မတီးတော့ပဲ ပြောလိုက်သည်။
စီနီယာ ဖြစ်ပုံရသော သက်လတ်ပိုင်းအရွယ် လူကြီးက မျက်မှောင်ကြုံ့လိုက်ပြီး အဖိုးကြီးကျန်း၏ နောက်မှ ပုဖန်ကို ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် အံ့အားသင့်သွားပြီး မျက်ခုံးများ ပင့်တက်သွားလေသည်။
“မင်းက ငါတို့ ချက်ပြုတ်ရေးတပ်ဖွဲ့ကို ၀င်လာတဲ့ လူသစ်လား.. ဒီလိုဆိုတော့.. မင်းက ငါတို့ ချက်ပြုတ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းတွေကို သိလား….”
သက်လတ်ပိုင်းအရွယ် လူကြီးက ပုဖန်ကို အကဲခတ်ကြည့်ရှုလိုက်ပြီး နှုတ်ခမ်းများ တွန့်ကွေး၍ ပြောလိုက်သည်။
ပတ်၀န်းကျင်မှ လူများအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားပြီး ပြုံးနေကြလေသည်။
ပုဖန်ကို ထိုသက်လတ်ပိုင်းအရွယ် လူကြီးကို ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်သည်။
“စည်းမျဉ်းကတော့ ငါတို့ကို မင်းရဲ့ စွမ်းရည်တစ်ချို့ကို ပြသရမယ်… တကယ်လို့ မင်းရဲ့ အရည်အချင်းက ငါတို့ရဲ့ အဆင့်သတ်မှတ်ချက်ကို မှီမယ်ဆိုရင် ငါတို့က မင်းကို အိုးတစ်လုံးထုတ်ပေးပြီး မင်းချက်ပြုတ်ဖို့အတွက် ခွင့်ပြုပေးမယ်.. အဲလိုမှ မဟုတ်ဘူးဆိုရင်တော့… ကျွတ်.. ကျွတ်… ကျွတ်… မင်းက လအနည်းငယ်လောက် ထင်းခွဲပြီး နာခံမှုကို ပြသရမယ်…”
သက်လတ်ပိုင်းအရွယ် လူကြီးက မျက်လုံးများ မှေးကျဉ်းလိုက်ပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်၍ ပြောလိုက်သည်။