အပိုင်း ၂၈၆
Viewers 53k

အခန်း ၂၈၆ “ဟင်းအိုးကြီးများ…”


အေးချမ်းတိတ်ဆိတ်နေသည့် စားဖိုဆောင်တန်းလျားက ဒယ်အိုးခေါက်သံ ဆူဆူညံညံကြောင့် စတင်အသက်၀င်လာခဲ့သည်။ အိပ်မောကျနေသည့် လူများက ငိုက်မြည်းနေသည့် မျက်လုံးများကို ပွတ်သတ်၍ ထွက်လာကြသည်။ 


ပုဖန်ကလည်း သူ၏ တဲထဲမှ ထွက်လာကာ စုဝေးနေသော နေရာသို့ ဦးတည်လိုက်သည်။ စစ်တပ်ထဲတွင် ပံုံမှန်အတိုင်း လူစုနေကြခြင်း ဖြစ်သည်။ ပုဖန်က စစ်တပ်အတွင်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သော်လည်း ထိုအကြောင်းရာနှင့် ပတ်သတ်၍ ဗဟုသုတ အနည်းငယ် ရှိသည်။ လူစုသည့်နေရာတွင် စားဖိုဆောင်တန်းလျားတစ်ခုသာ ဒယ်အိုးခေါက်၍ စုဝေးကြခြင်း ဖြစ်သည်။


ဦးထုတ်ဆောင်းထားသည့် လူငယ်လေး လုံချိုင်ကလည်း ယခုထက်တိုင် ငိုက်မြည်းနေဆဲဖြစ်သည်။ 


စခန်း၏ ဗဟိုမှ ထင်းမီးဖိုမှ မီးတောက်များက ပတ်၀န်းကျင်သို့ လွင့်စင်နေပြီး တဖျောက်ဖျောက်အသံများ ထွက်ပေါ်နေသည်။ ဒယ်အိုးကို ဆွဲကိုင်၍ အသံကျယ်ကျယ် ထွက်အောင် ထုနှက်နေသည့် ဝေတဖုက သူ၏ ရှေ့တွင် နှေးနှေးကွေးကွေး လုပ်ဆောင်နေကြသော လူများကို ကြည့်၍ မျက်နှာပေါ်တွင် ဒေါသထွက်သည့် အမူအယာတစ်ချို့ ပေါ်ထွက်လာသည်။


“မြန်မြန်… မြန်မြန် လုပ်ကြ… စားဖိုဆောင်တန်းလျားက စစ်သည်တွေက တကယ့်စစ်သည်မဟုတ်ဘူးလို့ အထင်မခံရစေနဲ့ မင်းတို့အားလုံး ဒီနေရာမှာ မြန်မြန် လာစုကြ….”


သူ၏ စကားကို ကြားလိုက်ကြသော စားဖိုမှုးများက ချက်ချင်းပင် မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်ကြပြီး ရပ်လိုက်ကြသည်။ နောက်မှ လိုက်ပါလာသော ပုဖန်ကလည်း အေးဆေးတည်ငြိမ်စွာနှင့်ပင် သူတို့အကြား၌ မတ်တပ်ရပ်လိုက်သည်။ 


ထိုမြင်ကွင်းကို တွေ့လိုက်ရသော ဝေတဖုက စိတ်ပျက်လက်ပျက် ခေါင်းရမ်းလိုက်သည်။ သူက ထိုမောက်မာထောင်လွှားလှသော လူငယ်လေးကို ဆူပူရန်အတွက် အကြောင်းပြချက် ရှာနေခြင်း ဖြစ်သည်။ လူသစ်များက ပုံမှန်ဆိုလျင် နောက်ကျမှ ထလေ့ရှိနေသောကြောင့် ပုဖန်က စောစောထ၍ ရောက်ရှိလာမည်ဟု မထင်မှတ်ထားခဲ့ချေ။ သို့သော်လည်း သူက ပုဖန်ကို စကားတစ်ခွန်းမျှ မပြောတော့ပဲ အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အခြားသူများကို အာရုံစိုက်လိုက်သည်။


“မနေ့ကတုန်းက စစ်သူကြီးဆီက အမိန့်တစ်ခုရတယ်… ငါတို့ တတိယတပ်ဖွဲ့က မနက်ဖြန်ကျရင် ရန်သူကို တိုက်ခိုက်ဖို့ ထွက်ခွာကြလိမ့်မယ်… ဒါကြောင့် စစ်သည်တော်တွေကို စိတ်အားတက်ကြွစေဖို့နဲ့ ရန်သူကို ရင်ဆိုင်တဲ့နေရာမှာ အားရှိစေဖို့ ငါတို့က ကောင်းမွန်တဲ့ ဟင်းပွဲတွေကို ချက်ပြုတ်ပေးရလိမ့်မယ်… ဒါမှသာ သူတို့ အော်ပွဲခံပြီး ပြန်လာနိုင်မှာ ……”


ဝေတဖုက သူ၏ လက်နှစ်ဖက်ကို နောက်ပစ်၍ ကျယ်လောင်စွာ ပြောလိုက်သည်။ 


သူ၏ စကားကို ကြားပြီးနောက် ချက်ပြုတ်သူများကြားတွင်း တီးတိုးတီးတိုးနှင့် ဆူညံသံများ ထွက်လာခဲ့သည်။ နောက်ဆုံး၌ သူတို့ အရည်အချင်းကို ပြသရန် အခွင့်အရေးတစ်ရပ် ပေါ်ပေါက်လာပြီး ဖြစ်သောကြောင့် ချက်ပြုတ်သူများက စိတ်လှုပ်ရှားနေကြလေသည်။


“ဒါကြောင့် မင်းတို့အားလုံး သိသင့်တာတွေကို ငါပြောပြမယ်… မင်းတို့က ဟင်းပွဲတွေကို သေသေချာချာ ပြင်ဆင်ရမယ်… ဘယ်လိုနည်းနဲ့မှ ငါတို့ ချက်ပြုတ်ရေးအဖွဲ့့ရဲ့ သိက္ခာကို ကျစေလို့ မဖြစ်ဘူး… စစ်သည်တော်တွေက ငါတို့ ဟင်းပွဲတွေကို မြည်းကြည့်ပြီး မနှစ်သက်ဘူးဆိုရင် မင်းတို့ရဲ့ သိက္ခာတွေသာကျမှာမဟုတ်ပဲ ငါပါ သိက္ခာကျလိမ့်မယ်… ဒါကြောင့် မင်းတို့အားလုံးက သေသေချာချာ ချက်ပြုတ်ပြင်ဆင်ရမယ်….” ဝေတဖု၏ ကျယ်လောင်သော အသံက ဆက်လက်ထွက်ပေါ်နေသည်။


ချက်ပြုတ်သူများ အားလုံးက ရင်ကော့ခေါင်းမော့လိုက်ကြသည်။ သူတို့၏ မျက်၀န်းများထဲတွင်လည်း ယုံကြည်မှုများနှင့် လင်းလက်တောက်ပနေလေသည်။


လူငယ်လေး လုံချိုင်ပင် စိတ်လှုပ်ရှားစွာနှင့် ရင်ကော့ထားလေသည်။ 


“ကောင်းပြီ… လုံချိုင်… သူတို့နောက်ကို လိုက်သွားပြီးတော့ အဖွဲ့တိုင်းကို ဆန်ပြုတ်တွေ ဝေပေးလိုက်… ပြီးရင်တော့ မင်းပြန်လာပြီး ချက်ပြုတ်နိုင်ပြီ… ကျန်တဲ့သူတွေကတော့ အခုချက်ချင်းပဲ ကိုယ့်နေရာကိုယ် ပြန်သွားပြီး ချက်ပြုတ်နိုင်ပြီ… ဒီနေ့ မင်းတို့ ချက်ပြုတ်လိုက်တဲ့ ဟင်းပွဲတွေက ငါ့ကို စိတ်ကျေနပ်မှု မရှိစေဘူးဆိုရင် မင်းတို့အားလုံး ဒီလ တစ်လလုံး ထင်းခွဲရမယ်… ”


လုံချိုင်၏ အမူအယာက ဖြူဖျော့သွားလေသည်။ သူက လုပ်ချင်သည့် ဆန္ဒမရှိသော်လည်း အမိန့်ကို နာခံရမည် ဖြစ်သောကြောင့် အငွေ့တလူလူ ထွက်နေသော အိုးကြီးကို မယူ၍ ချက်ပြုတ်သူများနှင့် အတူထွက်သွားလိုက်သည်။ 


ပုဖန်က လက်နှစ်ဖက်ကို နောက်ပစ်၍ သူ့နေရာသို့ ပြန်ရန် လှည့်လိုက်သည်။ သို့သော်လည်း ဝေတဖု၏ အော်သံကြောင့် သူရပ်လိုက်မိသည်။


“ဟိုကောင်လေး…ငါမင်းကို သေသေချာချာ စောင့်ကြည့်နေမယ်… တကယ်လို့ မင်းရဲ့ ဟင်းပွဲကို တပ်သားတစ်ယေက်မှ မရွေးဘူးဆိုရင် ငါ့ရဲ့ ရှေ့မှာ မောက်မာထောင်လွှားခဲ့တဲ့ အကျိုးဆက်ကို မင်းသိမှာပါ… ” ဝေတဖုက နှာခေါင်းရှုံ့၍ အေးစက်စက် ပြောလိုက်သည်။


ပုဖန်က ဝေတဖုကို ပြန်ကြည့်လိုက်သည်။ ဝေတဖုက သူ့ကို စောင့်ကြည့်နေသကဲ့သို့ သူကလည်း ဝေတဖုကို အရူးတစ်ယောက်ပမာ ပြန်ကြည့်နေခြင်း ဖြစ်သည်။ သူက ဝေတဖုနှင့် ငြင်းခုန်ရန် ပြင်းရိနေသောကြောင့် အေးအေးဆေးဆေးပင် သူ၏ အဖွဲ့ရှိရာသို့ ထွက်သွားလိုက်သည်။ 


ပုဖန်က မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပါ၀င်ပစ္စည်း အများအပြားကို တွေ့လိုက်ရသည်။ ထိုပစ္စည်းများက သာမာန်ပစ္စည်းများသာ ဖြစ်သော်လည်း ဟင်းသီးဟင်းရွက်နှင့် အသားများမှာ စုံလင်လှသည်။ ပုဖန်က အရည်အသွေး ကောင်းမွန်သည်ဟု ထင်ရသော ပါ၀င်ပစ္စည်းအချို့ကို ယူဆောင်လိုက်ပြီး လက်ထဲတွင် ဆကြည့်လိုက်သည်။တခဏအတွင်းမှာပင် သူရွေးချယ်ပြီးသွားလေသည်။ ထို့နောက် သစ်သားဘောင်ကို နေရာချလိုက်ပြီး အိုးတင်လိုက်ကာ ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။


ထိုပါ၀င်ပစ္စည်းများကို သေချာစွာ ပြင်ဆင်ရန် အချိန်ရှိမရှိက ပုဖန်အတွက် အရေးမကြီးလှပေ။ သူက သူ၏ ချက်ပြုတ်ရေး စွမ်းရည်များအပေါ် အလွန်ယုံကြည်မှု ရှိလေသည်။ သူချက်ပြုတ်လိုက်သော ဟင်းပွဲများကို စားသုံးလိုက်သည့် ဖောက်သည်တိုင်းက သူ့ကိုချီးမွန်းကြသည်သာ ဖြစ်သည်။


ပုဖန်က သူရွေးချယ်ထားသော ပါ၀င်ပစ္စည်းများကို အာရုံစိုက်လိုက်ပြီး လက်ထဲမှ ဓါးကိုဝှေ့ရမ်းလိုက်သည်။ လေထဲတွင် အလင်းရောင်အချို့ တောက်ပလာပြီး ဖြတ်တောက်သံများ ထွက်ပေါ်လာလေသည်။


၀ှစ်… ဝှစ်… ဝှစ်…


ပုဖန်က ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာကို အသုံးပြုလိုက်ခြင်းကြောင့် ပါ၀င်ပစ္စည်းများကို ပြင်ဆင်ရာတွင် အသက်အနည်းငယ် ရှူချိန်အတွင်း ပြီးဆုံးသွားလေသည်။ ထို့နောက် စတင်ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။ ပထမဦးစွာ အိုးကို အပူပေးလိုက်ပြီး ဆီလောင်းထည့်လိုက်သည်။ သူအသုံးပြုလိုက်သည့် ဆီက စိတ်ဝိဥာဉ်စွမ်းအင် အနည်းငယ်ပင် မပါသော သာမာန်ရိုးရိုးဆီသာ ဖြစ်သည်။ သည်တစ်ကြိမ်တွင် စိတ်ဝိဥာဉ်စွမ်းအင်မပါသော သာမာန်ပစ္စည်းများနှင့် ချက်ပြုတ်ရမည်ဖြစ်သည်။


စားဖိုဆောင်မှ ချက်ပြုတ်သူများက စိတ်ဝိဥာဉ်စွမ်းအင်ပါသော ပါ၀င်ပစ္စည်းများကို အသုံးပြု၍ ချက်ပြုတ်ကြသော်လည်း ထိုထဲတွင် ပါသည့် စိတ်ဝိဥာဉ်စွမ်းအားများကို ပုဖန်ကဲ့သို့ ကောင်းမွန်စွာ ထိမ်းသိမ်းနိုင်ခြင်းမရှိသောကြောင့် စိတ်ဝိဥာဉ်စွမ်းအင်များက အပြင်ထွက်သွားကြသည်။ သို့သော်လည်း ထိုအချင်းအရာကို နားလည်ပေး၍ ရလေသည်။ စားဖိုဆောင်တပ်ဖွဲ့မှ ချက်ပြုတ်ရေးအဖွဲ့မဆိုထားနှင့် စားသောက်ဆိုင်ကြီးများမှ ကျွမ်းကျင်သည့် စားဖိုမှုးများပင် ထိုအချက်ကို ထိမ်းသိမ်းနိုင်စွမ်း မရှိကြချေ။ 


ပုဖန်အတွက်မူ အစစ်အမှန် စွမ်းအင်များကို အသုံးပြု၍ ချက်ပြုတ်ခြင်းက အကျင့်တစ်ခု ဖြစ်နေလေသည်။ သူ ချက်ပြုတ်ရေး စွမ်းရည်များက စိတ်ဝိဥာဉ်စွမ်းအင်ပါသည့် ပါ၀င်ပစ္စည်းများကို ချက်ပြုတ်ရာတွင် ပို၍ အသုံး၀င်သော်လည်း များစွာ ကွဲပြားခြားနားသွားခြင်း မရှိချေ။ ပုဖန်က သူ၏ အစစ်အမှန် စွမ်းအင်များကြောင့် ပါ၀င်ပစ္စည်းများ၏ ပြောင်းလဲမှု အနည်းငယ်ကိုပင် လွတ်မြောက်သွားစေခြင်း မရှိပေ။ 


ပတ်၀န်းကျင်တစ်ခွင်တွင် ချက်ပြုတ်ကြော်လှော်သံများနှင့် ဆူညံနေပြီး ထူထဲလှသော မီးခိုးငွေ့များက ကောင်းကင်ယံသို့တိုင်အောင် လွင့်ပျံနေလေသည်။ စားဖိုဆောင်တပ်ဖွဲ့တစ်ခုလုံးတွင်လည်း ဟင်းခတ်အမွှေးအကြိုင်နံ့များ ပြန့်နှံ့နေလေသည်။ 


ချက်ပြုတ်သူများ ပြင်ဆင်ထားသော ဟင်းပွဲများက တစ်ခုနှင့်တစ်ခု များစွာ ကွာခြားခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးက အစားအစာများစွာကို ချက်ပြုတ်ရမည် ဖြစ်သောကြောင့် သူတို့အတွက် ချက်ပြုတ်ရမည့် ဟင်းပွဲများကို မချက်ပြုတ်ကြခြင်း ဖြစ်သည်။ အများစုက ဟင်းပွဲတစ်ပွဲဆီသာ ပြုလုပ်ကြသော်လည်း အဆုံးတွင် ရွေးချယ်စရာ အများအပြား ရှိလာမည်ဖြစ်သည်။


တပ်သားများ၏ ခန္ဒာကိုယ်အာဟာရကို ဖြည့်ဆွတ်ပေးနိုင်သည့် ဟင်းပွဲများကိုချက်ပြုတ်နိုင်ရန် အဆင့်နိမ့် စိတ်ဝိဥာဉ်သားရဲများကို သတ်ဖြတ်နေကြသောကြောင့် သားရဲများ၏ အော်သံများက ပတ်၀န်းကျင်ကို တုန်ခါနေစေလေသည်။ ယနေ့တွင် တပ်တွင်းချက်ပြုတ်သူများက ဟင်းပွဲများနှင့် သူတို့၏ မှတ်တိုင်ကို စိုက်ထူနေကြသည်ဟုပင် ဆိုနိုင်လေသည်။


ထိုအချိန်တွင် ပုဖန်က ဟင်းပွဲတစ်ပွဲကိုသာ ပြင်ဆင်ချက်ပြုတ်လိုက်သည်။ ခဏအကြာတွင် သူ၏ မွှေးရနံ့များ အပြင်ဘက်သို့ ပြန့်နှံ့မသွားစေရန် ဟင်းပွဲ့ကို အုပ်ကာထားလိုက်သည်။ အားလုံးပြီးဆီးသွားပြီးနောက် ပုဖန်က အိပ်ယာပေါ်တွင် ခြေချိတ်၍ ထိုင်နေလိုက်သည်။ သူက မျက်လုံးများ မှိတ်လိုက်ပြီး သူ၏ ချက်ပြုတ်ရေး စွမ်းရည်များကို ပြန်လည်ဆင်ခြင်နေလိုက်ကာ အခြားသူများ ပြီးဆုံးမည့် အချိန်ကို စောင့်နေလိုက်သည်။


ခဏအကြာတွင် ဒယ်အိုးခေါက်သံတစ်ခု ထွက်ပေါ်လာသောကြောင့် ပုဖန်က အနည်းငယ် စိတ်လှုပ်ရှားသွားပြီး မျက်လုံးဖွင့်လိုက်မိသည်။ တပ်စားဖိုဆောင်အတွင်း ရောက်ပြီးနောက် သူ၏ ပထမဆုံး ချက်ပြုတ်သည့် ဟင်းပွဲကို အကဲဖြတ်ခြင်း ခံရတော့မည်ဖြစ်သည်။ သို့သော်လည်း သူ၏ စွမ်းရည်ကို အလွန်ယုံကြည်သောကြောင့် ပုဖန်က စိတ်ပူခြင်းမရှိပဲ ဟင်းပွဲကို ကိုင်၍ ထွက်ခွာသွားလိုက်သည်။


၀ှိုက်တီက သူ့ကို တဲအတွင်းသာ နေခဲ့စေသောကြောင့် နာခံစွာနှင့် စောင့်ဆိုင်းနေလိုက်သည်။


ပုဖန်က သူ၏ ကြီးမားလှသော အိုးကို သယ်ဆောင်၍ လူစုနေသော နေရာသို့ သွားနေချိန်တွင် အခြားချက်ပြုတ်သူများကလည်း အိုးကြီးများကို မြေပေါ်တွင် ချ၍ စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။ ထိုအိုးများထဲမှ ထွက်ပေါ်နေသော မွှေးရနံ့များက တပ်ဖွဲ့အတွင်းရှိ လေထုကို မွှေးပျံ့ကြိုင်လှိုင်နေစေသည်။ 


ချက်ပြုတ်သူများ၏ နဖူးများပေါ်တွင် ချွေးများလည်း စီးကျနေကြသည်။ သူတို့က သူတို့့၏ ဟင်းအိုးများကို ကြိုးစားပမ်းစား ချက်ပြုတ်လာခဲ့ကြောင်း ထင်ရှားနေလေသည်။ 


“ဟိုကလေး… မင်းမြန်မြန်လျောက်လာသင့်တယ်… ဒီမှာ အားလုံးက မင်းကိုစောင့်နေကြရတာ….” ဝေတဖုက ပုဖန်ကို ကြည့်၍ မကျေမနပ်နှင့် ပြောလိုက်သည်။


သူ၏ အိုးက အခြားသူများနှင့် ယှဉ်လျင် ကြီးမားခြင်း မရှိသောကြောင့် ချက်ပြုတ်သူများက သူ့ကို အရေးမစိုက်ကြချေ။ ခြုံ၍ ပြောရလျှင် စစ်သည်တော်များက သာမာန်ဟင်းပွဲများကို စိတ်မ၀င်စားသောကြောင့် သူတို့က ပုဖန်ကို အိုးသေးလေးတစ်လုံးသာ ပေးခဲ့ခြင်း ဖြစ်သည်။ 


ဝေတဖု၏ ပြစ်တင်ရှုံ့ချမှုကို ကြားလိုက်သော်လည်း ပုဖန်က အေးဆေးစွာပင် လျောက်လာလေသည်။ 


ဝေတဖုက ပုဖန်ကို ကြည့်၍ ဒေါသထွက်လာသော်လည်း ဆက်မပြောတော့ပဲ အခြားသူများကိုသာ အာရုံစိုက်လိုက်လေသည်။ 


“ဟုတ်ပြီ… မင်းတို့အားလုံး… မင်းတို့ရဲ့ ဟင်းပွဲတွေကို စပြီး ပြင်ဆင်နိုင်ပြီ…”


ချက်ပြုတ်သူများက မာန်သွင်းလိုက်ပြီး သူတို့၏ လေးလံသည့် အိုးကြီးများကို မယူလိုက်ကြပြီး အပြင်သို့ လျောက်လာလိုက်ကြသည်။