အခန်း ၂၈၃ “ရိုးရှင်းသော အခြေအနေ… သာမာန်ပါ၀င်ပစ္စည်း…”
သက်လတ်ပိုင်းအရွယ် လူက ထိုစကားကို ပြောလိုက်သည်နှင့် အနားမှ တပ်သားများအားလုံးက ရယ်မောလိုက်ကြသည်။ မရပ်မနား ရယ်မောသံက စစ်တမ်းလျားတစ်ခုလုံးကို ပြန့်နှံ့သွားလေသည်။ သို့သော်လည်း သူတို့ထဲမှ လူတော်တော်များများက ပုဖန်ကို စာနာသနားစွာနှင့် ကြည့်နေကြသည်။ သူတို့ တပ်ထဲ၀င်လာစဉ်ကလည်း ထိုသို့ ကြုံဖူးကြလေသည်။
သူတို့က စစ်တပ်၏ ချက်ပြုတ်ရေးအဖွဲ့သို့ ၀င်လျင် ဟင်းပွဲများကို ချက်ပြုတ်ရုံသာ ဖြစ်သည်ဟု တွေးထင်ခဲ့ကြသော်လည်း ဟင်းလျာများ မချက်ပြုတ်မီ သူတို့၏ စွမ်းရည်များကို ပြသရန် လိုသေးကြောင်း သိခဲ့ရသည်။
သက်လတ်ပိုင်းအရွယ် လူကြီးက သူတို့ချက်ပြုတ်ရေးအဖွဲ့၏ ခေါင်းဆောင် ဝေတဖုဖြစ်သည်။ သူ၏ အချက်အပြုတ် စွမ်းရည်က ကောင်းမွန်လှပြီး သူချက်ပြုတ်လိုက်သည့် ဟင်းပွဲများက အာဟာရပြည့်၀ကာ အလွန်အရသာရှိလှသည်။ သူ၏ ဟင်းပွဲများအပေါ် အကဲဖြတ်မှုက အလွန်တင်းကြပ်သည်။ သူတို့ စစ်တပ်ထဲသို့ စ၀င်လာစဉ်ကလည်း ထိုသက်လတ်ပိုင်းအရွယ်လူကြီးကြောင့် ဒုက္ခရောက်ခဲ့ကြရသည်။
ဝေတဖုက ပုဖန်ကို လှောင်ပြောင်လိုဟန်နှင့် ကြည့်လိုက်သည်။ ချက်ပြုတ်ရေး တပ်ခွဲသို့ လူသစ်များ မရောက်လာသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ မမျှောင်လင့်ထားစွာပင် ယနေ့ လူသစ်တစ်ယောက် ရောက်ရှိလာပြီး ငြီးငွေ့ပျင်းရိဖွယ်ကောင်းသော သူတို့၏ ဘ၀တွင် ပျော်စရာလေးများ ရရှိလာတော့မည်ဖြစ်သည်။
ပုဖန်က အံ့အားသင့်စွာနှင့် ဝေတဖုကို မျက်လုံးပြူး၍ ကြည့်လိုက်သည်။ သူက ဝေတဖု၏ မကောင်းသော ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိနေလေသည်။ သို့သော်လည်း သူက ထိုအချက်ကို ဂရုမစိုက်ပေ။ သူက ဟင်းပွဲချက်ပြုတ်ပေးရုံသာ ဖြစ်သည်။
“ကောင်းပြီလေ… ငါ့ရဲ့ ကျွမ်းကျင်မှု တစ်ချို့ကို ပြသပေးရမှာပေါ့…” ပုဖန်က အေးအေးသက်သာ ပြန်ပြောလိုက်သည်။
“ငါက ဒီချက်ပြုတ်ရေး တပ်ခွဲရဲ့ ခေါင်းဆောင်ပဲ… ငါတို့ကိုပေးအပ်ထားတဲ့ ပါ၀င်ပစ္စည်းတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ရမှာက ငါတို့ရဲ့ တာ၀န်ပဲ… ငါတို့ ချက်ပြုတ် ထောက်ပံ့ပေးတဲ့ အစားအစာတွေအားလုံးက အရေးကြီးတယ်..”
“အစားအစာတွေက ကောင်းမယ်ဆိုရင် စားရတဲ့ စစ်သားတွေက အားအင်အပြည့်အ၀ ရရှိလိမ့်မယ်… အဲတော့ သူတို့ တိုက်ခိုက်တဲ့အချိန်မှာ အားအင် အပြည့်အ၀ ရှိနေလိမ့်မယ်.. တကယ်လို့ မကောင်းဘူးဆိုရင် ထမင်းကိုပဲ စားပြီးတော့ ၀မ်းလျောနေလိမ့်မယ်…”
ဝေတဖုက လက်ထဲမှ သံမဏိယောက်ချိုဇွန်းကို ဝှေ့ရမ်း၍ သူ၏ ထင်မြင်ချက်များကို ရှည်လျားစွာ ပြောဆိုနေသည်။ သူက ပုဖန်၏ ချက်ပြုတ်ရေးစွမ်းရည်ကို စစ်ဆေးလိုနေခြင်းသာ ဖြစ်သည်။
“ကောင်းပြီလေ… ချက်ပြုတ်ရမယ့် နေရာနဲ့ ပါ၀င်ပစ္စည်းတွေကိုသာ ငါ့ကိုပေးလိုက်…”
ပုဖန်က ဝေတဖု၏ အရည်မရ အဖတ်မရ စကားများကို နားထောင်ရန် ပျင်းရိနေလေသည်။ ထို့ကြောင့် သူက လက်ကို ဝှေ့ရမ်းလိုက်ကာ ကြားဖြတ်ပြောဆိုလိုက်သည်။
ဝေတဖုက မပျော်မရွှင် ဖြစ်သွားလေသည်။ ထိုလူသစ်လေးက သူစကားပြောနေချိန်တွင် ကြားဖြတ်ပြောရဲလေသည်။ သို့သော် ဝေတဖုက ပုဖန်ကို ခက်ခဲအောင် မလုပ်တော့ပဲ နောက်လှည့်လိုက်သည်။ သူ၏ မျက်နှာက မဲမှောင်နေလေသည်။
စားဖိုမှုး၀တ်စုံကို ၀တ်ဆင်ထားသော အပြစ်ကင်းစင်ပုံရသည့် လူငယ်လေးတစ်ဦးက သံမဏိဒယ်အိုးကြီးတစ်လုံး သစ်သားလက်ကိုင်ရိုးနှင့် အနက်ရောင်မီးဖိုချောင်သုံး ဓါး… ပန်ကန်လုံးအနည်းငယ် ကြည်လင်လှသော ရေသန့်တစ်ပုံးနှင့် ပါ၀င်ပစ္စည်းများကို ယူဆောင်လာခဲ့သည်။
“ဒီမှာ… ကဲ… ပါ၀င်ပစ္စည်းတွေ အကုန်လုံးက ဒီမှာပဲ…”
“ကဲ… ငါတို့လူသစ်လေးရဲ့ အချက်အပြုတ် စွမ်းရည်တွေကို ကြည့်ကြစို့…” ဝေတဖုက လက်ပိုက်ပြီး အေးစက်စက် ရယ်မောလိုက်သည်။
အနားတွင် ရှိနေကြသော လူများအားလုံးက စိတ်၀င်တစားနှင့် ကြည့်နေကြသည်။ အပြစ်ကင်းစင်ပုံရသော လူငယ်လေးကလည်း ပုဖန်ကို စူးစူးစမ်းစမ်း စိုက်ကြည့်နေလေသည်။ သို့သော် သူက ပုဖန်ကို မြင့်မြင့်မားမား တွေးထင်ထားခြင်း မရှိပေ။
စစ်တန်းလျားတွင် ချက်ပြုတ်ရန် ၀င်ရောက်လာကြသော စားဖိုမှုးတိုင်းက ပထမအကြိမ်တွင် အဆင်ပြေပြေ ချက်ပြုတ်နိုင်ခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် စစ်တပ်ပတ်၀န်းကျင်နှင့် ပုံမှန် မီးဖိုချောင်က ကွာခြားသောကြောင့် ဖြစ်သည်။ ကောင်းမွန်သော ဟင်းပွဲများကို ချက်ပြုတ်လိုလျင် ပတ်၀န်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် အရင်လုပ်ကိုင်ရပေလိ့မ်မည်။
ပတ်၀န်းကျင်တွင် ရှိနေသော လူများအားလုံးကလည်း ပုဖန်ကိုမြင့်မြင့်မားမား မတွေးထားကြချေ။ ပုဖန်သာ ဟင်းပွဲတစ်ပွဲ ချက်ပြုတ်နိင်လျင်ပင်ဝေတဖု၏ ကြိမ်းမောင်းမှု မှ လွတ်ကင်းလိမ့်မည်မဟုတ်ချေ။ ထိုအချိန်တွင် သူက ပြစ်တင်ကြိမ်းမောင်းခြင်းက လွတ်ရန်အတွက် ထင်းသွားခုတ်ရတော့မည့်ဖြစ်သည်။ သူတို့က ထိုမြင်ကွင်းများကို မရေမတွက်နိုင်အောင် တွေ့ဖူးကြလေသည်။
သူတို့ထဲမှ တစ်ချို့့က ပုဖန်ကို လှောင်ပြောင်နိုင်ရန် စောင့်ဆိုင်းနေကြသည်။ သူတို့က ဝေတဖု၏ အဆိပ်ပြင်းလှသော လျှာဖြားအောက်တွင် ပုဖန်၏ ရှက်ရွံ့နေသော မျက်နှာကို တွေ့မြင်လိုနေကြသည်။
ပုဖန်က အခြားသူများ၏ သဘောထားကို ဂရုမစိုက်ပေ။ သူ၏ မူလပုံစံကပင် အခြားလူများ၏ သဘောထားကို ဂရုမစိုက်တတ်သူဖြစ်သည်။ သူက မီးဖိုချောင်သုံးပစ္စည်းများရှိရာသို့ လျောက်သွားလိုက်ပြီး မျက်မှောင်ကြုံ့လိုက်မိသည်။ ထိုမီးဖိုချောင်သုံး ပစ္စည်းများက ရိုးရှင်းပြီး အကြမ်းထည်ဆန်လှသည်။ ထိုပစ္စည်းများက မြွေလူသားမျိုးနွယ်မှ ပစ္စည်းများထက်ပင် ရိုးရှင်းနေလေသည်။
သို့သော်လည်း သူက ထိုအရာကို လက်ခံလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် စစ်ချီနေသည့် တပ်၏ စားဖိုမှုးများ ဖြစ်ကြသောကြောင့် ချက်ပြုတ်သည့် နေရာကို ကိုယ်တိုင် ပြင်ဆင်တည်ဆောက်ရခြင်း ဖြစ်သည်။ ပုဖန်က မျက်မှောင်ကြုံ့ထားခြင်းကို ပြန်၍ ဖြေလျော့လိုက်သည်။ ထို့့နောက် ဝေတဖု ပြင်ဆင်ထားသည့် ပါ၀င်ပစ္စည်းများကို ကြည့်လိုက်သည်။
အိတ်ကို ဖွင့်လိုက်သည်နှင့် လတ်ဆတ်သည့် မြေဆီလွှာရနံံ့က သူ့နှာခေါင်းထဲသို့ တိုး၀င်လာလေသည်။ ထိုအိတ်ထဲတွင် မှိုများ ရှိနေလေသည်။ မှိုများကြားထဲတွင် သာမာန်ဟင်းသီးဟင်းရွက် အနည်းငယ်နှင့် အာလူးအနည်းငယ် ရောနှောပါရှိနေလေသည်။ ထိုပါ၀င်ပစ္စည်းများက ရိုးစင်းလှလေသည်။ ဆန်းကျယ်သော ကမ္ဘာထဲသို့ ရောက်ရှိပြီးချိန်မှ စ၍ ပုဖန်က သာမာန်ပါ၀င်ပစ္စည်းများကို ပထမအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်သည်။
“မင်းတို့ ဟင်းပွဲတွေ ချက်ပြုတ်တဲ့နေရာမှာ… ဒီလိုသာမာန်ပစ္စည်းတွေပဲ အမြဲတမ်း သုံးကြတာလား….” ပုဖန်က ဝေတဖုကို အံ့အားတသင့် မော့ကြည့်၍ မေးလိုက်သည်။
စစ်ချီတက်နေသော စစ်သားများ၏ စွမ်းအင်ကျင့်ကြံမှုက မြင့်မားခြင်း မရှိသော်လည်း သူတိုပ၏ ခန္ဒာကိုယ်ထဲတွင် အစစ်အမှန် စွမ်းအင်များ ပြည့်ဝနေဆဲပင် ဖြစ်သည်။ ထိုသာမာန်ပါ၀င်ပစ္စည်းများက သူတို့ခန္ဒာကိုယ်ထဲမှ ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနိုင်ခြင်း မရှိယုံမကပဲ ဗိုက်ပြည့်နိုင်မည်ပင် မဟုတ်ချေ။
“မင်းက ဘာတွေကို လိုက်ပြီး အာရုံစိုက်နေတာလဲ… ဘာလဲ…. မင်းရဲ့့ လက်ရှိအခြေအနေက စိတ်ဝိဥာဉ်စွမ်းအင်ပါတဲ့ ပါ၀င်ပစ္စည်းတွေကို ချက်ပြုတ်နိုင်မယ်လို့ ထင်နေတာလား… အမေးအမြန်း ထူမနေပဲ… အဲဒီပါ၀င်ပစ္စည်းတွေနဲ့ ငါစိတ်ကျေနက်စေလောက်တဲ့ ဟင်းပွဲတစ်ပွဲသာ ချက်ပြုတ်လိုက်…” ဝေတဖုက ပုဖန်ကို ကြည့်၍ မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဒါတွေက ငါတို့ ချက်ပြုတ်ရေး တပ်ဖွဲ့ရဲ့ အပို ပါ၀င်ပစ္စည်းတွေပါ… စစ်တိုက်နေတဲ့ အချိန်မှာ ငါတို့က စိတ်ဝိဥာဉ်စွမ်းအင်ပါတဲ့ ပါ၀င်ပစ္စည်တွေ မလောက်ငမှုနဲံ့ ကြုံတွေ့ရလေ့ရှိတယ်.. အဲလိုအချိန်ကျရင် စစ်သည်တော်တွေရဲ့ ဆာလောင်မှုကို လျော့ချနိုင်ဖို့ ငါတို့က သာမာန် ပစ္စည်းတွေကို သုံးရတယ်…” အပြစ်ကင်းစင်ပုံရသော လူငယ်လေးက ပြောလိုက်သည်။
ဝေတဖုက ချက်ချင်းပင် လူငယ်လေး၏ လည်ပင်းကို ဆွဲဆန့်၍ လျှာကို ဆွဲထုတ်လိုသော အကြည့်မျိုးနှင့် ကြည့်လိုက်သည်။
ပုဖန်က ခေါင်းငြိမ့်လိုက်မိသည်။ သူက သာမာန်ပါ၀င်ပစ္စည်းများကို သုံး၍ သူ့ကိုစမ်းသတ်စစ်ဆေးသည့် ဝေတဖု၏ရည်ရွယ်ချက်ကို နားလည်လေသည်။ အထူးတလည် ပြောရလျင် ထိုသူက သူ့ကို ပို၍ ခက်ခဲအောင် ပြုလုပ်လိုခြင်း ဖြစ်သည်။ သာမာန်ပစ္စည်းများကို သေချာစွာ ကိုင်တွယ်နိုင်ရန်အတွက် ကျွမ်းကျင်သည့် အရည်အချင်းရှိရန် လိုအပ်သည်။
သူက မတ်တပ်ထရပ်လိုက်ပြီး ခြေထောက်ကို လှုပ်ရှားကာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သစ်သားချောင်းများကို ကန်လိုက်သည်။ သစ်သားချောင်းများက ချက်ချင်းပင်လေထဲသို့ လွင့်မြောသွားလေသည်။ ပုဖန်က လေထဲမှ သစ်သားချောင်းများကို မြေပြင်ပေါ်သို့ အစီအရီပြန်ကျလာစေရန် လုပ်လိုက်သည်။ သူက အလွန်လျင်မြန်စွာပင် ရိုးရှင်းသော မီးဖိုအသေးလေး ပြုလုပ်လိုက်ပြီး ဒယ်အိုးကို နေရာချလိုက်သည်။
ပုဖန်က လှုပ်ရှားမှုများက အနည်းငယ် တုန့်ဆိုင်းနေသော်လည်း ပတ်၀န်းကျင်မှ လူများအားလုံး၏ မျက်၀န်းများကို တောက်ပသွားစေသည်။ အပြစ်ကင်းစင်သည့် လူငယ်လေး၏ မျက်လုံးများကလည်း. စိတ်လှုပ်ရှားမှုများနှင့် တောက်ပနေလေသည်။
ပူဖန်က ဒယ်အိုးကိုပြင်ဆင်ပြီးနောက် အိတ်ထဲမှ ပါ၀င်ပစ္စည်းများကိုထုတ်ယူ၍ အမျိုးအစားခွဲခြားလိုက်သည်။ သူက သစ်သားလက်ကိုင်ရိုး တပ်ထားသည့် အနက်ရောင် မီးဖိုချောင်သုံးဓါးကို ကောက်ယူလိုက်သည်။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို သုံးရသည့် ခံစားချက်နှင့် ယှဉ်ကြည့်လျင် အလွန်ဆိုးရွားလှပေသည်။ ပုဖန်က ဓါးကျွမ်းကျင်မှုကို အနည်းငယ် ပြသလိုက်ပြီး အာလူးများကို လှီးဖြတ်လိုက်သည်။
သူ့လက်ထဲမှ မီးဖိုချောင်သုံးဓါးက လျင်မြန်စွာ လှည့်ပတ်သွာြး့ပီး အာလူးများကို အခွံချွတ်လိုက်သည်။ ထို့နောက် အားလုံး၏ အံ့အားသင့်နေသော အကြည့်အောက်တွင်ပင် အာလူးများကို ဓါးနှောင့်နှင့် ရိုက်၍ ဒယ်အိုးထဲသို့ ပစ်ထုတ်လိုက်သည်။ ဒယ်အိုး၏ အောက်ခြေတွင် ကြည်လင်သန့်ရှင်းသော ရေများ ရှိနေပြီး ရေအထက်တွင် ဆေးကျောသန့်စင်ထားသော သစ်သားဘောင်တစ်ခု တင်ထားလေသည်။ ထို့နောက် အာလူးများကို ပေါင်းခံလိုက်လေသည်။
ထို့နောက် ပုဖန်က အိုးကို မီးအပူပေးလိုက်ပြီး သစ်သားအိုးအဖုံးကို ဖုံးထားလိုက်ကာ အိုးအဖုံးပေါ်မှ လက်တင်ထားလိုက်သည်။
“ဒီကလေးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ… အာလူးပေါင်းလား… ဟမ့် မဖြစ်စလောက် ပါရမီပဲ….” ပုဖန်၏ မျက်စိနောက်စရာ လှုပ်ရှားမှုများကို ကြည့်၍ ဝေတဖုက ခေါင်းခါရမ်းလိုက်သည်။ သူ၏ စိတ်ထဲတွင်လည်း အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေလေသည်။
သို့သော်လည်း ပုဖန် အားလူးပေါင်းသည့် ဟန်က အနည်းငယ် ထူးဆန်းနေလေသည်။
အိုးအဖုံးပေါ်မှာ ဘာလို့ လက်တင်ထားဖို့ လိုအပ်တာလည်း…
ပုဖန်က အားနေသော လက်တစ်ဖက်နှင့် မီးဖိုချောင်သုံးဓါးကို ဆွဲကိုင်လိုက်ပြီး ဆေးကျောသန့်စင်ထားသော မှိုများကို စတင်ပြင်ဆင်လိုက်သည်။
“လက်တစ်ဖက်တည်းနဲ့ ပါ၀င်ပစ္စည်းတွေကို ပြင်ဆင်တာလား….”
ပတ်၀န်းကျင်မှ လူများအားလုံးက အံ့သြတကြီး အော်ဟစ်လိုက်မိကြသည်။ ထိုကလေး၏ လက်များက စနစ်တကျ သင်ကြားမှုတစ်ချို့ ရှိပေလိမ့်မည်။
ပုဖန်က အလွန် အေးဆေးတည်ငြိမ်နေသည်။ သူ၏ မီးဖိုချောင်သုံးဓါး ကိုင်ထားသော လက်ကောင်၀တ်က လျင်မြန်စွာ လှုပ်ရှားနေလေသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်းမှာပင် မှိုများက လေထဲသို့ လွင့်တက်သွားသည်။ သူက လေထဲမှာပင် မှိုများအားလုံးကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ဖြတ်လိုက်သည်။
လူတိုင်းက ထိုမြင်ကွင်းကိုကြည့်၍ မိန်းမောနေကြသည်။ သူတို့ သတိမထားမိလိုက်ချိန်မှာပင် ပုဖန်က လှီးဖြတ်ထားသော မှိုများကို ကြွေအိုးထဲသို့ သပ်သပ်ရပ်ရပ် ထည့်လိုက်သည်။
ဝေတဖုက အံကြိတ်လိုက်မိသည်။ ချောမောလှပသော လူငယ်လေး၏ ဓါးစွမ်းရည်က ကောင်းမွန်လှပေသည်။
“သူ့ရဲ့့ဓါးကိုင်ပညာက ကောင်းတော့ရော ဘာဖြစ်လဲ…. အရသာရှိတဲ့ ဟင်းပွဲကို ချက်ပြုတ်နိုင်မှသာ ဘုရင်ဖြစ်နိုင်မှာပဲ…”
ပေါင်ခံထားသော အာလူးမှ မွှေးရနံ့များ စတင်ထွက်ပေါ်လာသည်။ သို့သော်လည်း ပုဖန်က အိုးအဖုံးကို ဖွင့်လိုက်ခြင်း မရှိပေ။ သူရောနှောထားသော အသီးအရွက်များကို လှီးဖြတ်ပြီးနောက် သူ့လက်အောက်မှ အိုအဖုံးက အကြမ်းပတမ်း လှုပ်ခါလာလေသည်။ ထိုအချိန်မှ ပုဖန်က အိုးအဖုံးကို ဖွင့်လိုက်လေသည်။ အိုးအတွင်းမှ လှိုက်တက်လာသော ရေနွေးငွေ့မျာနှင့်အတူ အာလူး၏ချိုမြိန်သော ရနံ့က ရောနှောပါ၀င်လာလေသည်။
အိုးအတွင်မှ ပေါင်းခံထားသော အာလူးများက ရွှေရောင်သမ်းနေလေသည်။ ထိုအရောင်ကတောက်ပနေပြီး အလွန်ကြည့်ကောင်းလှသည်။
အနားတွင်ရှိသော လူများက အံ့အားတကြီး အော်ဟစ်လိုက်ကြသည်။ ထိုမျှကြည့်ကောင်းလှသော အာလူးပေါင်းကို သူတို့ မမြင်ဖူးကြပေ။ ထိုအာလူးကို အလင်းတန်းများ ထုတ်လွှတ်နေသည့် ရွှေတုံးဟုထင် ထင်မှတ်ရလေသည်။
ဝေတဖုက နှုတ်ခမ်းတစ်ချက် သပ်လိုက်ပြီး ရေရွတ်လိုက်သည်။
“ဘယ်လိုပဲ ကောင်းအောင်ပေါင်းထား ပေါင်းထား အာလူးက အာလူးပဲလေ… ပြီးတော့ ဘယ်လို ဖန်တီးမှုမှလဲ မရှိဘူး…”
ပုဖန်က ဝေတဖု၏ အတွေးကို ကြားလိုက်သကဲ့သို့ ခေါင်းမော့၍ ဖျက်ခနဲ တစ်ချက်ကြည့်လိုက်သည်။ သူက နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေးလိုက်သည်။ ထို့နောက် သူ၏လက်ကို အစစ်အမှန် စွမ်းအင်များ ဖုံးအုပ်၍ အိုးထဲမှ အာလူးများကို ကြွေအိုးထဲသို့ ထည့်လိုက်သည်။ ထို့နောက် ပုဖန်၏ လှုပ်ရှားမှုများက လူတိုင်းကို အံ့အားသင့်သွားစေလေသည်။
ပုဖန်က ရွှေဝါရောင် အာလူးများ ပြည့်နေသော ကြွေအိုးထဲသို့ လက်သီးနှင့် ထိုးနှက်လိုက်သည်။