အပိုင်း ၂၈၈
Viewers 53k

အခန်း ၂၈၈ လူသစ်လေးက ကောင်းကင်ပေါ်တက်ဖို့ ကြံနေတာလား…


မာပိုတိုဟူး၏ ချိုမြမြ အရသာနှင့် အစပ်အရသာက စစ်သည်တော်၏ ပါးစပ်ထဲ ၀င်ရောက်သွားသည်နှင့် သူ၏ 1မျက်၀န်းများကို ပြူးကျယ်လာစေသည်။ သူ၏ ခေါင်းမှ အကြောများပင် ထုံလာပြီး ခန္ဓာကိုယ်ပေါ်မှ အမွှေးအမြှင်များပင် ထောင်လာသည်ကို ခံစားလိုက်ရသည်။ 


အိုး… ဘုရားရေ…


မာပိုတို့ဟူးကိုပါးစပ်ထဲထည့်လိုက်သည်နှင့် ခံစားလိုက်ရသော အရသာက အလွန်ထူးဆန်းလှပေသည်။ သူ၏ ခန္ဒာကိုယ် တစ်ခုလုံးကို လက်များစွာနှင့် ပွတ်သပ်နေပြီး သူ၏ ပါးစပ်ထဲတွင် မွှေးရနံ့ဗုံးတစ်လုံး ပေါက်ကွဲသွားသည်ဟု ခံစားလိုက်ရသည်။ တချိန်တည်းမှာပင် တို့ဟူးက ပါးစပ်ထဲရောက်လာသည်နှင့် သံပြားပူတစ်ခု ပါးစပ်ထဲ ရောက်လာသကဲ့သို့ သူ၏ နှုတ်ခမ်းများပင် တုန်ခါသွားလေသည်။ ထိုခံစားမှုက မယုံနိုင်စရာ ကောင်းလှပေသည်။


မာပိုတို့ဟူးက ဝါးပင် မဝါးလိုက်ရပဲ လည်ချောင်းထဲသို့ ငြင်သာစွာ မျောကျသွားလေသည်။ ထိုအစားအစာက သူ၏ အစာအိမ်ထဲ ရောက်သွားသည်နှင့် သူ၏ ခန္ဒာကိုယ်တစ်ခုလုံး လောင်ကျွမ်းနေသလို ခံစားလိုက်ရသည်။


အရမ်းစပ်တယ်… ဒါပေမယ့်… အဲဒီအစပ်ရဲ့ အနောက်မှာ ချိုမြမှုလေးက ကပ်ပါလာတယ်…


စစ်သည်တော်၏ မျက်၀န်းများက စိုစွတ်နေပြီး နီမြန်းသည့် နှုတ်ခမ်းများကို ဟ၍ အသက်ရှူနေလေသည်။ သူ၏ နှာခေါင်းထိပ်ဖြားကလည်း နီရဲနေပြီး ခန္ဒာကိုယ်တစ်ခုလုံး ပူလောင်မှုကို ခံစားနေရလေသည်။ ထိုအချင်းအရာက သူ၏ ဦးခေါင်းကို မီးတောင်၀အလယ်တွင် ထားထားရသကဲ့သို့ ခံစားမှုမျိုး ဖြစ်နိုင်လေသည်။


အနားတွင် ရှိနေကြသော စစ်သည်တော်များက မာပိုတို့ဟူးကို ပထမဆုံး မြည်းကြည့်နေသော သူတို့၏ ရဲဘော်ရဲဘက်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။ သူတို့ကလည်း အလွန်စွဲမက်ဖွယ်ကောင်းသည့် အနံ့ရှိသော မာပိုတို့ဟူး၏ အရသာကို သိရှိလိုနေကြသည်။ သူတို့က မာပိုတို့ဟူး၏ မွှေးပျံ့သည့် ရနံ့ကို ရလိုက်ချိန်ကပင် တစ်ပွဲပြီးတစ်ပွဲ စားသောက်လိုနေကြခြင်း ဖြစ်သည်။


အနောက်တိုင်းဆန်းကျယ်မြို့ပေါ်တွင် စားလေ့ရှိကြသော ဟင်းပွဲအများစုမှာ အချို အဆိမ့် ဟင်းပွဲများသာ ဖြစ်သောကြောင့် သူတို့ရှေ့မှာ အစပ်အနံ့ပါသော ဟင်းပွဲကို လျစ်လျူရှုနိုင်ခြင်း မရှိကြချေ။ သို့သော်လည်း တက်ာတမ်း စားသောက်ရန် တွန့်ဆုတ်နေရသော အကြောင်းပြချက်မှာ ထိုဟင်းပွဲကို သာမာန် ပါ၀င်ပစ္စည်းများနှင့် ပြုလုပ်ထားသောကြောင့် ဖြစ်သည်။ 


အကယ်၍သာ ထိုဟင်းပွဲကို စိတ်ဝိဥာဉ်စွမ်းအင်ပါ၀င်သည့် ပါ၀င်ပစ္စည်းများနှင့် ပြုလုပ်ထားလျင် သူတို့က ယခုအချိန်တွင် ထိုဟင်းပွဲအတွက် တိုက်ခိုက်နေရနိုင်လေသည်။ 


ဒီတို့ဟူးရဲ့ အရသာက … ဟင်း… အရမ်းချိုတယ်…  


မာပိုတို့ဟူးကို မြည်းစမ်းလိုက်ခြင်းကြောင့် လျှာထုံနေသော စစ်သည်တော်က ပြောဆိုလိုက်သည်။ ပထမဆုံး မြည်းစမ်းလိုက်သည့် အချိန်က ပြင်းထန်လှသော အစပ်အရသာကြောင့် သူ၏ လျှာပင် ထုံသွားခဲ့ရသည်။ ထို့ကြောင့် သူ၏ စကားသံက ခပ်လေးလေး ဖြစ်နေလေသည်။


ရှေ့တွင် ရှိနေသော စစ်သည်တော်များ အားလုံး၏ မျက်၀န်းများက တောက်ပသွားလေသည်။ သူတို့က သူတို့ရှေ့မှ မာပိုတို့ဟူးကို ကြည့်၍ တံတွေးတစ်လုပ် မျိုချလိုက်ကြသည်။ သူတို့၏ အကြည့်များက ဆာလောင်နေသော ဝံပုလွေများနှင့် တူနေလေသည်။


အစားအစာထဲတွင် ဝိဥာဉ်စွမ်းအင် ပါမပါကို မည်သူကမျှ ဂရုမစိုက်တော့ပဲ ထိုအစားအစာ၏ အရသာ ကောင်းမကောင်းကိုသာ သူတို့ ဂရုစိုက်မိကြတော့သည်။


ငါ့ကို မာပိုတို့ဟူး တစ်ပွဲပေး…


ငါ့ကိုလဲ တစ်ပွဲပေး…. ငါက အမြဲတမ်းပဲ စပ်တဲ့ အစားအစာတွေကို စားချင်နေတာ…


ငါ့ကိုလဲ.. မာပိုတို့ဟူးတစ်ပွဲပေးပါဦး…. အရမ်းဆာလောင်နေတဲ့ ငါ့ဗိုက်ကို မထိန်းချုပ်နိုင်တော့ဘူး…


အော်ဟစ်သံနှင့် တစ်ယောက်တစ်ပေါက် ပြောဆိုသံများ ဆူညံစွာ ထွက်ပေါ်လာလေသည်။ ပုဖန်၏ ရှေ့တွင် စုရုံးနေကြသော စစ်သည်တော်များက စိတ်လှုပ်ရှားမှုကြောင့် အော်ဟစ်နေကြသည်။ သူတို့၏ ရှေ့မှရဲဘော်ရဲဘက်တစ်ယောက်က အရသာရှိလှသော မာပိုတို့ဟူးကို မြည်းစမ်းပြီးသည့် အချိန်တွင် သူတို့ ထပ်မံ၍ ထိန်းချုပ်ထားနိုင်စွမ်းများ ပျောက်ဆုံးသွားလေသည်။


သူတို့အားလုံးက မာပိုတို့ဟူးမှ ထွက်ပေါ်လာသော မွှေးရနံ့နှင့်ပင် ထိုဟင်းပွဲကို ကျရှုံးပြီးဖြစ်သည်။


ဝေတဖု၏ အမူအယာက ချက်ချင်းပင် ပြောင်းလဲသွားပြီး စိတ်ပျက်သည့် အမူအယာများ ပေါ်လာလေသည်။ သူ၏ ရှေ့တွင် ထိုသို့ ပြုလုပ်နေသော လူအုပ်ကြီးကို စိတ်ပျက်စွာ ကြည့်လိုက်ပြီး ထိုသူများက စစ်သားများပင် ဟုတ်ပါရဲ့လားဟု တွေးလိုက်မိသည်။ မည်မျှ အရသာရှိသည့် ဟင်းပွဲဖြစ်စေကာမူ ထိုဟင်းပွဲက သာမာန်ပါ၀င်ပစ္စည်းများနှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ စိတ်ဝိဥာဉ်စွမ်းအင်မပါသည့် ဟင်းပွဲက သူတို့၏ အခြေအနေကို တိုးတက်အောင် လုပ်ပေးနိုင်မည်မဟုတ်ချေ။ 


ကောင်းမွန်သော အခြေအနေမရှိပဲ စစ်ပြေပြင်သို့ သွာခြင်းက …


ထိုအရာက သူတို့၏ သေခြင်းရှင်ခြင်းနှင့် ပတ်သတ်သည့် အရေးကြီးသော ကိစ္စပင် ဖြစ်သည်။


မင်းတို့အားလုံး… ဒီလိုမျိုး လုယက်မနေသင့်ဘူး… ဒါ… ဒါက သာမာန်ပါ၀င်ပစ္စည်းတွေပဲ သုံးထားတဲ့ ဟင်းပွဲတစ်ခုလေ… ဝေတဖုက လုယက်တိုးဝှေ့နေသော စစ်သည်တော်များကို ကြည့်၍ သည်းမခံနိုင်တော့သောကြောင့် ၀င်ရောက်ပြောဆိုလိုက်သည်။


ရှလွတ်…. သေလိုက်စမ်းပါတော့… ဒီအရာက အရမ်းကို ချိုတာပဲ…


ဝေတဖု၏ စကားအဆုံးတွင် သူ့အနီးမှ စစ်သည်တော်တစ်ယောက်က တို့ဟူးဖက်ကို နှုတ်ခမ်းသပ်၍ မျိုချလိုက်လေသည်။ ထိုစစ်သည်တော်၏ ပါးစပ်မှ အသံမည်နေပြီး စားသောက်ရာမှ ထွက်ပေါ်လာသော အရည်များပင် ဝေတဖု၏ မျက်နှာပေါ်သို့ လွင့်စင်လာလေသည်။


ပူစပ်ထံကျင်လှသည့် ခံစားချက်က ဝေတဖုပေါ်သို့ သက်ရောက်လာလေသည်။ ထိုပူစပ်သည့် အစာအစာ အကျွင်းအကျန်က သူ့မျက်နှာ အရည်ပြားများကို လောင်ကျွမ်းသွားစေသကဲ့သို့ ခံစားလိုက်ရပြီး မျက်ရည်များပင် ကျလာလေသည်။ ဝေတဖုက ထောင့်တစ်နေရာသို့ အလျင်အမြန် ပြေးသွားလိုက်ပြီး သူ့မျက်နှာပေါ်မှ အစားအစာ အကျွင်းအကျန်များကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။


ဝေတဖုက သူ့မျက်နှာပေါ်မှ ခံစားမှုကို တတ်နိုင်သမျှ အမြန်ဆုံး ပပျောက်သွားစေလိုလေသည်။ သူ ခေါင်းပြန်မော့လိုက်သောအခါ သူ့ရှေ့မှ မယုံနိုင်စရာ မြင်ကွင်းကြောင့် မျက်၀န်းများ ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသာ ဖြစ်နေလေသည်။ 


ဒါက … 


သူ၏ရှေ့တွင် မျက်၀န်းများ မှေးစင်း၍ ပါးစပ်ဟကာ အလုအယက် အသက်ရှူနေကြသော စစ်သည်တော်များ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေလေသည်။ သူတို့၏ နှုတ်ခမ်းများက ရဲရဲနီနေကာ နှာခေါင်းထိပ်တွင် ချွေးများ သီးနေလေသည်။ စစ်သည်တော်များက မျက်နှာပေါ်တွင် ထိုမျှလောက် ပျော်ရွှင်နေသည်ကို ဝေတဖုက တစ်ခုမျှပင် မြင်ဖူးခဲ့ခြင်း မရှိပေ။ သူကိုယ်တိုင် ချက်ပြုတ်သည့် ဟင်းပွဲများကို စားသောက်ပြီးချိန်တွင်ပင် သူတို့က ထိုသို့ မပျော်ရွှင်ကြချေ။ 


ထိုစစ်သည်တော်များက သူ၏ ဟင်းပွဲများကို ကြိုက်နှစ်သက်သော်လည်း ထိုသို့ စိတ်ကျေနပ်နေသည့် အမူအယာမျိုးကိုမည်သည့်အခါကမျှ မဖော်ပြကြချေ။  


ဖြစ်နိုင်တာက… ဒီတို့ဟူးက အရမ်းအရသာရှိနေတာလား..


ယခုအချိန်၌ ဝေတဖုလည်း မထိန်းချုပ်နိုင်တော့ပဲ တံတွေးတစ်လုပ် မျိုချလိုက်မိသည်။ ပုဖန်၏ ဟင်းအိုးက အတော်အတန် သေးငယ်သောကြောင့် အချိန်ခဏအတွင်းမှာပင် မာပိုတို့ဟူးက ကုန်သွားလေသည်။ ထိုဟင်းပွဲကို ရရှိခဲ့သည့် ဆာလောင်နေသော စစ်သည်တော်များက သူတို့၏ ဟင်းပွဲကို စားသောက်ပြီးနောက် ပန်းကန်များကိုပင် ယက်နေကြသည်။


ချီးထဲမှပဲ…. မင်းတို့အားလုံး ရူးနေကြတာလား… ဒီလူချက်ပြုတ်ထားတဲ့ ဟင်းပွဲက သာမာန်ပါ၀င်ပစ္စည်တွေကိုပဲ သုံးထားတာလေ… မင်းတို့က စစ်မြေပြင်မှာ သွားသေဖို့ ပြင်ဆင်နေကြတာလား…


တပ်ဖွဲ့အတွင်း၌ တစ်ယောက်တစ်ပေါက် အော်ဟစ်ငြင်းခုန်သံများနှင့် ဆူညံနေလေသည်။ ပုဖန်၏ ဟင်းပွဲကို စားလိုက်ကြသော စစ်သည်တော်များက အံ့အားသင့်ဖွယ် အကြောင်းအရာတစ်ခုကို ရှာတွေ့သွားကြပြီး တုန်လှုပ်လာကြသည်။ သူတို့၏ အသက်ရှူသံများက တည်ငြိမ်လာပြီး သူတို့ခန္ဒာကိုယ်တွင်းမှ စွမ်းအားများက အကန့်အသတ်မဲ့ တိုးပွားလာသည်ဟု ခံစားလိုက်ရသည်။ အစစ်အမှန်စွမ်းအင်များ၏ လှည့်လည်နှုန်းပင် ပို၍ မြန်ဆန်လာလေသည်။


မျှော်လင့်မထားစွာပင် သူတို့၏ ခန္ဒာကိုယ်အခြေအနေက အကောင်းဆုံးအခြေအနေသို့ ရောက်ရှိလာလေသည်။ သူတို့က သာမာန်အစားအစာများကို စားသုံးလိုက်ခြင်းက စိတ်ဝိဥာဉ်စွမ်းအင်ပါသော အစားအစာများကို စားသုံးလိုက်သလို ဖြစ်နေလေသည်။ ထိုအချက်က တကယ်ပင် မယုံနိုင်စရာ ကောင်းလှပေသည်။ သူတို့၏ ပန်းကန်လုံးများကို ယက်နေကြသည့် စစ်သည်တော်များက ပုဖန်ကို တောက်ပစွာ ကြည့်လိုက်ကြသည်။ 


သူက သာမာန်ပါ၀င်ပစ္စည်းတွေနဲ့တောင် ဒီလို စားသောက်ဖွယ်ရာမျိုးကို ချက်နိုင်တယ်… ပြီးတော့ အဲဒါက ငါတို့ ခန္ဒာကိုယ်ရဲ့ အခြေအနေကို တိုးတက်အောင်တောင် လုပ်နိုင်တယ်…. ဒီလို အံ့အားသင့်စရာကောင်းတဲ့ စားဖိုမှုးတစ်ယောက်က ငါတို့ တပ်စားဖိုဆောင်ထဲမှ ဘယ်အချိန်က ထွက်ပေါ်လာတာလဲ…


ဝေတဖုက အံတင်းတင်းကြိတ်လိုက်သကဲ့သို့ အခြားစားဖိုမှုးများကလည်း မျက်မှောင်ကြုံ့၍ ပုဖန်ကို ကြည့်လိုက်ကြသည်။ လူသစ်လေးက စစ်သည်တော်များ အားလုံး၏ အာရုံကို ဆွဲဆောင်သွားပြီဖြစ်သောကြောင့် သူတို့၏ ဟင်းပွဲများကို မည်သူကမျှ စိတ်၀င်စားခြင်း မရှိတော့ချေ။ သူတို့၏ ဟင်းပွဲများကို စားခဲ့သည့် စစ်သည်တော်များပင် ထိုစားစရာအကြောင်း ဆက်မတွေးကြတော့ချေ။


ထို့အပြင် အခြားစားဖိုမှုးများ၏ ဟင်းပွဲများကို စားသုံးနေသည့် စစ်သည်တော်များ၏ အမူအယာက စိတ်ပျက်လက်ပျက် ဖြစ်မှုများ ထင်ဟပ်လာလေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုစားဖိုမှုးများ အားလုံးက သူတို့၏ ဟင်းပွဲများကို စေ့စပ်သေချာစွာ ပြင်ဆင်လာကြခြင်း ဖြစ်သောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားကြလေသည်။


မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ…မင်းတို့က စားမှာလား… တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြမှာလား… ငါမင်တို့အပေါ် အရမ်းသက်ညှာထားမိတယ်ထင်တယ်….  


အုပ်ချုပ်သူ ကျူးရို့က လက်နှစ်ဖက်ကို နောက်ပစ်၍ တည်ငြိမ်စွာ လျောက်လာသည်။ သူက လူအုပ်ကြီးစီ လျောက်လာလိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် ငြင်းခုန်နေကြသော တပ်သားများကို ကြည့်လိုက်လေသည်။ ထိုသူများ၏ အမူအယာက သူ့ကို စိတ်မကျေမနပ် ဖြစ်စေသောကြောင့် သူတို့အားလုံးကို ဆူပူလိုက်ခြင်း ဖြစ်သည်။


ဆူညံပွက်လောရိုက်နေကြသော စစ်သည်တော်များက အုပ်ချုပ်သူ ကျူးရို့၏ ဆူပူမှုကြောင့် ချက်ချင်း တိတ်ဆိတ်သွားကြလေသည်။ ထို့နောက် သူတို့က စားသုံးရန်အတွက် စိတ်ဝိဥာဉ်စွမ်းအင် ပါ၀င်သော ဟင်းပွဲများကို သွားရောက်ရွေးချယ်လိုက်ကြလေသည်။


မာပိုတို့ဟူးကို စားသောက်ပြီးသွားသည့် စစ်သည်တော်များလည်း အတူတူပင် ဖြစ်သည်။ သူတို့က မာပိုတို့ဟူးအနည်းငယ်ကိုသာ မြည်းစမ်းလိုက်ရခြင်း ဖြစ်သောကြောင့် သူတို့၏ စိတ်ကျေနပ်မှုကို ရရှိနိုင်မည့် အစားအစာများကို ထပ်မံရွေးချယ်လိုက်ကြသည်။ 


အခြားစိတ်ဝိဥာဉ်စွမ်းအင်ပါသည့် စားသောက်ဖွယ်ရာများကို စားနေသည့် စစ်သည်တော်များ၏ အမူအယာများက ရုပ်ဆိုးလာလေသည်။ သူတို့က အရသာမရှိသော အစားအစာ ခြောက်များကို စားနေရသကဲ့သို့ ထင်ရလေသည်။


ဖွီး… ဒါက ဘာကြီးလဲ… တော်တော်ကို ဆိုးဝါးတာပဲ…


ဒါက ၀က်ကြွေးဖို့ လုပ်ထားတာလား… တော်တော် ဆိုးဝါးတာပဲ… ဒီဟင်းပွဲကို ချက်ထားတဲ့ ပစ္စည်းတွေကို ပြောပြစမ်းပါဦး… ဒါက ရေနဲ့တောင် မခြားနားတော့ဘူး… 


သူတို့၏ လက်ရှိ ချက်ပြုတ်တဲ့ စွမ်းရည်က တော်တော်ဆိုးဝါးနေတာလား… သူတို့ချက်ပြုတ်တဲ့ ဟင်းပွဲတွေရဲ့ အရသာက ပိုပိုပြီး ဆိုးလာတယ်…


ပုဖန်၏ မာပိုတို့ဟူးကို စားထားကြသည့် စစ်သည်တော်များက စိတ်ဝိဥာဉ်စွမ်းအင်ပါသည့် ဟင်းပွဲများကို တစ်လုပ်မျှ စားပြီးနောက် မထိန်းချုပ်နိုင်တော့ပဲ မြည်တွန်တောက်တည်းနေကြလေသည်။ သူတို့၏ အသံက မကျယ်လှသော်လည်း အခြားစားဖိုမှုးများ အားလုံးက သူတို့စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ 


စိတ်ဆိုးဒေါသထွက်နေသော ဝေတဖု၏ မျက်နှာအမူအယာက ပို၍ ဆိုးဝါးလာလေသည်။ သူ သေသေချာချာ ကြိုးစားပြင်ဆင်ထားသည့် ဟင်းပွဲများကို 


“ဒါကြီးက ဘာကြီးလဲ… ” အဲလိုပြောလိုက်တာလား… သူတို့ရဲ့ အရသာခံ အာရုံကြောတွေက ချို့ယွင်းသွားတာလား… ဒါက မာပိုတို့ဟူးကြောင့်လား…


ဝေတဖု၏ မျက်နှာအမူအယာသာ ပျက်ယွင်းနေခြင်း မဟုတ်ပဲ အခြားစာဖိုမှုးများ၏ အမူအယာကလည်း အတူတူပင် ဖြစ်သည်။ သူတို့က ဖြစ်နိုင်ချေရှိသည့် အချက်ကို တွေးလိုက်ကြပြီးနောက် ပုဖန်ကို ရန်လိုစွာ ကြည့်လိုက်ကြသည်။


ပုဖန်က သူတို့၏ ဒေါသထွက်နေသော အကြည့်အမျိုးမျိုးကို ရင်ဆိုင်လိုက်ရသော်လည်း သူက မတွေ့မမြင်လိုက်ရသည့်အလား လျစ်လျူရှုထားလေသည်။


ငါချက်တဲ့ဟင်းပွဲတွေ အရသာရှိတာက ငါ့အပြစ်လား… မင်းတို့က ငါ့ကို ဘာလို့ အပြစ်လာတင်နေကြတာလဲ… 


မင်းတို့အားလုံး မစားပဲ ဘာလုပ်နေကြတာလဲ… မစားတော့ဘူးဆိုရင်လဲ.. မြန်မြန်လေး သိမ်းဆည်းကြ… ငါတို့ ဒီနေရာက ထွက်ခွာကြမယ်…


စားစရာ ပန်းကန်တစ်ပန်းကန်ကို ဆွဲယူလိုက်သော ကျူးရို့က စိတ်ပျက်လက်ပျက် ဖြစ်နေသော စစ်သည်တော်များကို တွေ့လိုက်ရသောကြောင့် အေးစက်စွာ ပြောလိုက်သည်။ 


အုပ်ချုပ်သူတပ်မှုး၏ မကျေမနပ်အသံကို ကြားလိုက်ရသောကြောင့် စစ်သည်တော်များက စိတ်ပျက်လက်ပျက် ဖြစ်မှုကို ထိန်းချုပ်၍ နာခံစွာနှင့် သူတို့၏ အစားအသောက်များကို ကျိတ်မှိတ် စားသောက်လိုက်ကြသည်။ သူတို့၏ဘ၀က စစ်မြေပြင်ပေါ်မှ သံထည်ပစ္စည်းများနှင့် တူလေသည်။ အကယ်၍ သူတို့သာ အစာစားထားပါက သံမဏိကဲ့သို့ ဖြစ်လာနိုင်ပြီး ပြည့်၀စွာ မစားသောက်ထားပါက စစ်မြေပြင်တွင် သေချာပေါက်သေဆုံးရပေလိမ့်မည်။


ဝေတဖု၏ ရင်ဘက်က နိမ့်ချည်မြင့်ချည်နှင့် တုန်လှုပ်နေပြီး အခြားစာဖိုမှုးများကလည်း တဆတ်ဆတ် တုန်ယင်နေကြသည်။ သူတို့အားလုံးက ပုဖန်ဆီသို့ ဦးတည်လိုက်ကြသည်။ ပုဖန်အနီးသို့ တိုးကပ်လာကြသူများ အားလုံးက စစ်တပ်ထဲမှ အတွေ့အကြုံရှိသော ချက်ပြုတ်ရေးတပ်သားဟောင်းများပင် ဖြစ်ကြသည်။ သူတို့အားလုံးက အရှက်ရမှုကြောင့် ပုဖန်ကို မကျေမနပ် ဖြစ်နေကြလေသည်။ သူတို့က ပုဖန်ကို ပတ်လည်ဝိုင်းလိုက်ပြီး မမြင်ရသည့် ဖိအားတစ်ခုကို ထုတ်ဖော်လိုက်ကြသည်။


သူတို့အားလုံးက စီနီယာများကို မည်သို့ လေးစားရမည်ဖြစ်ကြောင်း ပုဖန်ကို သင်ပြရန် ကြိုးစားနေကြခြင်း ဖြစ်သည်။


ဒီကောင်လေးက လူသစ်လေးပဲလေ… ဘယ်လိုဖြစ်လို့ ကောင်းကင်ကိုပျံတက်ဖို့ ကြိုးစားနေတာလဲ…