အပိုင်း ၂၈၇
Viewers 53k

အခန်း ၂၈၇ “မာပိုတို့ဟူး”


အနောက်ပိုင်းဆန်းကျယ်တပ်တွင် တတိယတပ်ဖွဲ့က အားအနည်းဆုံး ဖြစ်သည်။ သူတို့ကို လက်ရွေးစင် ပထမတပ်ဖွဲ့နှင့် နှိုင်းယှဉ်၍ မရပေ။ အထူးသဖြင့် တပ်သားများ၏ စွမ်းအင်ကျင့်ကြံမှု ကြံ့ခိုင်မှုနှင့် တည်ငြိမ်မှုတို့က အခြားစစ်သည်များထက် နိမ့်ကျလှသည်။ သို့သော်လည်း တတိယတပ်ဖွဲ့က အနောက်ပိုင်းဆန်းကျယ်တပ်၏ တရား၀င်တပ်အဖြစ် ရပ်တည်နေနိုင်ဆဲပင် ဖြစ်သည်။


ချက်ပြုတ်သူများက သူတို့၏ အိုးများကို မြှောက်ပင့်လိုက်ကြသည်။ အိုးမှ ထွက်လာသောအပူငွေ့များနှင့် မွှေးပျံ့လှသည့် ရနံ့များက လေထဲတွင် မျောလွင့်သွားလေသည်။ ထိုအရသာရှိပုံပေါ်သည့် မွှေးရနံ့များကို ကြည့်ခြင်းအားဖြင့် သူတို့က ဟင်းပွဲများကို အားစိုက်ချက်ပြုတ်ထားကြောင်း သိနိုင်လေသည်။ သို့သော်လည်း အချို့ဟင်းပွဲများက တန်ဖိုးရှိလှသော စိတ်ဝိဥာဉ်သားရဲများနှင့် ချက်ပြုတ်ထားခြင်း ဖြစ်သည်။ သို့မှသာ ထိုဟင်းပွဲများကို စားသုံးကြသော တတိယတပ်ဖွဲ့မှ စစ်သည်တော်များက အကောင်းဆုံးအခြေအနေကို ရရှိပြီး ရန်သူများနှင့် ရင်ဆိုင်ရာတွင် တိုက်ခိုက်နိုင်ပေလိမ့်မည်။


ကြီးမားလေးလံသော အိုးကျသံနှင့်အတူ သိပ်သည်းလှသော မွှေးရနံ့များက ချက်ချင်းပင် လေထုထဲသို့ ပြန့်နှံ့လာလေသည်။ သံချပ်ကာ၀တ်စုံကို ၀တ်ဆင်ထားသော တပ်သားများက ထိုအိုးရှိရာသို့ လှည့်၍ စူးစမ်းလိုက်ကြသည်။ သူတို့က သိချင်စိတ်နှင့် စူးစမ်းလိုက်သော်လည်း များစွာ မျှော်လင့်ထားခြင်း မရှိကြချေ။


ဝေတဖုက ထိုတပ်သားများကို ကြည့်၍ ဒေါသထွက်လာလေသည်။ သို့သော်လည်း ထိုအကြောင်းအရာနှင့် ပတ်သတ်၍ သူက ကူရာမဲ့စွာ ခံစားလိုက်ရသည်။ တတိယတပ်ဖွဲ့၏ စစ်သည်တော်များက သူတို့၏ ပုံမှန်ဟင်းပွဲများကို ညည်းငွေ့နေပြီ ဖြစ်သောကြောင့် ဟင်းပွဲအသစ်များကို စူးစမ်းသည်မှာ သဘာ၀ကျလေသည်။ထို့အပြင် အထူးပြင်ဆင်ထားသည့် ဟင်းပွဲများ၏ အရသာက မဆိုးလှသည့်အပြင် မကြာခဏ စားရခြင်း မရှိသောကြောင့် စိတ်၀င်စားသည်မှာ ဖြစ်သင့်လေသည်။


သူတို့၏ မျက်စိထဲတွင် ပုံမှန်ဟင်းပွဲများက အရသာမရှိသလောက်ပင် ဖြစ်နေလေသည်။ ဟင်းပွဲအသစ်သာ မပါလျှင် ထိုတပ်သားများ၏ အရသာခံမှုက ကြေနပ်နှစ်သိမ့်သွားလိမ့်မည်မဟုတ်ပေ။ တတိယတပ်ဖွဲ့၏ အုပ်ချုပ်သူ ကျူးရို့က လက်နှစ်ဖက်ကို နောက်ပစ်၍ လျောက်လာလေသည်။ သူ၏ နောက်တွင်လည်း သံချပ်ကာ၀တ်ထားသည့် စစ်သည်တော်များ လိုက်ပါလာလေသည်။


ဝေတဖုက သူ၏ ဘေးကိုသွား၍ ခန္ဒာကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး ရိုသေလေးစားစွာနှင့် နှုတ်ဆက်လိုက်သည်။


“အင်း ဒါက တော်တော်လေးကောင်းတယ်… ကောင်းကောင်းလုပ်ထားကြတာပဲ… ကောင်းပြီ… ဟင်းပွဲတွေကို စစ်သည်တော်တွေဆီပေးလိုက်… သူတို့ ကြိုက်နှစ်သက်တဲ့ ဟင်းပွဲကို စားပါစေ… ”


ကျူးရို့ မျက်နှာပေါ်တွင် ကျေနပ်သည့် အမူအယာ ပေါ်လာပြီး ခပ်ပြုံးပြုံးနှင့် အမိန့်ပေးလိုက်သည်။


စားဖိုဆောင်တပ်ဖွဲ့မှ ချက်ပြုတ်သည့် ဟင်းပွဲများမှာ အများအားဖြင့် အရည်အသွေး အတူတူသာ ဖြစ်လေရာ စစ်သည်တော်များ ကြိုက်နှစ်သက်သည့် ဟင်းပွဲများကို အရင်ယူစေခြင်းဖြင့် သူတို့၏ စိတ်ကျေနပ်မှုကို ရနိုင်လေသည်။


ဝေတဖုက လေးစားစွာနှင့် ချက်ပြုတ်ထားသည့် ဟင်းပွဲများကို စားသောက်နိုင်ရန် ပြင်ဆင်ပေးလိုက်သည်။ စစ်သည်တော်များက ဆူညံပွက်လောရိုက်စွာနှင့် ချက်ပြုတ်သူများအနားသို့ ရောက်လာပြီး ဆာလောင်စွာနှင့် အစားအစာများကို စတင်မှာယူလိုက်ကြသည်။


ဝေတဖုနှင့် အခြားသူများက ကြိုးကြိုးစားစားပင် လုပ်ဆောင်နေကြသည်။ တပ်သားများက စိတ်ဝိဥာဉ်စွမ်းအင်ပါသည့် ဟင်းပွဲများကို အလွန်နှစ်ခြိုက်ကြသည်။ အရသာက မဆိုးသည့်အပြင် သူတို့၏ အစစ်အမှန် စွမ်းအင်များကို ထိပ်ဆုံးအခြေအနေထိ ရောက်အောင် စွမ်းဆောင်နိုင်သဖြင့် မနှစ်သက်ပဲ နေကြမည် မဟုတ်ချေ။


ပုဖန်က သူ့လက်ထဲမှ အိုးကို မချခင် ဆာလောင်နေသော မြေခွေးများကဲ့သို့ ပြုမူနေကြသော တပ်သားများကို ကြည့်လိုက်သည်။ သူ၏ အိုးအဖုံးကို စည်းခတ်ပိတ်ဆို့ထားသောကြောင့် ရနံ့များက အပြင်သို့ စိမ့်ထွက်လာခြင်း မရှိချေ။


တပ်သားများက ဝေတဖုပြင်ဆင်ထားသည့် စိတ်ဝိဥာဉ်စွမ်းအင်ပါသော ဟင်းအိုးကိုသာ အာရုံစိုက်နေကြပြီး သာမာန်ဟင်းပွဲဖြစ်သော ပုဖန်၏ အိုးကို အာရုံမစိုက်ကြချေ။ သူတို့က ပုဖန်၏ အိုးကို တစ်စက္ကန့်မျှပင် မကြည့်ကြချေ။


အခြားသူများ၏ ဟင်းပွဲနှင့် သူ၏ ဟင်းပွဲအကြား ကွာခြားမှုက ကြီးမားလှလေသည်။ ဝေတဖု၏ မျက်နှာတစ်ခုလုံးက ပြုံးရွှင်နေလေသည်။ သူက အစားအစာအပြည့် ထည့်ထားသည့် ပန်းကန်လုံးကို တပ်သားများထံ ပေးလိုက်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်၍ လှည့်လည်စစ်ဆေးလိုက်သည်။ ထိုအချိန်တွင်လည်း သူ၏ မျက်နှာက ပြုံးရွှင်နေလေသည်။ သူက တစ်နေရာတွင် တိတ်ဆိတ်စွာ ရပ်နေသော ပုဖန်ကို မြင်လိုက်ရသည်။


ပုဖန်၏ အိုးကအမွှေးရနံ့များကို စည်းခြားထားပြီး အိုးအဖုံးက အုပ်ထားဆဲဖြစ်သည်။ ထောင့်တွင် တစ်ယောကတည်း ရပ်နေသော ပုဖန်၏ အမူအယာက အတော်လေး သနာစရာကောင်းသည်ဟု ဝေတဖုက တွေးလိုက်လေသည်။


“မင်းမြင်လား… မင်းရဲ့ဟင်းပွဲကို ဘယ်သူမှ မစားကြဘူး.. ဘယ်သူမှ မင်းကို အာရုံမစိုက်ဘူး… တကယ်လို့ ဘယ်သူကမှ မင်းရဲ့ ဟင်းပွဲကိုမစားဘူးဆိုရင် ငါတို့ တပ်ဖွဲ့ကို ပြန်ရောက်တာနဲ့ မင်းကို ကောင်းကောင်းဂရုစိုက်ပေးရတာပေါ့…”


ဝေတဖုက လက်နှစ်ဖက်ကို နောက်ပစ်၍ ပုဖန်ရှိရာသို့ လျောက်သွားလိုက်သည်။


ပုဖန်၏ သွင်ပြင်က သနားစရာကောင်းသည်ဟု ထင်ရသောကြောင့် ဝေတဖုက ကျေနပ်စွာ ရယ်မောလိုက်သည်။ သာမာန်ဟင်းပွဲများနှင့် စိတ်ဝိဥာဉ်စွမ်းအင်ပါသော ဟင်းပွဲများအကြားတွင် ကွာဟချက်က ကြီးးမားလှပေသည်။ ပုဖန်နှင့် ဝေတဖုတို့ ချက်ပြုတ်လိုက်သည့် ဟင်းပွဲနှစ်ပွဲတွင် ဆွဲဆောင်နိုင်မှု ကွာခြားချက်ကပင် ထိုအချက်ကို သတိပြုမိနိုင်လေသည်။


ပုဖန်က လူရမ်းကားသဖွယ် ပြုမူနေသော ဝေတဖုကို ကြည့်၍ သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားလေသည်။ အခြားချက်ပြုတ်သူများ၏ ဟင်းပွဲများကို အလုအယက် ယူငင်နေကြသော တပ်သားများကို ကြည့်နေချိန်တွင်ပင် သူ၏ အမူအယာက လုံ၀ပြောင်းလဲသွားခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုစစ်သည်တော်များက စိတ်လှုပ်ရှားနေသည်ဟု ထင်ရသော်လည်း အမှန်တကယ် စိတ်ကျေနပ်မှုမရှိကြောင် ပုဖန်က ပြောနိုင်လေသည်။ သူတို့က ထိုဟင်းပွဲများကို အကြိမ်ပေါင်းများစွာ စားခဲ့ဖူးကြောင်း ထင်ရှားနေလေသည်။


ဒီစစ်သားတွေကို တစ်ခြားသူတွေရဲ့ ဟင်းပွဲတွေအတွက် ထားထားလိုက်မယ်.. ဒီလိုမှ မဟုတ်ရင် ငါ့ရဲ့ဟင်းပွဲက ဒီအခြေအနေတစ်ခုလုံးကို ဖျက်ဆီးပလိုက်လိမ့်မယ်… ပုဖန်က တည်ငြိမ်အေးဆေးစွာ ပြောလိုက်ပြီး ယုံကြည်မှုရှိရှိ အပြုံးတစ်ခုကို ချိတ်ဆွဲကာ ဝေတဖုကို ကြည့်လိုက်သည်။


ထိုအကြည့်ကြောင့် ဝေတဖု၏ ခန္ဒာကိုယ်က တောင့်တင်းသွားပြီး အထင်အမြင်သေးစွာ ရှုတ်ချလိုက်သည်။


“ကောင်စုတ်လေး… မင်းက ယုံကြည်မှု လွန်ကဲနေတာပဲ… သာမာန်ဟင်းပွဲတွေနဲ့ စိတ်ဝိဥာဉ်စွမ်းအင်ပါတဲ့ ဟင်းပွဲတွေကြားက ကွာခြားချက်က အရမ်းကို ကြီးမားတယ်… မင်းက ယုံကြည်မှု လွန်ကဲပြီး စိတ်ကြီး၀င်နေတာ သက်သက်ပဲ ဖြစ်တော့မှာပဲ…”


“စိတ်ကြီး၀င်တယ်… ”


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက အပေါ်သို့ တွန့်ကွေးတက်သွားသည်။ ထို့နောက် သူက အိုး၏အဖုံးကို ဖွင့်လိုက်လေသည်။


အိုးကို ဖွင့်လိုက်သည်နှင့် အိုးအတွင်းမှ အပူငွေ့များက ကောင်းကင်သို့ ထိုးတက်သွားကာ မှိုပွင့်သဏ္ဍာန် ပုံရိပ်တစ်ခု ဖြစ်လာလေသည်။ ထိုအိုးအတွင်းမှ သိပ်သည်းလှသော မွှေးရနံ့များက မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာပြီး စစ်စခန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ မွှေးကြိုင်လှသည့် ရနံ့များက လေပြင်းမုန်တိုင်းတိုက်လိုက်သကဲ့သို့ စစ်စခန်းတစ်ခုလုံးကို ၀င်ရောက်မွှေနှောက်သွားလေသည်။


စစ်စခန်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ မကြာသေးမီကပင် အစားအစာအတွက် တိုက်ခိုက်နေကြသော စစ်သည်တော်များက သူတို့မဟုတ်သကဲ့သို့ ငြိမ်သက်နေကြလေသည်။ သူတို့အားလုံးက ထူးဆန်းပြီး ကြွယ်၀လှသည့် မွှေးရနံ့ကြောင့် နှုတ်ခမ်းများကို သပ်လိုက်မိသည်။ ထိုမွှေးပျံ့ကြိုင်လှိုင်သည့် ရနံ့က သူတို့၏ အရသာခံ အာရုံကြောများကို နှိုးဆွလိုက်လေသည်။


ပုဖန်က အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီးနောက် သူ၏ မျက်နှာက တောက်ပလာကာ အိုးထဲသို့ ကြည့်လိုက်သည်။ အနည်းငယ် ကြမ်းရှပြီး ချိုမြသည့် မွှေးရနံ့တစ်ခုက သူ၏မျက်နှာသို့ ရိုက်ခတ်လာလေသည်။ ဂျယ်လီတုံးလေးများကို သေချာစွာ ပိုင်းဖြတ်ထားသည်ဟု ထင်ရသော တို့ဟူးလေးများက ဟင်းရည်ထဲတွင် တုန်ခါနေပြီး မွှေးပျံ့လှသော ရနံ့များကို ထုတ်လွှတ်နေသည်။ထိုဟင်းပွဲက ကြမ်းရှ ချိုမြလှသော မာပိုတို့ဟူး အစပ် ဖြစ်သည်။


ထိုဟင်းပွဲက အမှန်တကယ်ပင် အရသာရှိပုံရပြီး သူ၏ နှစ်သက်ဖွယ် မွှေးရနံ့ကပင် တံတွေးမျိုချလိုက်ရနိုင်သည်။ မကြာခင်မှာပင် ပုဖန်ချက်ပြုတ်ထားသော ဟင်းပွဲ၏ မွှေးရနံ့က စစ်စခန်းတစ်ခုလုံးကို ပြန့်နှံ့သွားလေရာဝေတဖု၏ မျက်နှာက နီရဲသွားလေသည်။


“ဒီအနံ့က စစ်တပ်တစ်ခုလုံးကိုတောင် ဖုံးလွှမ်းသွားတာလား… ဘယ်လိုတောင် အဓိပ္ပါယ် မရှိရတာလဲ…”


မကြာခင်မှာပင် သူ၏ မကောင်းသော စိတ်ခံစားချက်တစ်ခုကြောင့် အနားကို ဝေ့၀ဲကြည့်လိုက်မိသည်။ မကြာသေးခင်ကပင် အခြားသူများ၏ ဟင်းပွဲအတွက် တွန်းတိုက်နေကြသော တပ်သားများက ပုဖန်၏ ပတ်ပတ်လည်တွင် ၀န်းရံနေကြလေသည်။ ထိုတပ်သားများက နှုတ်ခမ်းကို မကြာခဏ သပ်နေကြပြီး သူတို့၏ မျက်နှာပေါ်တွင် တောင့်တမှုကို အထင်းသား မြင်နေရလေသည်။


“ဒီရနံ့က အရမ်းကိုမွှေးတာပဲ….”


“အာ… ဒီလိုရနံ့မျိုးကို တစ်ခါမှ ငါမရဘူးပါဘူး…”


“ဒါက ဘာဟင်းပွဲလဲ… ”


“ငါ ဒီလိုဟင်းပွဲမျိုးကို အရင်က တစ်ခါမှ မစားဖူးပါဘူး… ဒီစားဖိုဆောင်က လူတွေက ဟင်းပွဲချက်ပြုတ်တဲ့ နည်းလမ်း အသစ်တွေကို ရှာဖွေတွေ့ရှိသွားကြတာလား… .”


“ဒီရနံ့က ချိုမြိန်ပြီး စပ်တယ်… ဘုရားရေ… ဒီရနံ့က ငါ့ရဲ့ စားချင်စိတ်ကို ဘယ်လိုတောင် နှိုးဆွနေတာလဲ… ငါစားဖို့ မစောင့်နိုင်တော့ဘူး…”


စစ်သည်တော်များက မာပိုတို့ဟူးဟင်းပွဲကို တောင့်တမှုများ ပြည့်နှက်နေသည့် မျက်၀န်းများနှင့် ငေးစိုက်ကြည့်နေကြပြီး မရပ်မနား ပြောဆိုနေကြသည်။


“နေကြဦး… ဒီဟင်းအိုးက တော်တော်လေးသေးနေတယ်….ဒါကို သာမာန် ပါ၀င်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်နိုင်လား…”


တခဏအတွင်းမှာပင် တပ်သားများက ဟင်းအိုးကို သတိထားမိသွားကြသည်။ သူတို့က စားဖိုဆောင်၏ နည်းလမ်းများနှင့် အတော်အသင့် ရင်းနှီးနေပြီဖြစ်သောကြောင့် ဟင်းအိုး၏ အရွယ်အစားကို ကြည့်၍ ပါ၀င်ပစ္စည်းများကို ခန့်မှန်းနိုင်လေသ်ည။


ထိုစကားကို ကြားလိုက်ပြီးနောက် စစ်သည်တော်များ၏ မျက်နှာအမူအယာက စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး သူတို့၏ တောင့်တမှုများက လျော့ကျသွားသည်။ ထိုဟင်းပွဲက သာမာန်ပစ္စည်းများကိုသာ အသုံးပြုထားသည့် ဟင်းပွဲတစ်ပွဲ ဖြစ်နေလေသည်။


သူတို့က မည်သို့ပင် ပြောစေကာမူ ပုဖန်က အေးအေးဆေးဆေးသာ ရှိနေလေသည်။ ဟင်းပွဲ၏ မွှေးရနံ့ တစ်ခုတည်းကပင် အရေးကြီးသော အခန်းကဏ္ဍမှ ပါ၀င်ကာ သူတို့၏ အာရုံများကို ဆွဲဆောင်နိုင်လေသည်။ ပထမဆုံး ရရှိသည့် မွှေးရနံ့ကပင် စစ်သည်တော်များ၏ စားချင်စိတ်ကို နှိုးဆွလိုက်ပြီး ဖြစ်သည်။ မာပိုတို့ဟူး၏ မွှေးရနံ့က အလွန်ကြွယ်၀လှသည်။ မွှေးရနံ့ကြွယ်၀သည့် အခြားဟင်းပွဲများစွာ ရှိသော်လည်း အချိုနှင့်အစပ်ပါ၀င်သည့် မာပိုတို့ဟူးကို ပုဖန်က ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ သူက သာမာန်ပါ၀င်ပစ္စည်းများကိုသာ သုံးခဲ့သော်လည်း အကျိုးသက်ရောက်မှု ရှိနေဆဲပင် ဖြစ်သည်။


ပုဖန်က အစပိုင်းတွင် စိတ်လှုပ်ရှားနေကြသော်လည်း ယခုအချိန်တွင် စိတ်ပျက်စွာနှင့် ခေါင်းခါယမ်းနေကြသော တပ်သားများကို ကြည့်၍ ပြုံးလိုက်မိသည်။ ထို့နောက် သူက ယောက်ချိုဇွန်းဖြင့် တို့ဟူးကို ခပ်လိုက်ပြီး ပန်းကန်လုံးထဲ ထည့်လိုက်သည်။ ပန်းကန်လုံးမှ အပူငွေ့များနှင့် ကြွယ်၀လှသည့် မွှေးရနံ့များ ထွက်ပေါ်နေလေသည်။ ထို့နောက် ပုဖန်က ပန်းကန်လုံးကို အနီးဆုံးမှ စစ်သည်တော်တစ်ယောက်ထံ ပေးလိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။


“ဒီမှာ… မြည်းကြည့်ပါဦး…”


ထိုစစ်သည်တော်က တုံ့ဆိုင်းခြင်း မရှိပဲ ပန်းကန်လုံးကို ဆွဲယူလိုက်သည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် သူက စူးစမ်းလိုဆဲ ရှိကြောင်းကို သိနိုင်လေသည်။


ဝေတဖုက ထိုမြင်ကွင်းကြောင့် စိတ်ထဲတွင် ဒေါသများ ထွက်လာလေသည်။


”ဘာကြောင့်မင်းက ယူလိုက်တာလဲ… မင်းရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေက ဘယ်ရောက်သွားတာလဲ… မင်းခန္ဒာကိုယ်ရဲ့ အကောင်းဆုံးအခြေအနေကို ထိန်းထားနိုင်ဖို့ စိတ်ဝိဥာဉ်စွမ်းအင်ပါတဲ့ အစားအသောက်တွေကို များများစားသင့်တာလေ…“


ထိုစစ်သည်တော်က သူ့လက်ထဲမှ တို့ဟူးပန်းကန်ကို သေချာစွာ စိုက်ကြည့်နေလေသည်။ နူးညံ့လှသော တို့ဟူးမှ ထုတ်လွှတ်နေသည့် အစပ်ရနံ့လေးများက သူ၏ အရသာခံ အာရုံကြောများကို နှိုးဆော်နေကာ သူ၏ အကြည့်များကို မလွှဲနိုင်အောင် ဆွဲဆောင်နေလေသည်။ သူ၏ ဇွန်းကိုင်ထားသော လက်က အနည်းငယ် တုန်ယင်နေပြီး တို့ဟူးကို ခပ်ယူလိုက်သည်။


ထို့နောက် အပူငွေ့လေးများကို မှုတ်လိုက်ပြီး အားလုံး၏ အကြည့်များအောက်တွင် နူးညံ့လှသည့် တို့ဟူးကို မျိုချလိုက်လေသည်။