အပိုင်း ၂၈၄
Viewers 53k

အခန်း ၂၈၄ ညှို့ယူဖမ်းစားနိုင်သော ဟင်းချို


“သူ… သူဘာတွေ လုပ်နေတာလဲ… ”


“ဒီလောက်အားပြင်းပြင်းနဲ့ ထိုးမှတော့ ကြွေအိုးက ကွဲသွားမှာပေါ့….”


“မင်းကဒါကို ချက်ပြုတ်တယ်ထင်နေတာလား… ငါထင်တာတော့ ဟာသ သက်သက်ပဲ…”


အိုးကို ထိုးနှက်ရန် ကြိုးစားလိုက်သော ပုဖန်က အနားမှ လူများအားလုံးကို သက်ရောက်သွားသည်။ သူတို့၏ အံ့အားသင့်နေဟန် မျက်နှာများက ဖြူဖျော့နေကြသည်။ ထိုအပြုအမူက အဆင်အခြင်မဲ့လွန်းလှသည်။


“ဒါကို ဘယ်လိုလုပ် ချက်ပြုတ်တယ်လို့ ခေါ်မှာလဲ… ”


ဝေတဖုက အထင်အမြင် သေးစွာနှင့် နှာခေါင်းရှုံ့လိုက်သည်။ ပုဖန်ထုတ်လွှတ်လိုက်သော ခွန်အားအရ ကြွေအိုးက ဆိုးဆိုးဝါးဝါး ပျက်စီးသွားပြီး ရွှေဝါရောင် အာလူးများက အဆုံးသတ်သွားပေလိမ့်မည်။ ပြီးပြည့်စုံသော အာလူးပေါင်းက အလဟဿဖြစ်သွားမည်မှ နှမျောစရာ ကောင်းလှသည်။


သို့သော်လည်း အံ့သြစရာကောင်းသည်မှာ လက်သီးက အိုးထဲသို့ ကျသွားချိန်တွင် အိုးဆီမှ ကွဲအက်သံ တစ်စုံတစ်ခုပင် ထွက်မလာခြင်း ဖြစ်သည်။ အစစ်အမှန် စွမ်းအင်များနှင့် စုစည်းထားသည့် ပုဖန်၏ လက်သီးက အိုးထဲသို့ နစ်မြုတ်သွားချိန်တွင် ကြွေအိုးက ကွဲအက်မသွားပဲ အာလူးများသာ ကြေညက်သွားခြင်း ဖြစ်သည်။ ထိုသို့ အစစ်အမှန် စွမ်းအင်များကို တိတိကျကျ ထိန်းချုပ်နိုင်သည့် လူမှာ ရှားပါးလှသည်။


ပုဖန်၏ လက်သီးချက်က အားလူးများကို ကွဲကြေသွားစေပြီးနောက် သူကလက်ကို ဖြည်းဖြည်းချင်ဒး ပြန်ထုတ်လိုက်သည်။ ထို့နောက် အာလူးကို အညှိုးထားနေသည့်အလား အဆက်မပြတ် ထိုးနှက်နေလေသည်။ သို့သော် သူ၏ ထိုးနှက်မှုများက ကြွေအိုးကို ထိခိုက်ခြင်း မရှိသောကြောင့် ဘေးမှ လူများအားလုံးက အံ့အားသင့် ကြောင်အနေကြသည်။


အပြစ်ကင်းစင်ဟန်ရသော လူငယ်လေးက ပါးစပ်ဟောင်းလောင်း ပွင့်နေလေသည်။ သူက ပတ်၀န်းကျင်ရှိ လေထဲတွင် ပြန့်နှံ့နေသော အားလူးနံ့ကို ရှူရှိုက်လိုက်သည်။ အာလူးပေါင်းကို ထုချေလိုက်ပြီးနောက် ထွက်ပေးလာသော ရနံ့သင်းသင်းလေးများက ပတ်၀န်းကျင်တွင် ပြန့်နှံ့နေသည်။ 


ပုဖန်က နောက်ထပ် အကြိမ်အနည်းငယ်ခန့် ထပ်မံထိုးနှက်လိုက်သည်။ သူ၏ အမူအယာက လေးနက်တည်ငြိမ်နေပြီး ရိုက်ချက်တစ်ချက်စီတိုင်းတွင် အစစ်အမှန် စွမ်းအင်များကို တိတိကျကျ ထိန်းချုပ်ထားလေသည်။ ယခုအခြေအနေက ပိုးမျှင်တစ်ထောင် နှစ်ဦးကိတ်ကို ပြုလုပ်ပုံနှင့် တူညီနေလေသည်။


ပုဖန်၏ ထိုးနှက်ချက် တစ်ချက်စီတိုင်းတွင် ပါ၀င်နေသော အစစ်အမှန် စွမ်းအင်များက အာလူးအတွင်းသို့ စိမ့်၀င် ပြန့်နှံ့သွားပြီးနောက် အာလူးပေါင်းက ပြောင်းလဲလာလေသည်။ အစစ်အမှန်စွမ်းအင်များ ပျောက်ကွယ်သွားသည်နှင့် သူ၏ လက်တွင် ကပ်နေသော အာလူးပေါင်းက အိုးထဲသို့ ပြန်ပြုတ်ကျသွားပြီး တိမ်ခိုးငွေ့ပုံသဏ္ဍာန်လေးများ ထွက်ပေါ်လာသည်။ 


ပုဖန်က အာလူးထောင်းနေခြင်းကို ရပ်တန့်လိုက်ပြီး အိုးထဲမှ သစ်သားဘောင်ကို ထုတ်ယူကာ ဆေးကျောလိုက်သည်။ ထို့နောက် ရေသန့်ဖြည့်ထားလိုက်သည်။ ဤအကြိမ်တွင်တော့ အာလူးပေါင်းရန် မဟုတ်ပဲ ဟင်းချိုချက်ပြုတ်ရန်ဖြစ်သည်။ 


ရေများ ပွက်ပွက်ဆူလာသောအခါ ပုဖန်က သူလှီးဖြတ်ထားသော မှိုများကို ပစ်ထည့်လိုက်သည်။ မွှေပျံ့လှသော မှိုနံ့များထွက်ပေါ်လာချိန်တွင် ပုဖန်၏ မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ ထို့နောက် အာလူးများကို လက်တစ်စုပ်စာ ယူလိုက်ပြီး မှိုပြုတ်ရည်ထဲသို့ ထည့်လိုက်သည်။ ပုဖန်က လျင်မြန်စွာနှင့် အာလူးဆုတ်လေးများ လုပ်လိုက်သည်။ 


အာလူးများအားလုံးကို အလုံးလေးများ ပြုလုပ်၍ အိုးထဲထည့်ပြီးနောက် ပုဖန်က အိုးကို ဖုံးထားလိုက်သည်။ ထ်ို့နောက် သူ၏ အစစ်အမှန် စွမ်းအင်များကို စုစည်းလိုက်ပြီး အိုးထဲမှ အခြေအနေများကို စောင့်ကြည့်နေလိုက်သည်။ ပါ၀င်ပစ္စည်းများ၏ အနည်းငယ်မျှသော ပြောင်းလဲမှုကို သတိပြုနိုင်ရန် သူ၏ အစစ်အမှန် စွမ်းအင်များကို အိုးထဲသို့ ပို့လွှတ်လိုက်သည်။ 


အစစ်အမှန် စွမ်းအင်နှင့် ချက်ပြုတ်ခြင်းက ပုဖန်၏ ထူးခြားချက်ပင် ဖြစ်သည်။ အိုးထဲရှိ စွပ်ပြုတ်ရည်က ဝါဖန့်ဖန့်အရောင် ပြောင်းလဲလာပြီး မွှေးရနံ့များက ပို၍ သိပ်သည်းလာလေသည်။ ထိုရနံ့က အာလူးနှင့် မှိုပေါင်းစပ်ပြီး ထွက်ပေါ်လာခြင် ဖြစ်သည်။ စွပ်ပြုတ်အိုးက ဆူပွက်လာသည်နှင့် မူလက ကြည်လင်နေသော စွပ်ပြုတ်ရည်များက ပို၍ ပစ်နှစ်လာသည်။ ပုဖန်က ယောက်ချိုဇွန်းနှင့် စွပ်ပြုတ်အိုးကို မွှေလိုက်ပြီး ခပ်ယူလိုက်ကာ အိုးထဲသို့ ဖြည်းဖြည်းချင်း ပြန်လောင်းချလိုက်သည်။


ပုဖန်က ဟင်းချိုကို မြည်းကြည့်လိုက်ပြီး ကြွယ်ဝသော အရသာက သူ့ပါးစပ်ထဲတွင် ပြည့်နှက်သွားလေသည်။ မှိုနှင့် ပြုလုပ်ထားသော ဟင်းပွဲဖြစ်သောကြောင့် မှိုနံ့ပြင်းပြင်း ထွက်နေလေသည်။ ထို့နောက် ပုဖန်က လှီးဖြတ်ထားသော ဟင်းသီးဟင်းရွက်များကို အိုးထဲထည့်လိုက်သည်။ ထိုအချက်က ဟင်ချိုကို ပို၍စွဲမက်ဖွယ် ကောင်းသွားစေသည်။ 


ဟင်းရည်များ ပို၍ ဆူပွက်လာချိန်တွင် ပုဖန်က ရှာလကာရည်နှင့် ငြုပ်အနှစ် အနည်းငယ် ထပ်ထည့်လိုက်သည်။ ငြုပ်သီးထည့်လျင် ပိုကောင်းသော်လည်း ပြင်ဆင်မထားမိသောကြောင့် ငြုပ်အနှစ်သာ ထည့်လိုက်ရခြင်း ဖြစ်သည်။ ပါ၀င်ပစ္စည်း အနည်းငယ်သာ ရှိသောလည်း ဟင်းခတ်အမွှေးအကြိုင်များ အားလုံးကို ရနိုင်ခြင်းက ပုဖန်အတွက် ပို၍ လွယ်ကူသွားစေသည်။ 


ပုဖန်က သန့်ရှင်းသည့် ကြွေပန်းကန်တစ်လုံးကို ယူလိုက်ပြီး ဟင်းရည်ကို လောင်းထည့်လိုက်သည်။ ရှာလကာရည်နံ့ ပေါင်းစပ်ပါ၀င်နေသော ဟင်းရည်ရနံ့က ပတ်၀န်းကျင်ကို ပြန့်နှံ့သွားပြီး လူများကို သားရေယိုလာစေသည်။ ကြည့်နေသော လူများအားလုံးက ဟင်းရည်ပန်းကန်ကို စိုက်ကြည့်နေကြပြီး တံတွေးတစ်လုပ် မြိုချလိုက်မိကြသည်။ ထိုဟင်းရည်က ရနံ့နှင့်ပင် အလွန်ဆွဲဆောင်နိုင်လေရာ အရသာက သေချာပေါက် ဆိုးဝါးလိမ့်မည်မဟုတ်ပေ။


ချဉ်စပ် ဟင်းရည်… မြည်းကြည့်ကြပါဦး….


ပုဖန်က ကြွေပန်းကန်ကို ဝေတဖုဆီ လှမ်းပေးလိုက်သည်။


ငေးကြောင်ကြောင် ဖြစ်နေသော ဝေတဖုက ပုဖန်ဆီမှ ပန်းကန်ကို လက်ခံလိုက်ပြီးမှ သတိ၀င်လာခဲ့သည်။ ထို့နောက် သူက ပုဖန်ကို ထိတ်လန့်စွာ ကြည့်လိုက်မိသည်။ ပုဖန်၏ ကျွမ်းကျင်လှသော အချက်အပြုတ် စွမ်းရည်များအရ သူက အဆင့်မြင့်လှသော စားဖိုမှုးတစ်ယောက် ဖြစ်နိုင်လေသည်။ သူက စားဖိုမှုးဟောင်းများထက်ပင် ပို၍ အတွေ့အကြုံရှိနေပုံရပြီး အသက်အရွယ်နှင့် ယှဉ်လိုက်လျင် အံံအားသင့်စရာ ကောင်းနေလေသည်။ သို့သော်လည်း ဝေတဖုက အံ့အားသင့်မှုကို ချုပ်တည်းလိုက်ပြီး သူ့လက်ထဲမှ ချဉ်စပ်ဟင်းရည်ကို ကြည့်လိုက်သည်။


၀ါဖန့်ဖန့် ဟင်းရည်ထဲတွင် အစိမ်းရောင် အသီးအရွက်များ ပေါလောပေါ်နေလေသည်။ ထူးခြားစွာ ဖန်တီးထားသော အဖြုအနက်မှိုများနှင့် ရွှေဝါရောင် အာလူးလုံးလေးများက ဟင်းရည်ကို တန်ဆာဆင်ထားလေသည်။ ခြုံ၍ ပြောရလျင် ထိုဟင်းရည်က အလွန်အမင်း ထူးကဲစန် မရသော်လည်း သူ၏ မွှေးရနံ့က အလွန်ထူးခြားနေလေသည်။ 


ဝေတဖုက ပြင်းထန်လှသည့်မွှေးရနံ့နှင့် ပြစ်နှစ်နေသော ဟင်းရည်ကို ကြွေဇွန်းနှင့် ခပ်ယူလိုက်ပြီး သောက်လိုက်သည်။ မွှေးပျံ့လှပြီး ပြစ်နှစ်နေသော ဟင်းရည်များက သူ့ပါးစပ်ထဲသို့ ချောမွေ့စွာ စီး၀င်သွားလေသည်။ သူ၏ ပါးစပ်ထဲတွင်မှိုနှင့် အာလူးတို့၏ ကြွယ်ဝသော အရသာကို ခံစားမိလိုက်ပြီး အစပ်နှင့် အချဉ်အရသာကို ခံစားမိလိုက်သောကြောင့် သူ၏ မျက်၀န်းများက တောက်ပလာလေသည်။


ကောင်းလိုက်တာ….


ဟင်းရည်တစ်ဇွန်းသောက်လိုက်ပြီးနောက် သူက နောက်တစ်ဇွန်းခပ်ယူလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ကြွေဇွန်းထဲတွင် မှိုဖက်လေးများ ပါနေလေသည်။ မှိုဖက်လေးများကို ဝါးလိုက်သည်နှင့် နူးညံ့မှုကို ခံစားလိုက်ရသည်။ ဝေတဖုက အပူကိုပင် ဂရုမစိုက်တော့ပဲ ဟင်းချိုကို သောက်နေလေသည်။


အချဉ်၏ အရသာကြောင့် သူ၏စိတ်က လန်းဆန်းသွားပြီး နှာခေါင်းထိပ်တွင် ချွေးများ သီးလာလေသည်။ ဝေတဖုက နောက်တစ်ဇွန်းထပ်ခပ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက အာလူးများကို မြည်းစမ်းလိုက်လေသည်။ သူက အာလူး၏ အရသာကို ပို၍ သိချင်နေလေသည်။ ချက်ပြုတ်လိုက်ပြီးနောက် အာလူး၏ အပြင်လွှာက ကြည်လင်သော အလွှာပါးတစ်ခုနှင့် ဖုံးအုပ်နေသည်။ ထိုအလွှာပါးက နူးညံ့ပြီး ပျော့ပြောင်းနေ၏။


ကိုက်လိုက်သည်နှင့် ထိုအလွှာလေးက ကျိူးကြေသွားပြီး အာလူးထောင်းများက သူ၏ ပါးစပ်ထဲတွင် ပြည့်နှက်သွားလေသည်။ ထိုအာလူး၏ အရသာက တို့ဟူးကဲ့သို့ နူးညံ့နေပြီး သဲကဲ့သို့ ကြမ်းရှရှ နိုင်လေသည်။ ထိုသို့ ဆန့်ကျင်ဘက် ခံစားမှုနှစ်မျိုး၏ ကြားတွင် ချဉ်စပ် အရသာက ပျော်၀င်နေလေသည်။ ထိုအချိန်တွင် ဝေတဖု၏ စိတ်ထဲ၌ ဗလာကျင်းသွားလေသည်။ 


ဝေတဖုက ချဉ်စပ်ဟင်းရည်ကို ကုန်အော်စားလိုက်ပြီးနောက် နှုတ်ခမ်းများက ရဲရဲနီနေပြီး နှာခေါင်းထိပ်၌ ချွေးများ ပိုများလာလေသည်။


ဟူး…ဟူး..


ဝေတဖုက အမောတကော အမူအယာ ဖြစ်နေသော်လည်း သူ၏ စိတ်ထဲတွင် အလွန်အေးချမ်းနေပြီး သက်တောင့်သက်သာ ရှိနေလေသည်။ ဟင်းရည်၏ အချုဉ်နှင့် အစပ်အရသာက တစ်ခုကို တစ်ခု လိုက်လျောညီထွေရှိသော ထောက်ပံ့ထားပြီး အလွန်အံ့သြဖွယ်ကောင်းလှလေသည်။


ဟင်းရည်ထဲတွင် မျောနေသော အဖြူအနက် မှိုပွင့်လေးများက လှပလှသော အမျိုးသမီးတစ်ယောက်၏ လက်ချောင်းများနှင့် သူ၏ ခန္ဓာကိုယ်ကို ပွတ်သပ်နေသည်ဟု ထင်မြင်မိလေသည်။ အလွန်ထူးကဲလှသော အာလူး၏ အရသာကလည်း သူ့ကို လောကအမြင်အသစ်တစ်ခု ပေးစွမ်းနေလေသည်။ 


ဝေတဖုက ကြွေပန်းကန်လုံးထဲမှ အာလူးဟင်းရည်များကို တစ်စက်မကျန် သောက်လိုက်ပြီးနောက် သူ၏ ကျေနပ်နှစ်သိမ့်မှုများက ပျောက်ကွယ်သွားလေသည်။ သူ၏ မျက်နှာက ခဲနှင့်ပေါက်ခံရသည့်အလား ရဲရဲနီနေလေသည်။ သူ၏ ဘေးမှ လူများအားလုံးက သူ့ကို အံ့အားသင့်စွာနှင့် ကြည့်နေကြသည်။ ဟင်းချိုအပေါ် တုန့်ပြန်လိုက်သော ဝေတဖု၏ အမူအယာက အံ့အားသင့်ဖွယ် ဖြစ်နေလေသည်။ သူတို့က ဝေတဖု၏ မျက်နှာပေါ်မှ ထိုအမူအယာမျိုးကို ပထမအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။


ငါ… 


ဝေတဖုက ရှင်းပြရန် ကြိုးစားလိုက်သည်။ သူက လူငယ်လေး၏ အစားအစာအပေါ် အပစ်တင်ပြီး အရှက်ရအောင် ပြုလုပ်မည်ဟု တွေးထားခြင်း ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတွင်တော့…


ဝေတဖုက သူ၏ မျက်နှာအမူအယာကို ဖြောင့်မတ်သည့် အသွင်ပြန်ယူလိုက်ပြီး ပွက်ပွက်ဆူနေသော ဟင်းချိုအိုးကို လက်ညှိုးထိုးလိုက်သည်။ မွှေးပျံ့လှသော ရနံ့များကြောင့် သူက တံတွေးတစ်လုပ် ထပ်မျိုချလိုက်ရသည်။


ဒီဟင်းချိုက … အင်း… ပါ၀င်ပစ္စည်းတွေကို ကိုင်တွယ်တဲ့နေရာမှာ… အား… ဟင်းခတ် အမွှေးအကြိုင်တွေက …. ဒါက ….


ဝေတဖုက ဇီဇာကြောင်ပြီး အပြစ်ရှာရန် ကြိုးစားလိုက်သော်လည်း ပုံမှန်အားဖြင့် ထက်ရှလှသော သူ၏ လျှာက စကားလုံးရှာမတွေ့ပဲ ဖြစ်နေလေသည်။ ထိုအခိုက်အတန့်က သူ့ကို ပို၍ အရှက်ရစေပြီး သူ့မျက်နှာက ပို၍ နီရဲလာလေသည်။


အကိုကြီး…ငါ.ဟင်းချိုတစ်ပွဲလောက် မြည်းကြည့်လို့ရမလား… အပစ်ကင်းစင်ဟန်ရသော လူငယ်လေးက မထိန်းချုပ်နိုင်တော့ပဲ တောင်းဆိုလိုက်သည်။


ဟင်းချို၏ မွှေးပျံ့လှသော ရနံ့က သူ့ကို အလွန်အမင်း ဆွဲဆောင်နေလေသည်။ 


ပုဖန်က သူ၏ တောင်းဆိုမှုကို မငြင်းဆန်ပဲ တစ်ပွဲဆီယူကြရန် အချက်ပြလိုက်သည်။ 


ပတ်၀န်းကျင်မှ လူများအားလုံးက လုပ်လက်စ အလုပ်များကို ပစ်ချလိုက်ပြီး ဟင်းချိုအိုးအနီးသို့ တိုးကပ်လာကြသည်။ သူတို့က ဟင်းချိုတစ်ပွဲ ရရန်အတွက် အချင်းချင်း တွန်းတိုက်နေကြသည်။


အိုး… ကောင်းလိုက်တာ…


ဒါက အချဉ်အရသာပဲ… 


ဘယ်လိုဖြစ်ပြီး မှိုက အဲလောက်နူးညံ့နေတာလဲ… ငါတော့ ဒီဟင်းရည်ကို အရမ်းချစ်သွားပြီ… 


ဒီအာလူးရဲ့ အရသာက… နူးညံ့မှုနဲ့ ကြမ်းရှရှဖြစ်မှု တွေ ပေါင်းစပ်နေပြီး အရသာကလည်းထူးကဲလိုက်တာ… သူဒါကို ဘယ်လိုများ လုပ်ထားတာလဲ….


ချက်ချင်းဆိုသလိုပင် အံ့အားတသင့် ရေရွတ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ချက်ပြုတ်ရေး တန်းလျားတစ်ခုလုံး ချီးမွန်းသံများနှင့် ပြည့်နှက်သွားသည်။ ပုဖန်၏ ချဉ်စပ်ဟင်းရည်ကို သောက်သုံးသည့် လူများအားလုံးက ထူးကဲလှသော အရသာထဲတွင် ကျရှုံးသွားလေသည်။ ဟင်းရည်ပန်းကန်ကို လက်စသတ် သောက်သုံးလိုက်ပြီးသော လူငယ်လေးက နောက်တစ်ပွဲထပ်ရရန် ခိုးကြောင်ခိုးဝှက် ကြိုးစားနေလေသည်။


ပုဖန်က နှုတ်ခမ်းတစ်ချက် မဲ့လိုက်ပြီး သူ့လက်မှ ရေများကို သုတ်လိုက်သည်။ ထို့နောက် တုန်လှုပ်မှုကို ကြိုးစားထိန်းချုပ်နေသော ဝေတဖုကို ကြည့်လိုက်ပြီး တီးတိုးမေးလိုက်သည်။


ဘယ်လိုလဲ… ကျုပ်ရဲ့ အချက်အပြုတ်စွမ်းရည်ကို ခင်များ စိတ်ကျေနပ်ရဲ့လား…