အပိုင်း ၂၈၅
Viewers 62k

အခန်း ၂၈၅ အအေးခန်း သိုလှောင်ရုံ


လူငယ်လေးက နောက်ထပ် ချဉ်ဟပ်ဟင်းရည်ပန်းကန်ကို ဆွဲယူလိုက်ပြီးအလျင်အမြန်သောက်ရန် ကြိုးစားလိုက်သည်။ ဟင်းရည်က အလွန်ပူနေသော ကြောင့် သူ၏ နှုတ်ခမ်းများက နီရဲသွားလေသည်။ သူ၏ နဖူးထက်တွင်လည်း ချွေးများ သီးလာလေသည်။


ထိုချဉ်စပ်ဟင်းရည်က အလွန်အရသာ ရှိလွန်းလေသည်။ ထိုဟင်းရည်ကို သာမာန်ပစ္စည်းများနှင့် ပြုလုပ်ထားသည်ကို ယုံကြည်ရန်ပင် ခက်ခဲနေလေသည်။ထိုဟင်းရည်ကို အသုံးပြုထားသည့် ပစ္စည်းများက သာမာန်ပါ၀င်ပစ္စည်းများသာ ဖြစ်ပြီး စိတ်ဝိဥာဉ်စွမ်းအင်ပါ၀င်သော ပစ္စည်းများ မဟုတ်ကြချေ။


ဤသို့ ရိုးရှင်းသော ပါ၀င်ပစ္စည်းများနှင့် ချက်ပြုတ်ထားသည့် စားစရာက စိတ်ဝိဥာဉ်စွမ်းအင်များ ပါ၀င်သော စားစရာများထက် ပို၍ ကောင်းမွန်နေလေသည်။ ထိုအချက်က လူငယ်လေး နားမလည်နိုင်သည့် အချက်ပင် ဖြစ်သည်။


ထိုအချိန်တွင် ဝေတဖုက အမြင်ကြည်လင်ခြင်း မရှိတော့ချေ။ ပုဖန်၏ လှောင်ပြောင်သရော်မှုကြောင့် သူ၏ မျက်နှာက နီရဲနေလေသည်။ လူသစ်လေးတစ်ယောက်က စစ်တပ်ချက်ပြုတ်ရေးအဖွဲ့ထဲတွင် သူ၏ အခွင့်အာဏာကို စိန်ခေါ်လိုက်ခြင်းမှာ သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။ ထိုအချင်းအရာကို သူက လွယ်လွယ်ကူကူ ခွင့်မလွှတ်နိုင်ပေ။ ထိုလူငယ်လေးက တွင်းအောင်းနေသော ကျားကို စိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။


သူ၏ဟင်းပွဲက အရသာရှိသော်လည်းသူ့တွင် မာနထောင်လွှားရန် အခွင့်အရေး မရှိပေ။ ဟင်းပွဲက မည်မျှပင်အရသာရှိစေကာမူ သူသုံးစွဲထားသည့် ပစ္စည်းများက အခြေခံ ပါ၀င်ပစ္စည်းများသာ ဖြစ်သည်။


မင်းရဲ့ ဟင်းပွဲက အရသာရှိတယ်ဆိုတာတော့ ငါ၀န်ခံတယ်… ဒါပေမယ့်လဲ အဲဒီအတွက်ကြောင့် ဝံ့ကြွားလို့ရပြီလို့ မဆိုလိုဘူး… အခုမင်းက ငါတို့ စစ်တပ် စားဖိုဆောင်မှာ ရောက်နေတယ်ဆိုတာကို နားလည်ထားပါ… ငါတို့က ဘယ်လိုပဲ ခက်ခဲတဲ့ အခြေအနေမဆို တပ်သားတေ အားအင်ပြည့်ဖို့အတွက် အရသာရှိတဲ့ အစားအစာတွေကို ချက်ပြုတ်ကြွေးမွေးဖို့ လိုတယ်… ဝေတဖုက တည်တည်တင်းတင်းနှင့် ပြောလိုက်သည်။


သူ၏ အသံက သိပ်မကျယ်သော်လည်း အာဏာသံ ပါနေလေရာ ဟင်းချိုသောက်နေကြသော လူများအားလုံးက တိတ်ဆိတ်သွားကြပြီး သူတို့နှစ်ယောက်ကို ကြည့်နေကြသည်။ ပုဖန်က ဝေတဖု၏ အပြစ်တင်ဝေဖန်ခြင်းကို မခံရသော ပထမဆုံးလူတစ်ယောက် ဖြစ်သောကြောင့် များစွာသော လူများက အထင်ကြီးသွားကြသည်။ သို့သော်လည်း ယနေ့မှစ၍ ပုဖန်တွင် လွယ်ကူသော အချိန်များ ရှိတော့မည်မဟုတ်ကြောင်း သိနေကြလေသည်။ မည်သို့ပင်ဆိုစေကာမူ ဤနေရာက အိမ်ရှင်မတစ်ယောက်၏ မီးဖိုချောင်မဟုတ်ပဲ စစ်တပ်စားဖိုဆောင် ဖြစ်နေပေသည်။


ဟမ့်… မင်းရဲ့ ဟင်းက အရမ်းကောင်းပါတယ်… ငါမင်းကို ခက်ခဲအောင် မလုပ်တော့ဘူး.. မင်းချက်ပြုတ်ဖို့အတွက် ငါခွင့်ပြုပေးလိုက်မယ်… ဒါပေမယ့်လဲ… မင်းက အကောင်းဆုံး သာမာန်ပါ၀င်ပစ္စည်းတွေကိုပဲ ထုတ်ယူခွင့်ရှိတယ်… မင်းက သာမာန်ပါ၀င်ပစ္စည်းတွေနဲ့ပဲ ချက်ပြုတ်ရလိမ့်မယ်… ဝေတဖုက မျက်၀န်းများကို မှေးစင်း၍ ပြောလိုက်သည်။


အနားတွင် ရှိနေကြသော လူများအားလုံးက အံ့အားတသင့်နှင့် ပုဖန်ကို ကြည့်လိုက်ကြသည်။ သူတို့က ပုဖန်အတွက် စိတ်မကောင်း ဖြစ်သွားကြပြီး လူငယ်လေးကလည်း ပုဖန်ကို သနားသွားလေသည်။


ငါတို့ရဲ့ တပ်စားဖိုဆောင်မှာ.. စိတ်ဝိဥာဉ်စွမ်းအင်နဲ့ ပါ၀င်ပစ္စည်းတွေက အဓိကပဲလေ… မင်းရဲ့ ဟင်းပွဲက အရသာဘယ်လောက်ပဲရှိရှိ… သာမာန်ပါ၀င်ပစ္စည်းတွေနဲ့ ချက်ပြုတ်ထားတာဆိုရင် စစ်သားတွေက စားမှာ မဟုတ်ဘူး…


ဒီလူငယ်လေးက သိပ်ကို သနားဖို့ကောင်းတယ်…


လူများစွာက ပုဖန်အတွက် စိတ်မကောင်းစွာနှင့် သက်ပြင်းချလိုက်ကြသည်။ ပုဖန်က စိတ်ဝိဥာဉ်စွမ်းအင်ပါသော ပါ၀င်ပစ္စည်းများကို အသုံးပြု၍ ချက်ပြုတ်နိုင်မည်ကို သူတို့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေကြသည်။သူက စိတ်ဝိဥာဉ်စွမ်းအင်ပါသော ပါ၀င်ပစ္စည်းများကို အသုံးပြု၍ ပိုပြီး အရသာရှိသော ဟင်းပွဲများကိုပင် ဖန်တီးကောင်း ဖန်တီးနိုင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ စိတ်ဝိဥာဉ်စွမ်းအင်ပါသော ပါ၀င်ပစ္စည်းများက ပို၍ ဆွဲဆောင်မှု ရှိလေသည်။


ပုဖန်က ဝေတဖု၏ စကားကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုံ့လိုက်မိသည်။


ငါက သာမာန်ပါ၀င်ပစ္စည်းတွေကိုပဲ သုံးရမယ်….


ပုဖန်က ဂုဏ်ယူဝံ့ကြွားစွာနှင့် လှောင်ပြုံးပြုံးနေသာ ဝေတဖုကို ကြည့်လိုက်သည်။ ထို့နောက် သူက အသာအယာပင် ခေါင်းငြိမ့်ပြလိုက်သည်။


သူတစ်ကယ်ပဲ သဘောတူလိုက်တာလား…


ဝေတဖုက အံ့အားသင့်သွားသည်။ သူက ပုဖန် ခေါင်းငုံ့၍ သူ့ကို တောင်းပန်လာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ စစ်တပ်စားဖိုဆောင်တွင် သာမာန်ပါ၀င်ပစ္စည်းများနှင့် ချက်ပြုတ်ရသည်မှာ ဘေးထွက်ထိုင်နေရခြင်းပင် ဖြစ်သည်။


ဒီထောင်လွှားနေတဲ့ ကောင်စုတ်လေးက သူ့ရဲ့ အကန့်အသတ်ကို သူမသိဘူးလား…… သူ့ရဲ့ သာမာန်ပစ္စည်းတွေနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းပွဲတွေကို ပစ်ပယ်ခံရတဲ့အချိန်ထိစောင့်ကြတာပေါ့… အဲဒီအချိန်ကျမှ ငါ့ကိုလာတောင်းပန်ရင်တော့ ငါက လုံး၀ခွင့်မလွှတ်နိုင်ဘူး… ဝေတဖုက စိတ်ထဲမှ တွေးလိုက်သည်။


လုံချိုင်… ဒီကောင်လေးကို အိုးရွေးချယ်ဖို့ခေါ်သွားလိုက်… ပြီးရင် သူနေရမယ့်နေရာကို ခေါ်သွားလိုက်… အခု သာမာန်ပါ၀င်ပစ္စည်းတွေနဲ့ ချက်ပြုတ်နေတဲ့ ရှောင်ဟွမ်က အဲဒီအစား စိတ်ဝိဥာဉ်ပစ္စည်းတွေကို သုံးပြီးချက်…


ဝေတဖုက ပုဖန်ကို စိုက်ကြည့်လိုက်ပြီးမှ အပြစ်ကင်းစင်ဟန်ရသော လူငယ်လေးဘက်လှည့်၍ ပြောလိုက်သည်။ ထို့နောက် သံမဏိယောက်ချိုကို ကိုင်ဆောင်လိုက်ပြီး သူ့တဲရှိရာသို့ ထွက်သွားလေသည်။


လုံချိုင်က ထွက်ခွာသွားသည့် ဝေတဖုကို ကြည့်လိုက်ပြီး လက်ထဲမှ ကြွေပန်းကန်လုံးကို ချလိုက်သည်။ ထို့နောက် နှုတ်ခမ်းများကို လျှာနှင့် သပ်လိုက်ပြီး ပြောလိုက်သည်။


ငါ့နောက်က လိုက်ခဲ့ပါ…


ထို့နောက် လုံချိုင်က လမ်းလျောက်နေရင်းမှ စတင်၍ စကားပြောလိုက်သည်။


ငါ့နံမည်က လုံချိုင်ပါ… ဒီစစ်တပ်ရဲ့ စားဖိုဆောင်မှာတော့ အငယ်ဆုံး တပ်ဖွဲ့၀င်ပဲ… မင်းနံမည်ကရော… ခုဏက မင်းချက်လိုက်တဲ့ ဟင်းရည်က တကယ့်ကို ကောင်းလွန်းတယ်… ဒီလို အရသာရှိတဲ့ အခြေခံ စားစရာကို ငါတစ်ခါမှ မစားဖူးဘူး… လုံချိုင်က သူ့ကိုယ်သူ မိတ်ဆက်လိုက်ပြီး ဆက်ပြောလိုက်သည်။


ငါက ပုဖန်…


ပုဖန်က ခေါင်းငြိမ့်လိုက်ပြီး ခပ်တိုတိုသာ နှုတ်ဆက်လိုက်သည်။ သူ၏ ဟင်းပွဲများက အရသာရှိသည်မှာ ပုံမှန်သာ ဖြစ်သောကြောင့်ပုဖန်က လုံချိုင်၏ စကားကို မအံ့သြပေ။ ယခင်အချိန်များကပင် သူ၏ ဟင်းပွဲကို စားသုံးလိုက်သူတိုင်းက ထိတ်လန့်အံ့အားသင့်ကြခြင်ကို တွေ့မြင်နေကျ ဖြစ်သည်။


ဟေး… ခင်များကို သာမာန်ဟင်းပွဲတွေ ပြင်တဲ့နေရာမှာ နေရာချထားလို့ စိတ်မပျက်သွားနဲ့နော်… ဦးလေးဝေရဲ့ အကျင့်က အဲအတိုင်းပဲ… သူ့ကို စဉ်းစားဖို့ အချိန်ခဏလောက်ပေးလိုက်ဦး… မကြာခင်မှာပဲ သူခင်များကိုနေရာပြန်ပြောင်းပေးမယ်ဆိုတာ ငါရဲရဲကြီးပြောရဲတယ်..


ဘယ်လိုပဲ ဖြစ်ဖြစ်လေ… ခင်များရဲ့ အချက်အပြုတ်စွမ်းရည်က ဒီစားဖိုဆောင်ထဲမှာ ထိပ်သီးငါးယောက်ထဲ ပါနိုင်နေတာကို… လုံချိုင်က ကသိကအောင့် ဖြစ်နေသော အခြေအနေကို ဖြေလျော့နိုင်ရန် ဟာသနှောလိုက်သည်။


ကောင်းပြီ…


ပုဖန်က ပြောင်စပ်စပ်မျက်နှာနှင့် လုံချိုင်နောက်မှ လိုက်လာခဲ့သည်။ သူက ဝေတဖု၏ စကားကို စိတ်ထဲမထည့်ထားချေ။ ဝေတဖုက သူ့အတွက် ဘာဆိုဘာမှ မဟုတ်ချေ။ ချက်ပြုတ်ရေး စွမ်းရည်တွင် ဖြစ်စေ စွမ်းဆောင်မှုများတွင်ဖြစ်စေ ပုဖန်က နှစ်နေရာလုံးတွင် ထူးချွန်ပေသည်။ သို့သော် ပုဖန်က ဤနေရာသို့ လေကျယ်ရန် လာရောက်ခြင်းမဟုတ်ရာ နှိမ့်နှိမ့်ချချ နေခြင်းက ပို၍ သင့်တော်လေသည်။


သူ၏ မစ်ရှင် ပြီးပြည့်စုံပြီး စနစ်မှ ဆုကို ရသည်နှင့် သူက ဤနေရာမှ ထွက်သွားမည်သာ ဖြစ်သည်။


ဟိုမှာ… ဒါက ခင်များနေရမယ့်နေရာပဲ… အဲဒီမှာ သာမာန်ပါ၀င်ပစ္စည်းတွေလဲရှိတယ်… တပ်စားဖိုဆောင်က စားစရာ ပြင်ဆင်တဲ့ အချိန်မှာ ခင်များကလည်း သာမာန်ဟင်းပွဲကို ပြင်ဆင်ပေးရမယ်… ဒါက စည်းမျဉ်းပဲ… လုံချိုင်က ခပ်လှမ်းလှမ်းမှ အိုဟောင်းပျက်စီးနေသော တဲတစ်တဲကို ညွှန်ပြ၍ ပြောလိုက်သည်။


ပုဖန်က မျက်မှောင်ကြုံက်မိပြီး ချက်ချင်းပင် ပြန်ဖြေလျော့လိုက်သည်။ ထို့နောက် လက်ခံကြောင်း ခေါင်းငြိမ့်ပြလိုက်ပြီး တဲဆီသို့ လျောက်သွားလိုက်သည်။


ခဏနေပါဦး… ငါမင်းကို ပစ္စည်းကရိယာတွေ ပေးရဦးမယ်… လုံချိုင်က ထွက်ခွာသွားသော ပုဖန်ကို လှမ်းပြောလိုက်သည်။


ထို့နောက် သူက တဲတစ်တဲအနီးသို့ ပြေးသွားလိုက်ပြီး ပစ္စည်းအချို့ကို ထုတ်ယူလိုက်သည်။ သူပြန်ထွက်လာချိန်တွင် လက်ထဲ၌ အနက်ရောင် အိုးကြီးတစ်အိုးကို ကိုင်ထားပြီး ထိုထဲတွင် မီးဖိုချောင်သုံးဓါးနှင့် သစ်သားလက်ကိုင်ပါသော သံမဏိ ယောက်ချိုဇွန်းတစ်ချောင်း ပါလာလေသည်။


ဒါ… ဒါက ခင်များစားဖိုဆောင်မှာ သုံးရမည့် ပစ္စည်းတွေပဲ.. ဒါကို မပျက်စီးစေနဲ့နော်… ဒီလိုမှမဟုတ်ရင် ပြန်တောင်းရတာအရမ်းခက်ခဲတယ်… ပြီးတော့ ဦးလေးဝေရဲ့ ပြစ်တင်ဆူပူတာကို ခံရလိမ့်မယ်.. လုံချိုင်က သတိပေးပြောဆိုလိုက်သည်။


ပုဖန်က လေးလံသော အိုးနက်ကြီးကို ကိုင်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။


ငါနားလည်ပြီ…


ဟီးဟီး… ဒီဟာက အကောင်းဆုံးအိုးကို ရွေးယူလာပေးတာနော်… သူ့ရဲ့ အရည်အသွေးက တော်တော်လေးကောင်းတယ်… အရမ်းလဲ မစိုးရိမ်နေပါနဲ့ … ခင်များ ဒီအခြေခံ စားစရာပြင်တဲ့နေရာကနေ မြန်မြန်ဆန်ဆန် ထွက်ခွာသွားနိုင်မယ်ဆိုတာ ကျွန်တော်သိတယ်…


အဲဒီအချိန်ကျရင် ခင်များချက်ပြုတ်ထားတဲ့ စိတ်ဝိဥာဉ်စွမ်းအင်ပါတဲ့ ဟင်းပွဲတွေကို ကျွန်တော်မြည်းစမ်းနိုင်ပြီပေါ့…ဟား…ဟား..ဟား… လုံချိုင်က သူ၏ ခေါင်းကို ပွတ်သပ်၍ အရူးတစ်ယောက်လို ရယ်မောပြီး ပြောလိုက်သည်။


ပုဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး နောက်လှည့်၍ ထွက်ခွာသွားလေသည်။ ပုဖန်က ထူးဆန်းသည့် ထိုကောင်လေးကို ပြန်ကြည့်လိုက်ပြီး ခပ်မဲ့မဲ့ပြုံးလိုက်ကာ ထွက်ခွာသွားလေသည်။ ယခုအခါတွင်တော့ လုံချိုင်က မတားတော့ပဲ ပုဖန်၏ နောက်ကျောကို တစ်ချက်ကြည့်၍ သက်ပြင်းချကာ ထွက်ခွာသွားလေသည်။


လုံချိုင်က စိတ်ဝိဥာဉ်စွမ်းအင်များ ပါ၀င်သည့် ပါ၀င်ပစ္စည်းများ အသုံးပြုသည့်နေရာသို့ ပုဖန်ပြန်သွားနိုင်ကြောင်း ပြောခဲ့သော်လည်း တကယ်တမ်းတွင် ဦးလေးဝေ၏ စိတ်သဘောထာအရ ထိုနေရာသို့ သွားရန် အနည်းဆုံး တစ်နှစ်ခန့် စောင့်ရပေလိမ့်မည်။


ပုဖန်က လုံချိုင်၏ အတွေးများကို မသိပဲ တဲအတွင်းသို့ ၀င်ရောက်လိုက်သည်။ တဲထဲတွင် ပါ၀င်ပစ္စည်းများ ပြည့်နှက်နေလေသည်။ ဟင်းသီးဟင်းရွက်များ၏ အောက်သိုးသိုးအနံ့အချို့ကိုလည်း ပုဖန် ရနေလေသည်။ တဲထဲတွင် ပါ၀င်ပစ္စည်းများစွာ ရှိနေပြီး အသားနှင့် ဟင်းသီးဟင်းရွက်များ မရှားပါးသောလည်း ရှိနေသည့် ပါ၀င်ပစ္စည်းများက စိတ်ဝိဥာဉ်စွမ်းအင်မပါသော ပါ၀င်ပစ္စည်းများသာ ဖြစ်သည်။


ပုဖန်က အေးဆေးတည်ငြိမ်စွာ ထိုင်ချလိုက်ပြီး တပ်စားဖိုဆောင်သို့ လာရောက်ခဲ့သည့် ခရီးစဉ်တစ်လျောက်ကို ပြန်စဉ်းစားလိုက်သည်။


နောက်တစ်နေ့မနက်ခင်းတွင် ရိုးရှင်းကြမ်းတမ်းလှသော အိပ်ယာထက်မှ ပုဖန်က ထလိုက်သည်။ သူက အိပ်ယာထက်တွင် အနည်းငယ်မျှပင် မလဲလျောင်းပဲ ထိုင်နေခဲ့ခြင်း ဖြစ်သည်။ သူ့တွင် သုံးနေကျ အရာများကို စွဲစွဲလမ်းလမ် ဖြစ်တတ်သည့် အကျင့်တစ်ခုရှိရာ ယခုအိပ်ယာနှင့် အတည်တကျဖြစ်ရန် အချိန်ယူရဦးမည်ဖြစ်သည်။


ပုဖန်က မျက်လုံးဖွင့်လိုက်သည်နှင့် တဲ၏ အပြင်ဘက်မှ ဒယ်အိုးတစ်လုံးကို သတ္တုဇွန်းနှင့် အကြိမ်ကြိမ် ရိုက်ခတ်နေသည့် အသံကိုကြားလိုက်ရသည်။


ဒေါင်… ဒေါင်.. ဒေါင်…


ထို့နောက် ကြမ်းတမ်းသည့် အသံတစ်ခု ထွက်ပေါ်လာလေသည်။


အားလုံးပဲ ထကြတော့… ထွက်ခွာဖို့ စပြီး ပြင်ဆင်ကြတော့…